ဒါဗင်ချီ (Da Vinci) စက်ရုပ်ခွဲစိတ်မှုစနစ်ဖြင့် အူကျွံခြင်းကို အဆင့်မြင့် ခွဲစိတ်ကုသမှု
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ဝမ်းဗိုက်၊ ဆီးခုံ သို့မဟုတ် ချက်ဝန်းကျင်နေရာများတွင် ဖောင်းကြွလာခြင်းသည် အူကျွံခြင်း (Hernia) ၏ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါသည်။ ဤရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံး၌ ဖြစ်ပွားနိုင်ပါသည်။
အူကျွံဝေဒနာရှင်များကို ကုသပေးခဲ့သည့် အတွေ့အကြုံများအရ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးမှ စက်ရုပ်အကူအညီသုံး ခွဲစိတ်ကုသမှုဆိုင်ရာ အသည်း၊ သည်းခြေနှင့် မုန့်ချိုအိတ် ခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Thanapoom Limtrakul က လူနာအများစုသည် နာကျင်မှုဝေဒနာ ခံစားရချိန် သို့မဟုတ် ဖောင်းကြွမှု ပိုမိုကြီးထွားလာချိန်မှသာ ဆေးကုသမှုခံယူရန် လာရောက်ကြလေ့ရှိကြောင်း တွေ့ရှိရပါသည်။ လူအများစုသည် အစပိုင်းတွင် ထိုအကျိတ်ကို အဆီခဲ သို့မဟုတ် မစိုးရိမ်ရသည့် သာမန်ပုံမှန်မဟုတ်မှုတစ်ခုအဖြစ်သာ ယူဆတတ်ကြသဖြင့် အချိန်မီကုသမှုခံယူရန် နှောင့်နှေးစေပြီး အူညှပ်ခြင်း (Strangulated hernia) ကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။
ထို့အပြင် ခွဲစိတ်ရာကြောင့်ကျန်ရစ်မည့် အမာရွတ်များနှင့် နာလန်ထူရန် ကြာမြင့်မည့်အချိန်များအပေါ် စိုးရိမ်ပူပန်မှုများသည်လည်း လူနာများအနေဖြင့် ကုသမှုပုံစံကို ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားလေ့ရှိသည့် အရေးကြီးသောအချက်များ ဖြစ်ပါသည်။
အူကျွံခြင်း ( Hernia) ဆိုသည်မှာ အဘယ်နည်း။
အူကျွံခြင်းဆိုသည်မှာ ဝမ်းဗိုက်အမြှေးပါးနံရံ၏ အားနည်းသော အစိတ်အပိုင်းတစ်ခုခုမှတစ်ဆင့် အူ၏ အစိတ်အပိုင်းအချို့သည် တိုးထွက်လာပြီး အရေပြားအောက်တွင် ဖောင်းကြွမှုကို ဖြစ်ပေါ်စေသည့် အခြေအနေမျိုး ဖြစ်ပါသည်။
ဤကဲ့သို့ ဝမ်းဗိုက်နံရံ အားနည်းခြင်းသည် မွေးရာပါ ပါလာနိုင်သကဲ့သို့ ယခင်က ခွဲစိတ်မှုတစ်ခုခု ပြုလုပ်ခဲ့ဖူးခြင်း သို့မဟုတ် ဝမ်းဗိုက်အတွင်း ဖိအားမြင့်တက်ခြင်းတို့ကြောင့် နောက်ပိုင်းတွင်လည်း ဖြစ်ပွားလာနိုင်ပါသည်။ ဝမ်းဗိုက်အတွင်း ဖိအားကို မြင့်တက်စေသည့် အဖြစ်များသော အကြောင်းအရင်းများတွင် ဝမ်းချုပ်ခြင်းကြောင့် ညှစ်ရခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း နှင့် အလေးအပင် မ,ခြင်း တို့ ပါဝင်ပါသည်။
အူကျွံခြင်း အမျိုးအစားများ
အူကျွံခြင်း အမျိုးအစားများကို ဝမ်းဗိုက်နံရံအတွင်း ဖြစ်ပွားသည့် တည်နေရာအပေါ် မူတည်၍ ခွဲခြားသတ်မှတ်ပါသည်။
ဆီးခုံအူကျွံခြင်း ( Inguinal Hernia)
ဒါသည် အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး အထူးသဖြင့် အမျိုးသားများတွင် ပိုမိုတွေ့ရှိရတတ်ပါသည်။ ၎င်းသည် ဆီးခုံတစ်ဝိုက်ရှိ ဝမ်းဗိုက်ကြွက်သားများ အားနည်းခြင်းကြောင့် ဆီးခုံဧရိယာတွင် ဖြစ်ပွားလေ့ရှိပါသည်။
ချက်အူကျွံခြင်း ( Umbilical Hernia)
ဤအမျိုးအစားသည် ချက်ဝန်းကျင်တွင် ဖြစ်ပွားတတ်ပြီး ကလေးငယ်များနှင့် လူကြီးများ နှစ်ဦးစလုံးတွင် ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် ကိုယ်အလေးချိန် လွန်ကဲသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။
ခွဲစိတ်ရာမှ ဖြစ်ပွားသော အူကျွံခြင်း ( Incisional Hernia)
ဤအခြေအနေသည် ယခင်က ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးသော နေရာရှိ ဝမ်းဗိုက်နံရံ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသည့်အတွက် အဆိုပါခွဲစိတ်ရာ နေရာတွင် ဖြစ်ပွားလာခြင်း ဖြစ်ပါသည်။
ပေါင်ခြံအူကျွံခြင်း ( Femoral Hernia)
ဤအမျိုးအစားသည် အဖြစ်နည်းပြီး အမျိုးသမီးများတွင် ပိုမိုတွေ့ရှိရလေ့ ရှိပါသည်။ ပေါင်အပေါ်ပိုင်း ဧရိယာတွင် ဖြစ်ပွားတတ်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦးအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အဖြစ်များသော လက္ခဏာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
ဆီးခုံ၊ ဝမ်းဗိုက် သို့မဟုတ် ချက်ဝန်းကျင်တွင် ဖောင်းကြွမှုတစ်ခု တွေ့ရှိရခြင်း
မတ်တပ်ရပ်ချိန်၊ ချောင်းဆိုးချိန် သို့မဟုတ် ညှစ်လိုက်ချိန်များတွင် ထိုဖောင်းကြွမှုသည် ပိုမိုထင်ရှားလာခြင်း
ထိခိုက်မိသော နေရာတစ်ဝိုက်တွင် တင်းကျပ်ခြင်း၊ မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း
ဆီးခုံတွင် လေးလံထိုင်းမှိုင်းမှုကို ခံစားရခြင်း
အချို့သော အခြေအနေများတွင် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းများ ဖြစ်ပွားနိုင်ခြင်း
အကယ်၍ ဖောင်းကြွနေသောအရာကို ဝမ်းဗိုက်အတွင်းသို့ ပြန်လည်တွန်းထည့်၍ မရတော့ခြင်း သို့မဟုတ် ပြင်းထန်စွာ နာကျင်ခြင်းများ တွဲဖက်ခံစားရပါက အူပိတ်ခြင်း သို့မဟုတ် အူညှပ်ခြင်း (Incarcerated or strangulated bowel) ကို ပြသနေခြင်း ဖြစ်နိုင်သောကြောင့် ချက်ချင်းဆိုသလို ဆေးကုသမှု ခံယူရန် အကြံပြုအပ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များ
အူကျွံခြင်းသည် ဝမ်းဗိုက်နံရံ အားနည်းခြင်းနှင့် ဝမ်းဗိုက်အတွင်းပိုင်း ဖိအားမြင့်တက်ခြင်းတို့ ပေါင်းစပ်မိသောအခါတွင် ဖြစ်ပွားလေ့ရှိပါသည်။
ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
အလေးအပင်များကို ပုံမှန် မ,ခြင်း
နာတာရှည် ချောင်းဆိုးခြင်း
ဝမ်းချုပ်ခြင်းကြောင့် မကြာခဏ ညှစ်ရခြင်း
ကိုယ်အလေးချိန် လွန်ကဲခြင်း သို့မဟုတ် အဝလွန်ခြင်း
ကိုယ်ဝန်ဆောင်ခြင်း
ယခင်က ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးခြင်း
အသက်အရွယ်ကြီးရင့်လာမှုကြောင့် ကြွက်သားများ အားနည်းလာခြင်း
ခွဲစိတ်ကုသမှုဆိုင်ရာ ရွေးချယ်စရာများ
အူကျွံခြင်းသည် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားခြင်း မရှိသောကြောင့် ခွဲစိတ်ကုသခြင်းသည် စံပြကုထုံးဖြစ်ပါသည်။ လက်ရှိတွင် ခွဲစိတ်ကုသမှုဆိုင်ရာ နည်းလမ်းပေါင်းများစွာ ရှိပါသည်။
သာမန်ခွဲစိတ်မှု ( Open Surgery)
သာမန်ခွဲစိတ်မှုကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီး ယခုထက်တိုင် ခိုင်မာသော ကုသမှုရွေးချယ်စရာတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ခွဲစိတ်ဆရာဝန်သည် အားနည်းနေသော ဝမ်းဗိုက်နံရံ အစိတ်အပိုင်းသို့ ရောက်ရှိနိုင်ရန် ဆီးခုံ သို့မဟုတ် ဝမ်းဗိုက်ဧရိယာတွင် ခွဲကြောင်းတစ်ခု ပြုလုပ်ပါသည်။ ထို့နောက် တိုးထွက်နေသော အူကဲ့သို့သော တစ်ရှူးများကို ဝမ်းဗိုက်အတွင်းရှိ ၎င်း၏ ပုံမှန်အနေအထားသို့ ပြန်လည်ထည့်သွင်းပေးပါသည်။ အူကျွံခြင်း ပြန်လည်မဖြစ်ပွားစေရန်နှင့် ဝမ်းဗိုက်နံရံကို ပိုမိုခိုင်ခံ့စေရန်အတွက် အားနည်းနေသော နေရာပေါ်တွင် ဆေးဘက်ဆိုင်ရာ ပိုက်ကွန် (Surgical mesh) ကို အသုံးပြု၍ ဖုံးအုပ်ပေးလေ့ရှိပါသည်။ ဤနည်းလမ်းသည် ပိုမိုကြီးမားသော ခွဲကြောင်းတစ်ခု လိုအပ်သောကြောင့် ဒဏ်ရာအနည်းဆုံးဖြင့် ခွဲစိတ်သည့် နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက နာလန်ထူရန် အချိန်ပိုမိုကြာမြင့်နိုင်ပါသည်။
မှန်ပြောင်းကြည့်ခွဲစိတ်မှု ( Laparoscopic Surgery)
မှန်ပြောင်းကြည့်ခွဲစိတ်မှုသည် ဒဏ်ရာအနည်းဆုံးဖြင့် ခွဲစိတ်ကုသသည့် နည်းပညာတစ်ရပ် ဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်သည် ဝမ်းဗိုက်တွင် ခန့်မှန်းခြေ သုံးခုမှ လေးခုအထိရှိသော သေးငယ်သည့် ခွဲကြောင်းများမှတစ်ဆင့် မှန်ပြောင်းနှင့် ခွဲစိတ်ကိရိယာများကို ထည့်သွင်းပါသည်။ မှန်ပြောင်းတွင် ပါရှိသော ကင်မရာသည် ဝမ်းဗိုက်အတွင်းပိုင်းကို မော်နီတာဖန်သားပြင်ပေါ်တွင် ရှင်းလင်းစွာ မြင်တွေ့ရစေသဖြင့် ခွဲစိတ်ဆရာဝန်အား တိုးထွက်နေသော တစ်ရှူးများကို ၎င်း၏ မူလနေရာသို့ ပြန်လည်ထည့်သွင်းနိုင်ရန် ကူညီပေးပါသည်။ သို့သော်လည်း သာမန်မှန်ပြောင်းကြည့် ခွဲစိတ်ကိရိယာများသည် လှုပ်ရှားနိုင်စွမ်း ကန့်သတ်ချက်ရှိသဖြင့် နက်ရှိုင်းသော နေရာများတွင် ချုပ်ရိုးချုပ်ရန် ပိုမိုခက်ခဲစေပါသည်။ ရလဒ်အနေဖြင့် ပိုက်ကွန်ကို ဝမ်းဗိုက်နံရံနှင့် မြဲမြံစေရန်အတွက် ခွဲစိတ်မှုသုံး တွဲကတ်ပစ္စည်းများ (Surgical tacks) ကို အသုံးပြုရန် လိုအပ်နိုင်ပါသည်။ အချို့သော လူနာများသည် ဤကဲ့သို့သော တွဲကတ်ပစ္စည်းများ အသုံးပြုမှုကြောင့် ခွဲစိတ်မှုပြုလုပ်ပြီးနောက် တင်းကျပ်သည့် ခံစားချက်ကို ကြုံတွေ့ရနိုင်ပါသည်။
ဒါဗင်ချီ ( Da Vinci) စနစ်ဖြင့် စက်ရုပ်အကူအညီသုံး ခွဲစိတ်မှု
ဒါဗင်ချီ (Da Vinci) ခွဲစိတ်မှုစနစ်သည် ဒဏ်ရာအနည်းဆုံးဖြင့် ခွဲစိတ်မှုများတွင် အသုံးပြုသည့် အဆင့်မြင့် စက်ရုပ်အကူအညီသုံး နည်းပညာတစ်ခု ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းအတွင်း ခွဲစိတ်ဆရာဝန်သည် သေးငယ်သော ခွဲကြောင်းများမှတစ်ဆင့် ခွဲစိတ်မှုပြုလုပ်စဉ် ကွန်ပျူတာစနစ်သုံး စက်ရုပ်ကိရိယာများကို ထိန်းချုပ်မောင်းနှင်ပါသည်။ ဤစနစ်သည် ကြည်လင်ပြတ်သားမှုမြင့်မားသော သုံးဖက်မြင် (3D) ပုံရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ခွဲစိတ်ဆရာဝန်များအနေဖြင့် ခန္ဓာကိုယ်အတွင်းပိုင်း တည်ဆောက်ပုံများကို ပိုမိုအသေးစိတ် မြင်တွေ့နိုင်ပြီး နက်နဲခက်ခဲသော ခွဲစိတ်မှုများကို ပိုမိုတိကျစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
စက်ရုပ်အကူအညီသုံး ခွဲစိတ်မှု၏ အကျိုးကျေးဇူးများ
ခွဲစိတ်ရာ သေးငယ်ခြင်း
ခွဲစိတ်မှု တိကျသေချာမှုကို မြှင့်တင်ပေးနိုင်ခြင်း
ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများအပေါ် ထိခိုက်မှုကို လျှော့ချပေးခြင်း
သာမန်ခွဲစိတ်မှုကဲ့သို့ပင် ထိရောက်မှု ကောင်းမွန်ခြင်း
အခြေအနေအများစုတွင် ပိုက်ကွန်ထိန်း တွဲကတ်ပစ္စည်းများ အသုံးပြုရန် မလိုခြင်း
အနီးအနားရှိ အာရုံကြောများအပေါ် ထိခိုက်နာကျင်မှုကို လျှော့ချပေးခြင်း
ခွဲစိတ်ပြီးနောက် နာကျင်မှု သို့မဟုတ် ဝမ်းဗိုက်တင်းကျပ်မှုကို လျော့နည်းစေခြင်း
လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်ခြင်း
အူကျွံခြင်း ခွဲစိတ်မှုအပြီး နာလန်ထူခြင်း
ခွဲစိတ်ကုသမှု ခံယူပြီးနောက် လူနာများသည် ဒဏ်ရာအနာတရများ ပြန်လည်ကောင်းမွန်လာစေရန်နှင့် လျင်မြန်စွာ နာလန်ထူနိုင်စေရန်အတွက် အောက်ပါအတိုင်း သင့်လျော်သော ဂရုစိုက်မှုများကို ပြုလုပ်သင့်ပါသည် –
ခွဲစိတ်ပြီးစ နာလန်ထူကာလအတွင်း အလေးအပင် မ,ခြင်းများအား ရှောင်ကြဉ်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
ဝမ်းချုပ်ခြင်းကို လျှော့ချနိုင်ရန် အမျှင်ဓာတ်မြင့်မားသော အစားအစာများကို စားသုံးပေးခြင်း
ခွဲစိတ်ဆရာဝန်၏ ညွှန်ကြားချက်များကို သေချာစွာ လိုက်နာဆောင်ရွက်ခြင်း
ရက်ချိန်းပေးထားသော နောက်ဆက်တွဲ ပြန်လည်ပြသရမည့်ရက်များကို ပုံမှန်ပြသခြင်း
မည်သည့်အချိန်တွင် ဆရာဝန်နှင့် ပြသသင့်သနည်း။
အကယ်၍ သင်သည် ဝမ်းဗိုက် သို့မဟုတ် ဆီးခုံတွင် ဖောင်းကြွမှုတစ်ခုခုကို ခံစားရပါက၊ အထူးသဖြင့် ထိုဖောင်းကြွမှုသည် ပိုမိုကြီးထွားလာလျှင် သို့မဟုတ် နာကျင်လာလျှင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆေးကုသမှုခံယူရန် လာရောက်ပြသသင့်ပါသည်။ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိခြင်းနှင့် သင့်လျော်သော ကုသမှုခံယူခြင်းတို့သည် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးနိုင်ရုံမျှမက ကုသမှုရလဒ်များကိုလည်း ပိုမိုကောင်းမွန်စေပါသည်။
မကြာခဏမေးလေ့ရှိသော မေးခွန်းများ ( FAQs)
မေး။ အူကျွံခြင်းသည် ခွဲစိတ်မှုမပြုလုပ်ဘဲ အလိုအလျောက် ပြန်လည်ကောင်းမွန်သွားနိုင်ပါသလား။
ဖြေ။ မကောင်းမွန်နိုင်ပါ။ အူကျွံခြင်းသည် အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားခြင်း မရှိပါ။ ခွဲစိတ်ကုသခြင်းသည်သာ တစ်ခုတည်းသော အပြီးတိုင်ကုသနိုင်မည့် နည်းလမ်းဖြစ်ပြီး ရောဂါပိုမိုဆိုးရွားလာခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ရန်အတွက် ခွဲစိတ်ကုသမှုခံယူရန် အကြံပြုထားပါသည်။
မေး။ သာမန်အူကျွံခြင်းခွဲစိတ်မှုနှင့် စက်ရုပ်အကူအညီသုံးခွဲစိတ်မှုတို့သည် မည်သို့ကွာခြားပါသနည်း။
ဖြေ။ သာမန်ခွဲစိတ်မှု (Open surgery) သည် ပိုမိုကြီးမားသော ခွဲကြောင်းတစ်ခု လိုအပ်ပြီး ယေဘုယျအားဖြင့် နာလန်ထူရန် အချိန်ပိုမိုကြာမြင့်တတ်ပါသည်။ မှန်ပြောင်းကြည့်ခွဲစိတ်မှုနှင့် စက်ရုပ်အကူအညီသုံး ခွဲစိတ်မှုနည်းလမ်း နှစ်ခုစလုံးသည် သေးငယ်သော ခွဲကြောင်းများကိုသာ အသုံးပြုကြပြီး တစ်ရှူးများ ထိခိုက်ဒဏ်ရာရမှုကို အနည်းဆုံးဖြစ်စေရန် ဒီဇိုင်းထွင်ထားခြင်း ဖြစ်ပါသည်။ စက်ရုပ်အကူအညီသုံး ခွဲစိတ်မှုသည် ပိုမိုမြင့်မားသော တိကျသေချာမှုနှင့် ခွဲစိတ်ကိရိယာများ၏ ပိုမိုကောင်းမွန်သော လှုပ်ရှားနိုင်စွမ်းတို့ကို ပေးစွမ်းနိုင်သည့်အပြင် လူနာအချို့တွင် ခွဲစိတ်ပြီးနောက် ခံစားရသည့် မအီမသာဖြစ်မှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။ မည်သည့်ခွဲစိတ်မှုနည်းလမ်းက အသင့်တော်ဆုံးဖြစ်သည်ဆိုသည်မှာ လူနာတစ်ဦးချင်းစီ၏ ရောဂါအခြေအနေနှင့် ခွဲစိတ်ဆရာဝန်၏ သုံးသပ်ချက်အပေါ်တွင် မူတည်ပါသည်။
မေး။ အူကျွံသည်ဟု သံသယရှိပါက မည်သည့်အချိန်တွင် ဆေးကုသမှုခံယူသင့်ပါသနည်း။
ဖြေ။ ဝမ်းဗိုက်၊ ဆီးခုံ သို့မဟုတ် ချက်ဝန်းကျင်တွင် အကျိတ် သို့မဟုတ် ဖောင်းကြွမှုတစ်ခုခုကို သတိပြုမိပါက၊ အထူးသဖြင့် ၎င်းသည် အရွယ်အစား ပိုမိုကြီးထွားလာလျှင် သို့မဟုတ် မအီမသာဖြစ်မှုကို ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ အကယ်၍ ထိုဖောင်းကြွနေသောနေရာသည် နာကျင်လာခြင်း၊ ဝမ်းဗိုက်အတွင်းသို့ ပြန်လည်တွန်းထည့်၍ မရတော့ခြင်း သို့မဟုတ် ပျို့အန်ခြင်း၊ အန်ခြင်း၊ ပြင်းထန်စွာ ဗိုက်နာခြင်းတို့နှင့် တွဲဖက်ဖြစ်ပွားလာပါက ၎င်းသည် အရေးပေါ်ခွဲစိတ်ရန် လိုအပ်သည့် အခြေအနေကို ပြသနေခြင်းဖြစ်နိုင်သောကြောင့် ချက်ချင်းဆိုသလို ဆေးကုသမှု ခံယူရပါမည်။
အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းရန် – ခွဲစိတ်အထူးကုဌာန ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000 လိုင်းခွဲ 4500, 4501 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. TANAPOOM LIMTRAKUL
Surgery
Hepatobiliary Surgery
Readers’ Rating
0.0 out of 5 stars (based on 0 reviews)