နှလုံးရောဂါ အကြောင်း သိကောင်းစရာ

နှလုံးကို ထိခိုက်စေသည့် အမျိုးမျိုးသော ရောဂါများကို နှလုံးရောဂါ (Heart diseases) ဟု ခေါ်ဆိုသည်။ ၎င်းကို သွေးကြောနှင့် နှလုံးဆိုင်ရာ ရောဂါ (Cardiovascular disease) ဟုလည်း ခေါ်ဆိုပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ရည်ညွှန်းသည်။ နှလုံးရောဂါအမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည် –

  • နှလုံးအဆို့ရှင် ရောဂါ (Heart valve disease)
  • သွေးကြောဆိုင်ရာ ရောဂါများ – ဥပမာ – ကိုရိုနရီ သွေးလွှတ်ကြော ရောဂါ (Coronary artery disease)
  • နှလုံးကြွက်သားဆိုင်ရာ ချို့ယွင်းချက်များ (Heart muscle disorder)
  • နှလုံးခုန် မမှန်ခြင်း (Arrhythmias)
  • မွေးရာပါ နှလုံးရောဂါများ (Congenital heart defects)

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးခြင်း၊ ဝိတ်ထိန်းခြင်း၊ ဆေးလိပ်မသောက်ခြင်းနှင့် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်း အပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံကို ရွေးချယ်ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။

ရောဂါလက္ခဏာများ

နှလုံးရောဂါ အမျိုးအစား ပုံစံမတူသည်အလျောက် ရောဂါလက္ခဏာများလည်း ကွဲပြားကြသည်။

  • သွေးကြောများတွင် ဖြစ်ပွားသော နှလုံးရောဂါ လက္ခဏာများ

ကိုရိုနရီ သွေးလွှတ်ကြော ရောဂါ (Coronary artery disease) ဟုခေါ်သည့် အတွေ့ရများသော နှလုံးရောဂါတစ်မျိုးသည် နှလုံးကြွက်သားများကို သွေးထောက်ပံ့ပေးသည့် ပင်မသွေးလွှတ်ကြောများကို ထိခိုက်စေသည်။ ကိုရိုနရီ သွေးလွှတ်ကြော ရောဂါသည် အများအားဖြင့် နှလုံးသွေးလွှတ်ကြောများအတွင်း ကိုလက်စထရော ပိတ်ဆို့မှုများ (Plaques) ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ရသည်။ ဤသို့ ပိတ်ဆို့မှုများ စုပုံလာခြင်းကို သွေးကြောကျဉ်းရောဂါ (Atherosclerosis) ဟု ခေါ်သည်။ သွေးကြောကျဉ်းရောဂါကြောင့် နှလုံးနှင့် အခြား ခန္ဓာကိုယ်အင်္ဂါများသို့ သွေးစီးဆင်းမှု လျော့နည်းသွားပြီး နှလုံးရပ်ခြင်း (Heart attack)၊ ရင်ဘတ်အောင့်ခြင်း (Angina) သို့မဟုတ် လေဖြတ်ခြင်း (Stroke) တို့ကို ဖြစ်ပေါ်စေနိုင်သည်။

အမျိုးသားများနှင့် အမျိုးသမီးများတွင် ကိုရိုနရီ သွေးလွှတ်ကြော ရောဂါ၏ လက္ခဏာများ ကွဲပြားနိုင်သည်။ ဥပမာအားဖြင့် ရင်ဘတ်အောင့်ခြင်းကို အမျိုးသားများတွင် ပိုမိုတွေ့ရများသည်။ အမျိုးသမီးများတွင်မူ ရင်ဘတ်ကျပ်ခြင်းနှင့်အတူ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ချင်ခြင်းနှင့် အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းကဲ့သို့သော ထပ်ဆောင်း လက္ခဏာများကို ပိုမိုခံစားရလေ့ရှိသည်။

ကိုရိုနရီ သွေးလွှတ်ကြော ရောဂါ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • အသက်ရှူရ ခက်ခဲခြင်း
  • ရင်ဘတ် ဖိနှိပ်ထားသကဲ့သို့ ခံစားရခြင်း၊ ရင်ဘတ် မအီမသာဖြစ်ခြင်း၊ ရင်ဘတ်ကျပ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်း
  • လည်ပင်း၊ မေးရိုး၊ လည်ချောင်း၊ ဝမ်းဗိုက်အထက်ပိုင်း သို့မဟုတ် ကျောဘက်တို့တွင် နာကျင်ခြင်း
  • ခြေထောက် သို့မဟုတ် လက်များရှိ သွေးကြောများ ကျဉ်းသွားပါက ထိုနေရာများတွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းခြင်း သို့မဟုတ် အေးစက်ခြင်းတို့ကို ခံစားရနိုင်သည်။

ကိုရိုနရီ သွေးလွှတ်ကြော ရောဂါသည် နှလုံးရပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် နှလုံးပျက်စီးခြင်း (Heart failure) ဖြစ်ပွားပြီးမှသာ စစ်ဆေးတွေ့ရှိရသည်အထိ တိတ်ဆိတ်စွာ ရှိနေနိုင်သည်။ နှလုံးဆိုင်ရာ လက္ခဏာများကို သတိထား စောင့်ကြည့်ရန်နှင့် စိုးရိမ်စရာများရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးသည်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်ပါသည်။

  • နှလုံးခုန် မမှန်ခြင်းကြောင့် ဖြစ်ပွားသော နှလုံးရောဂါ လက္ခဏာများ (Heart arrhythmias)

နှလုံးခုန်နှုန်းသည် အလွန်မြန်ခြင်း၊ အလွန်နှေးခြင်း သို့မဟုတ် ပုံမှန်မဟုတ်ဘဲ မမှန်ဖြစ်နေခြင်းတို့ ဖြစ်နိုင်သည်။ နှလုံးခုန် မမှန်ခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • မူးမေ့လဲမလို ဖြစ်ခြင်း သို့မဟုတ် မူးမေ့လဲခြင်း (Syncope)
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း
  • နှလုံးခုန် မြန်ခြင်း (Tachycardia) သို့မဟုတ် နှလုံးခုန် နှေးခြင်း (Bradycardia)
  • အသက်ရှူရ ခက်ခဲခြင်း
  • ခေါင်းမူးခြင်း သို့မဟုတ် ခေါင်းထဲ ပေါ့ပါးသွားခြင်း
  • ရင်ဘတ်အတွင်း တုန်လှုပ်သကဲ့သို့ ခံစားရခြင်း
  • မွေးရာပါ နှလုံးရောဂါများကြောင့် ဖြစ်ပွားသော လက္ခဏာများ (Congenital heart defects)

ပြင်းထန်သော မွေးရာပါ နှလုံးရောဂါများကို အများအားဖြင့် မွေးဖွားပြီး မကြာမီအချိန်အတွင်း စစ်ဆေးတွေ့ရှိရသည်။ မွေးရာပါ နှလုံးရောဂါရှိသော ကလေးများတွင် အောက်ပါ လက္ခဏာများ တွေ့ရနိုင်သည် –

  • အရေပြား သို့မဟုတ် နှုတ်ခမ်းများ ဖြူဖျော့ပြာနှမ်းနေခြင်း (Cyanosis)
  • ခြေထောက်၊ ဝမ်းဗိုက် သို့မဟုတ် မျက်လုံးတစ်ဝိုက်တွင် ရေဖျန်းရောင်ရမ်းနေခြင်း
  • အစာကျွေးစဉ် သို့မဟုတ် နို့စို့စဉ် အသက်ရှူကျပ်ခြင်းကြောင့် ကိုယ်အလေးချိန် မတက်ခြင်း

စိုးရိမ်စရာ မရှိလှသည့် မွေးရာပါ နှလုံးရောဂါများကို ကလေးဘဝ နောက်ပိုင်း သို့မဟုတ် လူကြီးဘဝ ရောက်မှသာ စစ်ဆေးတွေ့ရှိရတတ်သည်။ အသက်အန္တရာယ် မရှိနိုင်သော မွေးရာပါ နှလုံးရောဂါ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –

  • လက်၊ ခြေကျင်းဝတ် သို့မဟုတ် ခြေထောက်များ ရောင်ရမ်းခြင်း
  • လေ့ကျင့်ခန်း ပြုလုပ်စဉ် သို့မဟုတ် ကိုယ်လက်လှုပ်ရှားစဉ် အသက်ရှူကျပ်ခြင်း
  • လေ့ကျင့်ခန်း ပြုလုပ်စဉ် သို့မဟုတ် ကိုယ်လက်လှုပ်ရှားစဉ် မောပန်းလွယ်ခြင်း
  • နှလုံးကြွက်သား ရောဂါကြောင့် ဖြစ်ပွားသော နှလုံးရောဂါ လက္ခဏာများ (Cardiomyopathy)

Cardiomyopathy ရောဂါ၏ စောစီးသော အဆင့်များတွင် ရောဂါလက္ခဏာလုံးဝ မပြဘဲ ရှိနေနိုင်သည်။ ရောဂါ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ပေါ်ပေါက်လာသည့် လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –

  • မောပန်းနွမ်းနယ်ခြင်း
  • ခြေထောက်၊ ခြေကျင်းဝတ် သို့မဟုတ် ခြေဖဝါးများ ရောင်ရမ်းခြင်း
  • ခေါင်းမူးခြင်း၊ ခေါင်းထဲ ပေါ့ပါးသွားခြင်းနှင့် မူးမေ့လဲခြင်း
  • ကိုယ်လက်လှုပ်ရှားစဉ် သို့မဟုတ် အနားယူနေစဉ် အသက်ရှူကျပ်ခြင်း
  • ညဘက် အိပ်စက်ရန် ကြိုးစားချိန် သို့မဟုတ် နိုးလာချိန်တွင် အသက်ရှူရ ခက်ခဲခြင်း
  • မြန်ဆန်စွာ၊ ပြင်းထန်စွာ သို့မဟုတ် စည်းဝါးမမှန်ဘဲ တုန်လှုပ်စွာ နှလုံးခုန်ခြင်း
  • နှလုံးအဆို့ရှင် ပြဿနာများကြောင့် ဖြစ်ပွားသော နှလုံးရောဂါ လက္ခဏာများ (Valvular heart disease)

နှလုံးတွင် Aortic၊ Mitral၊ Pulmonary နှင့် Tricuspid ဟုခေါ်သည့် အဆို့ရှင် လေးခု ရှိသည်။ သွေးများကို နှလုံးအတွင်း ဖြတ်သန်းစီးဆင်းခွင့်ပြုရန် ၎င်းတို့သည် ပွင့်ခြင်း၊ ပိတ်ခြင်းများကို ပြုလုပ်ကြသည်။ နှလုံးအဆို့ရှင်များသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးနိုင်သည်။ အဆို့ရှင် ကျဉ်းသွားခြင်း (Stenotic)၊ သွေးပြန်ယိုစိမ့်ခြင်း (Regurgitation or insufficiency) သို့မဟုတ် အဆို့ရှင် ကောင်းစွာ မပိတ်ခြင်း (Prolapse) တို့ ဖြစ်ပွားနိုင်သည်။ ၎င်းကို နှလုံးအဆို့ရှင်ရောဂါ ဟုလည်း ခေါ်သည်။ မည်သည့် အဆို့ရှင် ပုံမှန်အလုပ်မလုပ်သည်အပေါ် မူတည်၍ အောက်ပါ လက္ခဏာများ ပေါ်ပေါက်လာလေ့ရှိသည် –

  • မူးမေ့လဲခြင်း (Syncope)
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန် မမှန်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အသက်ရှူရ ခက်ခဲခြင်း
  • ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း

Endocarditis ဆိုသည်မှာ နှလုံးအခန်းများ၏ အတွင်းဘက်အမြှေးပါးနှင့် နှလုံးအဆို့ရှင်များကို ထိခိုက်စေသည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။ Endocarditis ၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –

  • တစိုက်မတ်မတ် အောက်ချောင်းဆိုးခြင်း သို့မဟုတ် ချောင်းခြောက်ဆိုးခြင်း
  • ဖျားခြင်း
  • အရေပြားပေါ်တွင် ပုံမှန်မဟုတ်သော အစက်အပြောက်များ သို့မဟုတ် အနီကွက်များ ထွက်ခြင်း
  • နှလုံးခုန်နှုန်း ပြောင်းလဲခြင်း
  • အသက်ရှူရ ခက်ခဲခြင်း
  • အားနည်းခြင်း သို့မဟုတ် မောပန်းနွမ်းနယ်ခြင်း
  • ဝမ်းဗိုက် သို့မဟုတ် ခြေထောက်များ ရောင်ရမ်းခြင်း

အကယ်၍ သင်သည် အောက်ပါ နှလုံးရောဂါ လက္ခဏာများ ခံစားရပါက အရေးပေါ် ဆေးကုသမှု ကူညီထောက်ပံ့ရေးထံသို့ ချက်ချင်း အကူအညီ တောင်းခံပါ –

  • ရင်ဘတ်အောင့်ခြင်း
  • မူးမေ့လဲခြင်း
  • အသက်ရှူရ ခက်ခဲခြင်း

သင့်တွင် နှလုံးရပ်ခြင်း (Heart attack) ခံစားနေရသည်ဟု ယူဆပါက အရေးပေါ် ဆေးကုသမှု အကူအညီကို ချက်ချင်း ခေါ်ယူပါ။

နှလုံးရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိခြင်းသည် ကုသရ ပိုမိုလွယ်ကူစေသည်။ သင့်နှလုံး ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည့် နည်းလမ်းများအကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။ သင့်မိသားစုတွင် နှလုံးရောဂါ ရာဇဝင်ရှိပါက ဤသို့ ပြုလုပ်ရန် ပို၍ပင် အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သီးသန့် ဖြစ်ပွားသည့် နှလုံးရောဂါ တစ်ခုချင်းစီ၏ အကြောင်းအရင်းများသည် ကွဲပြားကြသည်။ နှလုံးရောဂါသည် အမျိုးအစား ပုံစံမျိုးစုံဖြင့် လာတတ်သည်။

  • ကိုရိုနရီ သွေးလွှတ်ကြော ရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

ကိုရိုနရီ သွေးလွေးကြော ရောဂါ ဖြစ်ပွားရသည့် အတွေ့ရဆုံး အကြောင်းအရင်းမှာ သွေးလွှတ်ကြောများအတွင်း အဆီအခဲများ စုပုံလာသည့် သွေးကြောကျဉ်းရောဂါ (Atherosclerosis) ကြောင့် ဖြစ်သည်။ မသန့်ရှင်းသော အစားအသောက်၊ လေ့ကျင့်ခန်း မလုပ်ခြင်း၊ ဝလွန်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ဖြစ်နိုင်ခြေ မြင့်မားစေသည့် အချက်များ ဖြစ်ကြသည်။ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံကို လိုက်နာနေထိုင်ခြင်းဖြင့် သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

  • နှလုံးခုန် မမှန်ခြင်း (Arrhythmias) ဖြစ်ပွားရသည့် အကြောင်းအရင်းများ

အောက်ပါတို့သည် နှလုံးခုန် မမှန်ခြင်းကို ဖြစ်စေသည့် အဖြစ်များသော အကြောင်းအရင်းများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ဖြစ်ကြသည် –

  • သွေးတိုးရောဂါ
  • ဆေးလိပ်သောက်ခြင်း
  • ကိုရိုနရီ သွေးလွှတ်ကြော ရောဂါ
  • နှလုံးကြွက်သား ရောဂါ (Cardiomyopathy)
  • ဆီးချိုရောဂါ
  • မူးယစ်ဆေးဝါး သုံးစွဲခြင်း
  • စိတ်ဖိစီးမှု ခံစားရခြင်း
  • အရက် သို့မဟုတ် ကဖိန်းဓာတ် အလွန်အမင်း သုံးစွဲခြင်း
  • မွေးရာပါ နှလုံးရောဂါများ
  • နှလုံးအဆို့ရှင် ရောဂါ
  • ဆရာဝန်ညွှန်ကြားချက် မပါဘဲ အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာ အချို့ကို သောက်သုံးခြင်း
  • မွေးရာပါ နှလုံးရောဂါများ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

သန္ဓေသားသည် မိခင်ဝမ်းဗိုက်အတွင်း ဖွံ့ဖြိုးလာသည့် အချိန်ကာလအတွင်း မွေးရာပါ နှလုံးရောဂါ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ပဋိသန္ဓေ တည်ပြီး တစ်လခန့်အကြာတွင် ဖွံ့ဖြိုးလာသော သန္ဓေသား၏ နှလုံးမှ မွေးရာပါ နှလုံးရောဂါ စတင်ဖြစ်ပေါ်သည်။ မွေးရာပါ နှလုံးရောဂါများသည် နှလုံး၏ သွေးစီးဆင်းမှုကို ပြောင်းလဲစေသည်။ အချို့သော ရောဂါများ၊ ဆေးဝါးများနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်များကြောင့် မွေးရာပါ နှလုံးရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။

  • နှလုံးကြွက်သား ထူထဲခြင်း သို့မဟုတ် ကြီးလာခြင်း (Cardiomyopathy) ဖြစ်ပွားရသည့် အကြောင်းအရင်းများ

Cardiomyopathy အမျိုးအစားအပေါ် မူတည်၍ ဖြစ်ပွားရသည့် အကြောင်းအရင်း ကွဲပြားသည် –

  • Dilated cardiomyopathy: အတွေ့ရဆုံး ဖြစ်သည့် ဤ Cardiomyopathy အမျိုးအစားသည် အများအားဖြင့် ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရပေ။ မိဘများထံမှ ကလေးများသို့ မျိုးရိုးလိုက်ခြင်း (Inherited) လည်း ဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် ဤရောဂါသည် နှလုံး၏ ပင်မ သွေးညှစ်ပေးရသည့် အခန်း (ဘယ်ဘက် နှလုံးခန်းအောက်ပိုင်း – Left ventricle) တွင် စတင်ပေါ်ပေါက်လေ့ရှိသည်။ နှလုံးရပ်ခြင်း၊ ကူးစက်ရောဂါများ၊ အဆိပ်အတောက်များနှင့် ကင်ဆာကုသရာတွင် သုံးသည့် ဆေးဝါးများ အပါအဝင် အချို့သော ဆေးဝါးများသည် ဘယ်ဘက် နှလုံးခန်းအောက်ပိုင်းကို ထိခိုက်ပျက်စီးစေနိုင်သည်။
  • Hypertrophic cardiomyopathy: ပုံမှန်အားဖြင့် မိသားစုများအတွင်း မျိုးရိုးလိုက်၍ (Inherited) ဖြစ်ပွားလေ့ရှိသည်။
  • Restrictive cardiomyopathy: အတွေ့ရ အနည်းဆုံး Cardiomyopathy အမျိုးအစားဖြစ်ပြီး ခိုင်လုံသော အကြောင်းအရင်း မရှိဘဲ ဖြစ်ပွားနိုင်သည်။ နှလုံးအတွင်း Amyloid ပရိုတင်းများ စုပုံလာသည့် Cardiovascular amyloidosis ရောဂါနှင့် သီးသန့် အမျှင်တစ်ရှူးဆိုင်ရာ ပြဿနာများကြောင့် တစ်ခါတစ်ရံ ဖြစ်ပွားနိုင်သည်။
  • နှလုံးကူးစက်ရောဂါများ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

ဘက်တီးရီးယားများသည် နှလုံး သို့မဟုတ် နှလုံးအဆို့ရှင်များအတွင်းသို့ ဝင်ရောက်သွားသည့်အခါ Endocarditis ကဲ့သို့သော နှလုံးကူးစက်ရောဂါများ ဖြစ်ပွားရသည်။ နှလုံးကူးစက်ရောဂါများ ဖြစ်ပွားရသည့် အတွေ့ရဆုံး အကြောင်းအရင်းများမှာ အောက်ပါတို့ ဖြစ်ကြသည် –

  • ဗိုင်းရပ်စ်များ (Viruses)
  • ဘက်တီးရီးယားများ (Bacteria)
  • ပရိုတိုဇိုးဝါး/ပါရာဆိုက်များ (Parasites)
  • နှလုံးအဆို့ရှင် ရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

နှလုံးအဆို့ရှင် ပြဿနာများသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သည်။ အချို့သူများသည် မွေးရာပါ နှလုံးအဆို့ရှင် ပြဿနာများ ပါလာတတ်ကြသည် (မွေးရာပါ နှလုံးအဆို့ရှင်ရောဂါ)။ အောက်ပါ အခြေအနေများသည်လည်း နှလုံးအဆို့ရှင် ရောဂါကို ဖြစ်စေရန် ထောက်ပံ့ပေးနိုင်သည် –

  • လေးဘက်နာ အဆစ်ရောင် ဖျားရောဂါ (Rheumatic fever)
  • အမျှင်တစ်ရှူးဆိုင်ရာ ရောဂါများ (Disorders of connective tissues)
  • ပိုးဝင်ခြင်းကြောင့် ဖြစ်သော Endocarditis ရောဂါ (Infectious endocarditis)

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်သည့်အပြင် သင်၏ တစ်ကိုယ်ရေနှင့် မိသားစု ဆေးမှတ်တမ်းများအကြောင်းကိုလည်း မေးမြန်းပါလိမ့်မည်။ နှလုံးရောဂါကို အောက်ပါ စစ်ဆေးမှု အမျိုးမျိုးကို အသုံးပြု၍ ရောဂါအမည် တပ်ကြသည် –

  • နှလုံးလျှပ်စစ်လှိုင်း တိုင်းတာခြင်း – ECG သို့မဟုတ် EKG (Electrocardiogram): နှလုံးအတွင်းရှိ လျှပ်စစ်စက်ကွင်း စစ်ကြောင်းများကို ဖမ်းယူပေးပြီး နှလုံးခုန်နှုန်း အလွန်မြန်နေခြင်း သို့မဟုတ် အလွန်နှေးနေခြင်း ရှိမရှိ ဖော်ထုတ်ရာတွင် ကူညီပေးသည်။
  • ဟိုးတာ မိုနီတာ တိုင်းတာခြင်း (Holter monitoring): Holter monitor ဟုခေါ်သော သယ်ဆောင်ရလွယ်ကူသည့် ECG ကိရိယာကို ပုံမှန် ECG စစ်ဆေးမှုတွင် လွတ်သွားနိုင်သော မူမမှန် နှလုံးခုန်နှုန်းများကို သိရှိနိုင်ရန် တစ်ရက် သို့မဟုတ် ထို့ထက်ပို၍ တပ်ဆင်ထားပြီး နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများအတွင်း နှလုံး၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်သည်။
  • နှလုံးဓာတ်မှန် ရိုက်ခြင်း (Echocardiogram): နာကျင်မှုမရှိဘဲ ခန္ဓာကိုယ်ပြင်ပမှ စမ်းသပ်သည့် ဤစစ်ဆေးမှုတွင် ခုန်နေသော နှလုံး၏ တိကျသည့် ပုံရိပ်များကို ရရှိရန် အသံလှိုင်းများကို အသုံးပြုသည်။ ၎င်းသည် နှလုံးအဆို့ရှင်များ၏ လုပ်ဆောင်ပုံနှင့် နှလုံးအတွင်း သွေးစီးဆင်းပုံကို ပြသပေးသည်။ အဆို့ရှင်တစ်ခုခု ကျဉ်းနေပါက သို့မဟုတ် သွေးယိုစိမ့်နေပါက Echocardiogram စစ်ဆေးမှုက စစ်ဆေးဖော်ထုတ်ရာတွင် ကူညီပေးနိုင်သည်။
  • လေ့ကျင့်ခန်းပြုလုပ်စဉ် နှလုံးစမ်းသပ်ခြင်း သို့မဟုတ် စိတ်ဖိစီးမှု စစ်ဆေးခြင်း (Exercise tests or stress tests): လေ့ကျင့်ခန်း ပြုလုပ်ခြင်းအပေါ် နှလုံး၏ တုံ့ပြန်ပုံနှင့် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်း ရှိမရှိ သိရှိနိုင်ရန် ပြေးစက် သို့မဟုတ် ပုံသေ စက်ဘီးကို စီးနေစဉ် နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာသည်။ အကယ်၍ သင်သည် လေ့ကျင့်ခန်း မလုပ်နိုင်ပါက ဆေးဝါးများ ပေးအပ်နိုင်သည်။
  • နှလုံးသွေးကြောအတွင်း ပိုက်ထည့်၍ စစ်ဆေးခြင်း (Cardiac catheterization): နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့နေမှုကို ဖော်ပြပေးသည်။ ပုံမှန်အားဖြင့် ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်ရှိ သွေးကြောအတွင်းသို့ ရှည်လျားပြီး သေးငယ်ပျော့ပျောင်းသော ပိုက်ပျော့ (Catheter) ကို ထည့်သွင်း၍ နှလုံးသို့ ရောက်ရှိစေသည်။ နှလုံး၏ သွေးလွှတ်ကြောများထံ ရောက်ရှိရန် ဆေးရည်သည် ပိုက်ပျော့မှတစ်ဆင့် ဖြတ်သန်းသွားသည်။ စစ်ဆေးမှုအတွင်း ဤဆေးရည်က သွေးလွှတ်ကြောများကို X-ray ပုံရိပ်များပေါ်တွင် ပိုမိုထင်ရှားစွာ မြင်တွေ့ရစေသည်။
  • နှလုံး ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း – Heart CT scan (Cardiac Computed Tomography scan): နှလုံး CT scan ရိုက်ရန်အတွက် ဒိုးနတ်မုန့် ပုံသဏ္ဌာန်ရှိသော စက်အတွင်းမှ ခုတင်ပေါ်တွင် လှဲလျောင်းရသည်။ စက်၏ အတွင်းဘက်ရှိ X-ray ပြွန်သည် သင့်ခန္ဓာကိုယ်ကို လှည့်ပတ်၍ ရင်ဘတ်နှင့် နှလုံး၏ ပုံရိပ်များကို ရိုက်ယူသည်။
  • နှလုံး သံလိုက်ဓာတ်မှန် ရိုက်ခြင်း – Heart MRI scan (Cardiac Magnetic Resonance Imaging scan): နှလုံး MRI တွင် နှလုံး၏ တိကျသော ပုံရိပ်များကို ထုတ်လုပ်ရန် ကွန်ပျူတာမှ ဖန်တီးထားသော သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည်။

ကုသခြင်း

(Treatment)

နှလုံးရောဂါ ကုသမှုသည် နှလုံးထိခိုက်မှု အမျိုးအစားနှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းအပေါ် မူတည်သည်။ ဆေးလိပ်ဖြတ်ခြင်း၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ အဆီနည်းပြီး ဆိုဒီယမ် (ဆား) နည်းသော အစားအသောက်များကို စားသုံးခြင်း အပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများအတိုင်း လိုက်နာနေထိုင်ခြင်းတို့သည် ကုသမှု၏ အဓိက အစိတ်အပိုင်းများ ဖြစ်ကြသည်။

ဆေးဝါးများ (Medications)

လူနေမှုဘဝပုံစံ ပြောင်းလဲရုံမျှဖြင့် ထိရောက်မှုမရှိပါက နှလုံးရောဂါ လက္ခဏာများကို ထိန်းချုပ်ရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ဆေးဝါးများ လိုအပ်နိုင်သည်။ လိုအပ်သည့် ဆေးဝါးအမျိုးအစားမှာ ဖြစ်ပွားနေသည့် နှလုံးရောဂါ အခြေအနေအပေါ် မူတည်သည်။

ခွဲစိတ်ကုသခြင်း သို့မဟုတ် အခြားသော ကုသမှု နည်းလမ်းများ (Surgery or other procedures)

အချို့သော နှလုံးရောဂါ ခံစားနေရသူများသည် အကူအကုထုံး သို့မဟုတ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ လိုအပ်သည့် ခွဲစိတ်မှု အမျိုးအစားကို နှလုံးရောဂါ အမျိုးအစားနှင့် နှလုံးထိခိုက်မှု ပြင်းထန်မှု ပမာဏအပေါ် မူတည်၍ သတ်မှတ်မည် ဖြစ်သည်။

Doctors who treat this condition