တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး သက်သာစေနိုင်သည့် နည်းလမ်းများ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
တင်ပါးဆုံရိုး နာကျင်မှု ဟာ စိတ်အနှောင့်အယှက်ဖြစ်စေပြီး နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ထိခိုက်စေနိုင်ပါသည်။ လမ်းလျှောက်တာ၊ ထိုင်တာ ဒါမှမဟုတ် အိပ်စက်တာလိုမျိုး ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေကိုတောင် ခက်ခဲသွားစေနိုင်ပါတယ်။ ဒီလို မသက်မသာ ဝေဒနာမျိုးကို ကြုံတွေ့နေရတဲ့အခါ “တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး သက်သာစေနိုင်တဲ့ နည်းလမ်းက ဘာလဲ” လို့ သင့်ကိုယ်သင် မေးမိနေမှာပါ။ သတင်းကောင်းတစ်ခုကတော့ နာကျင်မှုကို အမြန်သက်သာစေပြီး သင့်ရဲ့ နေ့စဉ်ဘဝထဲကို ပြန်လည်ရောက်ရှိစေဖို့ ကူညီပေးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းများစွာ ရှိနေပါတယ်။
တင်ပါးဆုံရိုး နာကျင်မှု ကို ဖြစ်စေသော အကြောင်းရင်းများ
သင့်တင်ပါးဆုံရိုး နာကျင်မှုရဲ့ အဓိက အကြောင်းရင်းကို နားလည်သိရှိခြင်းဟာ ထိရောက်တဲ့ ကုသမှုရရှိဖို့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ တင်ပါးဆုံရိုး နာကျင်မှုဟာ ထိခိုက်ဒဏ်ရာရခြင်း၊ နာတာရှည် ရောဂါအခြေအနေများနဲ့ ပုံမှန်အိုမင်းရင့်ရော် ပျက်စီးယိုယွင်းခြင်း အပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
အဖြစ်အများဆုံး အကြောင်းရင်းအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –
အရိုးအဆစ်ရောင်ရမ်းခြင်း ( Arthritis) – ဒါဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ တင်ပါးဆုံရိုး နာကျင်မှုကို ဖြစ်စေတဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အဆစ်ထဲက အရိုးနုတွေ ပျက်စီးယိုယွင်းလာတာကြောင့် နာကျင်မှုနဲ့ တောင့်တင်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။
အဆစ်အိတ်ရောင်ခြင်း ( Bursitis) – တင်ပါးဆုံအဆစ်ကို ခုခံကာကွယ်ပေးထားတဲ့ အရည်အိတ်ငယ်လေးတွေ (bursae) ရောင်ရမ်းလာတဲ့အခါ ဖြစ်ပွားပါတယ်။
အဆစ်နှုတ်ခမ်းသား အရိုးနု စုတ်ပြဲခြင်း ( Labral Tear) – ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် ထပ်ခါတလဲလဲ လှုပ်ရှားမှုတွေကြောင့် တင်ပါးဆုံအဆစ်အိမ် ပတ်လည်က အရိုးနုအနားသား ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပါတယ်။
အရွတ်ရောင်ခြင်း ( Tendinitis) – ထပ်ခါတလဲလဲ ဖိအားသက်ရောက်ခြင်း ဒါမှမဟုတ် အလွန်အကျွံ အသုံးပြုခြင်းကြောင့် တင်ပါးဆုံတစ်ဝိုက်ရှိ အရွတ်များ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။
တင်ပါးဆုံရိုး ကျိုးခြင်း (Hip fracture) – အရေးပေါ် ဆေးကုသမှု ချက်ချင်းလိုအပ်လေ့ရှိတဲ့ ပြင်းထန်သော ထိခိုက်ဒဏ်ရာတစ်ခု ဖြစ်ပါတယ်။
တင်ပါးဆုံရိုး နာကျင်မှု ကို အမြန်ဆုံး သက်သာစေမည့် နည်းလမ်း (၅) မျိုး
တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတဲ့အခါ ကုသမှုနည်းလမ်း အမျိုးမျိုးကို ပေါင်းစပ်အသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ်လေ့ရှိပါတယ်။ ခွဲစိတ်စရာမလိုတဲ့ သာမန်ကုထုံးတွေကနေ အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ကုသမှုတွေအထိ တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်း ၅ မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ပြန်လည်သန်စွမ်းရေး ကာယကုထုံး ( Physical Therapy)
ပြန်လည်သန်စွမ်းရေး ကာယကုထုံးဟာ တင်ပါးဆုံရိုး နာကျင်မှု သက်သာစေဖို့ အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အကြောအဆစ် ပြန်လည်သန်စွမ်းရေး ပညာရှင် (Physical therapist) က သင့်တင်ပါးဆုံတစ်ဝိုက်က ကြွက်သားတွေ သန်မာလာစေဖို့၊ ပျော့ပျောင်းမှု ပိုကောင်းလာစေဖို့နဲ့ အဆစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာစေဖို့အတွက် သင့်အခြေအနေနဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းတွေနဲ့ အကြောလျှော့နည်းလမ်းတွေကို စနစ်တကျ ရေးဆွဲပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ လက်ရှိနာကျင်မှုကို သက်သာစေရုံသာမက နောင်ဖြစ်လာနိုင်မယ့် ပြဿနာတွေကိုပါ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ရေရှည် တင်ပါးဆုံအဆစ် ကျန်းမာရေးအတွက် အလွန်ထိရောက်ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
၂။ ဆရာဝန်ညွှန်ကြားသည့် သောက်ဆေးများ ( Prescription Medication)
ပိုမိုပြင်းထန်တဲ့ ဒါမှမဟုတ် တာရှည်ခံစားနေရတဲ့ နာကျင်မှုတွေအတွက် ဆရာဝန်က ပိုပြီး အာနိသင်ပြင်းတဲ့ ဆေးဝါးတွေကို ညွှန်ကြားပေးနိုင်ပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ibuprofen လို ဆေးဝါးတွေက ရောင်ရမ်းမှုကို သက်သာစေနိုင်ပေမဲ့ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ထိန်းချုပ်ဖို့အတွက်တော့ ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် အရောင်ကျဆေးတွေ လိုအပ်နိုင်ပါတယ်။ ဒီဆေးဝါးတွေကို သိသိသာသာ သက်သာရာရစေဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး ကုထုံးလိုမျိုး တခြားကုသမှုတွေ စတင်နိုင်စေဖို့အတွက် ရေတိုကာလအတွင်း အသုံးပြုလေ့ရှိပါတယ်။
၃။ ဆေးထိုးကုသခြင်း ( Injections)
ဆေးထိုးကုသခြင်းဟာ တင်ပါးဆုံရိုး နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ မြန်ဆန်ပြီး တိကျတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ သိသိသာသာနဲ့ ချက်ချင်းလက်ငင်း သက်သာရာရစေဖို့အတွက် ကော်တီကိုစတီးရွိုက် (corticosteroid) ဆေးကို တင်ပါးဆုံအဆစ် ဒါမှမဟုတ် အဆစ်အိတ် (bursa – အရည်ပြည့်နေသော အိတ်ငယ်) ထဲကို တိုက်ရိုက် ထိုးသွင်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ တခြားကုသမှုတွေနဲ့ မသက်သာတဲ့ အရိုးအဆစ်ရောင်ရမ်းခြင်း ဒါမှမဟုတ် အဆစ်အိတ်ရောင်ခြင်းလို အခြေအနေတွေအတွက် အထူးထိရောက်ပါတယ်။ ဆေးထိုးကုသခြင်းက မြန်ဆန်တဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်သလို ပိုမိုကျယ်ပြန့်တဲ့ ကုသမှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်ပါတယ်။
၄။ ခွဲစိတ်ကုသခြင်း ( Surgery)
တခြားကုသမှုတွေနဲ့ နာကျင်မှု မသက်သာတော့တဲ့အခါ ခွဲစိတ်ကုသမှုကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ပြင်းထန်တဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းအတွက် တင်ပါးဆုံရိုး ခွဲစိတ်မှုမှာ ပျက်စီးနေတဲ့ အဆစ်နေရာမှာ အဆစ်အသစ်နဲ့ အစားထိုးလဲလှယ်ပေးခြင်း (hip replacement ) ပါဝင်နိုင်ပါတယ်။ အဆစ်နှုတ်ခမ်းသား အရိုးနု စုတ်ပြဲခြင်း (labral tear) အတွက်ဆိုရင်တော့ အရိုးနုကို ပြန်လည်ပြုပြင်ဖို့အတွက် ခွဲစိတ်ရာသေးသေးလေးဖြင့် မှန်ပြောင်းသုံး တင်းပါးဆုံရိုး ခွဲစိတ်ကုသခြင်း (hip arthroscopy) ကို လုပ်ဆောင်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ပိုမိုကြီးမားတဲ့ ကုသမှုအဆင့် ဖြစ်ပေမဲ့ နာတာရှည် ပြင်းထန်တဲ့ ရောဂါအခြေအနေတွေအတွက် တင်ပါးဆုံရိုး နာကျင်မှုကို အပြီးတိုင် သက်သာစေနိုင်မယ့် အမြန်ဆုံး နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။
၅။ အခြားကုထုံးများ ( Other Therapies)
သမားရိုးကျ ဆေးဘက်ဆိုင်ရာ ကုသမှုတွေအပြင် တခြားကုထုံးတွေကလည်း တင်ပါးဆုံရိုး နာကျင်မှု သက်သာစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ အပ်စိုက်ကုထုံးတစ်မျိုးဖြစ်တဲ့ dry needling၊ ကြွက်သားနာကျင်မှု အစုအဝေးနေရာသို့ ဆေးထိုးကုသခြင်း (Trigger Point Injection)၊ ပြင်းအားမြင့် လေဆာကုထုံး (High Intensity Laser Therapy) သို့မဟုတ် အစွန်အဖျား အာရုံကြောများကို သံလိုက်လှိုင်းဖြင့် လှုံ့ဆော်ကုသခြင်း (Peripheral Magnetic Stimulation) တို့လို အခြားရွေးချယ်စရာ ကုထုံးတွေဟာ အထူးသဖြင့် တခြားဆေးဘက်ဆိုင်ရာ ကုသမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အကျိုးကျေးဇူး ရှိနိုင်ပါတယ်။ ဒီကုထုံးတွေဟာ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့၊ ကြွက်သားတင်းမာမှုကို လျှော့ချပေးဖို့နဲ့ နာကျင်မှုဝေဒနာကို ဘက်စုံထောင့်စုံမှ ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပြီး အဲဒီအချက်တွေအားလုံးက တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး သက်သာစေမယ့် နည်းလမ်းကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးရှိ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုများ
ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး (Vejthani International Hospital) ဟာ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု ဖြေရှင်းချက်တွေအတွက် ဦးဆောင်နေတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ နာတာရှည်နဲ့ ပြင်းထန်တဲ့ တင်ပါးဆုံရိုး နာကျင်မှုဝေဒနာ ခံစားနေရသူတွေအတွက် နောက်ဆုံးပေါ် တင်ပါးဆုံရိုး အစားထိုး ခွဲစိတ်ကုသမှုတွေ အပါအဝင် ဘက်စုံပြည့်စုံတဲ့ ကုသစောင့်ရှောက်မှုတွေကို ပေးစွမ်းလျက်ရှိပါတယ်။ ဒီခွဲစိတ်ကုသမှု လုပ်ငန်းစဉ်တွေဟာ ရေရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခုကို ပေးစွမ်းနိုင်ပြီး လူနာတွေအနေနဲ့ ပုံမှန်အတိုင်း အပြည့်အဝ ပြန်လည်လှုပ်ရှားနိုင်စွမ်းနဲ့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝ အရည်အသွေးကို ပြန်လည်ရရှိစေဖို့ ကူညီပေးပါတယ်။
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ ( Frequently Asked Questions)
တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး ဘယ်လိုပျောက်ကင်းအောင် လုပ်ရမလဲ။
နာတာရှည် တင်ပါးဆုံရိုး နာကျင်မှုအတွက် ရောင်ရမ်းမှုကို လျှော့ချဖို့ နာကျင်နေတဲ့ နေရာပေါ်မှာ အပူကပ်ပလာစတာ (heat patch) ကပ်ပေးတာ၊ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတာနဲ့ နောက်ထပ် ဒဏ်မဖြစ်စေဖို့ အနားယူတာတွေကို စမ်းလုပ်ကြည့်နိုင်ပါတယ်။ ပိုပြီး ရေရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခု ရရှိဖို့အတွက်တော့ သင့်ရဲ့ သီးခြားရောဂါအခြေအနေအပေါ် မူတည်ပြီး တင်ပါးဆုံရိုး နာကျင်မှုကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းကို သိရှိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
တင်ပါးဆုံရိုး နာကျင်နေချိန်မှာ လမ်းဆက်လျှောက်သင့်ပါသလား။
သင့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို နားထောင်ဖို့ အရေးကြီးပါတယ်။ လမ်းလျှောက်ခြင်းလိုမျိုး အဆစ်ကို ဝန်အားသိပ်မပိစေတဲ့ လှုပ်ရှားမှုတွေက အကျိုးကျေးဇူး ရှိနိုင်ပေမဲ့ လမ်းလျှောက်လိုက်တိုင်း စူးခနဲ နာကျင်တာ ဒါမှမဟုတ် ပိုပြီး ဆိုးရွားလာတာမျိုး ဖြစ်စေတယ်ဆိုရင်တော့ အနားယူပြီး ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ရယူသင့်ပါတယ်။
အမျိုးသမီးတွေမှာ တင်ပါးဆုံရိုး နာကျင်မှုကို ဘာတွေက ဖြစ်စေနိုင်သလဲ။
အမျိုးသမီးတွေဟာ မွေးရာပါ တင်ပါးဆုံအဆစ်အိမ် ပုံစံမမှန်ခြင်း (hip dysplasia) ဒါမှမဟုတ် သွေးစီးဆင်းမှု ပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis) နဲ့ အချို့သော အရိုးအဆစ်ရောင်ရမ်းခြင်း အမျိုးအစားတွေလို တင်ပါးဆုံရိုး နာကျင်မှုကို ဖြစ်စေတဲ့ ရောဂါအခြေအနေအချို့ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲတွေနဲ့ ကိုယ်အလေးချိန် တိုးလာမှုတွေကြောင့်လည်း တင်ပါးဆုံရိုး နာကျင်မှု ဖြစ်စေနိုင်ပါတယ်။
တင်ပါးဆုံရိုး နာကျင်မှုအတွက် ဘယ်လေ့ကျင့်ခန်းက အကောင်းဆုံးလဲ။
အဆစ်ကို ဝန်အားသိပ်မပိစေတဲ့ လေ့ကျင့်ခန်းတွေ (Low-impact exercises) က ယေဘုယျအားဖြင့် အကောင်းဆုံး ဖြစ်ပါတယ်။ ရေထဲတွင် ပြုလုပ်ရသော လေ့ကျင့်ခန်းများ (Water aerobics)၊ စက်ဘီးစီးခြင်းနဲ့ ညင်သာတဲ့ အကြောလျှော့ လေ့ကျင့်ခန်းတွေဟာ အဆစ်အပေါ် ဖိအားအလွန်အကျွံ မသက်ရောက်စေဘဲ တင်ပါးဆုံတစ်ဝိုက်က ကြွက်သားတွေကို သန်မာလာစေဖို့ ကူညီပေးနိုင်ပါတယ်။
အသေးစိတ် အချက်အလက်များအတွက် ဆက်သွယ်မေးမြန်းရန်- တင်ပါးဆုံရိုးနှင့် ဒူးခေါင်းဆစ် အထူးကုဌာန ၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000, လိုင်းခွဲ – 2222 မြန်မာဘာသာဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. WACHARA MANEERATROJ
Orthopedics
Total Joint Reconstruction (Arthroplasty)
Readers’ Rating
3.0 out of 5 stars (based on 8 reviews)