HER2-အပေါင်းလက္ခဏာဆောင်သော ရင်သားကင်ဆာ ကုသမှုများ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ရင်သားကင်ဆာ ဝေဒနာရှင် ငါးဦးတွင် တစ်ဦး နီးပါးမှာ HER2-အပေါင်းလက္ခဏာဆောင်သော ကင်ဆာအမျိုးအစား (HER2-positive breast cancer) အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ဆိုလိုသည်မှာ အဆိုပါ ကင်ဆာဆဲလ်များတွင် Human Epidermal Growth Factor Receptor 2 (HER2) ပရိုတင်းကို ထုတ်လုပ်ပေးသည့် မျိုးဗီဇအဆမတန် ပွားများနေခြင်း ဖြစ်ပြီး၊ ယင်းအခြေအနေကြောင့် အဆိုပါ အကျိတ်များသည် ယေဘုယျအားဖြင့် အခြားသော ရင်သားကင်ဆာ အမျိုးအစားများထက် ပိုမိုပြန့်ပွားလွယ်ပြီး ပြင်းထန်လေ့ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ဆေးဝါးသစ်များ ပေါ်ထွက်လာမှုကြောင့်HER2-အပေါင်းလက္ခဏာဆောင်သော ကင်ဆာ ကုသမှု ကဏ္ဍတွင် ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ဖြစ်ထွန်းခဲ့သည်။ ပထမဆုံးသော HER2 ပစ်မှတ်ထားကုထုံး ဖြစ်သည့် Trastuzumab (Herceptin) ကို ဓာတုကုထုံး (Chemotherapy) နှင့် တွဲဖက်ကုသခြင်းသည် ထူးခြားပြောင်မြောက်သော ဆေးပညာဆိုင်ရာ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။ ဤကုထုံးသည် လူနာများ၏ အသက်ရှင်သန်နိုင်မှုနှုန်း (Overall survival rates) ကို ၃၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီး ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေ (Risk of recurrence) ကိုလည်း ၅၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ခဲ့သည်။
HER2 ပစ်မှတ်ထား ကုထုံးများကို နားလည်သဘောပေါက်ခြင်း
ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပြခြင်းနှင့် ကင်ဆာဆေးသွင်းခြင်း (ဓာတုကုထုံး) ကဲ့သို့သော အစဉ်အလာ ကုထုံးများသည် အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေဆဲ ဖြစ်သော်လည်း ၎င်းတို့ကို HER2 ပရိုတင်းအား နည်းလမ်းမျိုးစုံဖြင့် တိုက်ရိုက်ပစ်မှတ်ထားသည့် ခေတ်ပေါ်ကုထုံးများနှင့် တွဲဖက်၍ အများဆုံး အသုံးပြုကြသည်။ အဆိုပါ ပစ်မှတ်ထား ကုထုံးများကို အဓိကအားဖြင့် အမျိုးအစား (၃) မျိုး ခွဲခြားနိုင်သည် –
1. မိုနိုကလိုနယ် ပဋိပစ္စည်းများ ( Monoclonal Antibodies)
ဤကုထုံးသည် အသုံးအများဆုံး ပစ်မှတ်ထား ကုထုံးများ ဖြစ်သည်။ ၎င်းတို့ကို သွေးပြန်ကြောအတွင်း ဆေးသွင်းခြင်း (Intravenous infusion) သို့မဟုတ် အရေပြားအောက် ဆေးထိုးခြင်း (Subcutaneous injection) နည်းလမ်းများဖြင့် ပေးလေ့ရှိပြီး ခန္ဓာကိုယ်၏ သဘာဝကိုယ်ခံအားစနစ်မှ ထွက်ရှိသော ပဋိပစ္စည်း (Antibodies) များ၏ လုပ်ဆောင်ပုံကို အတုယူ၍ လုပ်ဆောင်သည်။ ၎င်းတို့သည် ကင်ဆာဆဲလ်များပေါ်ရှိ HER2 receptors များနှင့် တိုက်ရိုက်ချိတ်ဆက်ခြင်းဖြင့် ဆဲလ်များပုံမှန်ရရှိမည့် ကြီးထွားမှု အချက်ပြစနစ်များကို ပိတ်ဆို့ပစ်သည်။ ထို့အပြင် ကင်ဆာဆဲလ်များကို တိုက်ခိုက်ဖျက်ဆီးရန် ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုပါ လှုံ့ဆော်ပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးပေးပြီး ၎င်းတို့ကို သေကြေပျက်စီးစေသည်။
ဆေးဝါးနမူနာများ –
Trastuzumab (Herceptin): ကင်ဆာအစောပိုင်းအဆင့်နှင့် အဆင့်မြင့်ကင်ဆာရောဂါ အခြေအနေနှစ်ရပ်လုံးအတွက် အသုံးပြုသည်။
Pertuzumab (Perjeta): ကင်ဆာအစောပိုင်းအဆင့် သို့မဟုတ် အဆင့်မြင့်ကင်ဆာများအတွက် Trastuzumab နှင့် ကင်ဆာဆေးသွင်းကုထုံးတို့နှင့် တွဲဖက်၍ အသုံးပြုလေ့ရှိသည်။
Trastuzumab/ pertuzumab (Phesgo): ပိုမိုအဆင်ပြေချောမွေ့စေရန် Trastuzumab နှင့် Pertuzumab ကို တစ်ကြိမ်တည်းဖြင့် အရေပြားအောက် ထိုးနှံနိုင်ရန် ပေါင်းစပ်ထုတ်လုပ်ထားသော ဆေးဝါးဖြစ်သည်။
Margetuximab (Margenza): ယေဘုယျအားဖြင့် အဆင့်မြင့်ကင်ဆာရောဂါများအတွက် ကင်ဆာဆေးသွင်းကုထုံးနှင့် တွဲဖက်အသုံးပြုသည်။
2. Tyrosine Kinase Inhibitors – TKIs
Kinases ဆိုသည်မှာ ဆဲလ်များကို ကြီးထွားရန် ညွှန်ကြားချက်ပေးသည့် ပရိုတင်းများ ဖြစ်သည်။ TKIs များသည် အဆိုပါ ပရိုတင်း၏ လုပ်ဆောင်ချက်ကို ပိတ်ဆို့ပေးသော မော်လီကျူးအသေးစားများ ဖြစ်ကြပြီး ကြီးထွားမှု အချက်ပြစနစ်ကို ထိရောက်စွာ ရပ်တန့်စေကာ ကင်ဆာကြီးထွားမှုကို ဟန့်တားပေးသည်။
Lapatinib (Tykerb): အဆင့်မြင့် ရင်သားကင်ဆာ ဝေဒနာရှင်များအတွက် သောက်ဆေးဖြစ်သည်။
Neratinib (Nerlynx): ကင်ဆာအစောပိုင်းအဆင့် ဝေဒနာရှင်များနှင့် အခြားသော HER2 ပစ်မှတ်ထားဆေးဝါးများဖြင့် ကုသရာတွင် တုံ့ပြန်မှုမရှိသည့် ပျံ့နှံ့ကင်ဆာ (Metastatic cancer) ဝေဒနာရှင်များအတွက် သောက်ဆေးဖြစ်သည်။
Tucatinib (Tukysa): အဆင့်မြင့် ရင်သားကင်ဆာအတွက် သောက်ဆေးဖြစ်သည်။ ၎င်းကို အနည်းဆုံး ပစ်မှတ်ထားဆေးဝါးတစ်မျိုးဖြင့် ကုသမှုခံယူဖူးပြီးနောက် ဆက်လက်ကုသရန် Trastuzumab နှင့် ကင်ဆာဆေးသွင်းကုထုံးတို့နှင့် တွဲဖက်၍ အသုံးပြုလေ့ရှိသည်။
3. ပဋိပစ္စည်း-ဆေးဝါး ပေါင်းစပ်ကုထုံး (Antibody-Drug Conjugates – ADCs)
ဤဆန်းသစ်သော ဆေးဝါးများသည် မိုနိုကလိုနယ် ပဋိပစ္စည်းကို ပြင်းအားမြင့် ကင်ဆာဆေး (Chemotherapy agent) နှင့် တိုက်ရိုက် ချိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ ပဋိပစ္စည်း အစိတ်အပိုင်းက ကင်ဆာဆဲလ်ပေါ်ရှိ HER2 ပရိုတင်းသို့ သွားရောက်ပူးကပ်ပြီး လမ်းညွှန်ပြသပေးသူအဖြစ် ဆောင်ရွက်ကာ ကင်ဆာဆေးကို ဆဲလ်အတွင်းထဲသို့ တိုက်ရိုက်ရောက်ရှိစေပြီး ဖျက်ဆီးပစ်သည်။
Ado-trastuzumab emtansine (Kadcyla): ကင်ဆာအစောပိုင်းအဆင့်နှင့် အဆင့်မြင့် ရင်သားကင်ဆာအချို့အတွက် အသုံးပြုသည်။
Trastuzumab deruxtecan (Enhertu သို့မဟုတ် T-DXd): အဆင့်မြင့် ရင်သားကင်ဆာများအတွက် အသုံးပြုသည်။ ဤဆေးဝါးကို ပုံမှန် HER2-အပေါင်းလက္ခဏာဆောင်သော ကင်ဆာများထက် HER2 ပရိုတင်းပမာဏ ပိုမိုနည်းပါးသည့် “HER2-low” (HER2 လက္ခဏာပြမှုနည်းသော) ရင်သားကင်ဆာအချို့အတွက်လည်း ညွှန်ကြားလေ့ရှိသည်။
HER2 ပစ်မှတ်ထား ကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲခြင်း
HER2 ပစ်မှတ်ထား ကုထုံး အများစုကို (အထူးသဖြင့် ရောဂါအစောပိုင်းအဆင့်တွင်) ကုသမှုထိရောက်မှု အမြင့်မားဆုံးရရှိစေရန် ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) နှင့် တွဲဖက်၍ ပေးလေ့ရှိသည်။ ထို့ကြောင့် လူနာများသည် HER2 ပစ်မှတ်ထားကုထုံးကြောင့် ဖြစ်ပေါ်သော ဘေးထွက်ဆိုးကျိုးများအပြင် ပုံမှန်ကင်ဆာဆေးသွင်းခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများကိုပါ ခံစားရနိုင်ခြေ ရှိပါသည်။
မိုနိုကလိုနယ် ပဋိပစ္စည်းများ ( Monoclonal Antibodies): နှလုံးဆိုင်ရာ ပြဿနာများ (Cardiac toxicity ) ဖြစ်ပွားနိုင်ခြေ အနည်းငယ်ရှိသော်လည်း အလွန်ရှားပါးပြီး အဆိုပါအခြေအနေမှာ များသောအားဖြင့် ပြန်လည်ကောင်းမွန်လာနိုင်သော အခြေအနေ ဖြစ်သည်။ သို့ဖြစ်ပါ၍ ကုသမှုခံယူနေစဉ်အတွင်း ဆရာဝန်က နှလုံးပုံရိပ်ဖတ်စစ်ဆေးခြင်း (Echocardiogram) ကဲ့သို့သော နှလုံးလုပ်ဆောင်ချက် ပုံမှန်စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးမည် ဖြစ်သည်။
Tyrosine Kinase Inhibitors: အများအားဖြင့် ဝမ်းလျှောခြင်းနှင့် အရေပြားပေါ်တွင် အဖုအပိမ့်များ ထွက်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေတတ်သည်။
ပဋိပစ္စည်း-ဆေးဝါး ပေါင်းစပ်ကုထုံး ( Antibody-Drug Conjugates): အဆုတ်ရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန်က လူနာများတွင် ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း သို့မဟုတ် ဖျားခြင်း စသည့် ရောဂါလက္ခဏာများ ရှိ၊ မရှိကို အနီးကပ် စောင့်ကြပ်ကြည့်ရှုမည် ဖြစ်သည်။
လူနာအများစုတွင် ဘေးထွက်ဆိုးကျိုးများကို အနည်းငယ် သို့မဟုတ် အပျော့စားမျှသာ ခံစားရလေ့ရှိသည်။ အဆိုပါ ရောဂါလက္ခဏာများကို သက်သာစေရန် ဆရာဝန်က ဆေးပမာဏ (Dosage) ကို လျှော့ချခြင်း၊ နောက်တစ်ကြိမ် ဆေးသွင်းမည့်ရက်ကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် အခြားသင့်တော်သော ကုထုံးတစ်မျိုးသို့ ပြောင်းလဲကုသခြင်းများဖြင့် စနစ်တကျ စီမံခန့်ခွဲပေးနိုင်ပါသည်။
မှန်ကန်သော ကုသမှုနည်းလမ်းကို ရွေးချယ်သတ်မှတ်ခြင်း
ဆရာဝန်သည် ရောဂါအဆင့်၊ လူနာယခင်က ခံယူခဲ့ဖူးသော ကုသမှုများနှင့် လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေ စသည့်အချက်များအပေါ် မူတည်၍ သင့်လျော်မည့် ပစ်မှတ်ထားကုထုံး (Targeted Therapy) ကို ရွေးချယ်ပေးမည် ဖြစ်သည်။
1. ရင်သားကင်ဆာ စောစီးစွာသိရှိရသောအဆင့် ( Early breast cancer)
အကျိတ်ပမာဏ သေးငယ်ပြီး ရင်သားအတွင်း၌သာ ကန့်သတ်တည်ရှိနေချိန်တွင် ပုံမှန်အားဖြင့် ခွဲစိတ်ကုသမှုကို ဦးစွာပြုလုပ်လေ့ရှိပြီး၊ ထို့နောက် ကီမိုဆေးသွင်းခြင်း (Chemotherapy) နှင့် Monoclonal Antibody ကုထုံးတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲဖက်ကုသလေ့ရှိသည်။ ပစ်မှတ်ထားကုထုံး၏ ထိန်းသိမ်းမှုပမာဏ (Maintenance dose) ကို ပုံမှန်အားဖြင့် စုစုပေါင်း ၁ နှစ်ခွဲခန့် ဆက်လက်ပေးရတတ်သည်။ လိုအပ်ပါက ဓာတ်ရောင်ခြည်ပြကုသမှု သို့မဟုတ် ဟော်မုန်းပိတ်ဆို့ကုထုံးများကိုလည်း ထည့်သွင်းကုသနိုင်သည်။
2. ဒေသတွင်း ပျံ့နှံ့နေသော ရင်သားကင်ဆာအဆင့် ( Locally advanced breast cancer)
အကျိတ်ပမာဏ ပိုမိုကြီးမားပြီး ဂျိုင်းအောက်များအထိ ပျံ့နှံ့နေပါက အကျိတ်ကို သေးငယ်သွားစေရန်နှင့် ဆေးတုံ့ပြန်မှုကို ဆန်းစစ်ရန်အတွက် ကီမိုဆေးသွင်းခြင်းနှင့် Monoclonal Antibody တစ်ခု သို့မဟုတ် နှစ်ခုဖြင့် ကုသခြင်းကို ပထမဦးစွာ လုပ်ဆောင်နိုင်သည်။ ထို့နောက် ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ပစ်မှတ်ထားကုထုံးကို ၁ နှစ်ခန့် ဆက်လက်ထိန်းသိမ်းပေးရသည့်အပြင်၊ လိုအပ်ပါက ဓာတ်ရောင်ခြည်ပြခြင်း သို့မဟုတ် ဟော်မုန်းပိတ်ဆို့ခြင်းကဲ့သို့သော နောက်ဆက်တွဲကုသမှုများကိုပါ လုပ်ဆောင်နိုင်သည်။
3. အဆင့်လွန် သို့မဟုတ် ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသော ရင်သားကင်ဆာအဆင့် ( Advanced or metastatic breast cancer)
ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည့် အဆင့်လွန်အခြေအနေမျိုးတွင် HER2-targeted therapies ခေါ် ပစ်မှတ်ထားကုထုံးများကို တစ်မျိုးတည်းဖြစ်စေ၊ ကီမိုဆေးသွင်းခြင်း သို့မဟုတ် ဟော်မုန်းပိတ်ဆို့ကုထုံးများနှင့် တွဲဖက်၍ဖြစ်စေ ပေးရန် အကြံပြုလေ့ရှိသည်။ ကင်ဆာရောဂါ မည်သို့တုံ့ပြန်သည်ကို နောက်ဆက်တွဲ ဓာတ်မှန်ရိုက်စစ်ဆေးချက်များအပေါ် မူတည်၍ လိုအပ်သလို ဆေးပတ်လမ်း (Regimen) ကို ပြောင်းလဲပေးသွားမည်ဖြစ်သည်။ ဤအဆင့်တွင် ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပြခြင်းတို့ကို ယေဘုယျအားဖြင့် အကြံပြုလေ့မရှိပါ။ အစောပိုင်း အဖြစ်များသော ကုသမှုမှာ ကီမိုဆေးသွင်းခြင်းကို Monoclonal Antibodies နှစ်မျိုးနှင့် တွဲဖက်ကုသခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် Antibody-drug conjugate၊ Kinase inhibitor၊ ကီမိုဆေးသွင်းခြင်းနှင့် Monoclonal Antibody တို့ကို တစ်မျိုးတည်း (သို့မဟုတ်) အုပ်စုလိုက် တွဲဖက်ကုသသည့် ဆေးပတ်လမ်းသို့ ပြောင်းလဲချိန်ညှိနိုင်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန် –ရင်သားရောဂါအထူးကုဌာန ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးဖုန်းနံပါတ်: (+66)2-734-0000 လိုင်းခွဲ- 2715, 2716မြန်မာဘာသာဟော့လိုင်း : (+66)63-853-2447
Medically Reviewed by
DR. AISSARAPONG SIRICHAVAROJ
Internal Medicine
Oncology
Readers’ Rating
3.6 out of 5 stars (based on 17 reviews)