ရင်သားကင်ဆာဆိုင်ရာအခြေခံသိမှတ်ဖွယ်ရာများ – ရောဂါအမျိုးအစားများကိုခွဲခြားနားလည်ခြင်း၊ရောဂါလက္ခဏာများကိုစနစ်တကျသတိပြုခြင်းနှင့်အဆင့်မြင့်ကုထုံးနည်းလမ်းများ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် ဘဝကို များစွာထိခိုက်စေနိုင်သော ရောဂါဖြစ်ပါသည်။ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး၏ ရင်သားကင်ဆာစင်တာတွင် ရောဂါရှာဖွေခြင်းနှင့် စောင့်ရှောက်မှုများကို အပြည့်အစုံ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ရင်သားကင်ဆာဆိုသည်မှာ အဘယ်နည်း။
ရင်သားကင်ဆာဆိုသည်မှာ ရင်သားအတွင်းရှိ ပုံမှန်မဟုတ်သော ဆဲလ်များ အထိန်းအကွပ်မရှိဘဲ ကြီးထွားလာပြီး အကျိတ်များ ဖြစ်ပေါ်လာသည့် ရောဂါဖြစ်ပါသည်။ ထိုကင်ဆာဆဲလ်များသည် အနီးနားရှိ တစ်ရှူးများကို ကျူးကျော်ဝင်ရောက်နိုင်ရုံသာမက ရောဂါအခြေအနေ ပြင်းထန်လာပါက အရိုး၊ အသည်း၊ အဆုတ် သို့မဟုတ် ဦးနှောက်ကဲ့သို့သော ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့သွားတတ်ပါသည်။ ယင်းအခြေအနေကို ပြန့်နှံ့ရင်သားကင်ဆာ (Metastatic Breast Cancer) ဟု သတ်မှတ်ပါသည်။
ရင်သားကင်ဆာသည် အမျိုးသားရော အမျိုးသမီးများတွင်ပါ ဖြစ်ပွားနိုင်သော်လည်း အမျိုးသမီးများတွင် အဖြစ်များဆုံး ဖြစ်ပါသည်။ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် စနစ်တကျ ကုသမှုခံယူခြင်းဖြင့် အသက်ရှင်သန်နိုင်ခြေနှင့် ဘဝအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။
ရင်သားကင်ဆာ အမျိုးအစားများ
ရင်သားကင်ဆာသည် ရောဂါတစ်ခုတည်း မဟုတ်ဘဲ ရောဂါဗေဒဆိုင်ရာ လက္ခဏာများ၊ ရောဂါအဆင့်နှင့် ရီဆက်ပတာ (Receptor) အခြေအနေများပေါ် မူတည်၍ အမျိုးအစား အမျိုးမျိုး ခွဲခြားနိုင်ပါသည်။ အဓိက အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ နို့ပြွန်အတွင်းသာ ဖြစ်ပွားသည့် ကင်ဆာ (Ductal Carcinoma In Situ – DCIS)
ပုံမှန်မဟုတ်သော ဆဲလ်များသည် နို့ပြွန်အတွင်း၌သာ ရှိနေပြီး ဘေးပတ်ဝန်းကျင်သို့ ပြန့်နှံ့ခြင်း မရှိသေးသော အခြေအနေဖြစ်ပါသည်။ ယင်းသည် ကျူးကျော်ဝင်ရောက်နိုင်သော အဆင့်မဟုတ်သော်လည်း ကုသမှု မခံယူပါက ကျူးကျော်ဝင်ရောက်သည့် ကင်ဆာအဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။
၂။ ကျူးကျော်ဝင်ရောက်တတ်သော ရင်သားကင်ဆာ (Invasive Breast Cancer)
ကင်ဆာဆဲလ်များသည် နို့ပြွန် သို့မဟုတ် နို့ဂလင်းများမှတစ်ဆင့် ဘေးပတ်ဝန်းကျင်ရှိ ရင်သားတစ်ရှူးများအတွင်းသို့ ပြန့်နှံ့သွားသည့် အခြေအနေဖြစ်ပါသည်။ ယင်းကို အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်ပါသည်။
တစ်ရှူးဖွဲ့စည်းပုံအရ ခွဲခြားခြင်း (Histology):
Invasive Ductal Carcinoma (IDC): အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး ကျူးကျော်ဝင်ရောက်သည့် ကင်ဆာဖြစ်စဉ်များ၏ ၈၀ ရာခိုင်နှုန်းခန့် ရှိပါသည်။
Invasive Lobular Carcinoma (ILC): ဒုတိယအဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး နို့ဂလင်းများမှ စတင်ပါသည်။ ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် စမ်းသပ်စစ်ဆေးခြင်းများတွင် ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲတတ်ပါသည်။
ရောဂါအဆင့်အရ ခွဲခြားခြင်း (By Stage):
ရင်သားကင်ဆာ စောစီးစွာ ဖြစ်ပွားခြင်း ( Early Breast Cancer – EBC): ကင်ဆာသည် ရင်သား သို့မဟုတ် အနီးနားရှိ ပြန်ရည်ကျိတ်များတွင်သာ ရှိနေပြီး အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပြန့်နှံ့ခြင်း မရှိသေးသည့် အဆင့်ဖြစ်သည်။
ပြန့်နှံ့ရင်သားကင်ဆာ ( Metastatic Breast Cancer – MBC): ရင်သားကင်ဆာ အဆင့် (၄) ဟုလည်း ခေါ်ဆိုပြီး ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့သွားခြင်း ဖြစ်သည်။ ရောဂါကို အမြစ်ပြတ်အောင် ကုသရန် ခက်ခဲသော်လည်း ကုထုံးများဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်ကာ သက်တမ်းစေ့ နေထိုင်နိုင်ရန် ကူညီပေးနိုင်ပါသည်။
ရီဆက်ပတာ အခြေအနေအရ ခွဲခြားခြင်း (By Receptor Status):
ဟော်မုန်းဓာတ်ကို တုံ့ပြန်သော ရင်သားကင်ဆာ ( HR-Positive): အီစထရိုဂျင် သို့မဟုတ် ပရိုဂျက်စတီရုန်း ဟော်မုန်းများကြောင့် ကင်ဆာဆဲလ်များ ကြီးထွားလာခြင်း ဖြစ်သည်။
HER2-Positive ရင်သားကင်ဆာ : HER2 ပရိုတင်း လွန်ကဲစွာ ထွက်ရှိခြင်းကြောင့် ဖြစ်ပွားပြီး ၎င်းကို ပစ်မှတ်ထားကုသသည့် ကုထုံးများဖြင့် ကုသနိုင်ပါသည်။
Triple-Negative ရင်သားကင်ဆာ ( TNBC): အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းနှင့် HER2 ရီဆက်ပတာ (၃) မျိုးစလုံး မရှိသည့် အမျိုးအစားဖြစ်သည်။ ယင်းသည် ပြင်းထန်ပြီး ကုသရန် ခက်ခဲသော အမျိုးအစားဖြစ်ကာ ငယ်ရွယ်သော အမျိုးသမီးများတွင် ပိုမိုတွေ့ရှိရလေ့ရှိပါသည်။
သတိပြုရမည့် ရောဂါလက္ခဏာများ
ရင်သားကင်ဆာ၏ ရှေ့ပြေးလက္ခဏာများကို စောစီးစွာ သိရှိခြင်းက ကုသမှုအောင်မြင်နိုင်ခြေကို များစွာ တိုးတက်ကောင်းမွန်စေပါသည်။ ဖော်ပြပါလက္ခဏာများအားလုံးသည် ကင်ဆာဖြစ်သည်ဟု အတပ်မပြောနိုင်သော်လည်း ရင်သားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ ကြာရှည်ဖြစ်ပေါ်နေပါက ဆေးစစ်မှုခံယူရန် လိုအပ်ပါသည်။
ရင်သားကင်ဆာတွင် အဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
ရင်သား သို့မဟုတ် ဂျိုင်းအောက်တွင် အကျိတ်ဖြစ်ခြင်း သို့မဟုတ် ထူထဲလာခြင်း : ရင်သားကင်ဆာ အများစုသည် နာကျင်မှုမရှိဘဲ မာကျောပြီး တစ်နေရာတည်းတွင် ငြိမ်နေသည့် အကျိတ်အဖြစ် စတင်လေ့ရှိသည်။ သို့သော် အချို့သောအကျိတ်များသည် နာကျင်ခြင်း သို့မဟုတ် ရွှေ့လျားနိုင်ခြင်းမျိုးလည်း ရှိတတ်ပါသည်။
ရင်သားပုံသဏ္ဌာန် သို့မဟုတ် အရွယ်အစား ပြောင်းလဲခြင်း : ရင်သားရောင်ရမ်းခြင်း၊ သေးသိမ်သွားခြင်း သို့မဟုတ် ဘယ်ညာမညီမညာ ဖြစ်လာခြင်းတို့သည် ပုံမှန်မဟုတ်သော တစ်ရှူးများ ကြီးထွားလာခြင်း၏ လက္ခဏာရပ်များ ဖြစ်နိုင်ပါသည်။
အရေပြားပြောင်းလဲမှုများ : ရင်သား သို့မဟုတ် နို့သီးခေါင်းတစ်ဝိုက်တွင် အရေပြားချိုင့်ဝင်ခြင်း၊ ရှုံ့တွခြင်း၊ နီမြန်းခြင်း သို့မဟုတ် အဖတ်များကွာခြင်းတို့ကို လျစ်လျူမရှုသင့်ပါ။
နို့သီးခေါင်းမှ အရည်ထွက်ခြင်း : အလိုအလျောက် အရည်ထွက်ခြင်း၊ အထူးသဖြင့် သွေးပါခြင်း သို့မဟုတ် ညှစ်စရာမလိုဘဲ အရည်ထွက်ခြင်းတို့သည် သတိပေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါသည်။
နို့သီးခေါင်း ချိုင့်ဝင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း : နို့သီးခေါင်းအတွင်းသို့ ချိုင့်ဝင်သွားခြင်း၊ ယားယံခြင်း သို့မဟုတ် နို့သီးခေါင်းတစ်ဝိုက် အဖုအပိမ့်များ ထွက်ခြင်းတို့သည် တစ်ရှူးအတွင်းပိုင်း၌ ပြောင်းလဲမှုများရှိနေကြောင်း ညွှန်ပြနေတတ်ပါသည်။
ရင်သားတွင် အမြဲတမ်း နာကျင်နေခြင်း : ရင်သားကင်ဆာသည် များသောအားဖြင့် နာကျင်မှုမရှိတတ်သော်လည်း တစ်နေရာတည်းတွင် မပျောက်ဘဲ ဆက်တိုက်နာကျင်နေပါက ဆေးစစ်မှုခံယူသင့်ပါသည်။
ဂျိုင်းအောက် သို့မဟုတ် ညှပ်ရိုးတစ်ဝိုက် ရောင်ရမ်းခြင်း : ယင်းသည် ကင်ဆာဆဲလ်များက အနီးနားရှိ ပြန်ရည်ကျိတ်များဆီသို့ ပြန့်နှံ့နေခြင်းကို ညွှန်ပြနေခြင်း ဖြစ်နိုင်ပါသည်။
အဆိုပါ လက္ခဏာများသည် အရည်အိတ်တည်ခြင်း (Cyst) သို့မဟုတ် ပိုးဝင်ခြင်းကဲ့သို့သော ကင်ဆာမဟုတ်သည့် အခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်ကြောင်း သတိပြုရန် လိုအပ်ပါသည်။ သို့သော်လည်း ထိုကဲ့သို့သော လက္ခဏာတစ်ရပ်ရပ်ကို သတိပြုမိပါက တိကျသေချာသော ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါသည်။
ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး၊ ရင်သားကင်ဆာစင်တာ၏ ခေတ်မီရောဂါရှာဖွေရေးကိရိယာများ
ဝေ့ဌာနီဆေးရုံကြီးအနေဖြင့် ရောဂါကို စောစီးစွာနှင့် တိကျစွာ ရှာဖွေဖော်ထုတ်ခြင်းသည် လူနာတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး ကုသမှုအစီအစဉ်များ ချမှတ်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ရင်သားကင်ဆာစင်တာတွင် ခေတ်မီပုံရိပ်ဖော်စက်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းနည်းပညာများကို အသုံးပြု၍ တိကျမြန်ဆန်သော ရောဂါရှာဖွေမှုများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးနေပါသည်။
ရင်သားဓာတ်မှန် (Digital Mammography) : ရင်သားတစ်ရှူးများကို အဆင့်မြင့် ကြည်လင်ပြတ်သားသော ပုံရိပ်များဖြင့် စစ်ဆေးခြင်း။
ရင်သား တီဗွီဓာတ်မှန် ( Breast Ultrasound): ရင်သားတစ်ရှူး ထုများသော အမျိုးသမီးငယ်များအတွက် အထူးထိရောက်သော စစ်ဆေးမှုနည်းလမ်း။
ရင်သား သံလိုက်ဓာတ်မှန် (Breast MRI): ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသူများ သို့မဟုတ် မင်မိုဂရမ် အဖြေမရေရာသူများအတွက် အသေးစိတ် ပုံရိပ်ဖော် စစ်ဆေးခြင်း။
အသားစယူ စစ်ဆေးခြင်း (Biopsy): ကင်ဆာ ဖြစ်၊ မဖြစ်နှင့် အမျိုးအစားကို အတည်ပြုရန်အတွက် အပ်ဖြင့် စုပ်ယူခြင်း သို့မဟုတ် ခွဲစိတ်၍ အသားစယူခြင်း စသည့် နည်းလမ်းများဖြင့် စစ်ဆေးခြင်း။
ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး၏ ကုသမှုဆိုင်ရာ ရွေးချယ်စရာများ
ရင်သားကင်ဆာကို ကုသရာတွင် နည်းလမ်းပေါင်းစုံကို ပေါင်းစပ်အသုံးပြုသည့် ကုထုံး (Multimodal Approach) လိုအပ်လေ့ရှိပါသည်။ ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုနှင့် ဆေးဝါးကုသမှုများ အပါအဝင် အဓိကကုထုံးအားလုံးကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကင်ဆာအထူးကုဆရာဝန်များ၊ ရင်သားခွဲစိတ်အထူးကုများနှင့် ဓာတ်မှန်ဗေဒပညာရှင်များ ပါဝင်သော ဘာသာရပ်စုံကျွမ်းကျင်ပညာရှင်အဖွဲ့သည် လူနာတစ်ဦးချင်းစီ၏ လက်တွေ့လိုအပ်ချက်နှင့်အညီ ကုသမှုအစီအစဉ်များကို စနစ်တကျ ရေးဆွဲပေးပါသည်။
ခွဲစိတ်ကုသခြင်း (Surgery):
ဆေးဝါးဖြင့် ကုသခြင်း (Systemic or medical treatments):
ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) : ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် သို့မဟုတ် ခွဲစိတ်မှုမပြုလုပ်မီ အကျိတ်ကို သေးငယ်သွားစေရန် (Neoadjuvant) နှင့် ခွဲစိတ်ပြီးနောက် (Adjuvant) ကုသမှုများတွင် အသုံးပြုခြင်း။
ဟော်မုန်းကုထုံး (Hormone therapy): အချို့သော ရင်သားကင်ဆာ အမျိုးအစားများကို ကြီးထွားစေသည့် ဟော်မုန်းဓာတ်များကို ပိတ်ဆို့တားဆီးခြင်း။
ပစ်မှတ်ထားကုထုံး (Targeted therapy) : HER2-positive ကင်ဆာအတွက် HER2 inhibitors နှင့် HR-positive ကင်ဆာအတွက် CDK4/6 inhibitors စသည်တို့ကို အသုံးပြု၍ ကုသခြင်း။
ကိုယ်ခံအားစနစ်သုံး ကုထုံး (Immunotherapy) : TNBC အမျိုးအစား ရင်သားကင်ဆာ စောစီးစွာ ဖြစ်ပွားချိန်နှင့် ပြန့်နှံ့ချိန်များတွင် အသုံးပြုခြင်း။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy):
ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် အသုံးပြုပြီး များသောအားဖြင့် ခွဲစိတ်ပြီးနောက် ရောဂါပြန်လည်ဖြစ်ပွားမှုနှုန်းကို လျှော့ချရန် သို့မဟုတ် ရောဂါအဆင့်မြင့်ချိန်နှင့် ပြန်လည်ဖြစ်ပွားချိန်များတွင် ကုသရန် အသုံးပြုပါသည်။
ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး၊ ရင်သားကင်ဆာစင်တာတွင် ကျွမ်းကျင်စွာ ကုသမှုခံယူပါ
အကယ်၍ မိမိ၏ရင်သားတွင် အကျိတ်ဖြစ်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို သတိပြုမိပါက သော်လည်းကောင်း၊ မိသားစုအတွင်း ရင်သားကင်ဆာဖြစ်ပွားဖူးသည့် ရာဇဝင်ရှိပါက သော်လည်းကောင်း အချိန်ဆွဲမနေဘဲ ပြသစစ်ဆေးသင့်ပါသည်။ ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး၏ ရင်သားကင်ဆာစင်တာတွင် ခေတ်မီစက်ပစ္စည်းကိရိယာများဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်း ၊ နောက်ဆုံးပေါ် ကုထုံးများဖြင့် ကုသခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ၏ ပြုစုစောင့်ရှောက်မှုများကို အပြည့်အစုံ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ စင်တာကို နိုင်ငံတကာအဆင့်မီ ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် ဖွဲ့စည်းထားပြီး လူနာကို ဗဟိုပြုသည့် မူဝါဒဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယနေ့ပဲ ရက်ချိန်းရယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
ကင်ဆာရောဂါအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – (+၆၆)၂-၇၃၄-၀၀၀, (လိုင်းခွဲ – ၂၇၂၀)
မြန်မာဘာသာဖြင့်ဆက်သွယ်ရန် – (+၆၆)၈၁-၉၈၄-၅၁၁၁
Readers’ Rating
5.0 out of 5 stars (based on 4 reviews)