ဒူးဆစ်အစားထိုးကုသမှုတွင် ဒူးဆစ်၏ မူလသဘာဝအတိုင်း ပြန်လည်ချိန်ညှိသည့် နည်းပညာ (Native Alignment Technique)
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ဒူးဆစ်အရိုးနုစားခြင်း (Osteoarthritis) သည် နေ့စဉ်လူနေမှုဘဝအတွက် အဟန့်အတားဖြစ်လာသောအခါ ဒူးဆစ်အစားထိုးကုသမှုကို ထည့်သွင်းစဉ်းစားလေ့ရှိကြပါသည်။ ယခုအခါ “Native Alignment” ဟုခေါ်ဆိုသော ကုသမှုနည်းလမ်းသစ်သည် လှုပ်ရှားသွားလာနိုင်စွမ်းကို ပြန်လည်ကောင်းမွန်စေသည့်အပြင် စစ်မှန်သော ဒူးဆစ်၏သဘာဝခံစားမှုမျိုးနှင့် အနီးစပ်ဆုံးတူညီအောင် ပြန်လည်ဖန်တီးပေးလျက်ရှိပါသည်။
ဒူးဆစ်အရိုးနုစားခြင်း (Knee osteoarthritis) ဆိုသည်မှာ အဘယ်နည်း။
ဒူးဆစ်အရိုးနုစားခြင်းဆိုသည်မှာ ဒူးဆစ်အတွင်းရှိ အရိုးနုမျက်နှာပြင်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခြင်းကို ဆိုလိုပါသည်။ အရိုးနုသည် အရိုးအချင်းချင်း ပွတ်တိုက်မှုမရှိစေရန် ကြားခံအဖြစ် ဆောင်ရွက်ပေးခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်းနှင့် အဆစ်များကို ချောမွေ့စွာ လှုပ်ရှားနိုင်စေရန် ကူညီပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။ ယင်းအရိုးနုများ ပျက်စီးလာသောအခါ လူနာအနေဖြင့် အဆစ်များ တောင့်တင်းခြင်း၊ နံနက်ခင်းတွင် ဒူးလှုပ်ရှားရန် ခက်ခဲခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်အတွင်းမှ အသံများမြည်ခြင်းနှင့် အားနည်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
စက်ရုပ်လက်မောင်းအကူအညီဖြင့် ဒူးဆစ်အစားထိုးကုသခြင်းသည် အထူးသဖြင့် ဒူးဆစ်အရိုးနုစားခြင်းဝေဒနာကို ပြင်းထန်စွာခံစားနေရသော လူနာများအတွက် အလွန်ထိရောက်သည့် ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါသည်။ Native Alignment ( သို့မဟုတ်) Anatomical Alignment ဟုခေါ်ဆိုသော ကုသမှုနည်းလမ်းသည် ဒူးဆစ်အစားထိုးခွဲစိတ်မှုအပြီးတွင် နာကျင်မှုကို သက်သာစေရန် ရည်ရွယ်ရုံသာမက ဒူးဆစ်၏ မူလသဘာဝတည်ဆောက်ပုံနှင့် လှုပ်ရှားမှုပုံစံတို့ကို ထိန်းသိမ်းပေးရန် ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဒူးဆစ်မပျက်စီးမီက ရှိခဲ့သော လုပ်ဆောင်နိုင်စွမ်းများနှင့် အနီးစပ်ဆုံးတူညီသည့် အကျိုးကျေးဇူးကို ရရှိစေပါသည်။
Native Alignment နည်းပညာ၏ အဓိကအခြေခံမူ
Native Alignment ၏ အဓိကရည်ရွယ်ချက်မှာ ဒူးဆစ်၏ မူလသဘာဝအတိုင်း လှုပ်ရှားနိုင်စွမ်း (Biomechanics) ကို ပြန်လည်ရရှိစေရန်ဖြစ်ပြီး လူနာများအနေဖြင့် အဆစ်များ ယိုယွင်းပျက်စီးခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပျက်ယွင်းခြင်းတို့ မဖြစ်ပေါ်မီကကဲ့သို့ ပြန်လည်လှုပ်ရှားနိုင်စေရန် ကူညီပေးခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် ဒူးဆစ်တုကို နေ့စဉ်လှုပ်ရှားမှုများတွင် အဟန့်အတားမရှိဘဲ ထိရောက်စွာ အသုံးပြုနိုင်စေပါသည်။
Native Alignment စနစ်ဖြင့် ဒူးဆစ်အစားထိုးခြင်း၏ အကျိုးကျေးဇူးများ
ဒူးဆစ်၏ မူလပုံသဏ္ဌာန်နှင့် တည်ရှိပုံကို ထိန်းသိမ်းပေးခြင်း ဤနည်းလမ်းသည် ဒူးဆစ်မပျက်စီးမီက ရှိခဲ့သော မူလခန္ဓာဗေဒဆိုင်ရာ အနေအထားအတိုင်း ပြန်လည်ဖြစ်ပေါ်စေရန် ရည်ရွယ်သဖြင့် ခွဲစိတ်ပြီးနောက် နာကျင်မှုဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။
ခွဲစိတ်ပြီးနောက် နာကျင်မှုကို သက်သာစေခြင်း လူနာတစ်ဦးချင်းစီ၏ မူလခန္ဓာဗေဒ တည်ဆောက်ပုံနှင့် ကိုက်ညီအောင် အရိုးအနေအထားကို ချိန်ညှိပေးခြင်းဖြင့် ခွဲစိတ်ပြီးနောက်ပိုင်း လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နာကျင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့ကို အနည်းဆုံးဖြစ်အောင် ကူညီပေးပါသည်။
လူနာ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးခြင်း ခွဲစိတ်မှုအပြီးတွင် လူနာများ၏ စိတ်ကျေနပ်မှုနှုန်းသည် အကြမ်းဖျင်းအားဖြင့် ၈၀ ရာခိုင်နှုန်းမှ ၉၅-၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
လှုပ်ရှားသွားလာနိုင်စွမ်းနှင့် ဟန်ချက်ညီမှုကို ပိုမိုကောင်းမွန်စေခြင်း လူနာများသည် နေ့စဉ်ဘဝလှုပ်ရှားမှုများသို့ ပြန်လည်ရောက်ရှိရန် ပိုမိုချောမွေ့သော လှုပ်ရှားမှုနှင့် ပိုမိုမြင့်မားသော ယုံကြည်မှုကို ရရှိစေပါသည်။
သဘာဝဒူးဆစ်၏ လုပ်ဆောင်ချက်အတိုင်း ပြန်လည်ရရှိစေခြင်း ဒူးဆစ်၏ မူလသဘာဝအတိုင်း လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းပေးသဖြင့် ဒူးဆစ်တုသည် သဘာဝဒူးဆစ်ကဲ့သို့ ပိုမိုလုပ်ဆောင်နိုင်စေပါသည်။
ဒူးဆစ်ကျန်းမာရေးကို ဂရုစိုက်ခြင်းနှင့် ဒူးဆစ်အရိုးနုစားခြင်းမှ ကာကွယ်ခြင်း
ဒူးဆစ်အရိုးနုစားခြင်းသည် သက်ကြီးရွယ်အိုများတွင် ပိုမိုအဖြစ်များသော်လည်း ယခုအခါ အလုပ်လုပ်နိုင်သောအရွယ် လူငယ်ပိုင်းများတွင်လည်း တဖြည်းဖြည်း ပိုမိုတွေ့ရှိလာရပါသည်။ ထို့ကြောင့် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် မိမိ၏ဒူးဆစ်ကျန်းမာရေးကို စောလျင်စွာ ဂရုစိုက်ရန် အရေးကြီးပါသည် –
ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ ခန္ဓာကိုယ်အလေးချိန် များလွန်းခြင်းသည် ဒူးဆစ်များအပေါ် ဖိအားသက်ရောက်မှုကို တိုးစေပါသည်။ အထူးသဖြင့် ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးထောက်ခြင်း၊ တင်ပလ္လင်ခွေထိုင်ခြင်း သို့မဟုတ် ဒူးခေါက်၍ အချိန်ကြာမြင့်စွာ ထိုင်ခြင်းတို့သည် အရိုးနုပျက်စီးမှုကို ပိုမိုမြန်ဆန်စေပါသည်။
ပုံမှန်နှင့် သင့်လျော်သော လေ့ကျင့်ခန်း ပြုလုပ်ပါ ဒူးဆစ်တစ်ဝိုက်ရှိ ကြွက်သားများကို သန်မာစေပြီး ဒူးအပေါ် ရိုက်ခတ်မှုနည်းသော လေ့ကျင့်ခန်းများကို ရွေးချယ်လုပ်ဆောင်ပါ။ ဥပမာ – ရေကူးခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် မြေပြန့်တွင် ခပ်သွက်သွက် လမ်းလျှောက်ခြင်း။
ဒူးဆစ်ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ပါ မညီညာသော သို့မဟုတ် ချောသောမျက်နှာပြင်များပေါ်တွင် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် ဒူးကို ထိခိုက်စေနိုင်သော အားကစား သို့မဟုတ် လှုပ်ရှားမှုများကို ပြုလုပ်ရာတွင် မတော်တဆမှုများ မဖြစ်စေရန် အထူးသတိထားပါ။
ဒူးဆစ်အပေါ် ဖိအားသက်ရောက်စေသော အနေအထားများကို ရှောင်ကြဉ်ပါ ဒူးထောက်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် ဒူးခေါက်ထိုင်ခြင်း စသည့်အနေအထားများဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းသည် အရိုးနုအပေါ် ဖိအားလွန်ကဲစေပြီး ဒူးဆစ်ယိုယွင်းမှုကို မြန်ဆန်စေပါသည်။
ဆရာဝန်နှင့် မည်သည့်အချိန်တွင် ပြသသင့်သနည်း?
အကယ်၍ သင်သည် ဒူးနာကျင်ခြင်းကို အကြောင်းရင်း တိတိကျကျမရှိဘဲ ခံစားရခြင်း၊ ဒူးဆစ်တစ်ခုခုတွင် ခဏခဏ ချိတ်နေသလိုဖြစ်ခြင်း သို့မဟုတ် ဒူးအတွင်းမှ အသံများမြည်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ စောလျင်စွာ ရောဂါရှာဖွေကုသခြင်းသည် ဒူးဆစ်ယိုယွင်းမှု ပိုမိုဆိုးရွားမလာစေရန် ကူညီပေးနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် – တင်ပါးဆုံနှင့် ဒူးဆစ် အထူးကုဌာန (Hip and Knee Center) ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000၊ လိုင်းခွဲ 2222၊ 2223 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
Dr. Premstien Sirithanapipat
Orthopedics
Total Joint Reconstruction (Arthroplasty)
Readers’ Rating
5.0 out of 5 stars (based on 7 reviews)