အချိန်ကြာမြင့်စွာ ထိုင်နေခြင်းကြောင့် ခါးရိုးဆစ်ကျွံခြင်းဝေဒနာ (Herniated disc) ဖြစ်နိုင်ချေ မြင့်တက်လာခြင်း
ကျန်းမာရေးဆိုင်ရာ စာစောင်များ
လူအများစုသည် နာတာရှည် ခါးနာခြင်း (back pain) သို့မဟုတ် လည်ပင်းနာခြင်း (neck pain) ဝေဒနာများကို အလိုအလျောက် ပြန်လည်ကောင်းမွန်သွားနိုင်သည့် သာမန်ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူကာ လျစ်လျူရှုတတ်ကြပါသည်။ သို့သော် အဆိုပါ လက္ခဏာများသည် ခါးဆစ်ရိုးကျွံခြင်း ဝေဒနာ (Herniated disc) ၏ အစောပိုင်း သတိပေးချက်များ ဖြစ်နိုင်ပြီး စနစ်တကျ ကုသမှု မခံယူပါက အခြေအနေ ပိုမိုဆိုးရွားလာကာ သင်၏ နေ့စဉ် လူမှုဘဝကိုပါ သိသိသာသာ ထိခိုက်စေနိုင်ပါသည်။
ခါးဆစ်ရိုးကျွံခြင်း ဆိုတာ ဘာလဲ?
ခါးဆစ်ရိုးကျွံခြင်း (Herniated disc) ဆိုသည်မှာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ချောမွေ့စေပြီး တုန်ခါမှုဒဏ်ကို ထိန်းညှိပေးသော ကျောရိုးဆစ်ကြားရှိ အောက်ခံပြားလေးများ စုတ်ပြဲခြင်း သို့မဟုတ် နေရာလွဲချော်ခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ထိုသို့ နေရာလွဲချော်သွားသောအခါ အနီးနားရှိ အာရုံကြောများကို ဖိမိစေပြီး ခါး၊ လည်ပင်း၊ တင်ပါး သို့မဟုတ် ခြေထောက် အစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးတွင် နာကျင်ခြင်း (pain)၊ ထုံကျင်ခြင်း (numbness) သို့မဟုတ် အားနည်းခြင်း (weakness) တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
ခါးဆစ်ရိုးကျွံခြင်း (Herniated disc) ၏ ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ခါးဆစ်ရိုးကျွံသည့်နေရာနှင့် အာရုံကြောဖိမိမှု အတိုင်းအတာပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- နာတာရှည် ခါးနာခြင်း သို့မဟုတ် လည်ပင်းနာခြင်း – ကိုယ်ဟန်အနေအထား ပြောင်းလဲချိန် သို့မဟုတ် အလေးအပင် မသည့်အခါမျိုးတွင် ပိုမိုခံစားရလေ့ရှိပါသည်။
- အာရုံကြောတစ်လျှောက် နာကျင်ကိုက်ခဲမှု ပြန့်နှံ့ခြင်း – ခါးအောက်ပိုင်းတွင် ဖြစ်ပွားပါက ခြေထောက်တစ်လျှောက်၊ လည်ပင်းတွင် ဖြစ်ပွားပါက လက်မောင်းတစ်လျှောက် နာကျင်ခြင်း။
- ထုံကျင်ခြင်းနှင့် အားနည်းခြင်း – ခြေထောက်၊ လက်မောင်း သို့မဟုတ် လက်များတွင် ထုံကျင်ခြင်းနှင့် ကြွက်သားများ အားနည်းခြင်းကို ခံစားရနိုင်ပါသည်။
- လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ ခံစားရခြင်း – ကိုယ်ဟန်အနေအထားတစ်ခုခုတွင် ရှိနေစဉ် သို့မဟုတ် လှုပ်ရှားစဉ်အတွင်း အာရုံကြောတစ်လျှောက် လျှပ်စစ်စီးသကဲ့သို့ နာကျင်ခြင်း။
- လှုပ်ရှားမှုနယ်ပယ် ကန့်သတ်ချက်ရှိလာခြင်း – ကြွက်သားများ အားနည်းလာခြင်းကြောင့် ပုံမှန်အတိုင်း လှုပ်ရှားသွားလာရန် ခက်ခဲလာခြင်း။
စနစ်တကျ ကုသမှု မခံယူပါက ဖြစ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများ
စနစ်တကျ ကုသမှု မခံယူပါက အချိန်ကြာလာသည်နှင့်အမျှ ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သည်။ အောက်ပါဝေဒနာများ ဖြစ်ပွားနိုင်ပါသည်-
- ကြွက်သားများ သိမ်လှီလာခြင်း သို့မဟုတ် အားနည်းမှု ပိုမိုသိသာလာခြင်း
- အာရုံကြော နာကျင်ကိုက်ခဲမှုနှင့် ထုံကျင်မှုများ ပိုမိုပြင်းထန်လာခြင်း
- ပြင်းထန်သောအခြေအနေများတွင် ဆီးနှင့် ဝမ်းသွားခြင်းကို မထိန်းချုပ်နိုင်တော့ခြင်း
ခါးဆစ်ရိုးကျွံခြင်းကို ဖြစ်စေသော အကြောင်းရင်းများ
- အသက်အရွယ် – အထူးသဖြင့် အသက် ၃၀ မှ ၅၀ ကြား လူများတွင် အဖြစ်များပါသည်။
- ကိုယ်ဟန်အနေအထား မမှန်ကန်ခြင်း – ကျောရိုးကို စနစ်တကျ အသုံးမပြုခြင်း သို့မဟုတ် အလေးအပင်များကို မှားယွင်းသော နည်းလမ်းဖြင့် မခြင်း။
- ထိခိုက်ဒဏ်ရာရခြင်း – ကျောရိုးတွင် ပြင်းထန်သော ဒဏ်ရာတစ်ခုခု ရရှိခြင်း။
- ကိုယ်အလေးချိန် များလွန်းခြင်း – အဝလွန်ခြင်းကြောင့် ကျောရိုးဆစ်များပေါ်တွင် ဖိအားပိုမို သက်ရောက်စေခြင်း။
- လေ့ကျင့်ခန်း မလုပ်ခြင်း – ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်မှု မရှိခြင်းကြောင့် ခါးကြွက်သားများ အားနည်းလာခြင်း။
ခါးဆစ်ရိုးကျွံခြင်းအား ရောဂါရှာဖွေအတည်ပြုခြင်း
ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် လူနာ၏ ကျန်းမာရေးရာဇဝင်ကို မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးခြင်းတို့ဖြင့် စတင်ပါသည်။ ထပ်မံပြုလုပ်ရမည့် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- အာရုံကြောဖိမိမှု ရှိ၊ မရှိကို စစ်ဆေးရန်နှင့် ခါးဆစ်ရိုးအောက်ခံပြား ပျက်စီးမှု အခြေအနေကို အသေးစိတ် သိရှိနိုင်ရန်အတွက် ပုံရိပ်ဖော် စစ်ဆေးခြင်း ဖြစ်ပါသည်။
ကုသမှုနည်းလမ်းများ (Treatment options)
အစောပိုင်းအဆင့် ခါးဆစ်ရိုးကျွံခြင်းများအတွက် –
- ဆေးဝါးဖြင့် ကုသခြင်း – အကိုက်အခဲပျောက် ဆေးဝါးများ အသုံးပြုခြင်း။
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ – ကာယကုထုံး (Physical Therapy) ပြုလုပ်ခြင်း။
- နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း – ကိုယ်ဟန်အနေအထား ပြင်ဆင်ခြင်း၊ အိပ်စက်ခြင်းနှင့် အလေးအပင်မသည့် အလေ့အထများကို ပြောင်းလဲခြင်း။
ရောဂါလက္ခဏာ ပိုမိုပြင်းထန်လာခြင်း သို့မဟုတ် မသက်သာဘဲ ရောဂါ ဆက်လက်ဖြစ်ပွားနေခြင်းများအတွက် –
- ခြောက်လအတွင်း ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာခြင်း မရှိခြင်း သို့မဟုတ် ခြေထောက်တစ်လျှောက် နာကျင်ကိုက်ခဲမှု ပြန့်နှံ့လာခြင်း၊ အိပ်စက်ရန် ခက်ခဲခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်းနှင့် ဆီးဝမ်းမထိန်းနိုင်ခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် လက္ခဏာများ ခံစားရပါက ဆရာဝန်မှ မှန်ပြောင်းဖြင့် ခါးဆစ်ရိုးခွဲစိတ်ခြင်း (Endoscopic Discectomy) နည်းလမ်းကို အကြံပြုနိုင်ပါသည်။ ၎င်းသည် ထိခိုက်ဒဏ်ရာ အနည်းငယ်သာရှိစေသော ကျောရိုးခွဲစိတ်မှု နည်းပညာတစ်ခု ဖြစ်ပါသည်။
မှန်ပြောင်းဖြင့် ခါးဆစ်ရိုးခွဲစိတ်ခြင်း၏ အားသာချက်များ
- ခွဲစိတ်ဒဏ်ရာ အလွန်သေးငယ်ခြင်း – ခွဲရာ တစ်စင်တီမီတာခန့်သာ ရှိခြင်း
- ခွဲစိတ်ပြီးနောက် နာကျင်မှုကို လျော့နည်းစေခြင်း – အနီးနားရှိ တစ်ရှူးများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေခြင်း
- ပြန်လည်နာလန်ထူမှု မြန်ဆန်ခြင်း – နေ့စဉ်လူမှုဘဝသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်နိုင်ခြင်း
ခါးဆစ်ရိုးကျွံခြင်းမှ ကာကွယ်ရန် နည်းလမ်းများ (Prevention Tips)
အသက်အရွယ်အရ ဖြစ်ပေါ်လာသော ကျောရိုးဆစ်များ ယိုယွင်းလာမှုကို အလုံးစုံ ရှောင်လွှဲ၍ မရနိုင်သော်လည်း အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာမှုကိုလည်း နှေးကွေးစေနိုင်ပါသည်။
- မှန်ကန်သော ကိုယ်ဟန်အနေအထား – ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း နှင့် အလေးအပင်မခြင်းတို့ ပြုလုပ်သည့်အခါ ကျောရိုးကို တည့်မတ်စွာ ထားရှိပါ။
- ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း – ခါးနှင့် ဗိုက်ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျောရိုးကို ပိုမိုထောက်ပံ့ပေးနိုင်ပါသည်။
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း – ကျန်းမာသော ကိုယ်အလေးချိန် ရှိနေခြင်းက ကျောရိုးဆစ်များအပေါ် ဖိအားသက်ရောက်မှုကို လျော့နည်းစေပါသည်။
- ကိုယ်ဟန်အနေအထား ပြောင်းလဲပေးခြင်း – ရုံးခန်းတွင် အလုပ်လုပ်သည့်အခါ တစ်နေရာတည်း၌ အကြာကြီး ထိုင်မနေဘဲ ကိုယ်ဟန်အနေအထားကို ပုံမှန်ပြောင်းလဲပေးပါ။
- ကျန်းမာသော နေထိုင်မှုပုံစံ – ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပြီး အာဟာရပြည့်ဝအောင် စားသုံးခြင်းက အရိုးအဆစ် ကျန်းမာရေးကို အထောက်အကူပြုပါသည်။
- ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း – ကျောရိုးထိခိုက်ဒဏ်ရာ မရရှိစေရန် အားကစားလုပ်သည့်အခါ သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများတွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ။
နာတာရှည် နာကျင်ကိုက်ခဲမှုများကို လျစ်လျူမရှုပါနှင့်
အကယ်၍ သင်သည် ခါးနာခြင်း၊ လည်ပင်းနာခြင်း သို့မဟုတ် ခြေလက်များ ထုံကျင်ခြင်း ဝေဒနာများကို ဆက်တိုက်ခံစားနေရပါက အခြေအနေ ပိုမိုဆိုးရွားလာသည်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ ကျောရိုးအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ တိကျသော ရောဂါရှာဖွေမှုနှင့် သင့်လျော်သော ကုသမှုလမ်းညွှန်ချက်များကို ရယူသင့်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဆက်သွယ်ရန် –
ကျောရိုးမဆိုင်ရာ အထူးကုစင်တာ (Spine Center)၊ ဝေ့ဌာနီ နိုင်ငံတကာဆေးရုံကြီး
ဖုန်း – ၀၂-၇၃၄-၀၀၀၀ (လိုင်းခွဲ ၅၅၀၀)
မြန်မာဘာသာဖြင့် ဆက်သွယ်ရန် – (+၆၆)၈၁-၉၈၄-၅၁၁၁
Readers’ Rating
5.0 out of 5 stars (based on 1 review)