နာတာရှည် ခါးနာဝေဒနာသည် ကြွက်သားနာကျင်ရုံသက်သက်သာ မဟုတ်ဘဲ ခါးရိုးဆစ်ကျဉ်းရောဂါ (Spinal stenosis)၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါသည်။

ကျန်းမာရေးဆိုင်ရာ စာစောင်များ

Table of Contents

ခါးရိုးဆစ်ကျဉ်းရောဂါ (Spinal stenosis) ဆိုသည်မှာ ကျောရိုးမကြီးအတွင်းရှိ အာရုံကြောမကြီးနှင့် အာရုံကြောများကို အကာအကွယ်ပေးထားသော ကျောရိုးအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းသွားသည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကျောရိုးဆစ်ကြားရှိ အရိုးနုပြားများ၊ အရွတ်များနှင့် အဆစ်များ ယိုယွင်းပျက်စီးလာခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ ကျဉ်းမြောင်းသွားမှုက အာရုံကြောများကို ဖိမိစေပြီး ခါးအောက်ပိုင်းနှင့် ခြေထောက်များအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးတွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ခါးရိုးဆစ်ကျဉ်းရောဂါ သည် သက်ကြီးရွယ်အိုများတွင် အဖြစ်များလေ့ရှိပြီး နာတာရှည် ခါးနာဝေဒနာကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်ပါသည်။ ကျောရိုးအထူးကုဆရာဝန်နှင့် စောလျင်စွာ ပြသစစ်ဆေးပြီး ကုသမှုခံယူခြင်းမရှိပါက အမြဲတမ်းအားနည်းသွားခြင်း သို့မဟုတ် လှုပ်ရှားသွားလာနိုင်စွမ်း ဆုံးရှုံးခြင်းတို့အထိ ဖြစ်ပွားနိုင်ပါသည်။

ခါးရိုးဆစ်ကျဉ်းရောဂါ (Spinal stenosis) ဖြစ်ပွားရသည့် အကြောင်းရင်းများ

အဓိကအကြောင်းရင်းမှာ အသက်အရွယ်ရလာသည်နှင့်အမျှ ကျောရိုးဆစ်များ ယိုယွင်းပျက်စီးလာခြင်းကြောင့်ဖြစ်ပြီး အောက်ပါအချက်များကလည်း ဆက်စပ်ဖြစ်ပွားစေနိုင်ပါသည် –

ကျောရိုးဆစ်ကြား အရိုးနုပြားများ ယိုယွင်းခြင်း (Degenerative Disc Disease)

  • အရိုးနုပြားများ ပိန်လှီသွားခြင်း သို့မဟုတ် ဖောင်းထွက်လာခြင်းတို့ကြောင့် အာရုံကြောလမ်းကြောင်းကို ဖိမိစေပါသည်။

ကျောရိုးဆစ်မျက်နှာပြင် အဆစ်များ ကြီးထွားလာခြင်း (Facet Joint Hypertrophy)

  • ကျောရိုးဆစ်များ ယိုယွင်းလာမှုကြောင့် အရိုးများ ပုံမှန်ထက်ပိုမိုကြီးထွားလာပြီး အာရုံကြောလမ်းကြောင်းကို ကျဉ်းမြောင်းစေပါသည်။

ကျောရိုးအရွတ်များ ထူထဲလာခြင်း (Ligamentum Flavum Thickening)

  • ကျောရိုးအတွင်းရှိ အရွတ်များ ထူထဲလာခြင်းက အာရုံကြောလမ်းကြောင်းရှိ နေရာလွတ်ကို လျော့နည်းသွားစေပါသည်။

ကျောရိုးဆစ် လျှောခြင်း (Spondylolisthesis)

  • ကျောရိုးဆစ်တစ်ခုသည် ရှေ့သို့လျှောထွက်သွားခြင်းကြောင့် အာရုံကြောလမ်းကြောင်းကို ကျဉ်းစေပြီး အာရုံကြောများကို ဖိမိစေပါသည်။

အခြားအကြောင်းရင်းများတွင် ထိခိုက်ဒဏ်ရာရခြင်း၊ ယခင်က ခွဲစိတ်မှုပြုလုပ်ထားခြင်း သို့မဟုတ် မွေးရာပါ ကျောရိုးပုံစံမမှန်ခြင်းတို့ ပါဝင်ပါသည်။

ခါးရိုးဆစ်ကျဉ်းရောဂါ ၏ လက္ခဏာများ

ရောဂါလက္ခဏာများသည် အာရုံကြောဖိမိသည့် နေရာနှင့် ပြင်းထန်မှုအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  1. ခါးအောက်ပိုင်း နာကျင်ခြင်း သို့မဟုတ် ခြေထောက်တစ်လျှောက် ကျဥ်ဆင်းကာ နာကျင်ခြင်း။
  2. ကြာရှည်လမ်းလျှောက်သည့်အခါ တင်ပါး သို့မဟုတ် ခြေထောက်များ နာကျင်ခြင်း။
  3. နောက်သို့လှန်ပါက ပို၍နာကျင်ပြီး ရှေ့သို့ကိုင်းပါက သက်သာရာရခြင်း။
  4. ခြေထောက်များ ထုံကျင်ခြင်း၊ အားနည်းခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း။
  5. လမ်းဝေးဝေးလျှောက်ရန် ခက်ခဲခြင်း သို့မဟုတ် ခဏခဏ နားနေရခြင်း။
  6. ပြင်းထန်သောအခြေအနေများတွင် – ဆီးနှင့် ဝမ်း မထိန်းနိုင်ခြင်း (ယင်းသည် အရေးပေါ်ကုသမှု ခံယူရမည့် အခြေအနေဖြစ်ပါသည်။)

ခါးရိုးဆစ်ကျဥ်းရောဂါ ကို မည်သို့စမ်းသပ်စစ်ဆေးသနည်း။

ဆရာဝန်များသည် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းနှင့် အောက်ပါပုံရိပ်ဖော် စစ်ဆေးမှုများမှတစ်ဆင့် ရောဂါအခြေအနေကို အကဲဖြတ်ကြပါသည် –

  1. X-ray ရိုက်ခြင်း – အရိုးများ၏ တည်ရှိပုံနှင့် အဆစ်များ ပုံမှန်မဟုတ်မှုကို ကြည့်ရှုစစ်ဆေးခြင်း။
  2. MRI ရိုက်ခြင်း – အာရုံကြောလမ်းကြောင်း၊ အရိုးနုပြားများနှင့် အာရုံကြောများ၏ အသေးစိတ်အခြေအနေကို ကြည့်ရှုစစ်ဆေးခြင်း။
  3. CT Scan ရိုက်ခြင်း – MRI ရိုက်ရန် မဖြစ်နိုင်သည့် အခြေအနေများတွင် အသုံးပြုပြီး အရိုးတည်ဆောက်ပုံများကို ရှင်းလင်းစွာ မြင်တွေ့ရခြင်း။

ခါးရိုးဆစ်ကျဉ်းရောဂါ ကုသမှုနည်းလမ်းများ

ကုသမှုနည်းလမ်းများသည် ရောဂါ၏ ပြင်းထန်မှုနှင့် လက္ခဏာများပေါ်တွင် မူတည်ပါသည်။ ရွေးချယ်နိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

ခွဲစိတ်ရန်မလိုသော ကုသမှုနည်းလမ်းများ

ရောဂါလက္ခဏာ အသင့်အတင့်ရှိသော လူနာများအတွက် သင့်လျော်ပါသည် –

  1. ခါးနှင့် ဝမ်းဗိုက်ကြွက်သားများ သန်မာစေရန် ကာယကုထုံး (Physical therapy) ဖြင့် ကုသခြင်း။
  2. အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် ကြွက်သားဖြေလျှော့ဆေးများ အသုံးပြုခြင်း။
  3. ရောင်ရမ်းမှု ကျဆင်းစေရန် သက်ဆိုင်ရာနေရာသို့ ဆေးထိုးကုသခြင်း။
  4. လေးလံသောအရာများ မခြင်း သို့မဟုတ် ခါးကို ကြာရှည်စွာ နောက်သို့လှန်ထားခြင်းတို့မှ ရှောင်ကြဉ်ခြင်း စသည့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း။

ခွဲစိတ်ကုသမှုနည်းလမ်းများ

ရောဂါလက္ခဏာ ပြင်းထန်ခြင်း သို့မဟုတ် ကုသမှုများပြုလုပ်သော်လည်း သက်သာလာခြင်းမရှိပါက ခွဲစိတ်ရန် စဉ်းစားကြပါသည် –

  1. အာရုံကြောဖိမိမှုကို လျှော့ချပေးသော ခွဲစိတ်မှု (Decompression Surgery) – အာရုံကြောများပေါ်တွင် ဖိမိနေမှုများကို ဖယ်ရှားပေးခြင်း။
  2. ကျောရိုးဆစ်များကို ပေါင်းစပ်ထိန်းညှိခြင်း (Spinal Fusion) – ကျောရိုးဆစ်လျှောခြင်းများ ဖြစ်ပေါ်ပါက ကျောရိုးမကြီး တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ခြင်း။

ဝေ့ဌာနီဆေးရုံကြီးတွင် အာရုံကြောဖိမိမှုကို လျှော့ချပေးသော ခွဲစိတ်မှုကို အဏုကြည့်မှန်ပြောင်း (Microscope) သို့မဟုတ် မှန်ပြောင်းကြည့်နည်းပညာ (Endoscope) များ အသုံးပြု၍ ဆောင်ရွက်ပေးနေပါသည်။ ထို့ကြောင့် ခွဲစိတ်ရာတွင် ဒဏ်ရာသေးငယ်ခြင်း၊ နာကျင်မှုသက်သာခြင်းနှင့် ပြန်လည်နာလန်ထူမှု မြန်ဆန်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

ကာကွယ်ခြင်းနှင့် ကိုယ်တိုင်ဂရုစိုက်ခြင်း

  1. ခါးနှင့် ဝမ်းဗိုက်ပိုင်းရှိ အဓိကကြွက်သားများ သန်မာစေရန် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။
  2. ခန္ဓာကိုယ်အလေးချိန်ကို ကျန်းမာသော အဆင့်တွင် ထိန်းသိမ်းပါ။
  3. လေးလံသောအရာများ မခြင်း သို့မဟုတ် အနေအထားတစ်ခုတည်းဖြင့် ကြာရှည်စွာ ထိုင်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
  4. နာတာရှည် ခါးနာခြင်း သို့မဟုတ် ခြေထောက်တစ်လျှောက် နာကျင်ကျဥ်ဆင်းခြင်းများ ခံစားရပါက စောလျင်စွာ ပြသစစ်ဆေးမှု ခံယူပါ။

မကြာခဏမေးလေ့ရှိသော မေးခွန်းများ (FAQs)

၁။ ခါးရိုးဆစ်ကျဉ်းရောဂါ နှင့် ခါးရိုးဆစ်ကြား အရိုးနုပြားကျွံခြင်း (Herniated disc) တို့သည် မည်သို့ကွာခြားပါသနည်း။

နှစ်မျိုးစလုံးသည် ခါးနာခြင်းနှင့် ခြေထောက်နာခြင်းကဲ့သို့သော ဆင်တူသည့် ရောဂါလက္ခဏာများကို ဖြစ်စေနိုင်ပါသည်။ သို့သော် အရိုးနုပြားကျွံခြင်းမှာ အရိုးနုအတွင်းသားများက အာရုံကြောကို တိုက်ရိုက်ဖိမိခြင်းကြောင့် ဖြစ်ပေါ်ပြီး ခါးရိုးဆစ်ကျဉ်းရောဂါမှာမူ ကျောရိုးဆစ်များ ယိုယွင်းလာခြင်းကြောင့် အာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းဖြစ်ပါသည်။ ယင်းသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လေ့ရှိပြီး သက်ကြီးရွယ်အိုများတွင် ပိုမိုအဖြစ်များပါသည်။

၂။ ခါးရိုးဆစ်ကျဉ်းရောဂါ ရှိသူတိုင်း ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ လူနာအများစုသည် ကာယကုထုံးဖြင့် ကုသခြင်း၊ ဆေးထိုးခြင်းနှင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကဲ့သို့သော ခွဲစိတ်ရန်မလိုသည့် နည်းလမ်းများဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ ထုံကျင်ခြင်း၊ အားနည်းခြင်းတို့ ပိုမိုဆိုးရွားလာသူများ၊ လမ်းလျှောက်နိုင်စွမ်း သိသိသာသာ လျော့နည်းလာသူများ သို့မဟုတ် ဆီးနှင့် ဝမ်း မထိန်းနိုင်သူများအတွက်သာ ခွဲစိတ်ကုသမှုကို အကြံပြုပါသည်။

၃။ ခွဲစိတ်ပြီးနောက် ပြန်လည်ကျန်းမာလာစေရန် မည်မျှကြာမြင့်တတ်ပါသနည်း။

မျက်မှောက်ခေတ် ဒဏ်ရာအနည်းဆုံး ခွဲစိတ်မှုနည်းပညာများကြောင့် လူနာအများစုသည် ခွဲစိတ်ပြီး တစ်ရက်မှ နှစ်ရက်အတွင်း လမ်းပြန်လျှောက်နိုင်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း နေ့စဉ်လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။ ပြန်လည်နာလန်ထူရန် ကြာမြင့်ချိန်မှာ လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း ပြုလုပ်နိုင်မှုအပေါ် မူတည်ပါသည်။

၄။ မည်သို့သော လေ့ကျင့်ခန်းအမျိုးအစားများက ဘေးကင်းပါသနည်း။

ကျောရိုးအပေါ် ဖိအားသက်ရောက်မှုနည်းပြီး ခါး၊ ဝမ်းဗိုက်နှင့် ခြေထောက်ကြွက်သားများကို သန်မာစေမည့် ရေကူးခြင်း၊ ရေထဲတွင် လမ်းလျှောက်ခြင်း၊ အကြောလျှော့ယောဂကျင့်ခြင်း သို့မဟုတ် လူကြီးများအတွက် သင့်လျော်သော Pilates လေ့ကျင့်ခန်းများကို ရွေးချယ်သင့်ပါသည်။ ဤလေ့ကျင့်ခန်းများသည် ကျောရိုးအပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပြီး ရောဂါပြန်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် –
ကျောရိုးမဆိုင်ရာ အထူးကုဌာန၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – (+66)2-734-0000 (လိုင်းခွဲ 5500)
မြန်မာဘာသာ Hotline – (+66)63-853-2447

Medically Reviewed by

DR. EKKAPHOL LARPUMNUAYPHOL
DR. EKKAPHOL LARPUMNUAYPHOL

Orthopedics

Spine Surgery

Readers’ Rating

4.6 out of 5 stars (based on 8 reviews)