အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစု (Nerve Compression Syndrome) – ထုံကျဉ်မှုမှ အားနည်းလာခြင်းသို့ ပြောင်းလဲလာသောအခါ

ကျန်းမာရေးဆိုင်ရာ စာစောင်များ
အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစု

Table of Contents

အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစု သည် အစပိုင်းတွင် အမြဲတမ်း လက္ခဏာများ မပြတတ်ပါ။ လက် သို့မဟုတ် ခြေထောက်များတွင် ထုံကျဉ်မှုသည် ကိုယ်ဟန်အနေအထား ပြောင်းလဲလိုက်ပြီးနောက် ပျောက်သွားနိုင်သော်လည်း အလားတူ လှုပ်ရှားမှု သို့မဟုတ် လုပ်ဆောင်ချက်အတွင်း ပြန်ဖြစ်လာနိုင်ပါသည်။ အာရုံကြောအပေါ် ဖိအား ဆက်လက်ရှိနေပါက ထုံကျဉ်မှုသည် ပိုကြာလာနိုင်ပြီး ပူစပ်ပူလောင် နာကျင်မှု၊ ခွန်အားလျော့နည်းမှု သို့မဟုတ် လက် သို့မဟုတ် ခြေထောက်ကို ထိန်းချုပ်ရခက်ခဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပါသည်။ ကြာရှည်စွာ ဖိညှပ်ခံရမှုသည် နောက်ဆုံးတွင် ကြွက်သားအားနည်းခြင်း သို့မဟုတ် လုပ်ငန်းဆောင်တာများ ပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်ပါသည်။

အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစု (Nerve Compression Syndrome) ဆိုတာ ဘာလဲ။

Peripheral nerves (အစွန်အဖျား အာရုံကြောများ) သည် ဦးနှောက်နှင့် ကျောရိုးမကြီးမှတစ်ဆင့် လက်မောင်းနှင့် ခြေထောက်များအထိ ပျံ့နှံ့သွားပါသည်။ အာရုံကြောအများစုသည် လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ဒူးနှင့် ခြေကျင်းဝတ်တစ်ဝိုက်ရှိ ကျဉ်းမြောင်းသော နေရာများကို ဖြတ်သန်းသွားကြသည်။ ထိုနေရာများတွင် တစ်ရှူး၊ အမာရွတ်တစ်ရှူး၊ အရည်အိတ် (cyst) သို့မဟုတ် ပတ်ဝန်းကျင်ရှိ အရိုးပြောင်းလဲမှုများကြောင့် နေရာကျဉ်းသွားကာ အာရုံကြောကို ဖိညှပ်မိစေနိုင်ပါသည်။

ဖိညှပ်ခံရသော အာရုံကြောသည် ပုံမှန်အတိုင်း ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့ပါ။ ကနဦးလက္ခဏာမှာ သတ်မှတ်ထားသော နေရာတစ်ခုတွင် တဆစ်ဆစ်ကျဉ်ခြင်း သို့မဟုတ် ထုံခြင်း ဖြစ်နိုင်ပါသည်။ ဖိအား ဆက်လက်ရှိနေပါက နာကျင်မှု သို့မဟုတ် ကြွက်သားအားနည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤပြဿနာကို compression neuropathy သို့မဟုတ် compressive neuropathy ဟုလည်း ခေါ်ဆိုကြပါသည်။

အာရုံကြော ဖိညှပ်ခံရသည့် နေရာအလိုက် လက္ခဏာများ ကွဲပြားပုံ

အစွန်အဖျား အာရုံကြော တစ်ခုစီသည် သတ်မှတ်ထားသော နေရာတစ်ခုသို့ အာရုံခံစားမှုကို ပေးပို့ပြီး သီးခြားကြွက်သားများကို ထိန်းချုပ်ပါသည်။ ထို့ကြောင့် လက္ခဏာများ ဖြစ်ပေါ်သည့် နေရာနှင့် ပုံစံသည် မည်သည့်အာရုံကြော ထိခိုက်နေသည်ကို ခွဲခြားသိရှိရန် ကူညီပေးနိုင်ပါသည်။

အာရုံခံစားမှု ပြောင်းလဲခြင်းများ

ကနဦးလက္ခဏာများသည် မကြာခဏ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပြီး အထူးသဖြင့် အာရုံကြောအပေါ် ဖိအားပိုကျရောက်စေသော လှုပ်ရှားမှုများ ပြုလုပ်စဉ်တွင် ဖြစ်ပွားတတ်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • တဆစ်ဆစ်ကျဉ်ခြင်း သို့မဟုတ် အပ်နှင့်ထိုးသကဲ့သို့ ခံစားရခြင်း
  • ထုံခြင်း သို့မဟုတ် အာရုံခံစားမှု လျော့နည်းခြင်း
  • ပူစပ်ပူလောင်ဖြစ်ခြင်း၊ ကိုက်ခဲခြင်း သို့မဟုတ် စူးခနဲ နာကျင်ခြင်း
  • အထိအတွေ့ကို ပိုမိုခံစားလွယ်ခြင်း
  • လက်မောင်း သို့မဟုတ် ခြေထောက်၏ သတ်မှတ်ထားသော နေရာတစ်ခုအလိုက် လက္ခဏာများ ဖြစ်ပေါ်ခြင်း

ခွန်အားနှင့် လှုပ်ရှားမှု ပြောင်းလဲခြင်းများ

အာရုံကြော ဖိညှပ်ခံရမှုသည် ကြွက်သားထိန်းချုပ်မှုကို စတင်ထိခိုက်လာသည်နှင့်အမျှ လူတစ်ဦးသည် အောက်ပါတို့ကို သတိပြုမိနိုင်ပါသည်-

  • ပုံမှန်ထက် ဆုပ်ကိုင်နိုင်စွမ်း အားနည်းလာခြင်း
  • လက်ထဲမှ ပစ္စည်းများ လွတ်ကျခြင်း
  • ကြယ်သီးများနှင့် အခြားသေးငယ်သော ပစ္စည်းများကို ကိုင်တွယ်ရ ပိုမိုခက်ခဲလာခြင်း
  • လက်ကောက်ဝတ် သို့မဟုတ် ခြေဖဝါးအရှေ့ပိုင်းကို မြှောက်ရန် ခက်ခဲလာခြင်း
  • လမ်းလျှောက်စဉ် လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာခြင်း
  • ကြွက်သားအရွယ်အစား သိသိသာသာ လျော့နည်းလာခြင်း

ဖိအားကို ဖယ်ရှားပြီးနောက်မှာပင် ကြာရှည်စွာ အာရုံကြော ပျက်စီးမှုသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်သောကြောင့် အားနည်းခြင်းနှင့် ကြွက်သားဆုံးရှုံးခြင်းတို့ကို ပိုမိုအလေးထား ဂရုစိုက်ရန် လိုအပ်ပါသည်။

လက်မောင်းနှင့် ခြေထောက်များတွင် အဖြစ်များသော အာရုံကြော ပိတ်မိဖိညှပ်ခံရခြင်း လက္ခဏာစုများ (Common Nerve Entrapment Syndromes)

အာရုံကြော ပိတ်မိဖိညှပ်ခံရခြင်းသည် လက်မောင်းနှင့် ခြေထောက်များ၏ မတူညီသော နေရာများကို ထိခိုက်စေနိုင်ပါသည်။ အခြေအနေတစ်ခုစီတိုင်းသည် နာကျင်မှု၊ ထုံကျဉ်မှု သို့မဟုတ် အားနည်းမှုတို့၏ သီးခြားပုံစံတစ်ခုစီကို ဖြစ်ပေါ်စေပါသည်။

Carpal Tunnel Syndrome (လက်ကောက်ဝတ် အာရုံကြော ဖိညှပ်ခံရခြင်း)

လက်ကောက်ဝတ်နေရာရှိ median nerve (အလယ်အာရုံကြော) ဖိညှပ်ခံရသည့်အခါ Carpal tunnel syndrome ဖြစ်ပေါ်လာပါသည်။ ထုံခြင်း သို့မဟုတ် တဆစ်ဆစ်ကျဉ်ခြင်းသည် အများအားဖြင့် လက်မ၊ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်၏ တစ်စိတ်တစ်ပိုင်းတို့ကို ထိခိုက်စေပြီး ညဘက်တွင် ပိုမိုသိသာလေ့ရှိပါသည်။ အာရုံကြော ဖိညှပ်ခံရမှု ဆက်လက်ဖြစ်ပေါ်နေပါက ပစ္စည်းများ ဆုပ်ကိုင်ခြင်းနှင့် သေးငယ်သော ပစ္စည်းများကို ကိုင်တွယ်ခြင်းတို့ ပိုမိုခက်ခဲလာနိုင်ပါသည်။

Cubital Tunnel Syndrome (တံတောင်ဆစ် အတွင်းဘက် အာရုံကြော ဖိညှပ်ခံရခြင်း)

တံတောင်ဆစ် အတွင်းဘက်တွင် ulnar nerve သည် cubital tunnel ဟုခေါ်သော ကျဉ်းမြောင်းသည့် နေရာတစ်ခုကို ဖြတ်သန်းသွားပါသည်။ တံတောင်ဆစ်ကို အချိန်အကြာကြီး ကွေးထားပြီးနောက်တွင် လက်သူကြွယ်နှင့် လက်သန်းတို့တွင် ထုံကျဉ်မှုကို ပိုမိုသိသာစွာ ခံစားရလေ့ရှိပါသည်။ အခြေအနေ ပိုဆိုးလာသည်နှင့်အမျှ ဆုပ်ကိုင်နိုင်စွမ်း ခွန်အားနှင့် လက်ချောင်းများ ထိန်းချုပ်နိုင်စွမ်းတို့လည်း လျော့နည်းလာနိုင်ပါသည်။

Radial Tunnel Syndrome (တံတောင်ဆစ် အပြင်ဘက် အာရုံကြော ဖိညှပ်ခံရခြင်း)

Radial tunnel syndrome ကြောင့် ဖြစ်ပေါ်သော နာကျင်မှုကို အများအားဖြင့် တံတောင်ဆစ် အပြင်ဘက်၏ အောက်နားတွင် ခံစားရလေ့ရှိပြီး လက်ဖျံတစ်လျှောက် အောက်သို့ ဆင်းသွားနိုင်ပါသည်။ လက်ဖျံကို ထပ်ခါတလဲလဲ လှည့်ခြင်း သို့မဟုတ် ပစ္စည်းတစ်ခုခုကို ဆုပ်ကိုင်ခြင်းတို့က နာကျင်မှုကို ပိုမိုဆိုးရွားစေတတ်ပါသည်။ တဆစ်ဆစ်ကျဉ်ခြင်းနှင့် ထုံခြင်းတို့မှာ အဖြစ်နည်းသောကြောင့် ဤအခြေအနေကို တံတောင်ဆစ် နာကျင်စေသော အခြားအကြောင်းရင်းများနှင့် ခွဲခြားသိရှိရန် ခက်ခဲစေနိုင်ပါသည်။

Peroneal Nerve Compression (ဒူးတစ်ဝိုက် အာရုံကြော ဖိညှပ်ခံရခြင်း)

ဒူးအနီးရှိ common peroneal nerve ဖိညှပ်ခံရခြင်းကြောင့် ခြေသလုံး အပြင်ဘက်တစ်လျှောက်နှင့် ခြေဖမိုးပေါ်တွင် ထုံကျဉ်မှု ဖြစ်ပေါ်လာနိုင်ပါသည်။ အချို့သူများသည် ခြေဖဝါးအရှေ့ပိုင်းကို ကောင်းမွန်စွာ မမြှောက်နိုင်တော့သောကြောင့် လမ်းလျှောက်သည့်အခါ ခြေချောင်းများနှင့် မြေပြင် တိုက်မိခြင်းမျိုး စတင်ဖြစ်ပေါ်လာတတ်ပါသည်။ Foot drop (ခြေဖဝါးတွဲကျခြင်း) ဟုခေါ်သော ဤအားနည်းမှုသည် လမ်းလျှောက်ပုံကို ပြောင်းလဲသွားစေနိုင်ပြီး လဲကျနိုင်ခြေကို မြင့်တက်စေပါသည်။

Tarsal Tunnel Syndrome (ခြေကျင်းဝတ် အတွင်းဘက် အာရုံကြော ဖိညှပ်ခံရခြင်း)

ခြေကျင်းဝတ် အတွင်းဘက်ရှိ posterior tibial nerve ဖိညှပ်ခံရခြင်းကို ခြေကျင်းဝတ်တစ်နေရာတည်းတွင် နာကျင်ခြင်းထက် ခြေဖဝါးတစ်ပြင်လုံးတွင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ တဆစ်ဆစ်ကျဉ်ခြင်း သို့မဟုတ် ထုံခြင်းအဖြစ် ခံစားရလေ့ရှိပါသည်။ သက်သောင့်သက်သာမရှိ ခံစားရမှုသည် ခြေဖနောင့်မှတစ်ဆင့် ခြေဖဝါးအခုံးနှင့် ခြေချောင်းများအထိ ပျံ့နှံ့သွားနိုင်ပြီး အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း ပြုလုပ်ပြီးနောက်တွင် ပိုမိုသိသာလာတတ်ပါသည်။

အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစု ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်များ

အာရုံကြော ဖိညှပ်ခံရခြင်းသည် ထိခိုက်ဒဏ်ရာရပြီးနောက် ဖြစ်ပေါ်လာနိုင်သကဲ့သို့ အာရုံကြောပတ်ဝန်းကျင်ရှိ တစ်ရှူးများ ပြောင်းလဲခြင်းကြောင့်လည်း တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်ပါသည်။

အာရုံကြောကို ဖိညှပ်စေနိုင်သော ပြောင်းလဲမှုများ

အာရုံကြောပတ်ဝန်းကျင်ရှိ တစ်ရှူးများ၊ အဆစ်များ သို့မဟုတ် အရိုးများ၏ ပြောင်းလဲမှုများကြောင့် ဖိအားဖြစ်ပေါ်လာနိုင်ပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-

  • အာရုံကြောတစ်ဝိုက် ရောင်ရမ်းခြင်း
  • အရွတ်များ ထူလာခြင်း
  • ထိခိုက်ဒဏ်ရာ သို့မဟုတ် ခွဲစိတ်မှုအပြီး အမာရွတ်တစ်ရှူး ဖြစ်ပေါ်ခြင်း
  • အရည်အိတ်များ (cysts) သို့မဟုတ် အစွန်အဖျား အာရုံကြော အကျိတ်များ
  • အဆစ်ရောင်ရောဂါ သို့မဟုတ် အရိုးချွန်ထွက်ခြင်း
  • အရိုးကျိုးခြင်း သို့မဟုတ် အဆစ်လွဲခြင်း

ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသော အချက်များ

အဆစ်တစ်ဝိုက်တွင် ဖိအားထပ်ခါတလဲလဲ သက်ရောက်ခြင်းနှင့် အချို့သော ကျန်းမာရေးအခြေအနေများသည် အာရုံကြော ဖိညှပ်ခံရနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-

  • လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ဒူး သို့မဟုတ် ခြေကျင်းဝတ်တို့ ပါဝင်သော ထပ်ခါတလဲလဲ လှုပ်ရှားမှုများ
  • အဆစ်တစ်ခုကို အချိန်ကြာမြင့်စွာ ကွေးထားခြင်း သို့မဟုတ် ဖိအားအောက်တွင် ထားရှိခြင်း
  • ဆီးချိုရောဂါ
  • လေးဖက်နာ အဆစ်‌ရောင်ရောဂါ
  • သိုင်းရွိုက်ရောဂါ
  • အဝလွန်ခြင်း
  • ကိုယ်ဝန်ဆောင်ခြင်းနှင့် ခန္ဓာကိုယ်တွင်း အရည်စုပုံခြင်း
  • အာရုံကြောအနီးတွင် ယခင်က ထိခိုက်ဒဏ်ရာရဖူးခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူဖူးခြင်း

ကြွက်သားအားနည်းခြင်းသည် ပိုမိုပြင်းထန်လာသော အာရုံကြော ဖိညှပ်ခံရခြင်း၏ အချက်ပြလက္ခဏာ ဖြစ်နိုင်သည်

ကြွက်သားအားနည်းခြင်းသည် အာရုံခံစားမှုအတွက် တာဝန်ရှိသော အာရုံခံ အာရုံကြောမျှင်များ (sensory nerve fibers) ကိုသာမက လှုပ်ရှားမှုကို ထိန်းချုပ်သည့် လှုပ်ရှားမှုဆိုင်ရာ အာရုံကြောမျှင်များ (motor nerve fibers) ကိုပါ အာရုံကြော ဖိညှပ်ခံရမှုက ထိခိုက်နေပြီဖြစ်ကြောင်း ညွှန်ပြနိုင်သောကြောင့် ပိုမိုအလေးထား ဂရုစိုက်သင့်ပါသည်။ အာရုံကြော လုပ်ငန်းဆောင်တာ ကျဆင်းလာသည်နှင့်အမျှ ထိခိုက်ခံရသော ကြွက်သားများသည် ပိုမိုအားနည်းလာခြင်း၊ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်း လျော့နည်းလာခြင်းနှင့် ကြွက်သားထုထည် တဖြည်းဖြည်း ဆုံးရှုံးလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အာရုံကြော ဖိညှပ်ခံရမှုသည် အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေပါက ဖိအားကို ဖယ်ရှားပြီးနောက်မှာပင် ကြွက်သားခွန်အားသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပါ။ အသစ်ဖြစ်ပေါ်လာသော သို့မဟုတ် ပိုမိုဆိုးရွားလာသော အားနည်းမှုကို အထူးသဖြင့် ပုံမှန်လှုပ်ရှားမှု သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်အနှောင့်အယှက် ပေးလာသည့်အခါတွင် အမြန်ဆုံး စစ်ဆေးအကဲဖြတ်သင့်ပါသည်။

အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစုကို ရောဂါရှာဖွေစစ်ဆေးခြင်း

လက်တွင် ထုံကျဉ်ခြင်းသည် လက်ကောက်ဝတ်ကြောင့် အမြဲတမ်း မဟုတ်ပါ။ တံတောင်ဆစ် သို့မဟုတ် လည်ပင်းတွင် ဖိအားဖြစ်ပေါ်ခြင်းကလည်း အလားတူ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ဆရာဝန်သည် မည်သည့်လက်ချောင်းများ ထုံနေသည်၊ မည်သည့်လှုပ်ရှားမှုများ အားနည်းလာသည်နှင့် မည်သည့်ကိုယ်ဟန်အနေအထားများက လက္ခဏာများကို ဖြစ်ပေါ်စေသည်တို့ကို စစ်ဆေးပါသည်။ အာရုံကြောလမ်းကြောင်းတစ်လျှောက် အာရုံခံစားမှုနှင့် ကြွက်သားခွန်အားတို့ကို စမ်းသပ်စစ်ဆေးခြင်းသည် ဖိညှပ်ခံရနိုင်ခြေရှိသော နေရာကို ကျဉ်းမြောင်းစွာ ခွဲခြားသိရှိရန် ကူညီပေးပါသည်။

ထို့နောက် nerve conduction study (အာရုံကြော လျှပ်စီးကူးမှု စစ်ဆေးခြင်း) ဖြင့် ထိုနေရာတွင် အာရုံကြော အချက်ပြမှုများ နှေးကွေးသွားခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ပါသည်။ အကယ်၍ အားနည်းမှု ဖြစ်ပေါ်လာပါက EMG စစ်ဆေးမှုသည် ထိခိုက်ခံရသော အာရုံကြောက ကြွက်သားလုပ်ငန်းဆောင်တာကို မည်သို့ပြောင်းလဲစေခဲ့သည်ကို ပြသနိုင်ပါသည်။ အရည်အိတ် (cyst)၊ အကျိတ်၊ အမာရွတ်တစ်ရှူး သို့မဟုတ် အရိုးပုံမှန်မဟုတ်ခြင်း တစ်ခုခုက အာရုံကြောကို ဖိထားနိုင်ခြေရှိကြောင်း စစ်ဆေးတွေ့ရှိချက်များက ညွှန်ပြနေသည့်အခါတွင် အာထရာဆောင်း (Ultrasound) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းသည် အသုံးဝင်လာပါသည်။

အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစုအတွက် ကုသမှုနည်းလမ်းများ

ကုသမှုသည် ထိခိုက်ခံရသော အာရုံကြော၊ ဖိအားဖြစ်ပေါ်စေသည့် အကြောင်းရင်း၊ လက္ခဏာများ ကြာမြင့်ချိန်နှင့် ကြွက်သားခွန်အား လျော့နည်းလာခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်ပါသည်။

ခွဲစိတ်ရန်မလိုသော အာရုံကြော ဖိညှပ်ခံရခြင်း ကုသမှု (Nonsurgical Treatment)

အသင့်အတင့်သာ ဖြစ်ပွားသော အာရုံကြော ဖိညှပ်ခံရခြင်းသည် အာရုံကြောအပေါ် ဖိအားကျရောက်စေသည့် လှုပ်ရှားမှုများ သို့မဟုတ် ကိုယ်ဟန်အနေအထားများကို လျှော့ချပြီးနောက် သက်သာလာနိုင်ပါသည်။ ကုသမှုတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • လက္ခဏာများကို ဖြစ်ပေါ်စေသည့် လှုပ်ရှားမှုများကို ပြုပြင်ပြောင်းလဲခြင်း
  • ကျပ်စည်းခြင်း သို့မဟုတ် အထိန်းအကွပ် (splint သို့မဟုတ် brace) ဝတ်ဆင်ခြင်း
  • ကာယကုထုံး (Physical or occupational therapy) ခံယူခြင်း
  • နာကျင်မှု သို့မဟုတ် ရောင်ရမ်းမှုကို ထိန်းချုပ်ရန် သောက်ဆေးများ အသုံးပြုခြင်း
  • ရွေးချယ်ထားသော အခြေအနေအချို့တွင် ကော်တီကိုစတီးရွိုက် ဆေးထိုးခြင်း (Corticosteroid injection)

ဆရာဝန်များသည် အာရုံကြော ပြန်လည်ကောင်းမွန်လာခြင်း ရှိ၊ မရှိ သို့မဟုတ် ဖိညှပ်ခံရမှု ပိုမိုဆိုးရွားလာခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အာရုံခံစားမှုနှင့် ကြွက်သားခွန်အားတို့ကို စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။

အစွန်အဖျား အာရုံကြော ဖိအားလျှော့ချ ခွဲစိတ်ကုသမှု (Peripheral Nerve Decompression Surgery)

ခွဲစိတ်ရန်မလိုသော ကုသမှုများ ခံယူသော်လည်း လက္ခဏာများ ဆက်လက်ရှိနေပါက၊ ကြွက်သားအားနည်းခြင်း ပိုမိုဆိုးရွားလာပါက သို့မဟုတ် ပုံရိပ်ဖော်စစ်ဆေးချက်များတွင် အာရုံကြောကို ဖိထားသော အစိတ်အပိုင်းတစ်ခုခု တွေ့ရှိပါက ခွဲစိတ်ကုသရန် စဉ်းစားနိုင်ပါသည်။ Peripheral nerve decompression surgery ခွဲစိတ်ကုသမှုအတွင်း ခွဲစိတ်ဆရာဝန်သည် ထိခိုက်ခံရသော အာရုံကြောတစ်ဝိုက်တွင် နေရာပိုမိုကျယ်ဝန်းလာစေရန် ပြုလုပ်ပေးပါသည်။ ဖြစ်ပွားစေသည့် အကြောင်းရင်းပေါ် မူတည်၍ ခွဲစိတ်မှုတွင် တင်းကျပ်နေသော အရွတ်ကို ဖြေလျှော့ပေးခြင်း၊ အရည်အိတ် သို့မဟုတ် အမာရွတ်တစ်ရှူးကို ဖယ်ရှားခြင်း သို့မဟုတ် ထပ်ခါတလဲလဲ ပွတ်တိုက်ထိခိုက်နေသည့် နေရာမှ အာရုံကြောကို နေရာရွှေ့ပြောင်းပေးခြင်းတို့ ပါဝင်နိုင်ပါသည်။

ပြန်လည်ကောင်းမွန်လာမှုသည် ဖိညှပ်ခံရမှု၏ ပြင်းထန်မှုနှင့် ကြာမြင့်ချိန်အပေါ် မူတည်ပါသည်။ နာကျင်မှုနှင့် တဆစ်ဆစ်ကျဉ်ခြင်းတို့သည် ဦးစွာသက်သာလာနိုင်ပြီး ခွန်အားနှင့် အာရုံခံစားမှုတို့မှာမူ ပြန်လည်ကောင်းမွန်ရန် အချိန်ပိုကြာလေ့ရှိပါသည်။ အကယ်၍ အာရုံကြောသည် အချိန်ကြာမြင့်စွာ ဖိညှပ်ခံထားရပါက အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပါ။

ထုံကျဉ်ခြင်း သို့မဟုတ် အားနည်းခြင်းအတွက် ဆေးဘက်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရန် လိုအပ်သည့်အချိန်

ထုံကျဉ်ခြင်းသည် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆေးဘက်ဆိုင်ရာ စစ်ဆေးအကဲဖြတ်မှု ခံယူသင့်ပါသည်-

  • မကြာခဏ ပြန်ဖြစ်နေခြင်း သို့မဟုတ် အမြဲတမ်း ထုံကျဉ်နေခြင်း
  • ပိုမိုကျယ်ပြန့်သော နေရာသို့ ပျံ့နှံ့သွားခြင်း
  • ဆုပ်ကိုင်မှု၊ လက်လှုပ်ရှားမှု၊ ဟန်ချက်ထိန်းမှု သို့မဟုတ် လမ်းလျှောက်ခြင်းတို့ကို စတင်ထိခိုက်လာခြင်း
  • ပိုမိုဆိုးရွားလာသော အားနည်းမှုနှင့်အတူ ဖြစ်ပေါ်ခြင်း
  • လက် သို့မဟုတ် ခြေထောက်ကို မြှောက်ရန် ခက်ခဲစေခြင်း
  • ကြွက်သားအရွယ်အစား သိသိသာသာ လျော့နည်းလာခြင်းနှင့် တွဲဖက်ဖြစ်ပေါ်ခြင်း

ရုတ်တရက် အားနည်းလာခြင်းသည် ပိုမိုအရေးပေါ် အာရုံစိုက်ရန် လိုအပ်ပြီး အထူးသဖြင့် မျက်နှာတစ်ခြမ်း ရွဲ့စောင်းခြင်း၊ စကားပြောရခက်ခဲခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ဟန်ချက်ပျက်ခြင်း သို့မဟုတ် ခန္ဓာကိုယ် တစ်ခြမ်းတည်းတွင် အားနည်းခြင်းတို့နှင့် တွဲဖက်ဖြစ်ပေါ်ပါက ပို၍အရေးကြီးပါသည်။ ဤလက္ခဏာများသည် အစွန်အဖျား အာရုံကြော ဖိညှပ်ခံရခြင်းထက် လေဖြတ်ခြင်း (stroke) ကဲ့သို့သော အခြားအခြေအနေတစ်ခုခုကို ညွှန်ပြနေခြင်း ဖြစ်နိုင်ပါသည်။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော အထူးကုဌာန (Neuroscience Center) တွင် အစွန်အဖျား အာရုံကြောဆိုင်ရာ ရောဂါများကို အထူးပြုကုသသော ဆရာဝန်များသည် လက္ခဏာပုံစံများကို အကဲဖြတ်စစ်ဆေးပြီး လိုအပ်သလို အာရုံကြော လုပ်ငန်းဆောင်တာ စစ်ဆေးမှုများ သို့မဟုတ် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ပေးပါသည်။ စစ်ဆေးတွေ့ရှိချက်များသည် အာရုံကြော မည်သည့်နေရာတွင် ဖိညှပ်ခံနေရသည်၊ ဖိအားကို မည်သည့်အရာက ဖြစ်ပေါ်စေသည်နှင့် ခွဲစိတ်ရန်မလိုသော ကုသမှု သို့မဟုတ် အာရုံကြော ဖိအားလျှော့ချ ခွဲစိတ်ကုသမှုတို့အနက် မည်သည့်ကုသမှုက သင့်လျော်သည်ကို ဆုံးဖြတ်ရန် ကူညီပေးပါသည်။

အမေးများသော မေးခွန်းများ (FAQ)

အာရုံကြော ဖိညှပ်ခံရခြင်းအတွက် ကုသမှုက ဘာလဲ။

အသင့်အတင့်သာ ဖြစ်ပွားသော ဖိညှပ်ခံရမှုသည် အာရုံကြောကို ထိခိုက်ကျိန်းစပ်စေသည့် လှုပ်ရှားမှုများ သို့မဟုတ် ကိုယ်ဟန်အနေအထားများကို ပြုပြင်ပြောင်းလဲခြင်း၊ ကျပ်စည်းခြင်း သို့မဟုတ် အထိန်းအကွပ် (splint သို့မဟုတ် brace) အသုံးပြုခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာ ကုထုံး (physical or occupational therapy) ခံယူခြင်းတို့ပြီးနောက် သက်သာလာနိုင်ပါသည်။ ရွေးချယ်ထားသော အခြေအနေအချို့တွင် သောက်ဆေး သို့မဟုတ် ကော်တီကိုစတီးရွိုက် ဆေးထိုးခြင်း (corticosteroid injection) က အထောက်အကူပြုနိုင်ပါသည်။ တဖြည်းဖြည်း ပိုမိုဆိုးရွားလာသော အားနည်းမှု၊ ကြွက်သားဆုံးရှုံးမှု သို့မဟုတ် ခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတစ်ခုခုကြောင့် ဖိအားဖြစ်ပေါ်နေခြင်းတို့အတွက် အာရုံကြော ဖိအားလျှော့ချ ခွဲစိတ်ကုသမှု (nerve decompression surgery) လိုအပ်နိုင်ပါသည်။

မည်သည့် အာရုံကြော ဖိညှပ်ခံရခြင်း လက္ခဏာစုများက ခြေထောက် သို့မဟုတ် ခြေဖဝါးကို ထိခိုက်စေသလဲ။

ဒူးအပြင်ဘက်အနီးရှိ common peroneal nerve ဖိညှပ်ခံရခြင်းသည် ခြေသလုံး သို့မဟုတ် ခြေဖမိုးပေါ်တွင် ထုံကျဉ်မှုကို ဖြစ်စေနိုင်ပြီး foot drop (ခြေဖဝါးတွဲကျခြင်း) သို့ ဦးတည်သွားစေနိုင်ပါသည်။ Tarsal tunnel syndrome သည် ခြေကျင်းဝတ် အတွင်းဘက်ရှိ posterior tibial nerve ကို ထိခိုက်စေပြီး မကြာခဏဆိုသလို ခြေဖဝါးတွင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ တဆစ်ဆစ်ကျဉ်ခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

အာရုံကြော ဖိညှပ်ခံရခြင်းက အန္တရာယ်ရှိပါသလား။

ဤအခြေအနေသည် အများအားဖြင့် အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ မဟုတ်သော်လည်း အချိန်ကြာမြင့်စွာ ဖိညှပ်ခံရပါက ရေရှည်စွဲကျန်ရစ်မည့် ထုံကျဉ်မှု၊ အားနည်းမှု သို့မဟုတ် ကြွက်သားဆုံးရှုံးမှုတို့ကို ဖြစ်စေနိုင်ပါသည်။ ရုတ်တရက် အားနည်းလာခြင်း၊ အထူးသဖြင့် မျက်နှာတစ်ခြမ်း ရွဲ့စောင်းခြင်း သို့မဟုတ် စကားပြောရခက်ခဲခြင်းတို့နှင့် တွဲဖက်ဖြစ်ပေါ်ပါက လေဖြတ်ခြင်း (stroke) ကဲ့သို့သော အခြားအခြေအနေတစ်ခုခုကို ညွှန်ပြနေနိုင်သောကြောင့် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။

အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်-

ဦးနှောက်နှင့် အာရုံကြော အထူးကုဌာန၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – (+66)2-734-0000 လိုင်းခွဲ 5400
မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447

Medically Reviewed by

DR. EKKAPOT JITPUN
DR. EKKAPOT JITPUN

Surgery

Neuroscience Surgery

Readers’ Rating

5.0 out of 5 stars (based on 1 review)