ပေါင်ရိုးခေါင်းပုပ်ခြင်း (Avascular Necrosis of Hip) – ပေါင်ရိုးခေါင်းသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသောအခါ

ကျန်းမာရေးဆိုင်ရာ စာစောင်များ
ပေါင်ရိုးခေါင်းပုပ်ခြင်း

Table of Contents

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) သည် တင်ပါးဆစ်အရိုး၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသောအခါ ဖြစ်ပေါ်သည့် အခြေအနေ ဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်သွားသော အရိုးသည် အားနည်းလာပြီး ပျက်စီးယိုယွင်းလာနိုင်ပါသည်။

AVN သည် ပုံမှန်အားဖြင့် တင်ပါးဆုံအဆစ်ကို ဖွဲ့စည်းထားသော ပေါင်ရိုး၏ အပေါ်ဘက် ထိပ်လုံးအပိုင်း (Femoral head) ၌ အဖြစ်များပါသည်။ ဤရောဂါအခြေအနေကို Osteonecrosis of the hip ဟုလည်း ခေါ်ဆိုပါသည်။

ရောဂါစတင်ဖြစ်ပွားချိန် အစောပိုင်းတွင် အချို့သော ဝေဒနာရှင်များ၌ မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာပါက တင်ပါးဆစ်၊ ဆီးစပ် သို့မဟုတ် ပေါင်အပေါ်ပိုင်းတို့တွင် နာကျင်မှုကို ခံစားရနိုင်ပါသည်။ အဆိုပါ နာကျင်မှုသည် ထိခိုက်ထားသော ခြေထောက်ပေါ်သို့ အားပြု၍ လမ်းလျှောက်သည့်အခါ သို့မဟုတ် ရပ်သည့်အခါတွင် စတင်ဖြစ်ပေါ်တတ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုသည် ပိုမိုပြင်းထန်လာပြီး လမ်းလျှောက်ခြင်း သို့မဟုတ် လှေကားတက်ခြင်းကဲ့သို့သော နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုခက်ခဲစေပါသည်။

ကုသမှု မခံယူပါက ဆက်လက်ထိခိုက် ပျက်စီးမှုများကြောင့် ပေါင်ရိုးခေါင်းကို အားနည်းသွားစေပြီး အရိုးပုံစံ ပြောင်းလဲသွားနိုင်ပါသည်။ ဤသည်မှာ တင်ပါးဆစ်၏ မျက်နှာပြင်ကို ထိခိုက်စေနိုင်ပြီး နောက်ဆုံးတွင် အဆစ်ရောင် ရောဂါ (Arthritis) သို့ ဦးတည်သွားစေနိုင်ပါသည်။

ကုသမှု နည်းလမ်းများသည် AVN ရောဂါဖြစ်ပွားသည့် အဆင့်ပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ တင်ပါးဆစ်အတွင်း ကြီးမားသော ပြောင်းလဲမှုများ မဖြစ်ပေါ်မီ AVN ရောဂါကို စောစီးစွာ ခွဲခြားသိရှိခြင်းသည် ရောဂါအခြေအနေကို ထိန်းချုပ်ကုသရန်အတွက် နည်းလမ်း ပိုမို ရရှိစေနိုင်ပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) ဆိုသည်မှာ အဘယ်နည်း။

တင်ပါးဆစ်သည် စွပ်ခွက်နှင့် အလုံးပုံစံဆက်ထားသော အဆစ် (Ball-and-socket joint) ဖြစ်ပါသည်။ ပေါင်ရိုး၏ အပေါ်ဘက် ထိပ်လုံးအပိုင်း (Femoral head) သည် ပေါင်ရိုး၏ ထိပ်ပိုင်းတွင် အလုံးပုံစံ ဖွဲ့စည်းထားပြီး တင်ပဆုံရိုး၏ စွပ်ခွက်အတွင်းသို့ ကွက်တိ ဝင်ဆံ့နေပါသည်။

အရိုးသည် သက်ရှိတစ်ရှူး ဖြစ်သည့်အတွက် ကျန်းမာစွာ တည်ရှိနေစေရန် ပုံမှန် သွေးထောက်ပံ့မှု လိုအပ်ပါသည်။ ပေါင်ရိုးခေါင်းပုပ်ခြင်း အခြေအနေတွင် ပေါင်ရိုးခေါင်း၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု လျော့နည်းသွားခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်း ဖြစ်ပေါ်ပါသည်။ ထိခိုက်ခံရသော အရိုးသည် တဖြည်းဖြည်း မာကြောခိုင်မာမှု လျော့နည်းလာပြီး ပျက်စီးယိုယွင်းလာနိုင်ပါသည်။

ဤပြောင်းလဲမှုများသည် ချက်ချင်း လက္ခဏာ မပြတတ်ပါ။ အချို့သော ဝေဒနာရှင်များတွင် ပြင်းထန်သော နာကျင်မှု မဖြစ်ပေါ်မီ ဆရာဝန်များက ဤရောဂါအခြေအနေကို စောစီးစွာ စမ်းသပ်တွေ့ရှိတတ်ကြပါသည်။ အချို့တွင်မူ တင်ပါးဆစ် သို့မဟုတ် ဆီးစပ်နေရာတို့၌ နာကျင်ခြင်းသည် ပထမဆုံး သိသာထင်ရှားသည့် ရောဂါလက္ခဏာ ဖြစ်ပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း ၏ ရောဂါလက္ခဏာများ

AVN ကြောင့်ဖြစ်သော နာကျင်မှုကို တင်ပါးဆစ် သို့မဟုတ် ဆီးစပ်ဝန်းကျင်တွင် အများအားဖြင့် ခံစားရတတ်ပါသည်။ အဆိုပါ နာကျင်မှုသည် ပေါင် သို့မဟုတ် တင်ပါးဘက်သို့လည်း ပျံ့နှံ့သွားနိုင်ပါသည်။ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိခိုက်ထားသော ခြေထောက်ပေါ်သို့ အားပြုခြင်းတို့ ပြုလုပ်သည့်အခါ နာကျင်မှု ပိုမိုဆိုးရွားလာလေ့ ရှိပါသည်။

ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ နာကျင်မှုသည် ပိုမိုမကြာခဏ ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် အနားယူနေချိန်၌ပင် နာကျင်မှုကို ခံစားရနိုင်ပါသည်။ တင်ပါးဆစ်သည်လည်း တင်းတောင့်လာခြင်း သို့မဟုတ် လှုပ်ရှားရ ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုခက်ခဲစေပါသည်။

AVN ၏ အဖြစ်များသော ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • တင်ပါးဆစ် သို့မဟုတ် ဆီးစပ်နေရာ၌ နာကျင်ခြင်း
  • လမ်းလျှောက်သည့်အခါ သို့မဟုတ် ကိုယ်အလေးချိန် သက်ရောက်သည့်အခါ တင်ပါးဆစ် နာကျင်ခြင်း
  • နာကျင်မှုသည် ပေါင် သို့မဟုတ် တင်ပါးသို့ ပျံ့နှံ့သွားနိုင်ခြင်း
  • တင်ပါးဆစ် တင်းတောင့်ခြင်း သို့မဟုတ် လှုပ်ရှားနိုင်စွမ်း ကန့်သတ်ခံရခြင်း
  • လမ်းလျှောက်ရ ခက်ခဲခြင်း သို့မဟုတ် သိသာစွာ ထော့နဲ့လာခြင်း
  • ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ အနားယူနေချိန်၌ပင် နာကျင်ခြင်း

ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး ဖြစ်ပေါ်ပုံခြင်း တူညီချင်မှ တူညီပါမည်။ ရောဂါအဆင့် မြင့်တက်လာသည်နှင့်အမျှ လမ်းလျှောက်သည့်အခါ နာကျင်ခြင်း သို့မဟုတ် တင်ပါးဆစ် လှုပ်ရှားမှု ခက်ခဲခြင်းတို့သည် ပိုမိုသိသာထင်ရှား လာနိုင်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ဖြစ်နိုင်ခြေ ပိုများစေသော အချက်များ

ပေါင်ရိုးခေါင်းသို့ သွေးထောက်ပံ့မှု လျော့နည်းသွားခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းတို့ကြောင့် ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ တင်ပါးဆစ် ဝန်းကျင်ရှိ သွေးကြောများကို ထိခိုက်စေသည့် ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် ဤသို့ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်လည်း အများစုသော ဖြစ်စဉ်များတွင် AVN သည် တိုက်ရိုက် ထိခိုက်ဒဏ်ရာရခြင်းထက် အခြားသော အချက်များနှင့် ပတ်သက် ဆက်နွှယ်နေလေ့ ရှိပါသည်။

ဖြစ်နိုင်ခြေ ပိုများစေသော အဖြစ်များသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • တင်ပါးဆစ် ထိခိုက်ဒဏ်ရာရခြင်း – အရိုးကျိုးခြင်း သို့မဟုတ် အဆစ်ပြုတ်ခြင်းတို့သည် ပေါင်ရိုးခေါင်းသို့ သွေးပို့ဆောင်ပေးသော သွေးကြောများကို ထိခိုက် ပျက်စီးစေနိုင်ပါသည်။
  • ကော်တီကိုစတီရွိုက် (Corticosteroid) ဆေးဝါးများ သုံးစွဲခြင်း – ကော်တီကိုစတီရွိုက် ဆေးဝါးများကို ရေရှည် သုံးစွဲခြင်း သို့မဟုတ် ပမာဏအမြောက်အမြား သုံးစွဲခြင်းတို့သည် AVN ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။
  • အရက် အလွန်အကျွံ သောက်သုံးခြင်း – အရက်ကို အချိန်ကြာမြင့်စွာ အမြောက်အမြား သောက်သုံးခြင်းသည် AVN ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနှင့် ဆက်စပ်နေပါသည်။
  • အချို့သော ရောဂါအခြေအနေများ – သွေးရောဂါများနှင့် အချို့သော ခုခံအားစနစ် မူမမှန်သည့် ရောဂါများ (Autoimmune diseases) သည် အရိုးသို့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်ပါသည်။
  • အချို့သော ကုသမှုများ – ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် အရိုးကျန်းမာရေးကို ထိခိုက်စေသည့် အချို့သော ကုသမှုများသည်လည်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

AVN သည် တိကျသော အကြောင်းရင်း မရှိသော်လည်း ဖြစ်ပွားနိုင်ပါသည်။ ထင်ရှားသော အကြောင်းရင်း သို့မဟုတ် ဖြစ်နိုင်ခြေ အချက်အလက်များ ရှာမတွေ့ပါက ၎င်းကို Idiopathic avascular necrosis ဟု ခေါ်ဆိုပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း ကို ရောဂါအမည်တပ် စမ်းသပ်စစ်ဆေးခြင်း

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) ကို ရောဂါအမည်တပ် စမ်းသပ်ခြင်းသည် တင်ပါးဆစ် နာကျင်မှု ပုံစံကို နားလည်ခြင်းနှင့် ဤရောဂါအခြေအနေနှင့် ဆက်စပ်နေသော အချက်များကို ရှာဖွေခြင်းဖြင့် စတင်ပါသည်။ စစ်ဆေးအကဲဖြတ်မှုတွင် ပုံမှန်အားဖြင့် သင်ခံစားရသော ရောဂါလက္ခဏာများ၊ ယခင် တင်ပါးဆစ် ထိခိုက်ဒဏ်ရာ ရဖူးခြင်း ရှိမရှိ၊ လက်ရှိ သုံးစွဲနေသော ဆေးဝါးများနှင့် ပုံမှန် ကျန်းမာရေး အခြေအနေတို့ကို မေးမြန်းဆွေးနွေးခြင်းတို့ ပါဝင်ပါသည်။ စမ်းသပ်စစ်ဆေးစဉ်အတွင်း ဆရာဝန်သည် တင်းတောင့်မှု၊ မသက်မသာဖြစ်မှု သို့မဟုတ် လှုပ်ရှားနိုင်စွမ်း ကန့်သတ်ခံရမှုများ ရှိမရှိ ကြည့်ရှုရန် တင်ပါးဆစ်ကို ဖြည်းညင်းစွာ လှုပ်ရှားကြည့်မည် ဖြစ်ပါသည်။

ရောဂါလက္ခဏာများ ပြင်းထန်မလာမီ အရိုးအတွင်းပိုင်း ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်နိုင်သည့်အတွက် ပုံရိပ်ဖော် စမ်းသပ်မှုများသည် အရေးပါပါသည်။

  • ဓာတ်မှန်ရိုက်ခြင်း (X-ray) – ဤစမ်းသပ်မှုသည် တင်ပါးဆစ် အဆစ်ကို ဆရာဝန်အား ရှင်းလင်းစွာ မြင်တွေ့စေနိုင်ပြီး အရိုးပြိုကျခြင်း သို့မဟုတ် အဆစ် ပျက်စီးခြင်းဆိုင်ရာ လက္ခဏာများ အပါအဝင် ပေါင်ရိုးခေါင်းအတွင်း ပြောင်းလဲမှုများကို ဖော်ပြပေးနိုင်ပါသည်။ AVN စတင်ဖြစ်ပွားသည့် အစောပိုင်းအဆင့်များတွင် ဓာတ်မှန်၌ အမြဲတမ်း ပေါ်ချင်မှ ပေါ်ပါမည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – MRI ဓာတ်မှန်သည် အရိုးအတွင်းပိုင်းကို ပိုမိုနီးကပ်စွာ ကြည့်ရှုနိုင်စေပြီး ဓာတ်မှန် (X-ray) ၌ မပေါ်နိုင်သေးသည့် အစောပိုင်း ပြောင်းလဲမှုများကို ထောက်လှမ်းသိရှိနိုင်ပါသည်။ ထို့ပြင် ထိခိုက်ခံရသည့် ဧရိယာ၏ တည်နေရာနှင့် မည်မျှအထိ ပြန့်နှံ့နေသည်ကို ပြသရန်လည်း ကူညီပေးနိုင်ပါသည်။

ပုံရိပ်ဖော် စမ်းသပ်မှု ရလဒ်များသည် AVN မည်မျှအထိ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် ပေါင်ရိုးခေါင်းသည် ၎င်း၏ ပုံမှန်ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ဆဲ ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် ကူညီပေးပါသည်။ အရိုးစတင် ပုံမပျက်မီနှင့် ပုံပျက်ပြီးနောက် ကုသမှု နည်းလမ်းများ ကွဲပြားခြားနားနိုင်သည့်အတွက် ဤသို့ ခွဲခြားသတ်မှတ်မှုသည် အရေးကြီးပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း ၏ အဆင့်များ

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) သည် အရိုးအတွင်းပိုင်း အစောပိုင်း ပြောင်းလဲမှုများမှ တင်ပါးဆစ်၏ ပိုမိုဆိုးရွားသော ထိခိုက်ပျက်စီးမှုများအထိ တဖြည်းဖြည်း တိုးတက်ဖြစ်ပွားနိုင်ပါသည်။ ရောဂါအဆင့်ကို ပုံရိပ်ဖော် စမ်းသပ်မှု ရလဒ်များနှင့် ပေါင်ရိုးခေါင်း၏ အခြေအနေပေါ် မူတည်၍ သတ်မှတ်ပါသည်။

အစောပိုင်း အဆင့်များတွင် အရိုးအတွင်းပိုင်း၌ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်နေနိုင်သော်လည်း ပေါင်ရိုးခေါင်းသည် ၎င်း၏ ပုံမှန်ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါသည်။ အဆိုပါ အစောပိုင်း ပြောင်းလဲမှုများကို ပုံမှန် ဓာတ်မှန် (X-ray) ထက် သံလိုက်ဓာတ်မှန် (MRI) ဖြင့် ပိုမိုလွယ်ကူစွာ စမ်းသပ်တွေ့ရှိနိုင်ပါသည်။

AVN ရောဂါ တိုးတက်ဖြစ်ပွားလာသည်နှင့်အမျှ ထိခိုက်ခံရသော အရိုးသည် ပိုမိုအားနည်းလာပါသည်။ အဆစ်မျက်နှာပြင် အောက်ဘက်တွင် သေးငယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပြီး ပေါင်ရိုးခေါင်းသည် ၎င်း၏ အလုံးပုံစံ ပုံသဏ္ဍန် စတင် ပျောက်ကွယ်လာနိုင်ပါသည်။

ရောဂါအဆင့်မြင့် လာသောအခါ ပေါင်ရိုးခေါင်း၏ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးသွားနိုင်ပါသည်။ ဤသို့ ဖြစ်ပေါ်သွားပါက တင်ပါးဆစ်၏ ချောမွေ့သော မျက်နှာပြင်သည် ညီညာမှု မရှိတော့ဘဲ အဆစ်သည် တဖြည်းဖြည်း အဆစ်ရောင်ရောဂါ (Arthritis) သို့ ပြောင်းလဲသွားနိုင်ပါသည်။

AVN ရောဂါအဆင့်သည် ကုသမှုအစီအစဉ် ရေးဆွဲရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ သဘာဝ တင်ပါးဆစ်ကို ထိန်းသိမ်းရန် ဦးတည်သော ကုသမှုများကို အရိုး ပုံသဏ္ဍန် ပြိုကျမပျက်စီးသွားမီ အချိန်များတွင် အများအားဖြင့် ထည့်သွင်းစဉ်းစားလေ့ရှိပြီး ပိုမိုဆိုးရွားသော အဆစ် ပျက်စီးမှုများအတွက်မူ မတူညီသော ကုသမှု နည်းလမ်းတစ်ခု လိုအပ်နိုင်ပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း ကို ကုသသည့် နည်းလမ်းများ

ကုသမှု နည်းလမ်းများသည် AVN ရောဂါအဆင့်၊ ထိခိုက်မှုရှိသော အရိုးပမာဏ၊ ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် ပေါင်ရိုးခေါင်း စတင်ပြိုကျမှု ရှိမရှိတို့ပေါ် မူတည်ပါသည်။ ကုသမှု အစီအစဉ် ရေးဆွဲရာတွင် ဆရာဝန်များသည် အသက်အရွယ်၊ ပုံမှန် ကျန်းမာရေး အခြေအနေနှင့် တင်ပါးဆစ်၏ အခြေအနေတို့ကိုလည်း ထည့်သွင်းစဉ်းစားကြပါသည်။

အစောပိုင်း အဆင့်များတွင် ကုသခြင်း

ပေါင်ရိုးခေါင်း ပြိုကျမှု မရှိသေးသည့်အချိန်တွင် ကုသမှုသည် ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် ထိခိုက်ထားသော တင်ပါးဆစ်ပေါ်သို့ သက်ရောက်သည့် ဝန်ကို လျှော့ချရန် အဓိကထားဆောင်ရွက်နိုင်ပါသည်။ ဝေဒနာရှင် တစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်၍ အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • ဆေးဝါးဖြင့် ကုသခြင်း – မသက်မသာဖြစ်မှုများကို ထိန်းချုပ်နိုင်ရန် အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် အရောင်ကျဆေးများကို အသုံးပြုနိုင်ပါသည်။
  • တင်ပါးဆစ်ပေါ် သက်ရောက်သည့် ဝန်ကို လျှော့ချခြင်း – နာကျင်မှုကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်ရန် ပြေးခြင်း၊ ခုန်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်းကဲ့သို့သော တင်ပါးဆစ်ပေါ် ထပ်ခါတလဲလဲ ဖိအားသက်ရောက်စေသည့် လှုပ်ရှားမှုများကို ကန့်သတ်ရန် လိုအပ်နိုင်ပါသည်။
  • လမ်းလျှောက် အထောက်အကူပြု ပစ္စည်းများ အသုံးပြုခြင်း – ထိခိုက်ထားသော တင်ပါးဆစ်ပေါ်သို့ ကိုယ်အလေးချိန် သက်ရောက်မှုကို လျှော့ချရန်အတွက် ဂျိုင်းထောက်များ သို့မဟုတ် အခြားသော လမ်းလျှောက် အထောက်အကူပြု ပစ္စည်းများကို အချိန်ကာလတစ်ခုအထိ အသုံးပြုရန် အကြံပြုနိုင်ပါသည်။
  • ကာယကုထုံး (Physical Therapy) – လေ့ကျင့်ခန်းများသည် တင်ပါးဆစ် လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းပေးနိုင်ပြီး အဆစ်ဝန်းကျင်ရှိ ကြွက်သားများကို အထောက်အကူ ပြုစေနိုင်ပါသည်။

အချို့သော ဝေဒနာရှင်များအတွက် အရိုးပြိုကျမှု မဖြစ်ပွားမီ ပေါင်ရိုးခေါင်းကို ထိန်းသိမ်းရန် ခွဲစိတ်ကုသမှုကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။ နည်းလမ်းတစ်ခုမှာ အရိုးအတွင်း ဖိအားလျှော့ချခြင်း (Core decompression) ဖြစ်ပြီး၊ ပေါင်ရိုးခေါင်းအတွင်းရှိ ဖိအားများကို လျှော့ချရန်နှင့် သွေးစီးဆင်းမှုကို ထောက်ပံ့ပေးရန် ထိခိုက်နေသော ဧရိယာမှ အရိုးပမာဏ အနည်းငယ်ကို ဖယ်ရှားပေးသည့် ခွဲစိတ်ကုသမှု ဖြစ်ပါသည်။ စိစစ်ရွေးချယ်ထားသော ဖြစ်စဉ်အချို့တွင် အရိုးပျက်စီးမှု ပမာဏပေါ် မူတည်၍ အခြားသော ခွဲစိတ်ကုသမှု နည်းလမ်းများကိုပါ Core decompression နှင့်အတူ ပူးတွဲ အသုံးပြုနိုင်ပါသည်။

အဆင့်မြင့် AVN ရောဂါအတွက် ကုသခြင်း

ပေါင်ရိုးခေါင်း ပျက်စီးသွားသည့်အခါ သို့မဟုတ် တင်ပါးဆစ်၌ ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အခါ သဘာဝ အဆစ်ကို ထိန်းသိမ်းပေးသည့် နည်းလမ်းများသည် သင့်လျော်မှု မရှိတော့ပါ။

နာကျင်မှုနှင့် အဆစ်ပျက်စီးမှုတို့သည် လမ်းလျှောက်ခြင်း၊ လှုပ်ရှားသွားလာခြင်း သို့မဟုတ် နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို သိသာစွာ ထိခိုက်လာပါက တင်ပါးဆုံရိုး အစားထိုး ခွဲစိတ်ကုသခြင်း (Total hip replacement) ကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ဤခွဲစိတ်ကုသမှု ပြုလုပ်စဉ်အတွင်း ခွဲစိတ်ဆရာဝန်များသည် ပျက်စီးနေသော အဆစ်မျက်နှာပြင်များကို ဖယ်ရှားပြီး တင်ပါးဆစ်ကို ပိုမိုသက်တောင့်သက်သာ လှုပ်ရှားနိုင်စေသည့် အစားထိုး အဆစ်တု (Implants) များနှင့် လဲလှယ်ပေးပါသည်။

ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များသည် ရောဂါလက္ခဏာများ တစ်ခုတည်းပေါ်၌သာ အခြေခံသည် မဟုတ်ပါ။ ပုံရိပ်ဖော် စမ်းသပ်မှု ရလဒ်များနှင့် ပေါင်ရိုးခေါင်း၏ အခြေအနေတို့သည် သဘာဝ တင်ပါးဆစ်ကို ထိန်းသိမ်းရန် ဖြစ်နိုင်သေးသလား သို့မဟုတ် အဆစ်တု လဲလှယ်ခြင်းက ပိုမိုသင့်လျော်ပါသလား ဆိုသည်ကို အရိုးအထူးကု ဆရာဝန်က ဆုံးဖြတ်ရာတွင် ကူညီပေးပါသည်။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး၏ အထူးပြု တင်ပါးဆစ် ကုသမှု ဆိုင်ရာ ဝန်ဆောင်မှုများ

ထိုင်းနိုင်ငံ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးရှိ ဒူးခေါင်းနှင့် တင်ပါးဆုံရိုး အထူးကုဌာန (Hip and Knee Center) သည် တင်ပါးဆစ် ပြန်လည်ပြုပြင်ခြင်း ခွဲစိတ်မှု (Total joint reconstruction) နှင့် တင်ပါးဆစ် အဆစ်တု လဲလှယ်ခြင်း ခွဲစိတ်မှု (Hip arthroplasty) တို့တွင် အတွေ့အကြုံရင့်ကျက်သော အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီးများနှင့်အတူ တင်ပါးဆစ် ရောဂါအခြေအနေများအတွက် အထူးပြု စောင့်ရှောက်ကုသမှုများကို ပေးအပ်လျက်ရှိပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) သည် တင်ပါးဆစ်ကို ထိခိုက်စေသည့်အခါ ရောဂါလက္ခဏာများ၊ ပုံရိပ်ဖော် စမ်းသပ်မှု ရလဒ်များနှင့် အရိုးပျက်စီးမှု အဆင့်တို့ပေါ် အခြေခံ၍ ကုသမှု အစီအစဉ်ကို ရေးဆွဲပါသည်။ ပေါင်ရိုးခေါင်းကို ထိန်းသိမ်းထားနိုင်သေးသည့် အခြေအနေများတွင် သဘာဝ အဆစ်ကို ထိန်းသိမ်းပေးသည့် ကုသမှုများကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။ AVN ရောဂါ အဆင့်မြင့်လာပြီး အဆစ်ကို ဆိုးရွားစွာ ပျက်စီးစေသည့် အခြေအနေ ဖြစ်ပေါ်ပါက ဒဏ်ရာသေး ခွဲစိတ်ကုသမှု နည်းလမ်းများ (Minimally invasive approaches) ပါဝင်သည့် တင်ပါးဆစ် အဆစ်တု လဲလှယ်ခြင်းကို ကုသမှု နည်းလမ်းတစ်ခုအဖြစ် ရွေးချယ်နိုင်ပါသည်။

နာကျင်မှုကို လျှော့ချရန်၊ တင်ပါးဆစ်၏ လုပ်ဆောင်ရည်ကို တိုးတက်ကောင်းမွန်စေရန်နှင့် ဝေဒနာရှင်များ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ကုသမှုမှသည် ပြန်လည်သန်စွမ်းရေး ကာလအထိ စောင့်ရှောက်ကုသမှုများကို အစဉ်မပြတ် ပေးအပ်လျက်ရှိပါသည်။

AVN ရောဂါသည် ပေါင်ရိုးခေါင်း ပြိုကျပျက်စီးခြင်း သို့မဟုတ် တင်ပါးဆစ် ထိခိုက်ပျက်စီးခြင်းအထိ တိုးတက်ဖြစ်ပွားနိုင်ခြင်း

သင့်တော်သော ကုသမှုကို ခံယူခြင်း မရှိပါက ထိခိုက်ထားသော အရိုးသည် ဆက်လက် အားနည်းလာနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ပေါင်ရိုးခေါင်းသည် ၎င်း၏ အလုံးပုံစံ ပုံသဏ္ဌာန် ပျောက်ကွယ်သွားနိုင်ပြီး နောက်ဆုံးတွင် ပြိုကျပျက်စီးသွားကာ တင်ပါးဆစ်၏ မျက်နှာပြင်ကို မညီမညာ ဖြစ်သွားစေပါသည်။

အဆစ် ပိုမို ပျက်စီးလာသည်နှင့်အမျှ နာကျင်မှုနှင့် တင်းတောင့်မှုတို့သည် ပိုမိုတိုးတက်လာနိုင်ပြီး လမ်းလျှောက်ခြင်း သို့မဟုတ် တင်ပါးဆစ်ကို လှုပ်ရှားခြင်းတို့သည် ပိုမိုခက်ခဲလာနိုင်ပါသည်။ အဆစ်မျက်နှာပြင် ပျက်စီးသွားခြင်းသည် နောက်ဆက်တွဲ အဆစ်ရောင် ရောဂါ (Secondary osteoarthritis) ဖြစ်ပေါ်ခြင်းသို့လည်း ဦးတည်သွားစေနိုင်ပါသည်။

ပေါင်ရိုးခေါင်း ပြိုကျပျက်စီးသွားပြီးပါက သဘာဝ တင်ပါးဆစ်ကို ထိန်းသိမ်းရန် ဦးတည်သော ကုသမှု နည်းလမ်းများသည် သင့်လျော်မှု နည်းပါးသွားနိုင်ပါသည်။ ထို့ကြောင့် ကုသမှု နည်းလမ်းများကို ထည့်သွင်းစဉ်းစားသည့်အခါ ကြီးမားသော အဆစ် ပျက်စီးမှုများ မဖြစ်ပေါ်မီ ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) ကို စောစီးစွာ ခွဲခြားသိရှိခြင်းသည် အရေးပါနိုင်ခြင်း ဖြစ်ပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) နှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသော မေးခွန်းများ

ပေါင်ရိုးခေါင်းပုပ်ခြင်း (AVN) သည် အလိုအလျောက် ပြန်လည် ပျောက်ကင်းနိုင်ပါသလား။

အရိုး ပျက်စီးသွားပြီးနောက်ပိုင်းတွင် AVN ရောဂါသည် အများအားဖြင့် အလိုအလျောက် ပြန်လည် ပျောက်ကင်းလေ့ မရှိပါ။ ရောဂါ အခြေအနေ တိုးတက်ဖြစ်ပွားမှုသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည့်အတွက် AVN ရောဂါအဆင့်နှင့် သင့်လျော်သော ကုသမှု နည်းလမ်းများကို ဆုံးဖြတ်နိုင်ရန် တိကျသော ရောဂါအမည်တပ် စမ်းသပ်မှုသည် အရေးကြီးပါသည်။

AVN ရောဂါဖြစ်လျှင် အမြဲတမ်း တင်ပါးဆစ် အဆစ်တု လဲလှယ်ရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ AVN ရောဂါဖြစ်ပွားသော ဝေဒနာရှင် တိုင်းအတွက် တင်ပါးဆစ် အဆစ်တု လဲလှယ်ခြင်းသည် မဖြစ်မနေ လိုအပ်သည်မဟုတ်ပါ။ ပေါင်ရိုးခေါင်း မပျက်စီးမီ အချိန်တွင် ရောဂါကို တွေ့ရှိပါက သဘာဝ တင်ပါးဆစ်ကို ထိန်းသိမ်းရန် ဦးတည်သော ကုသမှုများကို ဆရာဝန်များက ထည့်သွင်းစဉ်းစားနိုင်ပါသည်။ အရိုး ပြင်းထန်စွာ ပျက်စီးခြင်း သို့မဟုတ် အဆစ် ပျက်စီးခြင်းတို့ ဖြစ်ပေါ်သည့်အခါမှသာ တင်ပါးဆစ် အဆစ်တု လဲလှယ်ခြင်းကို အများအားဖြင့် ထည့်သွင်းစဉ်းစားလေ့ ရှိပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်းသည် တင်ပါးဆစ် နှစ်ဖက်လုံးကို ထိခိုက်နိုင်ပါသလား။

ထိခိုက်နိုင်ပါသည်။ AVN သည် တင်ပါးဆစ် တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကို ထိခိုက်နိုင်ပါသည်။ တစ်ဖက်တည်းတွင်သာ ရောဂါလက္ခဏာများ ပြသနေသည့် အချိန်၌ပင် ပုံရိပ်ဖော် စမ်းသပ်မှုများ ပြုလုပ်ပါက အခြား တင်ပါးဆစ်တစ်ဖက်၌ ပြောင်းလဲမှုများကို ကောင်းစွာ စမ်းသပ်တွေ့ရှိနိုင်ပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်း ဖြစ်နေစဉ် လမ်းလျှောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ပါသလား။

ဤသည်မှာ AVN ရောဂါအဆင့်နှင့် တင်ပါးဆစ်၏ အခြေအနေပေါ် မူတည်ပါသည်။ ပြေးခြင်းနှင့် ခုန်ခြင်းတို့ အပါအဝင် တင်ပါးဆစ်ပေါ် သက်ရောက်မှု ထပ်ခါတလဲလဲ ဖြစ်ပေါ်စေသည့် လှုပ်ရှားမှုများကို လျှော့ချရန် လိုအပ်နိုင်ပါသည်။ မည်သည့် လှုပ်ရှားမှုများ ပြုလုပ်ရန် သင့်လျော်သည်နှင့် ထိခိုက်ထားသော တင်ပါးဆစ်ပေါ်သို့ မည်မျှအထိ ကိုယ်အလေးချိန် စိတ်ချစွာ သက်ရောက်နိုင်သည်ကို ဆရာဝန် သို့မဟုတ် ကာယကုသမှု ဆရာဝန်က အကြံပြုပေးနိုင်ပါသည်။

ပေါင်ရိုးခေါင်းပုပ်ခြင်းသည် မည်မျှ မြန်ဆန်စွာ ဆိုးရွားဖြစ်ပွားနိုင်သနည်း။

သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုတည်း မရှိပါ။ အရိုး မည်မျှအထိ ပါဝင် ထိခိုက်နေသည်နှင့် မည်သည့်နေရာတွင် ပျက်စီးမှု ဖြစ်ပေါ်သည်တို့ပေါ် မူတည်၍ AVN ဖြစ်ပွားမှု နှုန်းသည် ကွဲပြားနိုင်ပါသည်။ ပုံမှန် ရက်ချိန်းပြသခြင်းနှင့် ပုံရိပ်ဖော် စမ်းသပ်မှုများ ပြုလုပ်ခြင်းတို့သည် အချိန်နှင့်အမျှ ပေါင်ရိုးခေါင်းအတွင်း ပြောင်းလဲမှုများကို စောင့်ကြည့်စစ်ဆေးရာတွင် ကူညီပေးနိုင်ပါသည်။

အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်-

ဒူးခေါင်းနှင့် တင်ပါးဆုံရိုး အထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း- (+66)2-734-0000 လိုင်းခွဲ 2222
မြန်မာဘာသာ ဟော့လိုင်း- (+66)63-853-2447

Medically Reviewed by

DR. WACHARA MANEERATROJ
DR. WACHARA MANEERATROJ

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

0.0 out of 5 stars (based on 0 reviews)