ကျောရိုးစောင်းခြင်း (Scoliosis) ခွဲစိတ်ကုသမှု – ကုသမှုမပြုမီ၊ ကုသနေစဉ်နှင့် ကုသမှုပြီးနောက် ကြုံတွေ့ရမည့် အခြေအနေများ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ကျောရိုးကောက်ကွေးမှု ပြင်းထန်လာသောအခါ သို့မဟုတ် ခွဲစိတ်မှုမဟုတ်သော ကုသမှုများ ပြုလုပ်ထားသော်လည်း လက္ခဏာများ ဆက်လက်ဖြစ်ပေါ်နေသောအခါ ကျောရိုးစောင်းခြင်း (Scoliosis) ခွဲစိတ်ကုသမှုကို အကြံပြုလေ့ရှိပါသည်။ သင့်လျော်သော လူနာများအတွက် ခွဲစိတ်ကုသမှုသည် ကျောရိုးတည့်မတ်မှုကို ပိုမိုကောင်းမွန်စေနိုင်ပြီး ကောက်ကွေးမှု ထပ်မံဆိုးရွားလာခြင်းကို ကာကွယ်ပေးကာ နေ့စဉ်ဘဝကို ထိခိုက်စေသည့် လက္ခဏာများကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပြန်လည်ကောင်းမွန်လာရန် အချိန်နှင့် ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုများ လိုအပ်သော်လည်း လူနာအများအပြားသည် ခွဲစိတ်ပြီးနောက် ကိုယ်ဟန်အနေအထား၊ လှုပ်ရှားသွားလာနိုင်စွမ်းနှင့် ဘဝနေထိုင်မှု အရည်အသွေးများ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။ ပြန်လည်ကောင်းမွန်လာရန် ကြာမြင့်ချိန်သည် အခြေအနေ မည်မျှပြင်းထန်သည်နှင့် ခွဲစိတ်မှုလုပ်ငန်းစဉ် မည်မျှရှုပ်ထွေးသည်တို့အပေါ် မူတည်ပါသည်။
ကျောရိုးစောင်းခြင်း ( Scoliosis) ဆိုသည်မှာ အဘယ်နည်း။
ကျောရိုးစောင်းခြင်း (Scoliosis) ဆိုသည်မှာ ကျောရိုးမကြီးသည် ကျောဘက်တွင် တည့်တည့်မတ်မတ် ဆင်းသွားမည့်အစား ဘေးဘက်သို့ ပုံမှန်မဟုတ်ဘဲ ကောက်ကွေးနေသော အခြေအနေဖြစ်ပါသည်။ ကျောရိုးသည် “S” ပုံသဏ္ဌာန် သို့မဟုတ် “C” ပုံသဏ္ဌာန် ကောက်ကွေးသွားနိုင်ပါသည်။ ပခုံးတစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုမြင့်နေသကဲ့သို့ ထင်ရနိုင်ပြီး ခါးနေရာ မညီမညာဖြစ်နေခြင်းနှင့် တင်ပါးဆုံရိုး စောင်းနေခြင်းတို့ကြောင့် ခန္ဓာကိုယ်သည် အနည်းငယ် ဟန်ချက်မညီသကဲ့သို့ ဖြစ်နေနိုင်ပါသည်။
ကျောရိုးစောင်းခြင်းကို ကုသမှုမခံယူဘဲ ထားပါက အနည်းငယ်ကောက်ကွေးနေသော အခြေအနေမှ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနိုင်ပါသည်။ ယင်းကြောင့် နာတာရှည် ခါးနာခြင်း၊ ကြွက်သားများ ညောင်းညာပင်ပန်းခြင်းနှင့် ပိုမိုပြင်းထန်သော အခြေအနေများတွင် ခြေထောက်များ ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်းကဲ့သို့သော အာရုံကြောနှင့်ဆိုင်သည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။ အချို့သူများအတွက် ပြင်းထန်သော ကျောရိုးစောင်းခြင်းသည် ပြင်ပရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကိုသာမက လှုပ်ရှားသွားလာမှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေနိုင်ပါသည်။
ကျောရိုးစောင်းခြင်း ( Scoliosis) ကို မည်သည့်အချိန်တွင် ခွဲစိတ်ကုသရန် လိုအပ်သနည်း။
ကျောရိုးကောက်ကွေးမှု ပြင်းထန်လာသောအခါ၊ ဆက်လက်ဆိုးရွားလာသောအခါ သို့မဟုတ် နေ့စဉ်ဘဝနှင့် အထွေထွေကျန်းမာရေးကို စတင်ထိခိုက်လာသောအခါ ဆရာဝန်များသည် ကျောရိုးစောင်းခြင်း ခွဲစိတ်ကုသမှုကို စဉ်းစားလေ့ရှိပါသည်။ လူနာအများအပြားကို စောင့်ကြည့်စစ်ဆေးခြင်း၊ ကျောထောက်ခါးပတ် (Bracing) ဝတ်ဆင်ခြင်း သို့မဟုတ် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ကုထုံး (Physical therapy) တို့ဖြင့် ကုသနိုင်သော်လည်း အချို့သော အခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်လာနိုင်ပါသည်။
ခွဲစိတ်ကုသရန် လိုအပ်သည့် အဖြစ်များသော အကြောင်းရင်းများ
ကျောထောက်ခါးပတ် ဝတ်ဆင်ခြင်း သို့မဟုတ် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ကုထုံးကဲ့သို့သော ခွဲစိတ်မှုမဟုတ်သည့် ကုသမှုများ ပြုလုပ်နေသော်လည်း ကျောရိုးကောက်ကွေးမှု ဆက်လက်ဆိုးရွားလာခြင်း။
ကျောရိုးကောက်ကွေးမှု ဒီဂရီသည် ပုံမှန်အားဖြင့် ၄၅ မှ ၅၀ ဒီဂရီခန့် သို့မဟုတ် ယင်းထက်ပို၍ ပြင်းထန်လာပြီး ရေရှည်တွင် ကျောရိုးဟန်ချက်မညီမှု ဖြစ်နိုင်ခြေ မြင့်တက်လာခြင်း။
နာတာရှည် ခါးနာခြင်း သို့မဟုတ် လှုပ်ရှားသွားလာနိုင်စွမ်း လျော့နည်းလာခြင်းတို့က နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေပြီး ခွဲစိတ်မှုမဟုတ်သော ကုသမှုများဖြင့် မသက်သာတော့ခြင်း။
ခြေထောက်နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်း အပါအဝင် အာရုံကြောနှင့်ဆိုင်သည့် လက္ခဏာများ ဖြစ်ပေါ်လာခြင်း။
ပြင်းထန်သော ကျောရိုးစောင်းခြင်းကြောင့် ကိုယ်ဟန်အနေအထား၊ ဟန်ချက်ထိန်းနိုင်စွမ်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ထိခိုက်လာခြင်း (အထူးသဖြင့် အခြေအနေ ရင့်လာသည့်အခါများတွင် ဖြစ်တတ်ပါသည်)။
ကလေး သို့မဟုတ် ဆယ်ကျော်သက်အရွယ် ကြီးထွားဖွံ့ဖြိုးချိန်တွင် ကျောရိုးကောက်ကွေးမှု လျင်မြန်စွာ ဆိုးရွားလာပြီး နောင်တစ်ချိန်တွင် ပိုမိုပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း။
အဆုံးစွန်အားဖြင့် ကျောရိုးစောင်းခြင်း ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ချက်သည် ပြင်ပရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တစ်ခုတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ ဆေးပညာဆိုင်ရာ လိုအပ်ချက်၊ လက္ခဏာများ၏ ပြင်းထန်မှုနှင့် ကျောရိုးကောက်ကွေးမှု တိုးလာသည့်နှုန်းထားတို့အပေါ် မူတည်ပါသည်။
ကျောရိုးကောက်ကွေးမှု ဒီဂရီတိုင်းတာချက် (Cobb angle) သည် အရေးကြီးသော တိုင်းတာမှုတစ်ခု ဖြစ်သော်လည်း ဆရာဝန်များသည် ယင်းဒီဂရီတစ်ခုတည်းအပေါ် အခြေခံ၍ ခွဲစိတ်ရန် ဆုံးဖြတ်ခြင်း မပြုပါ။ ရောဂါလက္ခဏာများ၊ ကျောရိုးဟန်ချက်ညီမျှမှု၊ ခန္ဓာကိုယ် ဆက်လက်ကြီးထွားနိုင်သည့် အခြေအနေ၊ ကောက်ကွေးမှု တိုးလာသည့်နှုန်း၊ အထွေထွေကျန်းမာရေး အခြေအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားပါသည်။
လူကြီးများနှင့် ဆယ်ကျော်သက်များတွင် ပြုလုပ်သော ကျောရိုးစောင်းခြင်း ( Scoliosis) ခွဲစိတ်ကုသမှု
မည်ကဲ့သို့ ကွာခြားသနည်း?
လူကြီးများ တွင် ကျောရိုးစောင်းခြင်းသည် နှစ်ပေါင်းများစွာ ကျောရိုးပွန်းစားပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ ဆယ်ကျော်သက်အရွယ်ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး အပြည့်အဝ ကုသမှုမခံယူခဲ့သည့် အခြေအနေကြောင့်သော်လည်းကောင်း တဖြည်းဖြည်း ဖြစ်ပေါ်လာလေ့ရှိပါသည်။ နာကျင်မှု၊ အာရုံကြောဆိုင်ရာ လက္ခဏာများ သို့မဟုတ် လှုပ်ရှားသွားလာနိုင်စွမ်း ကန့်သတ်ခံရခြင်းတို့သည် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ကုထုံး (Physical therapy) သို့မဟုတ် အခြားခွဲစိတ်မှုမဟုတ်သော ကုသမှုများဖြင့် မသက်သာတော့သည့်အခါ ခွဲစိတ်ကုသရန် စဉ်းစားလေ့ရှိပါသည်။
ဆယ်ကျော်သက်များ တွင်မူ အဓိကစိုးရိမ်ရသည့်အချက်မှာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးနေစဉ်အတွင်း ကျောရိုးကောက်ကွေးမှု မည်မျှအထိ ပိုမိုဆိုးရွားလာနိုင်သည် ဆိုသည့်အချက် ဖြစ်ပါသည်။ ကုသမှုခံယူသည့် အချိန်ကာလသည် ရေရှည်ရလဒ်များအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်သောကြောင့် ကျောရိုးကောက်ကွေးမှု လျင်မြန်စွာ ဆိုးရွားလာပါက ပုံမှန်အားဖြင့် ခွဲစိတ်ကုသရန် အကြံပြုလေ့ရှိပါသည်။
ဤကွာခြားချက်များသည် ခွဲစိတ်ကုသမှု အစီအစဉ်၊ ခွဲစိတ်ပြုပြင်ရမည့် ကျောရိုးဆစ် အရေအတွက်၊ ပြန်လည်ကောင်းမွန်လာရန် မျှော်မှန်းချက်များနှင့် အလုံးစုံ ကုသမှုရည်မှန်းချက်များအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။
ခွဲစိတ်ကုသမှုမပြုမီ ရောဂါရှာဖွေစစ်ဆေး အကဲဖြတ်ခြင်း
ခွဲစိတ်ကုသရန် အကြံမပြုမီ ဆရာဝန်များသည် အောက်ပါအချက်များ ပါဝင်နိုင်သည့် ပြည့်စုံသော စစ်ဆေးအကဲဖြတ်မှုကို ပြုလုပ်လေ့ရှိပါသည်-
အသေးစိတ် ကျန်းမာရေးရာဇဝင် မေးမြန်းခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း
ဓာတ်မှန် (X-ray)၊ သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများ
ကျောရိုးဟန်ချက်ညီမျှမှု၊ ကောက်ကွေးမှုပြင်းထန်သည့် အတိုင်းအတာနှင့် အထွေထွေကျန်းမာရေး အခြေအနေတို့ကို အကဲဖြတ်ခြင်း
ထို့အပြင် ဆရာဝန်များသည် ကျောရိုးကောက်ကွေးမှု၏ ပျော့ပျောင်းကွေးညွှတ်နိုင်စွမ်းကို အကဲဖြတ်နိုင်ပြီး မည်သည့်ကျောရိုးဆစ် အပိုင်းများကို ကုသရန် လိုအပ်သည်ကို ဆုံးဖြတ်ပါသည်။ ဤစစ်ဆေးတွေ့ရှိချက်များက ခွဲစိတ်ကုသရေးအဖွဲ့အား လူနာ၏ ကျောရိုးဖွဲ့စည်းပုံ၊ ရောဂါလက္ခဏာများနှင့် ကုသမှုရည်မှန်းချက်များအပေါ် အခြေခံ၍ တစ်ဦးချင်းစီနှင့် ကိုက်ညီသော ကုသမှုအစီအစဉ်ကို ရေးဆွဲနိုင်ရန် ကူညီပေးပါသည်။
ဤနည်းလမ်းသည် ခွဲစိတ်ကုသမှုမှ မျှော်မှန်းရရှိနိုင်သော အကျိုးကျေးဇူးများက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များထက် သာလွန်သည့်အခါမှသာ ခွဲစိတ်ရန် အကြံပြုနိုင်စေရေးအတွက် သေချာစေပါသည်။
ကျောရိုးစောင်းခြင်း ( Scoliosis) ခွဲစိတ်ကုသမှုကို မည်သို့ပြုလုပ်သနည်း။
တိကျသော ခွဲစိတ်မှုလုပ်ငန်းစဉ်သည် ကျောရိုးစောင်းခြင်း အမျိုးအစား၊ ကောက်ကွေးမှုပြင်းထန်သည့် အတိုင်းအတာ၊ ကျောရိုးဟန်ချက်ညီမျှမှု၊ အသက်အရွယ်၊ ရောဂါလက္ခဏာများနှင့် ပါဝင်ပတ်သက်နေသည့် ကျောရိုးဆစ် အပိုင်းများအပေါ် မူတည်ပါသည်။
ကျောရိုးတည့်မတ်မှု ပြုပြင်သည့် ခွဲစိတ်မှုများစွာတွင် ရွေးချယ်ထားသော ကျောရိုးဆစ်များအတွင်း ဝက်အူများ (Screws) ထည့်သွင်းပြီး သံချောင်းများ (Rods) ဖြင့် ဆက်သွယ်တပ်ဆင်လေ့ရှိပါသည်။ ထို့နောက် ခွဲစိတ်ဆရာဝန်သည် ကျောရိုးမကြီးနှင့် ပတ်ဝန်းကျင်ရှိ အာရုံကြောများကို ကာကွယ်ရင်း ကျောရိုးတည့်မတ်မှုနှင့် ဟန်ချက်ညီမျှမှု ပိုမိုကောင်းမွန်လာစေရန် ဂရုတစိုက် ပြုပြင်ညှိနှိုင်းပါသည်။
ကျောရိုးဆစ်များ ပေါင်းစပ်ခြင်း (Spinal fusion) ကို ကျောရိုးတည့်မတ်မှု ပြုပြင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အများအားဖြင့် ပြုလုပ်လေ့ရှိပါသည်။ ရွေးချယ်ထားသော ကျောရိုးဆစ်များ တဖြည်းဖြည်း အတူတကွ ပေါင်းစည်းကောင်းမွန်လာစေရန်နှင့် တည့်မတ်ပြုပြင်ထားသော ကျောရိုးအား ရေရှည်တည်ငြိမ်မှု ရရှိစေရန် ခွဲစိတ်ဆရာဝန်က ကုသမှုပြုလုပ်သည့် နေရာတစ်လျှောက် အရိုးအစားထိုး ပစ္စည်းများ (Bone graft material) ကို ထည့်သွင်းပေးပါသည်။
ရည်ရွယ်ချက်မှာ ကျောရိုးကို လုံးဝဖြောင့်တန်းသွားစေရန် မလိုအပ်ဘဲ ကျောရိုးဟန်ချက်ညီမျှမှုနှင့် အာရုံကြောလုပ်ဆောင်ချက်များကို ထိန်းသိမ်းထားစဉ် ဘေးကင်းပြီး သင့်လျော်သော တည့်မတ်မှုအတိုင်းအတာတစ်ခု ရရှိစေရန် ခွဲစိတ်မှုအစီအစဉ်ဖြင့် ရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အဆင့်မြင့် ခွဲစိတ်မှု နည်းပညာများ
ကျောရိုးစောင်းခြင်း ခွဲစိတ်မှုတွင် ကျောရိုးဖွဲ့စည်းပုံ ရှုပ်ထွေးနေနိုင်ပါသည် (အထူးသဖြင့် ကျောရိုးဆစ်များ လိမ်လည်နေသည့်အခါ သို့မဟုတ် ပုံသဏ္ဌာန်ပျက်ယွင်းမှုတွင် ကျောရိုးဆစ် အဆင့်များစွာ ပါဝင်နေသည့်အခါမျိုးတွင် ဖြစ်ပါသည်)။ ထို့ကြောင့် ခွဲစိတ်နေစဉ်အတွင်း ပုံရိပ်ဖော်စနစ်၊ လမ်းညွှန်စနစ်နှင့် အာရုံကြော စောင့်ကြည့်စစ်ဆေးမှုများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပါသည်။
O-arm 3D လမ်းညွှန်စနစ် (O-arm 3D Navigation System): ကျောရိုးတည့်မတ်မှုကို ပံ့ပိုးပေးရန် ဝက်အူများနှင့် အစားထိုးပစ္စည်းများ (Implants) အများအပြား ထည့်သွင်းရန် လိုအပ်ပါသည်။ O-arm စနစ်သည် ခွဲစိတ်နေစဉ်အတွင်း ကျောရိုး၏ 3D ပုံရိပ်များကို ရှုထောင့်မျိုးစုံမှ ချက်ချင်းရယူပေးနိုင်ပါသည်။ ဤအဆင့်မြင့်နည်းပညာသည် ကျောရိုးဖွဲ့စည်းပုံ လိမ်လည်နေနိုင်သည့် သို့မဟုတ် မြင်ကွင်းရှင်းလင်းရန် ခက်ခဲနိုင်သည့် ရှုပ်ထွေးသော ကျောရိုးပုံသဏ္ဌာန် ပျက်ယွင်းမှုများတွင်ပင် ကျောရိုးဆစ် ဝက်အူများ (Pedicle screws) ၏ တည်နေရာကို ခွဲစိတ်ဆရာဝန်များ တိကျစွာ ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။ ဝက်အူများကို ပိုမိုတိကျစွာ ထည့်သွင်းနိုင်ခြင်းက တိကျသော ကျောရိုးတည့်မတ်မှုကို အထောက်အကူပြုပြီး အစားထိုးပစ္စည်းများ နေရာလွဲမှား ထည့်သွင်းမိနိုင်ခြေကို လျှော့ချပေးပါသည်။
ခွဲစိတ်နေစဉ် အာရုံကြော စောင့်ကြည့်စစ်ဆေးခြင်း ( Intraoperative Neuromonitoring – IOM): ကျောရိုးစောင်းခြင်း ခွဲစိတ်မှုတွင် ကျောရိုးမကြီးနှင့် ပတ်ဝန်းကျင်ရှိ အာရုံကြောများအနီးတွင် လုပ်ဆောင်ရသောကြောင့် အာရုံကြောလုပ်ဆောင်ချက်ကို ကာကွယ်ခြင်းသည် ခွဲစိတ်မှုလုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ ခွဲစိတ်နေစဉ် အာရုံကြော စောင့်ကြည့်စစ်ဆေးခြင်း (IOM) သည် ခွဲစိတ်မှုတစ်လျှောက်လုံး အာရုံကြောအချက်ပြမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပေးပြီး ဖြစ်ပေါ်လာနိုင်သည့် အာရုံကြောနှင့်ဆိုင်သော ပြောင်းလဲမှုများကို ချက်ချင်းသိရှိနိုင်စေရန် ခွဲစိတ်ကုသရေးအဖွဲ့အား ကူညီပေးပါသည်။ ဤကိရိယာသည် ကျောရိုးတည့်မတ်နေစဉ် အာရုံကြောထိခိုက်နိုင်ခြေကို လျှော့ချပေးပြီး ပိုမိုဘေးကင်း၍ တိကျသော ခွဲစိတ်မှုကို ပံ့ပိုးပေးကာ ပြန်လည်ကောင်းမွန်လာမှုနှင့် လုပ်ဆောင်နိုင်စွမ်း ရလဒ်များ ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုပါသည်။
အဆင့်မြင့် နည်းပညာများ၏ အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ကျောရိုးပုံသဏ္ဌာန် ပျက်ယွင်းမှုများကို ပိုမိုတိကျစွာ ပြုပြင်တည့်မတ်နိုင်ခြင်း
ကျောရိုးဆစ် ဝက်အူများနှင့် အစားထိုးပစ္စည်းများကို တိကျစွာ ထည့်သွင်းနိုင်ခြင်း
ခွဲစိတ်နေစဉ်အတွင်း အာရုံကြော လုပ်ဆောင်ချက်ကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း
ခွဲစိတ်မှုဆိုင်ရာ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်လာခြင်း
ကျောရိုးတည့်မတ်မှု ပြုလုပ်နေစဉ် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ လျော့နည်းခြင်း
ပြန်လည်ကောင်းမွန်လာမှုနှင့် လုပ်ဆောင်နိုင်စွမ်း ရလဒ်များ ပိုမိုကောင်းမွန်လာခြင်း
ခွဲစိတ်မှုအစီအစဉ် ရေးဆွဲခြင်း၊ ပုံရိပ်ဖော်ခြင်း၊ လမ်းညွှန်စနစ်အသုံးပြုခြင်းနှင့် အာရုံကြော စောင့်ကြည့်စစ်ဆေးခြင်းတို့သည် ရှုပ်ထွေးသော ကျောရိုးတည့်မတ်မှု ပြုလုပ်နေစဉ် တိကျမှုနှင့် ဘေးကင်းမှုကို ပံ့ပိုးပေးနိုင်သည့် ထပ်ဆောင်းအချက်အလက်များကို ပေးစွမ်းပါသည်။
ခွဲစိတ်ပြီးနောက် ပြန်လည်သန်စွမ်းလာမှု
ကျောရိုးစောင်းခြင်း (Scoliosis) ခွဲစိတ်ပြီးနောက် ပြန်လည်ကောင်းမွန်လာမှုသည် ကျောရိုးပုံသဏ္ဌာန် ပျက်ယွင်းမှု၏ ပြင်းထန်မှုနှင့် ပြုလုပ်ခဲ့သည့် ခွဲစိတ်မှုအမျိုးအစားတို့အပေါ် မူတည်ပါသည်။ ကျောရိုးစောင်းခြင်း ခွဲစိတ်မှုမှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် လပေါင်းများစွာမှ တစ်နှစ်အထိ ကြာမြင့်နိုင်သော်လည်း (အထူးသဖြင့် ပိုမိုရှုပ်ထွေးသော အခြေအနေများတွင်) လူနာအများစုသည် ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ကြပါသည်။
ပြန်လည်ကောင်းမွန်လာသည့် ကနဦးအဆင့်များတွင် ယာယီနာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် လှုပ်ရှားသွားလာနိုင်စွမ်း ကန့်သတ်ခံရခြင်းတို့ ဖြစ်လေ့ရှိပါသည်။ ကျောရိုး ဆက်လက်အနာကျက်နေစဉ်အတွင်း ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ကုထုံး (Physical therapy) တို့က ကြွက်သားခွန်အား၊ ပျော့ပျောင်းကွေးညွှတ်နိုင်စွမ်းနှင့် အလုံးစုံ လှုပ်ရှားသွားလာမှုတို့ကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။
ကျောရိုးစောင်းခြင်း ( Scoliosis) ကို ကုသမှုမခံယူဘဲ ထားပါက မည်သို့ဖြစ်နိုင်သနည်း။
ကျောရိုးစောင်းခြင်း (Scoliosis) ဖြစ်ပွားမှုတိုင်းတွင် ခွဲစိတ်ကုသရန် မလိုအပ်ပါ။ သို့ရာတွင် ပြင်းထန်သော ကျောရိုးကောက်ကွေးမှုသည် ကုသမှုမခံယူဘဲ ဆက်လက်ဆိုးရွားလာပါက ကျောရိုးလုပ်ဆောင်ချက်နှင့် အလုံးစုံ ဘဝနေထိုင်မှု အရည်အသွေးကို ထိခိုက်စေနိုင်သည့် ရေရှည်နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။
ကုသမှုမခံယူဘဲ ထားသော ပြင်းထန်ကျောရိုးစောင်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများ
ကိုယ်ဟန်အနေအထား၊ ဟန်ချက်ထိန်းနိုင်စွမ်းနှင့် ကျောရိုးတည့်မတ်မှုတို့ကို အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာစေသော ကျောရိုးပုံသဏ္ဌာန် ပျက်ယွင်းမှု ဆက်လက်ဖြစ်ပေါ်ခြင်း။
ကျောရိုးနှင့် ပတ်ဝန်းကျင်ရှိ ကြွက်သားများအပေါ် ဖိအားမညီမျှမှုကြောင့် နာတာရှည် ခါးနာခြင်းနှင့် ကြွက်သားများ ညောင်းညာပင်ပန်းခြင်း ဖြစ်ပေါ်ခြင်း။
လှုပ်ရှားသွားလာနိုင်စွမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ လျော့နည်းလာပြီး ကြာရှည်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ပိုမိုခက်ခဲလာခြင်း။
အခြေအနေ ရင့်လာသည့် ကိစ္စများတွင် ထုံကျင်ခြင်း၊ ကျဉ်ခြင်း၊ ခြေထောက်နာကျင်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်း ကဲ့သို့သော အာရုံကြောဖိမိသည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်ခြင်း။
ကျောရိုးကောက်ကွေးမှုကြောင့် ရင်ခေါင်းအခန်းကို ဖိညှိမိပြီး အဆုတ်ကျယ်ဝန်းနိုင်စွမ်း လျော့နည်းသွားသည့်အခါ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်း။
ကလေးများနှင့် ဆယ်ကျော်သက်များတွင် ကုသမှုမခံယူဘဲ ထားသော ကျောရိုးစောင်းခြင်းသည် ကြီးထွားဖွံ့ဖြိုးနေချိန်အတွင်း ဆက်လက်ဆိုးရွားလာနိုင်ပြီး အရွယ်ရောက်ချိန်တွင် ပိုမိုပြင်းထန်သော ကျောရိုးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြေ ရှိပါသည်။
အထူးကုစောင့်ရှောက်မှု အဘယ်ကြောင့် အရေးကြီးသနည်း။
ကျောရိုးစောင်းခြင်း (Scoliosis) ကို ကုသရာတွင် (အထူးသဖြင့် ခွဲစိတ်ကုသရန် စဉ်းစားသည့်အခါ) ကျောရိုးပုံသဏ္ဌာန် ပျက်ယွင်းမှု ကုသရေးဆိုင်ရာ အထူးကျွမ်းကျင်မှု လိုအပ်ပါသည်။ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး ရှိ ကျောရိုးအထူးကုဌာန (Spine Center) သည် အတွေ့အကြုံရင့်ကျက်သော အထူးကုဆရာဝန်ကြီးများ၊ အဆင့်မြင့် ကျောရိုးခွဲစိတ်မှု နည်းပညာများနှင့် တစ်ဦးချင်းစီနှင့် ကိုက်ညီသော ပြန်လည်ထူထောင်ရေး အစီအစဉ်များမှတစ်ဆင့် ကျောရိုးစောင်းခြင်းနှင့် အခြားရှုပ်ထွေးသော ကျောရိုးပုံသဏ္ဌာန် ပျက်ယွင်းမှုများအတွက် ပြည့်စုံသော စောင့်ရှောက်ကုသမှုကို ပေးစွမ်းလျက်ရှိပါသည်။
လူနာတစ်ဦးချင်းစီ၏ ကုသမှုအစီအစဉ်ကို ကျောရိုးတည်ငြိမ်မှု၊ လှုပ်ရှားသွားလာနိုင်စွမ်း၊ ရေရှည်လုပ်ဆောင်နိုင်စွမ်းနှင့် ပိုမိုဘေးကင်းသော ပြန်လည်ကောင်းမွန်လာမှု ရလဒ်များကို အဓိကထား၍ ၎င်းတို့၏ သီးခြားလိုအပ်ချက်များနှင့်အညီ ရေးဆွဲပေးပါသည်။
ပခုံးတစ်ဖက်နှင့်တစ်ဖက် မညီညာခြင်း၊ နာတာရှည် ခါးနာခြင်း၊ ကိုယ်ဟန်အနေအထား ပြောင်းလဲလာခြင်း သို့မဟုတ် နေ့စဉ်ဘဝကို စတင်ထိခိုက်စေသည့် လက္ခဏာများ ရှိပါက ဆေးဘက်ဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုကို စောစီးစွာ ခံယူခြင်းဖြင့် ကျောရိုးကောက်ကွေးမှု ထပ်မံဆိုးရွားလာခြင်းကို ကာကွယ်နိုင်ပြီး ရေရှည်တွင် ပိုမိုကောင်းမွန်သော ကျောရိုးကျန်းမာရေး၊ လှုပ်ရှားသွားလာနိုင်စွမ်းနှင့် ဘဝနေထိုင်မှု အရည်အသွေးတို့ကို ပံ့ပိုးပေးနိုင်ပါသည်။
မကြခဏ မေးလေ့ရှိသော မေးခွန်းများ
ကျောရိုးစောင်းခြင်း (Scoliosis) ခွဲစိတ်ကုသမှုကို အမြဲတမ်း ပြုလုပ်ရန် လိုအပ်ပါသလား။
မလိုအပ်ပါ။ ကျောရိုးစောင်းခြင်း ဖြစ်ပွားမှုအများစုကို ခွဲစိတ်မှုမပြုဘဲ ထိန်းသိမ်းကုသနိုင်ပြီး ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များသည် ကျောရိုးကောက်ကွေးမှု ပြင်းထန်သည့် အတိုင်းအတာ၊ ရောဂါလက္ခဏာများနှင့် ရောဂါတိုးလာသည့် အခြေအနေတို့အပေါ် မူတည်ပါသည်။
ကျောရိုးကောက်ကွေးမှု မည်သည့်ဒီဂရီ အတိုင်းအတာတွင် ခွဲစိတ်ကုသရန် အကြံပြုလေ့ရှိသနည်း။
ကျောရိုးကောက်ကွေးမှုသည် ၄၀ မှ ၅၀ ဒီဂရီခန့်သို့ ရောက်ရှိလာသည့်အခါ (အထူးသဖြင့် ကောက်ကွေးမှု ဆက်လက်ဆိုးရွားလာခြင်း သို့မဟုတ် ရောဂါလက္ခဏာများ ရှိနေသည့်အခါ) ခွဲစိတ်ကုသရန် စဉ်းစားလေ့ရှိပါသည်။
ပြန်လည်ကောင်းမွန်လာရန် အချိန်မည်မျှ ကြာမြင့်ပါသနည်း။
ကနဦး ပြန်လည်သက်သာလာရန် ရက်သတ္တပတ် အနည်းငယ်ခန့် ကြာမြင့်ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန်မှာ လပေါင်းများစွာမှ တစ်နှစ်အထိ ကြာမြင့်နိုင်ပါသည်။
လူကြီးများတွင် ကျောရိုးစောင်းခြင်း ခွဲစိတ်ကုသမှု ခံယူနိုင်ပါသလား။
ခံယူနိုင်ပါသည်။ ခွဲစိတ်မှုမဟုတ်သော ကုသမှုများ ပြုလုပ်ထားသော်လည်း နာကျင်မှု၊ အာရုံကြောဆိုင်ရာ လက္ခဏာများ သို့မဟုတ် ခန္ဓာကိုယ် လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ခံရခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေပါက လူကြီးများသည်လည်း ခွဲစိတ်ကုသမှု ခံယူရန် သင့်လျော်သော လူနာများ ဖြစ်နိုင်ပါသည်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်- ကျောရိုးအထူးကုဌာန ၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်းနံပါတ် – 02-7340000, လိုင်းခွဲ 5500 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. KITIDATE BOONCHAI
Orthopedics
Spine Surgery
Readers’ Rating
3.4 out of 5 stars (based on 9 reviews)