အကျဉ်းချုပ်

လေးဖက်နာအဆစ်ရောင်ရောဂါသည် ခန္ဓာကိုယ်ရှိ

အဆစ်များကို ထိခိုက်စေသည့် နာတာရှည် ခုခံအားစနစ်မူမမှန်သော ရောဂါတစ်မျိုးဖြစ်သည်။ လူနာအချို့တွင် အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံးနှင့် သွေးကြောများကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများကို ခံစားရနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်က မိမိ၏ တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်သောအခါ ဖြစ်ပေါ်လာသည့် နာတာရှည် ရောင်ရမ်းရောဂါဖြစ်သည်။

လေးဖက်နာအဆစ်ရောင်ရောဂါသည် သာမန်အရိုးအဆစ်ရောင်ရောဂါနှင့် မတူဘဲ အဆစ်များ၏ အတွင်းဘက် အမြှေးပါးများကို ထိခိုက်စေကာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေပြီး အရိုးများပျက်စီးလာခြင်း သို့မဟုတ် အဆစ်ပုံပျက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ လေးဖက်နာအဆစ်ရောင်ရောဂါကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းမှုသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်သည်။ ကုသမှုတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိစေရန် ဆေးဝါးအသစ်များကို တီထွင်ထားသော်လည်း အဆင့်ပြင်းထန်သော လေးဖက်နာအဆစ်ရောင်ရောဂါ လူနာများသည် ကိုယ်ခန္ဓာမသန်စွမ်းမှုများကို ခံစားရနိုင်ခြေ ရှိနေဆဲဖြစ်သည်။

ရောဂါလက္ခဏာများ

လေးဖက်နာအဆစ်ရောင်ရောဂါတွင် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်

  • အဆစ်များ ပူနွေးခြင်း ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း
  • နံနက်ခင်းများနှင့် ကြာရှည်စွာ မလှုပ်မရှား နေပြီးနောက်တွင် အဆစ်များ တောင့်တင်းခြင်း
  • ခန္ဓာကိုယ် ဘယ်ညာ နှစ်ဖက်လုံးရှိ တူညီသော အဆစ်နေရာများတွင် တောင့်တင်းခြင်းနှင့် နာကျင်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း အားနည်းခြင်း ဖျားနာခြင်းနှင့် အစာစားချင်စိတ် လျော့နည်းခြင်း

လေးဖက်နာအဆစ်ရောင်ရောဂါ၏ ကနဦးအဆင့်သည်

များသောအားဖြင့် အရွယ်အစားသေးငယ်သော အဆစ်များ အထူးသဖြင့် လက်နှင့် လက်ချောင်းများကြားရှိ အဆစ်များ သို့မဟုတ် ခြေချောင်းနှင့် ခြေထောက်ကြားရှိ အဆစ်များကို စတင်ထိခိုက်လေ့ရှိသည်။ ရောဂါအခြေအနေ ပိုဆိုးလာပါက ရောဂါလက္ခဏာများသည် လက်ကောက်ဝတ်များ ခြေချင်းဝတ်များ၊ ဒူးများ၊ တံတောင်ဆစ်များ၊ ပခုံးများနှင့် တင်ပါးဆုံရိုးများဆီသို့ ပျံ့နှံ့သွားလေ့ရှိသည်။

သို့သော် လူနာ ၄၀ ရာခိုင်နှုန်းခန့်တွင် အဆစ်များအပြင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင်ပါ ရောဂါလက္ခဏာများ ခံစားရလေ့ရှိသည်။ အကယ်၍ နာကျင်ခြင်း မသက်မသာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းတို့သည် အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ခန္ဓာကိုယ်တွင် တခြားထိခိုက်နိုင်သော နေရာများမှာ အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ တံတွေးဂလင်းများ၊ အာရုံကြောတစ်ရှူး ရိုးတွင်းခြင်ဆီနှင့် သွေးကြောများ ဖြစ်ကြသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ပုံမှန်လည်ပတ်နေသော ခန္ဓာကိုယ်တစ်ခုတွင်

ခုခံအားစနစ်သည် ခန္ဓာကိုယ်ကို ကူးစက်ရောဂါများနှင့် အခြားရောဂါများမှ ကာကွယ်ပေးသည်။ လေးဖက်နာအဆစ်ရောင်ရောဂါ ခံစားရသော လူနာများတွင်မူ အကြောင်းရင်းတစ်ခုခုက ခုခံအားစနစ်ကို လှုံ့ဆော်လိုက်ပြီး အဆစ်များတွင်ရှိသော ကျန်းမာသော တစ်ရှူးများကို တိုက်ခိုက်စေသည်။ ဤတိုက်ခိုက်မှုသည် နှလုံး၊ အဆုတ်၊ အာရုံကြောများ၊ မျက်လုံးနှင့် အရေပြားတို့ကို ထိခိုက်စေနိုင်သည်။ ဤရောဂါဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရှိရသေးသော်လည်း မျိုးရိုးဗီဇသည် အဓိက လှုံ့ဆော်ပေးသော အချက်တစ်ခု ဖြစ်ပုံရသည်။ လူ့မျိုးရိုးဗီဇများသည် လေးဖက်နာအဆစ်ရောင်ရောဂါ၏ သဘာဝအကြောင်းရင်း မဟုတ်သော်လည်း ပတ်ဝန်းကျင်ရှိ ရောဂါဖြစ်ပွားစေနိုင်သော ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများ ပါဝင်သည့် အကြောင်းအရာများနှင့် ဓာတ်ပြုမှု ဖြစ်ပေါ်စေနိုင်သည်။

လေးဖက်နာအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို

မြင့်တက်စေသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်

  • လိင် – အမျိုးသမီးများသည် အမျိုးသားများထက် လေးဖက်နာအဆစ်ရောင်ရောဂါ ပိုမိုဖြစ်ပွားလေ့ရှိသည်။
  • အသက်အရွယ် – မည်သည့်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ယေဘုယျအားဖြင့် လူလတ်ပိုင်းအရွယ်တွင် အဖြစ်များသည်။
  • မိသားစု ရာဇဝင် – မိသားစုဝင်တစ်ဦးဦးတွင် လေးဖက်နာအဆစ်ရောင်ရောဂါ ရှိခဲ့ဖူးပါက ရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းသည် လေးဖက်နာအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပြီး အထူးသဖြင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော မျိုးရိုးဗီဇပါရှိသည့် လူနာများတွင် ပိုမိုဆိုးရွားစေသည်။ ဆေးလိပ်သောက်ခြင်းသည် ရောဂါပြင်းထန်မှုကိုလည်း တိုးလာစေနိုင်သည်။
  • ကိုယ်အလေးချိန် လွန်ကဲခြင်း – ကိုယ်အလေးချိန်လွန်ကဲခြင်းသည် လေးဖက်နာအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြန်ဆန်စေနိုင်သည်။

ရောဂါရှာဖွေခြင်း

လေးဖက်နာအဆစ်ရောင်ရောဂါ၏ ကနဦးအဆင့်တွင်

ဖြစ်ပေါ်တတ်သော လက္ခဏာများသည် အခြားရောဂါများနှင့် ဆင်တူလေ့ရှိသဖြင့် ရောဂါရှာဖွေဖော်ထုတ်ရန် ခက်ခဲနိုင်သည်။ သွေးစစ်ဆေးခြင်း သို့မဟုတ် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း တစ်ခုတည်းဖြင့် ရောဂါကို အတည်ပြုရန် မလွယ်ကူပါ။ ဆရာဝန်သည် အဆစ်များ ရောင်ရမ်းနေခြင်း၊ နီရဲနေခြင်း သို့မဟုတ် ပူနွေးနေခြင်း ရှိမရှိ စစ်ဆေးလိမ့်မည်။ ထို့ပြင် ကြွက်သားများ၏ သန်စွမ်းမှုနှင့် တုံ့ပြန်မှုများကိုလည်း စစ်ဆေးရန် လိုအပ်ပါသည်။

လေးဖက်နာအဆစ်ရောင်ရောဂါ လူနာများတွင် သွေးနီဥအနည်ထိုင်နှုန်း သို့မဟုတ် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ပြသသည့် ပရိုတင်းဓာတ် မြင့်တက်နေလေ့ရှိသည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်း ဖြစ်ပေါ်နေကြောင်း ပြသသော လက္ခဏာတစ်ခုဖြစ်သည်။ နောက်ထပ် လက္ခဏာတစ်ခုမှာ သွေးထဲတွင် လေးဖက်နာဆိုင်ရာ ဓာတ်ပစ္စည်း (Rheumatoid factor)နှင့် ပဋိပစ္စည်းများ (anti-CCP) ရှိနေခြင်းဖြစ်သည်။

ရောဂါရှာဖွေစက်များ

အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာသော အဆစ်များ

ထိခိုက်မှု အခြေအနေကို သိရှိနိုင်ရန် ဓာတ်မှန်ရိုက်ခြင်းကို အသုံးပြုနိုင်သည်။ သံလိုက်ဓာတ်မှန်နှင့် အာလ်ထရာဆောင်း အကူအညီဖြင့် ဆရာဝန်များသည် ရောဂါပြင်းထန်မှု အဆင့်ကို သိရှိနိုင်မည်ဖြစ်သည်။

ကုသခြင်း

လေးဖက်နာအဆစ်ရောင်ရောဂါအတွက်

အမြစ်ပြတ်ပျောက်ကင်းစေမည့် ကုသနည်း မရှိသေးပါ။ သို့သော် ဆေးဝါးကုသမှုကို စောစီးစွာ စတင်ပါက ရောဂါလက္ခဏာများကို တည်ငြိမ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။ ဆရာဝန်ညွှန်ကြားမည့် ဆေးဝါးများသည် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် ရောဂါဖြစ်ပွားခဲ့သည့် ကာလရှည်ကြာမှုအပေါ် မူတည်၍ ကွာခြားနိုင်သည်။

ဆေးဝါးများ

  • အကိုက်အခဲပျောက်ဆေးများသည် နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေရန် ပေးလေ့ရှိသည်။ အိုင်ဗျူပရိုဖန်နှင့် နာပရိုဇင်တို့ကို ဆရာဝန်စာရွက်မပါဘဲ ဝယ်ယူရရှိနိုင်သည်။ ပိုမိုပြင်းထန်သော အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးနိုင်သည်။ ဤဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အစာအိမ်ထိခိုက်ခြင်း နှလုံးပြဿနာများနှင့် ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည်။
  • စတီးရွိုက်ဆေးများသည် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သက်သာစေရုံသာမက အဆစ်ပျက်စီးမှုကိုပါ နှောင့်နှေးစေနိုင်သည်။ ကော်တီကိုစတီးရွိုက်ဆေးများကို ရောဂါလက္ခဏာများ လျင်မြန်စွာ သက်သာလာစေရန် အကြံပြုလေ့ရှိပြီး နောက်ပိုင်းတွင် ဆေးပမာဏကို လျှော့ချသွားရန် ရည်ရွယ်သည်။ ဤဆေးဝါးများကို သောက်သုံးပြီးနောက် အရိုးပါးခြင်း ကိုယ်အလေးချိန်တိုးလာခြင်းနှင့် ဆီးချိုရောဂါဖြစ်ပွားခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။
  • ရောဂါအခြေအနေ ပြောင်းလဲစေနိုင်သော သမားရိုးကျဆေးဝါးများသည် လေးဖက်နာအဆစ်ရောင်ရောဂါ ပိုမိုဆိုးရွားလာမှုကို နှောင့်နှေးစေရန် ပေးသော ဆေးဝါးများဖြစ်သည်။ ၎င်းတို့သည် အဆစ်များနှင့် အခြားတစ်ရှူးများကို အမြဲတမ်း ပျက်စီးသွားခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ အသုံးများသော ဆေးဝါးများတွင် မက်သိုထရက်ဆိတ်၊ လယ်ဖလူနိုမိုက်၊ ဟိုက်ဒရိုစီကလိုရိုကွင်းနှင့် ဆာဖာဆာလာဇင်းတို့ ပါဝင်သည်။ ဤဆေးဝါးများကို သောက်သုံးပြီးနောက် ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများသည် လူနာတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ သို့သော် အဖြစ်များသော ဆိုးကျိုးများတွင် အသည်းထိခိုက်ခြင်းနှင့် ပြင်းထန်သော အဆုတ်ပိုးဝင်ခြင်းတို့ ပါဝင်သည်။
  • ဇီဝဗေဒဆိုင်ရာ ဆေးဝါးများသည် အဆစ်ရောင်ရမ်းမှုကို ဖြစ်စေသော ဆဲလ်များနှင့် မော်လီကျူးများကို တိုက်ခိုက်ခြင်းဖြင့် အလုပ်လုပ်သည်။ ၎င်းတို့သည် ရောဂါအခြေအနေ ပြောင်းလဲစေနိုင်သော ဆေးဝါးအမျိုးအစားသစ်များ ဖြစ်သည်။ ဤဆေးဝါးအုပ်စုသည် သမားရိုးကျဆေးဝါးများနှင့် တွဲဖက်အသုံးပြုသောအခါ ပိုမိုထိရောက်မှု ရှိသည်။
  • ပစ်မှတ်ထား ကုသသော ရောဂါအခြေအနေ ပြောင်းလဲစေနိုင်သောဆေးဝါးများသည် သမားရိုးကျဆေးဝါးများနှင့် ဇီဝဗေဒဆိုင်ရာ ဆေးဝါးများဖြင့် ကုသမှု မထိရောက်သောအခါ ထည့်သွင်းစဉ်းစားနိုင်သော ဆေးဝါးအုပ်စုဖြစ်သည်။

ကုထုံးများ

လေ့ကျင့်ခန်းများ ပါဝင်သော ကာယကုထုံး သို့မဟုတ်

လုပ်ငန်းခွင်ဆိုင်ရာ ကုထုံးများသည် အဆစ်များကို ပျော့ပျောင်းစေရန် ကူညီပေးပါလိမ့်မည်။ နေ့စဉ် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အဆစ်များအပေါ် ဖိအားသက်ရောက်မှု နည်းပါးစေမည့် နည်းလမ်းသစ်များကို လေ့လာနိုင်သည်။ ဥပမာအားဖြင့် ကြမ်းပြင်ပေါ်မှ ပစ္စည်းတစ်ခုကို ကောက်ယူရာတွင် လက်ချောင်းများအစား လက်ဖျားကို အသုံးပြုခြင်းမျိုး ဖြစ်သည်။ အထောက်အကူပြု ကိရိယာများသည်လည်း နာကျင်နေသော အဆစ်များအပေါ် ဝန်ပိမှု မဖြစ်စေရန် အလွန် အထောက်အကူ ပြုနိုင်သည်။

ခွဲစိတ်ကုသခြင်း

အကယ်၍ ဆေးဝါးများက အဆစ်ပျက်စီးမှုကို

မကာကွယ်နိုင်ပါက သို့မဟုတ် မနှောင့်နှေးစေနိုင်ပါက ဆရာဝန်သည် ထိခိုက်သွားသော အဆစ်များကို ပြုပြင်ရန် ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။ ခွဲစိတ်မှုသည် အဆစ်များ အသုံးပြုနိုင်စွမ်းကို ပြန်လည်ရရှိစေရန် အလားအလာရှိသည်။ ၎င်းသည် နာကျင်မှုကို လျော့နည်းစေပြီး ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များကို ရရှိစေနိုင်သည်။

  • အဆစ်အတွင်းမှ ရောင်ရမ်းနေသော အမြှေးပါးကို ခွဲစိတ်ဖယ်ရှားခြင်းသည် နာကျင်မှုကို သက်သာစေရန်နှင့် အဆစ်များ၏ ပျော့ပျောင်းမှုကို ပြန်လည်ရရှိစေရန် ပြုလုပ်သော ခွဲစိတ်မှုဖြစ်သည်။
  • အရွတ်ပြုပြင်ခြင်းသည် အဆစ်များ တဝိုက်တွင်ရှိသော အရွတ်များကို ပြုပြင်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆစ်ရောင်ရမ်းခြင်းနှင့် ပျက်စီးခြင်းတို့ ဖြစ်ပေါ်သောအခါ အရွတ်များကို လျော့ရဲစေခြင်း သို့မဟုတ် ပြတ်တောက်စေခြင်းတို့ ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
  • အဆစ်ဆက်ခြင်းကို အဆစ်အစားထိုး ခွဲစိတ်ကုသမှု မပြုလုပ်နိုင်သောအခါ အကြံပြုလေ့ရှိသည်။ ခွဲစိတ်၍ အဆစ်ဆက်ခြင်းသည် နာကျင်မှုကို သက်သာစေရန် အဆစ်များကို တည်ငြိမ်အောင် ပြုလုပ်ခြင်း သို့မဟုတ် နေရာပြန်လည်တည့်မတ်ပေးခြင်း လုပ်ငန်းစဉ်ဖြစ်သည်။
  • အဆစ်အစားထိုးခြင်းကို ပျက်စီးနေသော အဆစ်အစိတ်အပိုင်းအား ဖယ်ရှားပြီး သတ္တုနှင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော အဆစ်တုကို ထည့်သွင်းခြင်းဖြင့် ပြုလုပ်သည်။

Doctors who treat this condition