သွေးကင်ဆာ ရောဂါ အကြောင်း သိကောင်းစရာ

သွေးကင်ဆာ (Leukemia) ဆိုသည်မှာ သွေးဆဲလ်များ ထုတ်လုပ်ပေးရာ တစ်ရှူးများတွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါဖြစ်ပြီး ယေဘုယျအားဖြင့် သွေးဖြူဥများကို ထိခိုက်စေသည်။ သွေးဖြူဥများသည် ခန္ဓာကိုယ်အတွက် ပိုးမွှားများနှင့် ရောဂါဘယများကို တိုက်ဖျက်ပေးသည့် သွေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ခန္ဓာကိုယ်က လိုအပ်သလို ကြီးထွားပွားများလေ့ရှိသည်။ သို့သော် သွေးကင်ဆာ ခံစားနေရသူများတွင်မူ ၎င်းတို့၏ ရိုးတွင်းခြင်ဆီမှ ပုံမှန်မဟုတ်ဘဲ လုပ်ဆောင်ချက် အားနည်းသော သွေးဖြူဥများကို အလွန်အမင်း ထုတ်လုပ်ပေးသည်။

သွေးကင်ဆာသည် အခြားသော ကင်ဆာများကဲ့သို့ ခန္ဓာကိုယ်တွင် အလုံးအခဲ သို့မဟုတ် အကျိတ်ပုံသဏ္ဍာန်ဖြင့် တည်ရှိလေ့မရှိသောကြောင့် ကွန်ပျူတာဓာတ်မှန် (CT-scan) သို့မဟုတ် အိတ်စရေး (X-ray) စသည့် ပုံရိပ်ဖော် စစ်ဆေးမှုများတွင် မြင်တွေ့ရလေ့မရှိပါ။ သွေးကင်ဆာ အချို့အမျိုးအစားများသည် ကလေးသူငယ်များတွင် ပိုမိုအဖြစ်များပြီး အခြားသော သွေးကင်ဆာ အမျိုးအစားအများစုမှာ လူကြီးများတွင် ဖြစ်ပွားတတ်သည်။

သွေးကင်ဆာ အမျိုးအစား ခွဲခြားခြင်း (Classification of Leukemia)

ရောဂါ မည်မျှလျင်မြန်စွာ တိုးတက်ဖြစ်ပွားပုံအပေါ် မူတည်၍ ခွဲခြားခြင်း

  • ရုတ်တရက်ဖြစ်သော သွေးကင်ဆာ (Acute leukemia): ပုံမှန်မဟုတ်သော ဆဲလ်များသည် လျင်မြန်စွာ ကွဲပွားတတ်သော ဆဲလ်နုများ (blasts) ဖြစ်ကြသည်။ ရောဂါအခြေအနေသည် လျင်မြန်စွာ ဆိုးရွားသွားနိုင်သောကြောင့် ချက်ချင်းကုသမှု ခံယူရန် လိုအပ်သည်။ ဤအမျိုးအစားကို ကလေးသူငယ်များတွင် အဖြစ်များသည်။
  • နာတာရှည် သွေးကင်ဆာ (Chronic leukemia): ဤရောဂါတွင် အမျိုးအစား ကွဲပြားမှုများရှိပြီး အချို့မှာ ဆဲလ်အရေအတွက် အလွန်နည်းပါးခြင်း သို့မဟုတ် အလွန်များပြားခြင်းတို့ကို ဖြစ်စေသည်။ နာတာရှည် သွေးကင်ဆာတွင် ပိုမိုရင့်ကျက်သော သွေးဆဲလ်များ ပါဝင်ပတ်သက်နေသည်။ အဆိုပါ သွေးဆဲလ်များသည် ပွားများမှု သို့မဟုတ် စုပုံလာမှုနှုန်း နှေးကွေးသော်လည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်။ နာတာရှည် သွေးကင်ဆာ အချို့အမျိုးအစားများသည် မည်သည့်လက္ခဏာမျှ မပြတတ်သဖြင့် အချိန်အတန်ကြာသည်အထိ မသိရှိဘဲ သို့မဟုတ် ရောဂါရှာမတွေ့ဘဲ နေတတ်သည်။ ဤအမျိုးအစားကို လူကြီးများတွင် အဖြစ်များသည်။

ထိခိုက်ခံရသော သွေးဖြူဥအမျိုးအစားအပေါ် မူတည်၍ ခွဲခြားခြင်း

  • လင်ဖိုဆိုက် သွေးကင်ဆာ (Lymphocytic leukemia): လင်ဖ်တစ်ရှူးများ (lymphatic tissue) ဖြစ်ပေါ်စေသည့် လင်ဖိုဆိုက်ဆဲလ်များ (lymphoid cells) ကို ထိခိုက်စေသော သွေးကင်ဆာ အမျိုးအစား ဖြစ်သည်။
  • မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ (Myelogenous leukemia): မိုင်ယလွိုက်ဆဲလ်များ (myeloid cells) ကို ထိခိုက်စေသော သွေးကင်ဆာ အမျိုးအစားဖြစ်ပြီး သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှား ထုတ်လုပ်ပေးသော ဆဲလ်များကို တိုးပွားစေသည်။

အဓိက သွေးကင်ဆာ အမျိုးအစားများ (Major types of Leukemia)

  • Acute lymphocytic leukemia (ALL): ကလေးငယ်များတွင် အဖြစ်အများဆုံး သွေးကင်ဆာ အမျိုးအစား ဖြစ်သော်လည်း လူကြီးများကိုလည်း ထိခိုက်နိုင်သည်။
  • Acute myelogenous leukemia (AML): လူကြီးများတွင် အဖြစ်အများဆုံး ရုတ်တရက်ဖြစ်သော သွေးကင်ဆာ အမျိုးအစား ဖြစ်သော်လည်း ကလေးသူငယ်များကိုလည်း ထိခိုက်နိုင်သည်။
  • Chronic lymphocytic leukemia (CLL): လူကြီးများတွင် အဖြစ်အများဆုံး နာတာရှည် သွေးကင်ဆာ အမျိုးအစား ဖြစ်သည် (အသက် ၆၅ နှစ်နှင့် အထက် လူကြီးများတွင် အဖြစ်များသည်။)
  • Chronic myelogenous leukemia (CML): သက်ကြီးပိုင်းများတွင် အဖြစ်များသော သွေးကင်ဆာ အမျိုးအစား ဖြစ်သော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ CML ရှိသူများတွင် နှစ်ပေါင်းများစွာကြာသည်အထိ ရောဂါလက္ခဏာများ မပြဘဲ ရှိနေတတ်သည်။

ရောဂါလက္ခဏာများ

ခံစားရသော လက္ခဏာများသည် သွေးကင်ဆာ အမျိုးအစားပေါ် မူတည်၍ ကွဲပြားနိုင်ပြီး အောက်ပါအတိုင်း ဖြစ်သည်။

  • နုံးချိခြင်း သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံး မအီမသာ ဖြစ်ခြင်း
  • ဖျားခြင်း
  • ညဘက် ချွေးစေးပြန်ခြင်း
  • ပိုးဝင်ကူးစက်မှုများ ခဏခဏ ဖြစ်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ အသည်း သို့မဟုတ် သရက်ရွက် ကြီးခြင်း
  • သွေးထွက်လွယ်ခြင်း သို့မဟုတ် အကြောင်းရင်းမရှိဘဲ သွေးခြေဥခြင်း
  • အထူးသဖြင့် ညဘက်တွင် အလွန်အမင်း ချွေးထွက်ခြင်း
  • အရိုး သို့မဟုတ် အဆစ်များ ကိုက်ခဲခြင်း

အကယ်၍ အထက်ပါ ရောဂါလက္ခဏာများနှင့် သတိပြုဖွယ်ရာများကို ခံစားရပါက ဆရာဝန်နှင့် ပြသရန် ရက်ချိန်းယူပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သွေးကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရှိသေးပေ။ သွေးဆဲလ်များ၏ ဒီအင်အေ (DNA) တွင် တစ်စုံတစ်ရာ မှားယွင်းမှုကြောင့် ဗီဇပြောင်းလဲမှုများ (mutations) ဖြစ်ပေါ်လာသည်။ ၎င်းဆဲလ်ဗီဇပြောင်းလဲမှုများကြောင့် ပုံမှန်မဟုတ်သော ဆဲလ်များသည် ထိန်းချုပ်မရဘဲ ပွားများလာကြသည်။ ဤပုံမှန်မဟုတ်သော သွေးဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်းရှိ ကျန်းမာသော သွေးဆဲလ်များကို ပျက်စီးစေပြီး ကျန်းမာသော သွေးဥမွှား၊ သွေးနီဥနှင့် သွေးဖြူဥ အရေအတွက်တို့ကို လျော့နည်းသွားစေသည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

သွေးကင်ဆာ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသော အချက်များတွင် အောက်ပါတို့ ပါဝင်သည်။

  • မျိုးရိုးလိုက်ခြင်း: မိသားစုဝင်တစ်ဦးဦးတွင် သွေးကင်ဆာ ခံစားနေရပါက မိမိတွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • ကင်ဆာကုသမှု ခံယူဖူးသော ရာဇဝင်ရှိခြင်း: အခြားသော ကင်ဆာရောဂါများအတွက် ဆေးသွင်းကုသမှု (chemotherapy) နှင့် ဓာတ်ရောင်ခြည်ပြကုသမှု (radiation therapy) ခံယူဖူးသူများတွင် သွေးကင်ဆာ ဖြစ်ပွားနိုင်ခြေ တိုးမြင့်သည်။
  • ဆေးလိပ်သောက်ခြင်း: ကိုယ်တိုင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းတို့သည် Acute myelogenous leukemia သွေးကင်ဆာ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသည်။
  • မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်များ: အချို့သော ပုံမှန်မဟုတ်သည့် အခြေအနေများသည် သွေးကင်ဆာ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ဥပမာအားဖြင့် ဒေါင်းရောဂါစု (Down Syndrome) နှင့် အခြားသော ဗီဇဆိုင်ရာ ချို့ယွင်းချက်များ ပါဝင်သည်။
  • ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း: ဘန်ဇင်း (benzene) နှင့် ဖော်မော်ဒီဟိုက် (formaldehyde) ကဲ့သို့သော ကင်ဆာဖြစ်စေတတ်သည့် ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ ဖြစ်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

သွေးစစ်ဆေးချက် ရလဒ်များသည် လူနာတွင် ရုတ်တရက်ဖြစ်သော သွေးကင်ဆာ သို့မဟုတ် နာတာရှည် သွေးကင်ဆာ ရှိ၊ မရှိ ခွဲခြားသိရှိနိုင်ရန် ဆရာဝန်အား ကူညီပေးနိုင်သည်။ တိကျသေချာစွာ ရောဂါရှာဖွေနိုင်ရန် အောက်ပါ အခြားသော စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

  • ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်း (Physical exam): အရေပြား ဖြူဖျော့ခြင်း၊ အရေပြားတွင် သွေးခြေဥခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းနှင့် အသည်း သို့မဟုတ် သရက်ရွက် ကြီးနေခြင်း စသည့် သွေးကင်ဆာ၏ လက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း ဖြစ်သည်။
  • သွေးစစ်ခြင်း (Blood tests): သွေးနီဥ၊ သွေးဖြူဥ သို့မဟုတ် သွေးဥမွှား အရေအတွက်များ ပုံမှန်မဟုတ်ဘဲ ကွဲလွဲနေခြင်းသည် သွေးကင်ဆာရှိနေကြောင်း ညွှန်ပြနိုင်သည်။ သို့သော် သွေးကင်ဆာ အမျိုးအစားအားလုံးသည် သွေးလှည့်ပတ်မှုစနစ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များကို ဖြစ်ပေါ်စေသည်မဟုတ်ဘဲ အချို့အမျိုးအစားများကို ရိုးတွင်းခြင်ဆီအတွင်း၌သာ တွေ့ရှိရတတ်သည်။
  • ရိုးတွင်းခြင်ဆီ အသားစယူခြင်း (Bone marrow biopsy / bone marrow aspiration): ဤလုပ်ဆောင်ချက်တွင် သေးသွယ်ပြီး ရှည်လျားသော အပ်တစ်ချောင်းကို ရိုးတွင်းခြင်ဆီအတွင်းသို့ (ပုံမှန်အားဖြင့် တင်ပါးဆုံရိုးတွင်) ထည့်သွင်း၍ အရည်ကို စုပ်ယူသည်။ ထို့နောက် ရရှိလာသော နမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့၍ ပုံမှန်မဟုတ်သော ဆဲလ်ရာခိုင်နှုန်းကို တိုင်းတာပြီး သွေးကင်ဆာ ရှိ၊ မရှိ ရောဂါဗေဒဆိုင်ရာ စစ်ဆေးအတည်ပြုသည်။

ကုသခြင်း (Treatment)

ကင်ဆာအမျိုးအစား၊ ဖြစ်ပွားရာ တည်နေရာနှင့် ကင်ဆာအဆင့် စသည့် အချက်များသည် ကုသမှုပုံစံကို မည်သို့ရွေးချယ်ရမည်ဆိုသည့်အပေါ် သက်ရောက်မှုရှိပြီး ၎င်းတို့ကို အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရမည် ဖြစ်သည်။

  • ဓာတုဆေးဝါးဖြင့် ကုသခြင်း (Chemotherapy): သွေးကင်ဆာအတွက် အဖြစ်အများဆုံး ကုသမှုဖြစ်ပြီး ကင်ဆာဆဲလ်များကို သတ်ရန် ဆေးဝါးများကို အသုံးပြုသည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ကင်ဆာဆဲလ်များကို သတ်ရန် သို့မဟုတ် ကြီးထွားမှုကို ရပ်တန့်ရန် စွမ်းအင်မြင့် ရောင်ခြည်တန်းများကို အသုံးပြုသည်။ ဤကုသမှုကို ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု မပြုလုပ်မီလည်း အသုံးပြုနိုင်သည်။ ကုသမှုခံယူစဉ်အတွင်း ဓာတ်ရောင်ခြည်ကို ခန္ဓာကိုယ်၏ တိကျသော နေရာတစ်ခုတည်းသို့သော်လည်းကောင်း သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးသို့သော်လည်းကောင်း ချိန်ရွယ်လုပ်ဆောင်နိုင်သည်။
  • ပစ်မှတ်ထား ကုသခြင်း (Targeted therapy): ကင်ဆာဆဲလ်များတွင် တည်ရှိနေသော တိကျသည့် မူမမှန်မှုများကို ပိတ်ဆို့ရန်အတွက် သီးသန့်ဒီဇိုင်းထုတ်ထားသော ကုသမှု ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးပေးနိုင်သည် သို့မဟုတ် ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
  • ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း / စတမ်ဆဲလ် အစားထိုးကုသခြင်း (Bone marrow transplant / stem cell transplant): ဤလုပ်ဆောင်ချက်သည် ကျန်းမာသော စတမ်ဆဲလ်များကို ပြန်လည်ဖွဲ့စည်းပေးရန် ကူညီပေးသည်။ ၎င်းသည် သွေးကင်ဆာဆဲလ်များ မပါဝင်သော စတမ်ဆဲလ်များဖြင့် ပုံမှန်မဟုတ်သည့် ရိုးတွင်းခြင်ဆီနေရာတွင် အစားထိုးပေးပြီး ကျန်းမာသော ရိုးတွင်းခြင်ဆီကို ပြန်လည်ဖြစ်ပေါ်စေသည်။ ရိုးတွင်းခြင်ဆီ အစားထိုးခြင်းမပြုမီ သွေးကင်ဆာဆဲလ်များ ထုတ်လုပ်နေသော ရိုးတွင်းခြင်ဆီများကို သတ်ပစ်ရန်အတွက် ဓာတုဆေးဝါး သို့မဟုတ် ဓာတ်ရောင်ခြည်ကို ပမာဏအလွန်အမင်း မြင့်မားစွာ အရင်ဆုံး ပေးရမည်ဖြစ်သည်။ ထို့နောက်မှ မိမိနှင့် ကိုက်ညီသော အလှူရှင်ထံမှ ရရှိသည့် စတမ်ဆဲလ်များကို ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်သည်။
  • ကိုယ်ခံအားမြှင့် ကုသခြင်း (Immunotherapy): ကင်ဆာရောဂါကို တိုက်ဖျက်ရန် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကူညီပေးသည့် ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များသည် ပရိုတင်းဓာတ်များကို ထုတ်လုပ်လေ့ရှိသောကြောင့် ကိုယ်ခံအားစနစ်အနေဖြင့် ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ခက်ခဲစေသည်။ ရလဒ်အနေဖြင့် ကိုယ်ခံအားစနစ်ရှိ ဆဲလ်များသည် ကင်ဆာဆဲလ်များကို အန္တရာယ်ရှိသည်ဟု မမှတ်မိနိုင်ကြပေ။ ကိုယ်ခံအားမြှင့်ကုသခြင်းသည် အဆိုပါ သဘာဝဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်ပေးခြင်းဖြင့် ထိရောက်မှု ရှိလာစေသည်။

Doctors who treat this condition