ရာသီလာစဉ် ကိုက်ခဲခြင်း
ရာသီလာစဉ် ကိုက်ခဲခြင်း ရောဂါ
အကြောင်း သိကောင်းစရာ
ဒစ်စမဲနိုးရီးယား (Dysmenorrhea) သို့မဟုတ် ရာသီလာစဉ် ကိုက်ခဲခြင်းဆိုသည်မှာ ဝမ်းဗိုက်အောက်ပိုင်းတွင် စူးခနဲ သို့မဟုတ် ထိုးခနဲ ခံစားရသော နာကျင်မှု ဖြစ်သည်။ ရာသီမလာမီနှင့် လာစဉ်အချိန်များတွင် အမျိုးသမီးအတော်များများ ဒစ်စမဲနိုးရီးယားကို ခံစားရလေ့ရှိသည်။ ထပ်ခါတလဲလဲ ဖြစ်ပွားသော နာကျင်မှုကို မူလ ဒစ်စမဲနိုးရီးယား (primary dysmenorrhea) ဟု ခေါ်ဆိုပြီး၊ မျိုးပွားအင်္ဂါစနစ်ဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပွားပါက ဒုတိယ ဒစ်စမဲနိုးရီးယား (secondary dysmenorrhea) ဟု ခေါ်ဆိုသည်။
အချို့သော အမျိုးသမီးများအတွက် အဆိုပါ မအီမသာဖြစ်မှုသည် စိတ်ရှုပ်စရာမျှသာ ဖြစ်နိုင်သည်။ အခြားသူများအတွက်မူ လစဉ် ရက်အနည်းငယ်မျှ ပုံမှန်ဘဝအတိုင်း မနေနိုင်တော့သည်အထိ ရာသီလာစဉ် ကိုက်ခဲမှုကို ပြင်းထန်စွာ ခံစားရနိုင်သည်။
ဒစ်စမဲနိုးရီးယားသည် သားအိမ် အကျိတ်များ သို့မဟုတ် သားအိမ်ပြင်ပ သားအိမ်နံရံဆဲလ်များ ရောက်ရှိခြင်း ကဲ့သို့သော အခြေအနေများကြောင့် ဖြစ်ပွားနိုင်သည်။ နာကျင်မှုကို လျှော့ချရန် သော့ချက်မှာ အရင်းခံ အကြောင်းအရင်းကို ကုသခြင်း ဖြစ်သည်။ အခြားသော ရောဂါများကြောင့် ဖြစ်ပွားခြင်း မဟုတ်ပါက ရာသီလာစဉ် ကိုက်ခဲမှုသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ သက်သာသွားလေ့ရှိပြီး ကလေးမွေးဖွားပြီးနောက်ပိုင်းတွင် လုံးဝ ပျောက်ကင်းသွားလေ့ရှိသည်။
ရောဂါလက္ခဏာများ
ရာသီလာစဉ် ကိုက်ခဲခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –
- ရာသီမလာမီ အချိန်မှစ၍ စတင်ဖြစ်ပေါ်ပြီး ရာသီစတင်လာပြီးနောက်ပိုင်းတွင် အပြင်းထန်ဆုံးဖြစ်ကာ အချိန်အတွင်း ပျောက်ကင်းသွားသော နာကျင်မှု
- ဝမ်းဗိုက်အောက်ပိုင်းတွင် ပြင်းထန်စွာ ထိခိုက်ရစ်နာခြင်း သို့မဟုတ် ကိုက်ခဲခြင်း
- ဝမ်းဗိုက်တွင် ဖိအားခံစားရခြင်း
- ပေါင်နှင့် ခါးအောက်ပိုင်းတို့တွင် နာကျင်မှု ခံစားရခြင်း
- စွဲမြဲစွာ မပြင်းထန်ဘဲ ကိုက်ခဲနေခြင်း
အချို့သော အမျိုးသမီးများတွင် အောက်ပါ လက္ခဏာများကိုလည်း ကြုံတွေ့ရနိုင်သည် –
- ခေါင်းမူးခြင်း ခံစားရခြင်း
- ခေါင်းကိုက်ခြင်း
- ဝမ်းလျှောခြင်း
- ပျို့အန်ခြင်း
ဒစ်စမဲနိုးရီးယားသည် လစဉ် သင့်ဘဝကို ထိခိုက်နေပြီဆိုပါက၊ လက္ခဏာများ ပိုမိုဆိုးရွားလာပါက သို့မဟုတ် အသက် ၂၅ အရွယ်ရောက်ပြီးမှ စတင်ဖြစ်ပွားလာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
မီးယပ်ရာသီစက်ဝန်းအတွင်း သားအိမ်နံရံများကို စွန့်ထုတ်ရလွယ်ကူစေရန် သင့်သားအိမ်သည် ညှစ်ထုတ်ပေးသည်။ နာကျင်မှုနှင့် ရောင်ရမ်းမှုတို့တွင် ပါဝင်သော ဟော်မုန်းကဲ့သို့သော မော်လီကျူးများ (ပရိုစတာဂလန်းဒင်း / prostaglandins) ကြောင့် သားအိမ်ကြွက်သားများ ညှစ်ထုတ်ရခြင်း ဖြစ်သည်။ ပရိုစတာဂလန်းဒင်း ပမာဏ ပိုမိုမြင့်မားခြင်းသည် ပိုမိုပြင်းထန်သော ရာသီလာစဉ် ကိုက်ခဲမှုများနှင့် ဆက်စပ်နေသည်။
ရာသီလာစဉ် ကိုက်ခဲခြင်းသည် အောက်ပါတို့ကြောင့် ဖြစ်ပေါ်နိုင်သည် –
- သားအိမ်ပြင်ပ သားအိမ်နံရံဆဲလ်များ ရောက်ရှိခြင်း (Endometrial) – သားအိမ်ပြင်ပတွင် သားအိမ်နံရံကဲ့သို့ လုပ်ဆောင်သော တစ်ရှူးများ ပွားများလာခြင်းဖြစ်ပြီး သားဥပြွန်များ၊ သားဥအိမ်များ သို့မဟုတ် ဆီးစပ်ပိုင်းကို ဖုံးအုပ်ထားသော တစ်ရှူးများပေါ်တွင် အများဆုံး ဖြစ်ပွားသည်။
- သားအိမ် အကျိတ်များ (Uterine fibroids) – ယင်းတို့သည် သားအိမ်နံရံတွင် ဖြစ်ပေါ်လေ့ရှိပြီး နာကျင်မှုကို ဖြစ်စေနိုင်သော ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်ကြသည်။
- သားအိမ်ကြွက်သားတွင်း သားအိမ်နံရံဆဲလ်များ ရောက်ရှိခြင်း (Adenomyosis) – သင့်သားအိမ်နံရံများသည် သားအိမ်ကြွက်သားများနှင့် ပေါင်းစပ်လာခြင်း ဖြစ်သည်။
- ဆီးစပ်ပိုင်း ရောင်ရမ်းသည့် ရောဂါ (Pelvic inflammatory disease) – အမျိုးသမီး မျိုးပွားအင်္ဂါစနစ်တွင် ဖြစ်ပွားသော အဆိုပါ ရောဂါကို ဖြစ်စေသည့် ကူးစက်ရောဂါသည် အများအားဖြင့် လိင်မှတစ်ဆင့် ကူးစက်လေ့ရှိသည်။
- သားအိမ်ခေါင်း ကျဉ်းခြင်း (Cervical stenosis) – အချို့သော အမျိုးသမီးများတွင် သားအိမ်ခေါင်း အဝသည် အလွန်ကျဉ်းမြောင်းလွန်းသဖြင့် ရာသီသွေး စီးဆင်းမှုကို တားဆီးသကဲ့သို့ ဖြစ်စေပြီး သားအိမ်အတွင်း ဖိအားကို နာကျင်စွာ မြင့်တက်စေသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
ဒစ်စမဲနိုးရီးယား ဖြစ်ပွားမှုကို ပိုမိုမြင့်မားစေသည့် ဖြစ်နိုင်ချေ အချက်အလက်များမှာ အောက်ပါတို့ ဖြစ်ကြသည် –
- အသက်အရွယ် ၃၀ အောက်ငယ်ရွယ်ခြင်း
- အရွယ်ရောက်စ အသက်အရွယ် စောခြင်း ( အသက် ၁၁ နှစ် သို့မဟုတ် ထို့ထက် ငယ်ရွယ်ခြင်း)
- ရာသီသွေး အလွန်အမင်း ဆင်းခြင်း (menorrhagia)
- ပုံမှန်မဟုတ်သော မီးယပ်ရာသီ လာခြင်း (metrorrhagia)
- မိသားစုအတွင်း ဒစ်စမဲနိုးရီးယား ဖြစ်ပွားဖူးသော ရာဇဝင်ရှိခြင်း
- ဆေးလိပ်သောက်ခြင်း
ရောဂါရှာဖွေခြင်း
သင့်ဆရာဝန်သည် သင့်ဆေးဝါးကုသမှု ရာဇဝင်ကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ဆီးစပ်ပိုင်း စစ်ဆေးမှု အပါအဝင် ခန္ဓာကိုယ် ပုံမှန်စစ်ဆေးခြင်းများကို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ဆရာဝန်သည် သင့်မျိုးပွားအင်္ဂါများတွင် ပုံမှန်မဟုတ်သည့် အခြေအနေများ ရှိမရှိနှင့် ကူးစက်ရောဂါ အရိပ်အယောင်များ ရှိမရှိ ရှာဖွေရန် သင့်ဆီးစပ်ပိုင်းကို စစ်ဆေးမည်ဖြစ်သည်။
ထို့အပြင် သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးသူက အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်သည် –
- အာထရာဆောင်း (Ultrasound) – အဆိုပါ စစ်ဆေးမှုသည် အသံလှိုင်းများကို အသုံးပြု၍ သင့်သားအိမ်၊ သားအိမ်ခေါင်း၊ သားဥပြွန်များနှင့် သားဥအိမ်တို့၏ ပုံရိပ်ကို ဖန်တီးပေးသည်။
- အခြား ပုံရိပ်ဖော် စစ်ဆေးမှုများ – အာထရာဆောင်းသည် ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI scan) ကဲ့သို့ အသေးစိတ် အချက်အလက်များကို မပေးနိုင်ဘဲ၊ အဆိုပါ စစ်ဆေးမှုများသည် အရင်းခံ ပြဿနာများကို သင့်ဆရာဝန်မှ သိရှိနိုင်ရန် ကူညီပေးနိုင်သည်။
ကွန်ပျူတာဓာတ်မှန် (CT scan) – ခန္ဓာကိုယ်၏ အရိုးများ၊ အင်္ဂါများနှင့် အခြား နူးညံ့သော တစ်ရှူးများ၏ ကန့်လန့်ဖြတ် ပုံရိပ်များကို ဖန်တီးရန် ဓာတ်မှန်ပုံရိပ် အများအပြားကို ပေါင်းစပ်အသုံးပြုသည်။
သံလိုက်ဓာတ်မှန် (MRI scan) – အတွင်းပိုင်း တည်ဆောက်ပုံများ၏ တိကျသော ပုံရိပ်များကို ဖန်တီးရန် အားပြင်း သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည်။ စစ်ဆေးမှု နှစ်ခုစလုံးသည် နာကျင်မှုမရှိဘျး ခန္ဓာကိုယ်ကို ခွဲစိတ်ဖောက်ထွင်းရန် မလိုသော စစ်ဆေးမှုများ ဖြစ်ကြသည်။
- မှန်ပြောင်းသုံး စစ်ဆေးခြင်း (Laparoscopy) – ပုံမှန်အားဖြင့် ရာသီလာစဉ် ကိုက်ခဲခြင်းကို ရောဂါအမည်တပ်ရန် မလိုအပ်သော်လည်း မှန်ပြောင်းသုံး စစ်ဆေးခြင်းသည် သားအိမ်ပြင်ပ သားအိမ်နံရံဆဲလ်များ ရောက်ရှိခြင်း၊ တစ်ရှူးတွဲကပ်ခြင်းများ၊ အကျိတ်များ၊ သားဥအိမ် ရေအိတ်များနှင့် သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း ကဲ့သို့သော အရင်းခံ ပြဿနာများကို သိရှိနိုင်ရန် ကူညီပေးနိုင်သည်။ ယင်းသည် ပြင်ပလူနာ ခွဲစိတ်မှုတစ်ခု ဖြစ်ပြီး ဆရာဝန်က သင့်ဝမ်းဗိုက်တွင် သေးငယ်သော ခွဲစိတ်ဒဏ်ရာ အနည်းငယ် ပြုလုပ်ကာ သင့်မျိုးပွားအင်္ဂါများနှင့် ဝမ်းဗိုက်ခေါင်းအတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးရန် ကင်မရာပါသော ဖိုင်ဘာအော့ပတစ် ပိုက်ကို ထည့်သွင်းခြင်း ဖြစ်သည်။
ကုသခြင်း
(Treatment)
သင့်ဆရာဝန်သည် သင့်ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေရန် အောက်ပါတို့အား အကြံပြုနိုင်သည် –
- အကိုက်အခဲပျောက်ဆေးများ – နာကျင်မှုကို သက်သာစေရန် ရာသီစတင်လာမည်ဟု မျှော်လင့်ထားသည့်နေ့ မတိုင်မီ အိုင်ဗျူပရိုဖင် (ibuprofen) သို့မဟုတ် နာပရောက်ဆင် ဆိုဒီယမ် (naproxen sodium) တို့ကို ပုံမှန် ပမာဏအတိုင်း စတင်သောက်သုံးပါ။ စတီရွိုက် မဟုတ်သော ရောင်ရမ်းမှု သက်သာဆေးများကို ဆရာဝန် ဆေးစာဖြင့်လည်း ရရှိနိုင်သည်။
ရာသီစတင်လာချိန် သို့မဟုတ် လက္ခဏာများ စတင်ခံစားရသည်နှင့်တစ်ပြိုင်နက် အကိုက်အခဲပျောက်ဆေးကို ညွှန်ကြားထားသည့်အတိုင်း နောက်ထပ် ရက်အနည်းငယ်ကြာအောင် သို့မဟုတ် နာကျင်မှု ပျောက်ကင်းသည်အထိ သောက်သုံးပါ။
- ဟော်မုန်းသုံး ပဋိသန္ဓေတားနည်းများ – သောက်ဆေး ကိုယ်ဝန်တားဆေးများတွင် ပါဝင်သော ဟော်မုန်းများသည် သားဥကြွေခြင်းကို တားဆီးပေးပြီး ရာသီလာစဉ် ကိုက်ခဲမှု၏ ပြင်းထန်မှုကို လျှော့ချပေးသည်။ အဆိုပါ ဟော်မုန်းများကို ပေးပို့သည့် အခြားနည်းလမ်းများတွင် ဆေးထိုးခြင်း၊ အရေပြားပေါ် ကပ်သည့် အကပ်လွှာများ၊ လက်မောင်းအတွင်း ထည့်သွင်းသည့် ပစ္စည်းများ၊ ကွေးညွှတ်နိုင်သော မိန်းမကိုယ်ကွင်းများ၊ အရေပြားအောက် ထည့်သွင်းသည့် ပစ္စည်းများနှင့် သားအိမ်တွင်းထည့် ပစ္စည်းများ (IUD) တို့ ပါဝင်သည်။
- ခွဲစိတ်ကုသခြင်း – သားအိမ်ပြင်ပ သားအိမ်နံရံဆဲလ်များ ရောက်ရှိခြင်း သို့မဟုတ် အကျိတ်များ ကဲ့သို့သော ရာသီလာစဉ် ကိုက်ခဲမှုကို ဖြစ်စေသည့် အခြေအနေကို ကုသရန် ခွဲစိတ်ခြင်းသည် သင့်လက္ခဏာများကို သက်သာစေနိုင်သည်။ ကိုယ်ဝန်ဆောင်ရန် အစီအစဉ် မရှိပါက သို့မဟုတ် အခြား ကုသမှုများ မအောင်မြင်ပါက သင့်သားအိမ်ကို ခွဲစိတ်ထုတ်ပစ်ခြင်းသည် ဖြစ်နိုင်ခြေတစ်ခု ဖြစ်နိုင်သည်။
