ထိုင်းနိုင်ငံရှိ အူမကြီးကင်ဆာ ကုသမှု – ရောဂါ အဆင့် (၄) ဆင့်အတွက် အထူးပြုကုထုံးများ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ထိုင်းနိုင်ငံ၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးတွင် အူမကြီးကင်ဆာ ကုသမှု အား အထွေထွေအားဖြင့် အဆင့် ၄ ဆင့် ခွဲခြားထားပါသည်။ အူမကြီး၏ အတွင်းဘက် အမြှေးပါးလွှာထက် ပိုမိုကြီးထွားမလာသေးသော အသားပိုများကို စတင်စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်းကို တစ်ခါတစ်ရံ အဆင့် (၀) (Stage 0) အဖြစ် သတ်မှတ်လေ့ရှိသည်။
အူမကြီးကင်ဆာ ကုသမှုသည် ကင်ဆာရောဂါ ပြန့်ပွားမှု အခြေအနေပေါ်မူတည်၍ အဆင့် ၄ ဆင့်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။
အဆင့် (၁) အူမကြီးကင်ဆာ ကုသမှု
အူမကြီးကင်ဆာ အဆင့် (၁) သည် ပုံမှန်အားဖြင့် အူမကြီးနံရံ တစ်ရှူးများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကြီးထွားဝင်ရောက်သွားပြီဖြစ်သည်။ သို့သော် အူမကြီးနံရံ၏ ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးသလို အူမကြီးအနီးရှိ ပြန်ရည်ကျိတ်များသို့လည်း နယ်ကျွံဝင်ရောက်ခြင်း မရှိသေးပါ။
အဆင့် (၁) သည် အမြစ်ပြတ်ပျောက်ကင်းရန် အမျှော်လင့်နိုင်ဆုံး အဆင့်ဖြစ်ပါသည်။ ဤအဆင့်တွင် ကင်ဆာများသည် အသားပို (Polyp) ၏ အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။ အကယ်၍ အသားပိုကို ရာခိုင်နှုန်းပြည့် ဖယ်ရှားနိုင်ခဲ့ပြီး အူမကြီးနံရံပေါ်တွင် ကင်ဆာဆဲလ်များ လုံးဝကျန်ရှိမနေပါက အကောင်းဆုံး ရလဒ်ကို ရရှိစေမည်ဖြစ်သည်။ အခြားမည်သည့် ကုသမှုမျှ ထပ်မံလိုအပ်မည် မဟုတ်ပါ။
သို့သော်လည်း ဆရာဝန်သည် ဖယ်ရှားပြီးသော အသားပိုကို ဓာတ်ခွဲစစ်ဆေးဆန်းစစ်မည် ဖြစ်သည်။ အကယ်၍ ထိုအသားပိုသည် ပြင်းထန်အဆင့်ရှိ အသားပို (High-grade polyp) ဖြစ်နေကြောင်း သို့မဟုတ် အနားသတ်ပတ်လည်တွင် ကင်ဆာဆဲလ်များ ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါက အူမကြီးနံရံတွင် ကင်ဆာဆဲလ်အချို့ ကျန်ရှိနေနိုင်သေးကြောင်း ညွှန်ပြနေပါသည်။ ထို့ကြောင့် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖယ်ရှားရန် အပိုထပ်ဆောင်း ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
ထို့အပြင် အသားပိုကို အူမကြီးနံရံမှ တစ်ဆက်တည်း ကုန်စင်အောင် ဖယ်ရှား၍ မရရှိပါက သို့မဟုတ် ဖယ်ရှားပြီးနောက် ကင်ဆာဆဲလ်များ ကျန်ရှိခဲ့မည်ကို ခွဲစိတ်ဆရာဝန်က စိုးရိမ်ပါကလည်း နောက်ထပ် ခွဲစိတ်ကုသမှုကို ခံယူရန် အကြံပြုခံရနိုင်ပါသည်။
အသားပိုအတွင်း၌ မရှိသော ကင်ဆာများအတွက်မူ ထိုင်းနိုင်ငံရှိ စံချိန်စံညွှန်းမီ အူမကြီးကင်ဆာ ကုသမှုမှာ အူမကြီး၏ အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ကုသခြင်း (Partial colectomy) ဖြစ်သည်။ ဤခွဲစိတ်မှုသည် ကင်ဆာဖြစ်ပွားနေသော အူမကြီးအစိတ်အပိုင်းတစ်ခုလုံးအပြင် ကင်ဆာဆဲလ်များ ခိုအောင်းနေနိုင်သည့် အနီးအနားရှိ ပြန်ရည်ကျိတ်များကိုပါ လုံးဝဥဿုံ ဖယ်ရှားပစ်နိုင်ရေးကို သေချာစေသည်။ ထို့ကြောင့် ဤခွဲစိတ်ကုသမှုသည် ကျန်ရှိနေသော ကင်ဆာဆဲလ်များအားလုံးကို ကင်းစင်အောင် ဖယ်ရှားရာတွင် အစိတ်ချရဆုံးသော ဘေးကင်းမှုအနားသတ် (Safety margin) ကို ရရှိစေပါသည်။
အဆင့် (၂) အူမကြီးကင်ဆာ ကုသမှု
အဆင့် (၂) အူမကြီးကင်ဆာ၏ အခြေအနေမှာ ကင်ဆာသည် အူမကြီးနံရံကို ထိုးဖောက် ဝင်ရောက်သွားပြီး ဖြစ်နိုင်ပါသည်။ အနီးအနားရှိ တစ်ရှူးများအတွင်းသို့ ပျံ့နှံ့သွားနိုင်သော်လည်း ပြန်ရည်ကျိတ်များအတွင်းသို့ ဝင်ရောက်ခြင်း မရှိသေးပါ။
ခွဲစိတ်ကုသခြင်းသည် အကြံပြုထားသော ကုသမှုဖြစ်ပြီး အူမကြီး အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ခြင်း (Partial colectomy) သည် လိုအပ်သော တစ်ခုတည်းသော ကုသမှု ဖြစ်နေနိုင်သေးသည်။ သို့သော်လည်း ခွဲစိတ်ပြီးနောက် ထပ်ဆောင်း ကီမိုဆေးသွင်း ကုသခြင်း (Adjuvant chemotherapy) ကို ခံယူရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ သင့် အူမကြီးကင်ဆာသည် ပြန်လည်ဖြစ်ပွားနိုင်ခြေ မြင့်မားသည်ဟု ယူဆပါက ကီမိုဆေးသွင်း ကုသမှုကို အကြံပြုမည် ဖြစ်သည်။ ဓာတ်ခွဲခန်းတွင် ကြည့်ရှုစစ်ဆေးသောအခါ ကင်ဆာသည် ပြင်းထန်အဆင့် (High grade) အဖြစ် တွေ့ရှိရခြင်း အပါအဝင် လေ့လာတွေ့ရှိချက်များစွာပေါ် မူတည်၍ ဆရာဝန်က ဤအကြံပြုချက်ကို ပေးနိုင်ပါသည်။ အခြားသော လေ့လာတွေ့ရှိချက်များမှာ –
ကင်ဆာသည် အနီးအနားရှိ သွေးကြောများ သို့မဟုတ် ပြန်ရည်ကြောများအတွင်းသို့ ပျံ့နှံ့သွားခြင်း၊
ခွဲစိတ်ဆရာဝန်သည် အူမကြီးရှိ ပြန်ရည်ကျိတ်အချို့ကို ချန်ထားခဲ့ခြင်း၊
ကင်ဆာသည် အူမကြီးကို ပိတ်ဆို့သွားခြင်း သို့မဟုတ် ပေါက်ထွက်သွားစေခြင်း၊
သို့မဟုတ် ဖယ်ရှားလိုက်သော တစ်ရှူး၏ အနားသတ်အနီးတွင် ကင်ဆာကို တွေ့ရှိရခြင်း (ယင်းသည် ကင်ဆာဆဲလ်အချို့ ကျန်ရှိခဲ့နိုင်ခြေ ရှိကြောင်း ညွှန်ပြနေသည်) တို့ဖြစ်ကြသည်။
ဤအခြေအနေတွင် ကီမိုဆေးသွင်း ကုသမှုသည် အကျိုးရှိမည်၊ မရှိမည်ကို ဆုံးဖြတ်ရန် ကူညီနိုင်ရေးအတွက် ဆရာဝန်သည် သင့်အကျိတ် (Tumor) ၏ မျိုးဗီဇ ပြောင်းလဲမှုများကိုလည်း စစ်ဆေးနိုင်ပါသည်။ ထိုစစ်ဆေးမှုများကို MSI နှင့် MMR ဟု ခေါ်ဆိုပါသည်။
အကယ်၍ ကီမိုဆေးသွင်း ကုသမှုကို အကြံပြုထားပါက ထိုကုသမှုနှင့် ဆက်စပ်နေသော ဘေးထွက်ဆိုးကျိုးများ အားလုံးအပြင် Risks အားလုံးကို သင် နားလည်သဘောပေါက်ထားရန် အရေးကြီးပါသည်။
အဆင့် (၃) အူမကြီးကင်ဆာ ကုသမှု
အူမကြီးကင်ဆာ အဆင့် (၃) တွင် ကင်ဆာသည် ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့သွားသော်လည်း ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း မရှိသေးသည့် အခြေအနေကို ညွှန်ပြပါသည်။
အဆင့် (၃) အူမကြီးကင်ဆာအတွက် ခွဲစိတ်ကုသခြင်းသည် အကြံပြုအများဆုံး ကုသမှုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ သို့သော်လည်း ခွဲစိတ်ပြီးနောက် ထပ်ဆောင်း ကီမိုဆေးသွင်း ကုသခြင်း (Adjuvant chemotherapy) ကို ပိုမို ဦးစားပေး အလေးထား လုပ်ဆောင်ပါသည်။ ပုံမှန်အားဖြင့် ဆရာဝန်သည် FOLFOX သို့မဟုတ် CapeOx ဟူသော ကီမိုဆေးသွင်း ကုသမှု နည်းလမ်းအစီအစဉ် တစ်ခုခုကို အကြံပြုမည်ဖြစ်ပါသည်။ လူနာ၏ ကျန်းမာရေး သို့မဟုတ် အသက်အရွယ် လိုအပ်ချက်များပေါ် မူတည်၍ 5-FU ဆေးအပေါ် အခြေခံသော ကုသမှုကိုလည်း ရရှိနိုင်ပါသည်။
ခွဲစိတ်စဉ်အတွင်း လုံးဝ ဥဿုံ မဖယ်ရှားနိုင်သော ကင်ဆာများအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) လည်း လိုအပ်နိုင်ပါသည်။ ထို့အပြင် နောက်ပိုင်းတွင် ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားနိုင်စေရန်အတွက် အကျိတ် အရွယ်အစား သေးငယ်သွားအောင် ပြုလုပ်ပေးနိုင်သော ကြိုတင်ကီမိုဆေးသွင်း ကုသခြင်း (Neoadjuvant chemotherapy) ကိုလည်း အသုံးပြုနိုင်ပါသည်။
ခွဲစိတ်မှု ခံယူရန် အထွေထွေ ကျန်းမာရေးအရ မသင့်တော်ဟု ယူဆရသော လူနာများအတွက်မူ ဓာတ်ရောင်ခြည် ကုသမှုနှင့် ကီမိုဆေးသွင်း ကုသမှု သီးသန့် ပြုလုပ်ခြင်းသည်လည်း ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။
အဆင့် (၄) အူမကြီးကင်ဆာ ကုသမှု
အဆင့် (၄) အူမကြီးကင်ဆာသည် ရောဂါရင့်သည့် အဆင့်ဖြစ်ပြီး ကင်ဆာဆဲလ်များသည် အူမကြီးနှင့် အနီးရှိ ပြန်ရည်ကျိတ်များထက် ကျော်လွန်၍ ဝေးကွာသော အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အသည်း၊ အဆုတ်၊ ဝမ်းဗိုက်အမြှေးပါး (Peritoneum) သို့မဟုတ် ဝေးကွာသော ပြန်ရည်ကျိတ်များဆီသို့ ပျံ့နှံ့သွားသည့် အခြေအနေဖြစ်ပါသည်။
အူမကြီးကင်ဆာ အဆင့် (၄) ကို စီမံကုသရာတွင် လူနာ၏ သက်တမ်းကို ရှည်ကြာစေရန်နှင့် နေထိုင်မှု ဘဝအရည်အသွေးကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ရန် ဦးတည်ထားသည့် တစ်ဦးချင်းစီအတွက် သီးသန့် ဘက်စုံဌာနပေါင်းစုံ ပူးပေါင်းကုသမှု (Multidisciplinary approach) လိုအပ်ပါသည်။
ကီမိုဆေးသွင်း ကုသမှု (Systemic chemotherapy) သည် အဆင့် (၄) အူမကြီးကင်ဆာ ကုသမှု၏ ပင်မအုတ်မြစ် ဖြစ်ပြီး၊ ၎င်းတွင် ပေါင်းစပ်ကီမိုဆေးများ (FOLFOX သို့မဟုတ် FOLFIRI ကဲ့သို့သော) နှင့်အတူ ပစ်မှတ်ထား ဇီဝဗေဒဆိုင်ရာ ဆေးဝါးများ (Targeted Therapy) (Anti-EGFR သို့မဟုတ် Anti-VEGF ကုထုံးများ) သို့မဟုတ် ကိုယ်ခံအားသုံးကုထုံး (Immunotherapy) (MSI-H/dMMR အကျိတ်များအတွက်) တို့ကို တွဲဖက် အသုံးပြုပါသည်။
ခွဲစိတ်ကုသမှုနှင့် ခွဲစိတ်၍ရနိုင်သော အခြေအနေသို့ ပြောင်းလဲပေးသည့် ကုထုံး (Conversion therapy) တို့ကိုမူ ပျံ့နှံ့မှု အနည်းငယ်သာ ရှိသော လူနာများ (ဥပမာ- ခွဲစိတ်၍ရနိုင်သော အသည်း သို့မဟုတ် အဆုတ်သို့ ကင်ဆာပျံ့နှံ့မှု) သို့မဟုတ် အူပိတ်ခြင်း၊ အူပေါက်ခြင်းကဲ့သို့သော ရုတ်တရက် နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ်လာသူများအတွက်သာ သီးသန့် ချန်လှပ်အသုံးပြုပါသည်။ ပျံ့နှံ့မှု အနည်းငယ်သာရှိသော ရောဂါအခြေအနေတွင် ခွဲစိတ်ဖြတ်ထုတ်ခြင်း သို့မဟုတ် သီးသန့်နေရာအလိုက် ဖျက်ဆီးကုသသည့် နည်းလမ်းများ (Localized ablative therapies) သည် ရေရှည် အသက်ရှင်သန်နိုင်မှု သို့မဟုတ် ရောဂါ အမြစ်ပြတ် ပျောက်ကင်းနိုင်ခြေကို ပေးစွမ်းနိုင်ပါသည်။
လူနာ၏ လုပ်ဆောင်နိုင်စွမ်း အခြေအနေနှင့် သက်တောင့်သက်သာ ရှိမှုကို ထိန်းသိမ်းထားနိုင်ရန်အတွက် ရောဂါ လက္ခဏာ သက်သာစေသည့် စီမံကုသမှုနှင့် ကူညီပံ့ပိုးမှုဆိုင်ရာ စောင့်ရှောက်မှုများ (Supportive care) ကို ကုသမှု ဖြစ်စဉ်တစ်လျှောက်လုံးတွင် ထည့်သွင်း ပေါင်းစပ်ပေးထားပါသည်။
ထိုင်းနိုင်ငံတွင် မည်သည့် အူမကြီးကင်ဆာ ကုသမှုကိုမဆို ခံယူရန်အတွက် ဘန်ကောက်မြို့ရှိ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး သည် သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါသည်။ သင့်အတွက် အကောင်းဆုံးသော ရွေးချယ်မှုများကို ဆွေးနွေးရန်နှင့် အူမကြီးကင်ဆာကို တိုက်ထုတ်ရာတွင် လိုအပ်သော အကူအညီများကို ရယူနိုင်ရန်အတွက် ကျွန်ုပ်တို့၏ အူမကြီးကင်ဆာ ကုသမှုဆိုင်ရာ အထူးကုဆရာဝန်များနှင့် ရက်ချိန်းယူနိုင်ပါသည်။
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ ( FAQ)
အူမကြီးကင်ဆာကို ခွဲစိတ်မှု မလုပ်ဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါသလား။
ခွဲစိတ်မှုသည် သီးသန့်နေရာတစ်ခုတည်း၌ ဖြစ်ပွားနေသော အူမကြီးကင်ဆာ အများစုအတွက် အဓိက ကုသမှုနည်းလမ်း ဖြစ်နေဆဲဖြစ်သည်၊ အကြောင်းမှာ ယင်းသည် အကျိတ်နှင့် အနီးအနားရှိ ပြန်ရည်ကျိတ်များကို ဖယ်ရှားပေးသောကြောင့် ဖြစ်သည်။ ခွဲစိတ်မှု မပြုလုပ်ဘဲ ကုသခြင်းကို ခွဲစိတ်ရန် မဖြစ်နိုင်သော အခြေအနေများ သို့မဟုတ် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည့် အခြေအနေများတွင် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ဤသို့သော အခြေအနေများတွင် ကီမိုဆေးသွင်း ကုသခြင်း၊ ပစ်မှတ်ထား ကုထုံး (Targeted therapy) သို့မဟုတ် ကိုယ်ခံအားသုံးကုထုံး (Immunotherapy) တို့သည် ရောဂါကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်ပါသည်။ ကုသမှု အစီအစဉ်သည် ကင်ဆာအဆင့်၊ ဖြစ်ပွားသည့်နေရာနှင့် လူနာ၏ အထွေထွေ ကျန်းမာရေးအခြေအနေပေါ် မူတည်ပါသည်။
အူမကြီးကင်ဆာကို ကုသရန် ကီမိုဆေးသွင်း ကုသမှုကို အသုံးပြုပါသလား။
ကီမိုဆေးသွင်း ကုသမှုကို အူမကြီးကင်ဆာ ကုသရာတွင် အထူးသဖြင့် ကင်ဆာသည် အနီးအနားရှိ ပြန်ရည်ကျိတ်များ သို့မဟုတ် အခြားအင်္ဂါများသို့ ပျံ့နှံ့သွားချိန်၌ အများအားဖြင့် အသုံးပြုကြသည်။ ရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် ခွဲစိတ်ပြီးနောက် ပေးနိုင်သည်။ သို့မဟုတ် ရောဂါရင့်သည့် အခြေအနေအတွက် အဓိက ကုသမှုအဖြစ် အသုံးပြုနိုင်သည်။ ကီမိုဆေး အမျိုးအစား ရွေးချယ်မှုသည် ကင်ဆာအဆင့်၊ အကျိတ်၏ လက္ခဏာရပ်များ၊ ယခင် ခံယူခဲ့ဖူးသော ကုသမှုနှင့် လူနာ၏ အထွေထွေ အခြေအနေပေါ် မူတည်ပါသည်။
အူမကြီးကင်ဆာ ကုသမှုသည် အဆင့်ပေါ်မူတည်၍ မည်သို့ ကွဲပြားသနည်း။
အူမကြီးကင်ဆာ ကုသမှုသည် ကင်ဆာ မည်မျှအထိ ပျံ့နှံ့သွားသည် ဆိုသည့်အချက်ပေါ် မူတည်၍ ကွဲပြားပါသည်။ စောစီးစွာ တွေ့ရှိရသော ရောဂါအဆင့်ကို ခွဲစိတ်မှု တစ်ခုတည်းဖြင့် ကုသလေ့ရှိပြီး အဆင့် (၂) သို့မဟုတ် အဆင့် (၃) ကင်ဆာရှိသူ လူနာအချို့သည် ကီမိုဆေးသွင်း ကုသမှုကိုလည်း ခံယူနိုင်ပါသည်။ အဆင့် (၄) အူမကြီးကင်ဆာသည် ပုံမှန်အားဖြင့် ကီမိုဆေးသွင်း ကုသခြင်း၊ ပစ်မှတ်ထား ကုသခြင်း သို့မဟုတ် ကိုယ်ခံအားမြှင့် ကုထုံးကဲ့သို့သော တစ်ခန္ဓာကိုယ်လုံးဆိုင်ရာ ကုသမှုကို လိုအပ်ပါသည်။ သို့သော်လည်း အထူးသဖြင့် ပျံ့နှံ့သွားသော အကျိတ်များကို ဖယ်ရှားနိုင်သည့် သီးသန့် ရွေးချယ်ထားသော လူနာများတွင် ခွဲစိတ်မှု သို့မဟုတ် အခြားသော သီးသန့်နေရာအလိုက် ကုသမှုများကို ထည့်သွင်းစဉ်းစားနိုင်ပါသေးသည်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –
ကင်ဆာရောဂါ အထူးကုဌာန ၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000 လိုင်းခွဲ 2720, 2721 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. AISSARAPONG SIRICHAVAROJ
Internal Medicine
Oncology
Readers’ Rating
0.0 out of 5 stars (based on 0 reviews)