အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) – နှလုံးကျန်းမာရေးကို အသေးစိတ် ပိုမိုနီးကပ်စွာ ကြည့်ရှုစစ်ဆေးခြင်း

ကျန်းမာရေးဆိုင်ရာ စာစောင်များ
အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE)

Table of Contents

သင့်ဆရာဝန်မှ အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) ပြုလုပ်ရန် အကြံပြုထားပါက ဤစစ်ဆေးမှု ပြုလုပ်ရန် အဘယ်ကြောင့် လိုအပ်သနည်းဟု သင့်အနေဖြင့် သိရှိလိုမည်ဖြစ်သည်။ နှလုံးရောဂါအများစုကို ရင်ဘတ်ပေါ်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TTE စစ်ဆေးမှု) ဖြင့် စတင်ရောဂါရှာဖွေခြင်းနှင့် သုံးသပ်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်။ အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE စစ်ဆေးမှု) ကို နှလုံးတည်ဆောက်ပုံဆိုင်ရာ အချက်အလက်များကို ပိုမိုအသေးစိတ် သိရှိရန်လိုအပ်သည့်အခါ၊ ရင်ဘတ်ပေါ်မှ ရိုက်ကူးထားသော အာထရာဆောင်း အဖြေများ မသဲကွဲသည့်အခါ သို့မဟုတ် ကုသမှုအစီအစဉ်များ ရေးဆွဲခြင်းနှင့် လမ်းညွှန်မှုပေးခြင်းများ ပြုလုပ်သည့်အခါတို့တွင် သီးသန့်ရွေးချယ် အသုံးပြုလေ့ရှိသည်။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှုဆိုသည်မှာ အဘယ်နည်း၊ ၎င်းသည် သင့်နှလုံးအကြောင်း အဘယ်အရာများ ဖော်ပြပေးနိုင်သနည်း။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) ဆိုသည်မှာ နှလုံးအထူးကု ဆရာဝန်များအနေဖြင့် သင့်နှလုံး၏ အခြေအနေကို ပိုမိုအသေးစိတ် စစ်ဆေးကြည့်ရှုနိုင်ရန် ကူညီပေးသည့် အထူးပြု အာထရာဆောင်းစစ်ဆေးမှုတစ်ခု ဖြစ်သည်။ စစ်ဆေးစဉ်အတွင်း နှလုံးအထူးကု ဆရာဝန်သည် အာထရာဆောင်း ကိရိယာငယ် တပ်ဆင်ထားသော သေးငယ်ပျော့ပျောင်းသည့် ပိုက်ပျော့တစ်ခုကို အစာပြွန်အတွင်းသို့ ညှင်သာစွာ ထည့်သွင်းမည်ဖြစ်သည်။ အစာပြွန်သည် နှလုံး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိသောကြောင့် နံရိုးများနှင့် အဆုတ်တို့၏ ကာကွယ်ပိတ်ဖုံးနေမှုကို မရှိစေဘဲ ပိုမိုရှင်းလင်းပြတ်သားပြီး အသေးစိတ်ကျသည့် ပုံရိပ်များကို ရရှိစေပါသည်။

TEE နှလုံးစစ်ဆေးမှုသည် နှလုံးအဆို့ရှင်များ၊ နှလုံးအခန်းများ၊ ပင်မသွေးကြောကြီးများနှင့် သွေးလှည့်ပတ်မှုတို့ဆိုင်ရာ အချက်အလက်များကို ပိုမိုရှင်းလင်းစွာ ဖော်ပြပေးနိုင်ပါသည်။ ထို့အပြင် နောက်ထပ် အကဲဖြတ်စစ်ဆေးရန်လိုအပ်သည့် သွေးခဲများ၊ နှလုံးပိုးဝင်ခြင်းများ၊ မွေးရာပါ နှလုံးရောဂါများနှင့် အခြားသော နှလုံးတည်ဆောက်ပုံဆိုင်ရာ ပုံမှန်မဟုတ်သည့် အခြေအနေများကို ရှာဖွေဖော်ထုတ်ရာတွင်လည်း ကူညီပေးပါသည်။ TEE စစ်ဆေးမှုသည် လွန်စွာအသေးစိတ်ကျသည့် နှလုံးပုံရိပ်များကို ပေးစွမ်းနိုင်သော်လည်း ဆရာဝန်များသည် ၎င်းကို ပုံမှန်စစ်ဆေးမှုများအတွက် မသုံးစွဲကြပါ။ ယင်းအစား နှလုံးအထူးကု ဆရာဝန်များသည် ရောဂါအတည်ပြုရန် သို့မဟုတ် ကုသမှုလမ်းကြောင်း သတ်မှတ်ရန် ပိုမိုအသေးစိတ်ကျသော အချက်အလက်များ လိုအပ်သည့်အခါမှသာ TEE ကို အကြံပြုလေ့ရှိကြသည်။

TEE စစ်ဆေးမှု နှင့် TTE စစ်ဆေးမှု- အဓိကကွာခြားချက်များ

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှု နှင့် ရင်ဘတ်ပေါ်မှ အာထရာဆောင်းရိုက်ခြင်း (TTE – transthoracic echocardiogram) နှစ်မျိုးစလုံးသည် နှလုံးကို စစ်ဆေးရန် အာထရာဆောင်းနည်းပညာကို အသုံးပြုကြခြင်းဖြစ်သည်။ သို့သော် စစ်ဆေးမှု တစ်ခုစီတွင် သီးခြား ရည်ရွယ်ချက်များ ရှိကြသည်။ ခန္ဓာကိုယ်ထဲသို့ ကိရိယာ ထည့်သွင်းရန် မလိုသည့်အတွက် ဆရာဝန်များသည် ပုံမှန်အားဖြင့် TTE စစ်ဆေးမှုဖြင့်သာ စတင်လေ့ရှိကြသည်။ ပိုမိုအသေးစိတ်ကျသော ပုံရိပ်များ သို့မဟုတ် သီးခြားနှလုံးတည်ဆောက်ပုံများကို ပိုမိုနီးကပ်စွာ ကြည့်ရှုရန် လိုအပ်ပါက TEE စစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရန် အကြံပြုလေ့ရှိကြသည်။

အကြောင်းအရာရင်ဘတ်ပေါ်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TTE)အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE)
စစ်ဆေးမှု ပြုလုပ်ပုံအာထရာဆောင်း ကိရိယာကို ရင်ဘတ်ပေါ်တွင် တင်၍ စစ်ဆေးခြင်း ဖြစ်သည်။သေးငယ်သော အာထရာဆောင်း ပိုက်ပျော့ကို အစာပြွန်အတွင်းသို့ ထည့်သွင်း၍ စစ်ဆေးခြင်း ဖြစ်သည်။
ပုံရိပ် ကြည်လင်ပြတ်သားမှုနှလုံးရောဂါ အများစုအတွက် ကောင်းမွန်သော ပုံရိပ်များကို ပေးစွမ်းနိုင်ပါသည်။သီးခြား နှလုံးတည်ဆောက်ပုံများအတွက် ပိုမိုအသေးစိတ်ကျသော ပုံရိပ်များကို ရရှိစေပါသည်။
ပုံမှန် အသုံးပြုသည့် အခန်းကဏ္ဍနှလုံးရောဂါ အများစုကို စတင် ရောဂါရှာဖွေခြင်းနှင့် သုံးသပ်စစ်ဆေးခြင်းများတွင် အသုံးပြုသည်။TTE အဖြေများ မသဲကွဲသည့်အခါ သို့မဟုတ် ထပ်မံ၍ တည်ဆောက်ပုံဆိုင်ရာ အချက်အလက်များ လိုအပ်သည့်အခါ ရွေးချယ်အသုံးပြုသည်။
အိပ်ဆေး အသုံးပြုမှုပုံမှန်အားဖြင့် အိပ်ဆေး ပေးရန် မလိုအပ်ပါ။အများအားဖြင့် သုံးစွဲလေ့ရှိသော်လည်း အမြဲတမ်း ပေးရန် မလိုအပ်ပါ။
ပြန်လည် သက်သာလာမှုလူနာများအနေဖြင့် စစ်ဆေးပြီးသည်နှင့် ပုံမှန်လှုပ်ရှားမှုများကို ချက်ချင်း ပြန်လည်လုပ်ဆောင်နိုင်ပါသည်။လူနာများသည် အိပ်ဆေးရှိန် ကင်းစင်ရန် အချိန်ယူရမည်ဖြစ်ပြီး အိမ်သို့ ပြန်ရန် ကြိုတင်စီစဉ်ထားရန် လိုအပ်ပါသည်။

ဆရာဝန်များအနေဖြင့် TEE နှလုံးစစ်ဆေးမှုကို အဘယ်ကြောင့် အကြံပြုရသနည်း

နှလုံးအထူးကု ဆရာဝန်များသည် အရေးကြီးသော ဆေးပညာဆိုင်ရာ မေးခွန်းများကို အဖြေထုတ်ရန်၊ မသဲကွဲသော အဖြေများကို ရှင်းလင်းရန်နှင့် ကုသမှု အစီအစဉ်များ ရေးဆွဲရာတွင် အထောက်အကူပြုရန်အတွက် TEE စစ်ဆေးမှုကို သီးသန့် ရွေးချယ် အသုံးပြုကြသည်။

နှလုံးအထူးကု ဆရာဝန်သည် အောက်ပါ အခြေအနေများအတွက် ဤစစ်ဆေးမှုကို အသုံးပြုနိုင်သည် –

  • ယခင် စစ်ဆေးတွေ့ရှိချက်များ အဖြေ ပိုမိုရှင်းလင်းရန် လိုအပ်သည့်အခါ သံသယရှိသော ရောဂါကို အတည်ပြုရန် သို့မဟုတ် ပယ်ဖျက်ရန်
  • နောက်ဆက်တွဲ ကုသမှု နည်းလမ်းကို မဆုံးဖြတ်မီ နှလုံးရောဂါ၏ ပြင်းထန်မှုကို အကဲဖြတ်ရန်
  • ပိုမိုအသေးစိတ်ကျသော နှလုံးပုံရိပ်များကို အသုံးပြု၍ ကုသမှု သို့မဟုတ် အချို့သော နှလုံးခွဲစိတ်/ကုသမှု လုပ်ငန်းစဉ်များကို စီစဉ်ရေးဆွဲရန်
  • နှလုံးအဆို့ရှင်များ၊ နှလုံးအခန်းများနှင့် အနီးပတ်ဝန်းကျင်ရှိ တည်ဆောက်ပုံများကို ပိုမိုအသေးစိတ်ကျသော ခန္ဓာဗေဒဆိုင်ရာ အချက်အလက်များဖြင့် စစ်ဆေးကြည့်ရှုရန်။

TEE စစ်ဆေးမှု ပြုလုပ်ရန် မညွှန်ကြားမီ နှလုံးအထူးကု ဆရာဝန်သည် လူနာ၏ ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်း၊ ယခင် စစ်ဆေးထားသော အဖြေများနှင့် ရောဂါရှာဖွေ သို့မဟုတ် ကုသရန် လိုအပ်သည့် သီးသန့် အချက်အလက်များကို ထည့်သွင်း စဉ်းစားတွက်ချက်ပါသည်။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှုသည် မည်သည့် နှလုံးရောဂါ အခြေအနေများကို အကဲဖြတ် စစ်ဆေးရာတွင် ကူညီပေးနိုင်သနည်း

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှုသည် သီးခြား နှလုံးတည်ဆောက်ပုံများကို သေးစိတ် ခန္ဓာဗေဒဆိုင်ရာ ပုံရိပ်များ ထုတ်ပေးနိုင်သောကြောင့် နှလုံးအထူးကု ဆရာဝန်များအား ရောဂါရှာဖွေခြင်း၊ ဆေးပညာဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် အချို့သော နှလုံး ကုသမှု/ခွဲစိတ်မှု လုပ်ငန်းစဉ်များတွင် များစွာ အထောက်အကူပြုပါသည်။

  • နှလုံးအဆို့ရှင် ရောဂါများ – နှလုံးအဆို့ရှင်များ ကျဉ်းမြောင်းခြင်း၊ ယိုစိမ့်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် ပျက်စီးနေခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
  • နှလုံးအတွင်း သွေးခဲများ ဖြစ်ပေါ်ခြင်း – လေဖြတ်နိုင်ခြေကို မြင့်တက်စေသည့် သို့မဟုတ် ကုသမှု ဆုံးဖြတ်ချက်များကို ထိခိုက်စေနိုင်သည့် နှလုံးအတွင်း သွေးခဲများကို ရှာဖွေခြင်း။
  • နှလုံးအတွင်းမြှေး ပိုးဝင်ခြင်း (Infective endocarditis) – နှလုံးအဆို့ရှင်များ သို့မဟုတ် နှလုံးအတွင်းနံရံမြှေး ပိုးဝင်နေခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
  • မွေးရာပါ နှလုံးရောဂါများ – ပုံမှန်အားဖြင့် TTE စစ်ဆေးမှုဖြင့် လက္ခဏာ စတင်ရှာဖွေလေ့ရှိပြီး ကုသမှု လုပ်ငန်းစဉ် မစတင်မီ ခန္ဓာဗေဒဆိုင်ရာ ပုံရိပ်များကို အသေးစိတ် အကဲဖြတ်ရန်အတွက် TEE ကို အသုံးပြုလေ့ရှိခြင်း။
  • ရင်ဘတ်အတွင်း ပင်မသွေးကြောမကြီး (Thoracic aorta) ၏ အချို့သော အခြေအနေများ – ရင်ဘတ်အတွင်းရှိ ပင်မသွေးကြောမကြီး အပိုင်း၏ သီးခြား ပုံမှန်မဟုတ်သော မူမမှန်မှုများကို စစ်ဆေးခြင်း။
  • နှလုံး အကျိတ်များ သို့မဟုတ် ပုံမှန်မဟုတ်သော အကျိတ်များ – နှလုံးအတွင်း သို့မဟုတ် နှလုံးပတ်ဝန်းကျင်၌ ပုံမှန်မဟုတ်သော အကျိတ်များ/အဖုများ ရှိ/မရှိ စစ်ဆေးခြင်း။

ထို့အပြင် နှလုံးအထူးကု ဆရာဝန်များသည် နှလုံးတည်ဆောက်ပုံဆိုင်ရာ ကုသမှု လုပ်ငန်းစဉ်များတွင် လမ်းညွှန်ပေးရန်၊ အချို့သော နှလုံးခွဲစိတ်မှုများတွင် အဓိက အထောက်အကူပြုရန်နှင့် ကုသမှု လုပ်ငန်းစဉ်ပြီးနောက် ရလဒ်များကို အကဲဖြတ်ရန်အတွက်လည်း TEE ကို အသုံးပြုကြပါသည်။

ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးမှ နှလုံးပုံရိပ်ဖော် စစ်ဆေးမှုဆိုင်ရာ နှလုံးအထူးကု ဆရာဝန် Dr. Prayuth Rasmeehirun ၏ အဆိုအရ TEE စစ်ဆေးမှု ပြုလုပ်ရန် ဆုံးဖြတ်ခြင်းသည် လူနာတစ်ဦးစီ၏ ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်းနှင့် ယခင် စစ်ဆေးထားသော အဖြေများပေါ်တွင် မူတည်ပါသည်။ နှလုံးအထူးကု ဆရာဝန်များသည် တိကျသော ရောဂါရှာဖွေခြင်းနှင့် ကုသမှု အစီအစဉ် ရေးဆွဲခြင်းတို့အတွက် လိုအပ်သည့် အသေးစိတ် အချက်အလက်များကို ရရှိနိုင်ရန် အသင့်တော်ဆုံး စစ်ဆေးမှုကို မရွေးချယ်မီ ရရှိနိုင်သော အချက်အလက် အားလုံးကို ဂရုတစိုက် သုံးသပ် အကဲဖြတ်ကြပါသည်။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) နှလုံးစစ်ဆေးမှုအတွက် ပြင်ဆင်ခြင်း

TEE စစ်ဆေးမှုအတွက် ပြင်ဆင်ရာတွင် ရိုးရှင်းသော်လည်း အရေးကြီးသည့် အဆင့်အနည်းငယ် ပါဝင်ပါသည်။ ဤအဆင့်များသည် စစ်ဆေးမှုလုပ်ငန်းစဉ် ချောမွေ့စေရန်၊ ဖြစ်ပွားနိုင်ချေရှိသော နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးရန်နှင့် ဆရာဝန်များအနေဖြင့် ရှင်းလင်းပြတ်သားသော နှလုံးပုံရိပ်များကို ရရှိစေရန် အထောက်အကူပြုပါသည်။

စစ်ဆေးမှု မပြုလုပ်မီ လူနာများအနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါသည် –

  • ဆရာဝန် ညွှန်ကြားထားသော အချိန်ကာလအတိုင်း အစားအသောက်နှင့် ရေ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
  • သောက်သုံးနေသော ဆရာဝန်ညွှန်ကြားစာပါ ဆေးဝါးများ၊ ဆိုင်ဝယ်ဆေးများ၊ ဗီတာမင်များနှင့် တိုင်းရင်းဆေး/သဘာဝဖြည့်စွက်စာများ အပါအဝင် လက်ရှိ ဖြစ်ပွားနေသော ရောဂါအခြေအနေများ၊ သောက်သုံးနေသည့် ဆေးဝါးများနှင့် ဆေးဓာတ်မတည့်မှုများကို ဆရာဝန်အား ကြိုတင်အကြောင်းကြားပါ။
  • အစာပြွန်ရောဂါ ရာဇဝင်ရှိပါက သို့မဟုတ် အစာပြွန် ခွဲစိတ်ကုသမှု ခွဲစိတ်ထားဖူးပါက ဆရာဝန်အား ကြိုတင်အကြောင်းကြားပါ။ ဤအချက်အလက်များသည် စစ်ဆေးမှုလုပ်ငန်းစဉ်ကို သက်ရောက်မှု ရှိနိုင်ပါသည်။
  • စစ်ဆေးမှု မစတင်မီ သွားအတုများ သို့မဟုတ် ဖြုတ်တပ်၍ရသော သွားခံတွင်းဆိုင်ရာ ကိရိယာများကို ချွတ်ထားပါ။
  • ဆရာဝန်က အိပ်ဆေးအသုံးပြုရန် အစီအစဉ်ရှိပါက အိမ်သို့ လိုက်ပါပို့ဆောင်ပေးနိုင်မည့် မိသားစုဝင် သို့မဟုတ် ပြုစုစောင့်ရှောက်သူတစ်ဦးဦးအား အတူလိုက်ပါပေးရန် အကူအညီတောင်းခံထားပါ၊ ထို့အပြင် စစ်ဆေးမှုအပြီးတွင် ဆရာဝန်၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) နှလုံးစစ်ဆေးမှု လုပ်ငန်းစဉ်အတွင်း မည်သို့ ဆောင်ရွက်မည်နည်း

TEE စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း နှလုံးအထူးကု ဆရာဝန်မှ နှလုံးကို စစ်ဆေးနေချိန်၌ လူနာ သက်သောင့်သက်သာ ရှိစေရန်အတွက် ဒီဇိုင်းထုတ်ထားသော အဆင့်အနည်းငယ် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁။ စစ်ဆေးမှု မပြုလုပ်မီ ပြင်ဆင်ခြင်း

သူနာပြုသည် လူနာ၏ အသက်ရှူနှုန်း၊ သွေးဖိအား စသည့် ပုံမှန်ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို စစ်ဆေးမည်ဖြစ်ပြီး၊ လူနာအား သက်သောင့်သက်သာရှိသော ပုံစံဖြင့် စီစဉ်ပေးကာ နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် သွေးတွင်း အောက်ဆီဂျင် ပမာဏတို့ကို စောင့်ကြည့်စစ်ဆေးပေးမည် ဖြစ်သည်။ ထို့အပြင် စစ်ဆေးမှုအတွင်း လိုအပ်မည့် ဆေးဝါးများ ပေးနိုင်ရန် အကြောဆေး ပိုက်လိုင်း (IV line) ထည့်သွင်းပေးမည် ဖြစ်သည်။ ဆက်လက်၍ ဆရာဝန်သည် လည်ချောင်းအတွင်းသို့ ထုံဆေး စပရေး ဖျန်းပေးမည် ဖြစ်သည်။ အချို့သော လူနာများအတွက် စစ်ဆေးစဉ်အတွင်း စိတ်လက်ပေါ့ပါးပြီး မသက်မသာ ဖြစ်မှုကို လျှော့ချပေးနိုင်ရန် အပျော့စား အိပ်ဆေး/စိတ်ငြိမ်ဆေး (conscious sedation) ပေးနိုင်ပါသည်။ စစ်ဆေးမှု လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် လူနာများသည် ပုံမှန်အတိုင်း အသက်ရှူနိုင်ပါသည်။

၂။ အာထရာဆောင်း ပိုက်ပျော့ ထည့်သွင်းခြင်း

လူနာသည် ဘယ်ဘက်သို့ စောင်း၍ လှဲပေးရမည်ဖြစ်ပြီး သွားများနှင့် အာထရာဆောင်း ပိုက်ပျော့တို့ ပျက်စီးမှု မရှိစေရန် သူနာပြုက ပါးစပ်ငုံ ကိရိယာ (mouth guard) တပ်ဆင်ပေးမည် ဖြစ်သည်။ ထို့နောက် နှလုံးအထူးကု ဆရာဝန်သည် အာထရာဆောင်း ပိုက်ပျော့ကို ပါးစပ်မှတစ်ဆင့် အစာပြွန်အတွင်းသို့ နူးညံ့စွာ ထည့်သွင်းမည် ဖြစ်သည်။ စစ်ဆေးမှု လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် လူနာများသည် ပုံမှန်အတိုင်း အသက်ရှူနိုင်ပါသည်။

၃။ နှလုံးကို စစ်ဆေးကြည့်ရှုခြင်း

နှလုံးအထူးကု ဆရာဝန်သည် နှလုံးကို ထောင့်ပေါင်းစုံမှ စစ်ဆေးပြီး ၎င်း၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို အကဲဖြတ်မည် ဖြစ်သည်။ ဤစစ်ဆေးမှုတွင် ရောဂါရှာဖွေခြင်းနှင့် ကုသမှု အစီအစဉ် ရေးဆွဲခြင်းတို့ကို အထောက်အကူပြုနိုင်ရန် နှလုံးအဆို့ရှင်များ၊ နှလုံးအခန်းများ၊ သွေးလှည့်ပတ်မှုနှင့် အနီးပတ်ဝန်းကျင်ရှိ သွေးကြောများ၏ အသေးစိတ် ပုံရိပ်များကို ရယူခြင်းလည်း ပါဝင်ပါသည်။

၄။ ပြန်လည် သက်သာလာရေးနှင့် စောင့်ကြည့်လေ့လာခြင်း

စစ်ဆေးမှု ပြီးစီးပါက နှလုံးအထူးကု ဆရာဝန်သည် အာထရာဆောင်း ပိုက်ပျော့ကို ဂရုတစိုက် ပြန်လည် ထုတ်ယူမည် ဖြစ်သည်။ ထို့နောက် ဆေးဘက်ဆိုင်ရာ အဖွဲ့သည် လူနာအား အိမ်သို့ မပြန်မီ သို့မဟုတ် သတ်မှတ်ထားသော ကုသမှု လမ်းကြောင်းအတိုင်း မဆက်လက်မီ အချိန်တိုအတွင်း စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ စစ်ဆေးမှု လုပ်ငန်းစဉ် သီးသန့်မှာ ပုံမှန်အားဖြင့် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် ကြာမြင့်ပြီး ပြင်ဆင်ချိန်နှင့် ပြန်လည်သက်သာလာချိန် အပါအဝင် ဆေးရုံ/ဆေးခန်း၌ ကြာမြင့်ချိန် စုစုပေါင်းမှာ ၁ နာရီမှ ၂ နာရီခန့် ကြာမြင့်လေ့ ရှိပါသည်။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှုပြုလုပ်စဉ် မည်သို့ ခံစားရနိုင်သနည်း

လူနာအများစုသည် TEE စစ်ဆေးမှု ပြုလုပ်ပါက နာကျင်မည်ကို စိုးရိမ်လေ့ ရှိကြသည်။ ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေများတွင် ဤစစ်ဆေးမှုသည် ပြင်းထန်သော နာကျင်မှုကို မဖြစ်ပေါ်စေဘဲ ခဏတာ မသက်မသာဖြစ်မှုကိုသာ ခံစားရစေနိုင်ပါသည်။ လည်ချောင်းအတွင်းသို့ ထုံဆေးဖျန်းပေးခြင်းနှင့် စိတ်ငြိမ်ဆေး/အိပ်ဆေး ပေးထားခြင်းတို့က စစ်ဆေးမှု လုပ်ငန်းစဉ်တစ်ခုလုံးတွင် လူနာအား စိတ်လက်ပေါ့ပါး သက်သောင့်သက်သာ ဖြစ်စေရန် ကူညီပေးပါသည်။

စစ်ဆေးမှု ပြုလုပ်စဉ်နှင့် ပြုလုပ်ပြီးချိန်တွင် လူနာများအနေဖြင့် အောက်ပါတို့ကို ခံစားရနိုင်ပါသည်

  • အာထရာဆောင်း ပိုက်ပျော့သည် အစာပြွန်အတွင်းသို့ ဖြတ်သန်းသွားစဉ် လည်ချောင်းအတွင်း အနည်းငယ် ဖိအားပေးခံရသကဲ့သို့ ခံစားရခြင်း
  • စစ်ဆေးမှု စတင်ချိန်တွင် အထူးသဖြင့် ခဏတာ ပျို့ချင်၊ အန်ချင်သကဲ့သို့ ခံစားရခြင်း
  • ပုံမှန်အားဖြင့် တစ်ရက်အတွင်း သက်သာပျောက်ကင်းသွားနိုင်သည့် လည်ချောင်း အနည်းငယ် နာခြင်း
  • စိတ်ငြိမ်ဆေး/အိပ်ဆေး အရှိန်ကြောင့် နာရီအနည်းငယ်ကြာ အိပ်ချင်မူးတူးဖြစ်ခြင်း သို့မဟုတ် နွမ်းနယ်ခြင်း

လူနာအများစုသည် မည်သည့်ပြဿနာမျှမရှိဘဲ ပြန်လည်သက်သာလာကြသော်လည်း အိမ်သို့ပြန်ရောက်ပြီးနောက် ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ သွေးထွက်ခြင်း မရပ်ခြင်း၊ ဖျားခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်ထံ သက်ဆိုင်ရာ ပြသရန် လိုအပ်ပါသည်။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) နှလုံးစစ်ဆေးမှု၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်များ

TEE နှလုံးစစ်ဆေးမှုသည် ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံမှု ရှိပါသည်။ သို့သော် အခြား ဆေးဘက်ဆိုင်ရာ ကုသမှု/စစ်ဆေးမှု လုပ်ငန်းစဉ်များကဲ့သို့ပင် ပြင်းထန်သော ပြဿနာများ ဖြစ်ပွားခဲသော်လည်း အချို့သော ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ရှိပါသည်။

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်များတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • စစ်ဆေးမှုအပြီးတွင် လည်ချောင်းနာခြင်း သို့မဟုတ် လည်ချောင်းမသက်မသာဖြစ်ခြင်း
  • အထူးသဖြင့် သွားနှဲ့နေသူများ သို့မဟုတ် သွား/သွားဖုံးဆိုင်ရာ ပြဿနာရှိသူများတွင် သွား သို့မဟုတ် သွားဖုံး ထိခိုက်ဒဏ်ရာရခြင်း
  • ပါးစပ်၊ လည်ချောင်း သို့မဟုတ် အစာပြွန်တို့မှ အနည်းငယ် သွေးထွက်ခြင်း
  • စစ်ဆေးစဉ် သို့မဟုတ် စစ်ဆေးပြီးချိန်တွင် နှလုံးခုန်နှုန်း ယာယီ မမှန်ခြင်း
  • အိပ်ဆေး/စိတ်ငြိမ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်သည့် အသက်ရှူရခက်ခဲခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အိပ်ချင်မူးတူးဖြစ်မှု ကြာရှည်ခြင်း။
  • အစာပြွန် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပေါက်ထွက်ခြင်း (လွန်စွာ ဖြစ်ပွားခဲပါသည်)။

အိမ်သို့ ပြန်ရောက်ပြီးနောက် ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ သွေးထွက်ခြင်း မရပ်ခြင်း၊ ဖျားခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်ထံ ချက်ချင်း ဆက်သွယ် အကြောင်းကြားရပါမည်။

အစာပြွန်မှတစ်ဆင့်နှလုံးအာထရာဆောင်းရိုက်ခြင်း (TEE) စစ်ဆေးမှုပြုလုပ်ပြီးနောက် မည်သို့ မျှော်လင့်နိုင်သနည်း

TEE စစ်ဆေးမှု ပြုလုပ်ပြီးနောက် လူနာအများစုသည် ထိုနေ့တွင်ပင် အိမ်သို့ပြန်၍ အနားယူနိုင်ပါသည်။ ဘေးကင်းလုံခြုံစွာ ပြန်လည်သက်သာလာစေရန်အတွက် လူနာများသည် အောက်ပါ ရိုးရှင်းသော စစ်ဆေးမှုပြီးနောက် ဂရုစိုက်ရမည့် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည် –

  • လည်ချောင်းအတွင်း ထုံဆေးရှိန် မပြယ်မချင်း အစားအသောက်နှင့် ရေ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ လည်ချောင်း ထုံနေစဉ်အတွင်း အစာမျိုချသည့်စနစ်သည် ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်သည့်အတွက် အစာသီးခြင်း အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။
  • ရေကို နည်းနည်းစီ စတင်သောက်သုံးကြည့်ပါ။ အစာမျိုချရသည်မှာ ပုံမှန်အတိုင်းဖြစ်ပြီး သီးခြင်းမရှိပါက အစားအစာများကို ဖြည်းဖြည်းချင်း စတင်စားသုံးနိုင်ပါသည်။
  • အိပ်ဆေး/စိတ်ငြိမ်ဆေး ပေးထားပါက မော်တော်ယာဉ် မောင်းနှင်ခြင်း မပြုပါနှင့်။ လူနာ စိတ်လက်ပေါ့ပါးစေရန် ဆရာဝန်က ဆေးပေးထားပါက မိသားစုဝင် သို့မဟုတ် ပြုစုစောင့်ရှောက်သူတစ်ဦးဦးမှ လူနာအား အိမ်သို့ လိုက်ပါပို့ဆောင်ပေးရပါမည်။
  • လည်ချောင်း အနည်းငယ် မသက်မသာဖြစ်ခြင်း သို့မဟုတ် လည်ချောင်းနာခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ဤသည်မှာ ပုံမှန်အားဖြင့် ၁ ရက်မှ ၂ ရက်အတွင်း သက်သာသွားလေ့ရှိပါသည်။
  • စစ်ဆေးမှုအပြီးတွင် ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အစာမျိုရသည့်အခက်အခဲ ပိုမိုဆိုးရွားလာခြင်း၊ သွေးအန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ဘဲ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်ပါက ဆေးကုသမှုကို ချက်ချင်း ခံယူပါ။

ဆရာဝန်က TEE စစ်ဆေးမှုပြုလုပ်ရန် အကြံပြုထားပါက သို့မဟုတ် ယခင် နှလုံးစစ်ဆေးမှုအဖြေများအတွက် ထပ်မံအကဲဖြတ်ရန် လိုအပ်ပါက နှလုံးအထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် နောက်ထပ်ဆောင်ရွက်ရမည့် အဆင့်များကို ရှင်းလင်းစွာ သိရှိနိုင်ရန် ကူညီပေးပါလိမ့်မည်။ ဤစစ်ဆေးမှုသည် ပုံမှန်စစ်ဆေးသည့် စစ်ဆေးမှုတစ်ခု မဟုတ်သည့်အတွက် နှလုံးအထူးကု ဆရာဝန်သည် ဤစစ်ဆေးမှု ပြုလုပ်ရန် သင့်တော်ခြင်း ရှိ/မရှိ မဆုံးဖြတ်မီ လူနာတစ်ဦးစီ၏ ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်းနှင့် စစ်ဆေးမှုအဖြေများကို ထည့်သွင်းစဉ်းစားမည် ဖြစ်ပါသည်။

ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး၏ နှလုံးရောဂါအထူးကုဌာနတွင် ဆေးပညာအရ လိုအပ်သည့်အခါ ပြုလုပ်သည့် TEE စစ်ဆေးမှု အပါအဝင် အဆင့်မြင့် နှလုံးပုံရိပ်ဖော် စစ်ဆေးမှု နည်းပညာများကို အသုံးပြု၍ ဘက်စုံနှလုံးကျန်းမာရေး အကဲဖြတ်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ နှလုံးအထူးကု ဆရာဝန်များသည် အဆင့်တိုင်းတွင် တိကျသော ရောဂါရှာဖွေခြင်း၊ တစ်ဦးချင်းစီနှင့် ကိုက်ညီသည့် ကုသမှုအစီအစဉ် ရေးဆွဲခြင်းနှင့် လူနာကို ဗဟိုပြုသော ပြုစုစောင့်ရှောက်မှုများ ပေးအပ်ခြင်းတို့ကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQ)

TEE စစ်ဆေးမှုပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။

TEE စစ်ဆေးမှုသည် နှလုံးအထူးကု ဆရာဝန်များအား အချို့သော နှလုံးတည်ဆောက်ပုံများကို ပိုမိုအသေးစိတ် ကြည့်ရှုနိုင်ရန် ကူညီပေးပါသည်။ ၎င်းသည် ရောဂါရှာဖွေခြင်း၊ ကုသမှု အစီအစဉ်များ ရေးဆွဲခြင်းတို့တွင် အထောက်အကူပြုနိုင်သည့်အပြင် ပိုမိုအသေးစိတ်ကျသော အချက်အလက်များ လိုအပ်သည့်အခါ နှလုံးအဆို့ရှင် ရောဂါများ၊ သွေးခဲခြင်းများ၊ ပိုးဝင်ခြင်းများ သို့မဟုတ် နှလုံးတည်ဆောက်ပုံဆိုင်ရာ မူမမှန်မှုများကဲ့သို့သော အခြေအနေများကို အကဲဖြတ်ရာတွင်လည်း ကူညီပေးနိုင်ပါသည်။

TEE စစ်ဆေးမှုပြုလုပ်ရန် ကြာချိန်မည်မျှ ရှိပါသနည်း။

TEE စစ်ဆေးမှု သီးသန့်မှာ ပုံမှန်အားဖြင့် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် ကြာမြင့်ပါသည်။ လူနာများအနေဖြင့် စစ်ဆေးမှု မပြုလုပ်မီ ပြင်ဆင်ခြင်း၊ အိပ်ဆေးပေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်သက်သာလာရေးတို့အတွက် စစ်ဆေးမှု မတိုင်မီနှင့် စစ်ဆေးမှုအပြီးတွင် နောက်ထပ် အချိန်အနည်းငယ် ပိုမို လိုအပ်နိုင်ပါသည်။

TEE နှလုံးစစ်ဆေးမှု၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။

ဖြစ်လေ့ဖြစ်ထရှိသော TEE နှလုံးစစ်ဆေးမှု၏ ဘေးထွက်ဆိုးကျိုးများတွင် လည်ချောင်း အနည်းငယ်နာခြင်း၊ လည်ချောင်းမသက်မသာဖြစ်ခြင်း သို့မဟုတ် အိပ်ဆေးကြောင့် အိပ်ချင်မူးတူးဖြစ်ခြင်း သို့မဟုတ် နွမ်းနယ်ခြင်းတို့ ပါဝင်နိုင်ပါသည်။ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခဲသော်လည်း ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ သွေးထွက်ခြင်း၊ ဖျားခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်ထံ ဆက်သွယ် အကြောင်းကြားရပါမည်။

TEE ဆိုသည်မှာ အဘယ်နည်း။

TEE ဆိုသည်မှာ အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (Transesophageal Echocardiography) ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၎င်းသည် နှလုံး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိသော အစာပြွန်မှတစ်ဆင့် နှလုံးအထူးကု ဆရာဝန်များအား နှလုံးကို ကြည့်ရှုစစ်ဆေးနိုင်စေသည့် အထူးပြု အာထရာဆောင်း စစ်ဆေးမှုတစ်ခု ဖြစ်ပါသည်။

TEE စစ်ဆေးမှု လုပ်ငန်းစဉ်သည် မည်သို့ လုပ်ဆောင်ပါသနည်း။

TEE စစ်ဆေးမှု လုပ်ငန်းစဉ်အတွင်း နှလုံးအထူးကု ဆရာဝန်သည် သေးငယ်သော အာထရာဆောင်း ပိုက်ပျော့ကို ပါးစပ်မှတစ်ဆင့် အစာပြွန်အတွင်းသို့ မသိမသာ နူးညံ့စွာ ထည့်သွင်းမည် ဖြစ်သည်။ ထို့နောက် အာထရာဆောင်း ပိုက်ပျော့သည် နှလုံးအဆို့ရှင်များ၊ နှလုံးအခန်းများ၊ သွေးလှည့်ပတ်မှုနှင့် အနီးပတ်ဝန်းကျင်ရှိ သွေးကြောများ၏ အသေးစိတ် ပုံရိပ်များကို ရယူရိုက်ကူးပေးပါသည်။

အသေးစိတ် အချက်အလက်များ ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –
နှလုံးရောဂါအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – (+66)2-734-0000 လိုင်းခွဲ 5300
မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447

Medically Reviewed by

DR. PRAYUTH RASMEEHIRUN
DR. PRAYUTH RASMEEHIRUN

Cardiology

Cardiac Imaging

Readers’ Rating

4.0 out of 5 stars (based on 3 reviews)