နှလုံးခုန်မမှန်ခြင်းကို EP Study နှင့် Radiofrequency Ablation ဖြင့် ကုသခြင်း
ကျန်းမာရေးဆိုင်ရာ စာစောင်များ
နှလုံးခုန်မမှန်ခြင်း သို့မဟုတ် နှလုံးစည်းချက်မမှန်ခြင်းဝေဒနာကို လျှပ်စစ်စီးဆင်းမှုစမ်းသပ်စစ်ဆေးခြင်း (EP Study) နှင့် ရေဒီယိုကြိမ်နှုန်းသုံး၍ ကုသခြင်း (Radiofrequency Ablation) တို့ဖြင့် ကုသနိုင်ပြီဖြစ်သောကြောင့် တစ်သက်တာဆေးစွဲသောက်ရန် မလိုအပ်တော့ပါ။
ဝေ့ဌာနီဆေးရုံမှ နှလုံးအထူးကုဆရာဝန်ကြီး Dr. Pariwat Pengkeaw က နှလုံးစည်းချက်မမှန်ခြင်းဆိုသည်မှာ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း သို့မဟုတ် အလွန်နှေးခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့် အခြေအနေဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ ထိုသို့ဖြစ်ပါက နှလုံးမှ သွေးညှစ်ထုတ်နိုင်စွမ်းကို ထိခိုက်စေပြီး နှလုံးပျက်စီးခြင်း၊ လေဖြတ်ခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။
နှလုံးခုန်မမှန်ခြင်းကို အောက်ပါအတိုင်း ပုံစံနှစ်မျိုးဖြင့် ခွဲခြားနိုင်ပါသည် –
- နှလုံးခုန်မြန်ခြင်း (Tachycardia) – နှလုံးခုန်နှုန်းသည် ပုံမှန်အနားယူနေချိန်တွင် တစ်မိနစ်လျှင် အကြိမ်ရေ ၁၀၀ ထက် ပိုမိုမြန်ဆန်နေခြင်း ဖြစ်ပါသည်။ ၎င်းအခြေအနေတွင် Supraventricular Tachycardia (SVT)၊ Wolf Parkinson White syndrome (WPW)၊ Atrial Tachycardia၊ Atrial Flutter၊ Atrial Fibrillation၊ Ventricular Tachycardia (VT) နှင့် Premature Ventricular Contraction (PVC) တို့ ပါဝင်ပါသည်။
- နှလုံးခုန်နှေးခြင်း (Bradycardia) – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် အကြိမ်ရေ ၆၀ အောက် လျော့နည်းနေခြင်း ဖြစ်ပါသည်။ ၎င်းအခြေအနေတွင် နှလုံးလမ်းကြောင်းပိတ်ဆို့ခြင်း (Heart Block / AV Block) နှင့် Sick Sinus syndrome တို့ ပါဝင်ပါသည်။
“နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း၊ အမောမခံနိုင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်းနှင့် သတိလစ်ခြင်းတို့သည် နှလုံးစည်းချက်မမှန်ခြင်း၏ ကနဦးလက္ခဏာများ ဖြစ်ကြပါသည်။ အများအားဖြင့် လူနာအများစုသည် ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပြီး နေ့စဉ်လူနေမှုဘဝကို ထိခိုက်လာသည်အထိ လျစ်လျူရှုထားတတ်ကြပါသည်” ဟု နှလုံးအထူးကုဆရာဝန်ကြီး Dr. Pariwat Pengkeaw က ပြောကြားပါသည်။
နှလုံးခုန်မမှန်ခြင်းအတွက် ရောဂါရှာဖွေခြင်း
နှလုံးခုန်မမှန်ခြင်းကို ရောဂါရှာဖွေရာတွင် အထူးကုဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ ကိုယ်ခန္ဓာစစ်ဆေးခြင်း၊ လျှပ်စစ်နှလုံးစက်ဖြင့် စစ်ဆေးခြင်း (EKG) နှင့် ၂၄ နာရီပတ်လုံး နှလုံးခုန်နှုန်းတိုင်းတာစစ်ဆေးခြင်း (24-Hour Holter monitoring) တို့ဖြင့် စတင်မည်ဖြစ်ပြီး လိုအပ်ပါက နှလုံးခုန်မှုပုံစံကို အကဲဖြတ်ရန်အတွက် လျှပ်စစ်စီးဆင်းမှုစမ်းသပ်စစ်ဆေးခြင်း (EP Study) ကိုလည်း အသုံးပြုနိုင်ပါသည်။
နှလုံးခုန်မမှန်ခြင်းအတွက် ကုသမှု
နှလုံးစည်းချက်မမှန်ခြင်းအတွက် ကုသမှုသည် အမျိုးအစား၊ ပြင်းထန်မှုနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းများပေါ်တွင် မူတည်ပါသည်။ အထူးကုဆရာဝန်သည် ဝေဒနာသက်သာစေရန် တစ်သက်တာဆေးသောက်ရမည့် နည်းလမ်းကို အသုံးပြုနိုင်သော်လည်း လက်ရှိတွင် လျှပ်စစ်စီးဆင်းမှုစမ်းသပ်စစ်ဆေးခြင်း (EP Study) နှင့် ရေဒီယိုကြိမ်နှုန်းသုံး၍ ကုသခြင်း (RFA) ကဲ့သို့သော ခေတ်မီနည်းပညာများဖြင့် နှလုံးခုန်မမှန်သော လူနာများကို တိကျထိရောက်စွာ ကုသပေးနိုင်ပြီဖြစ်ပါသည်။ ထို့ပြင် အောင်မြင်မှုနှုန်းမှာလည်း ၉၅ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းခန့်အထိ ရှိပါသည်။ Ventricular Tachycardia (VT) အမျိုးအစားနှင့် EP Study/RFA နည်းလမ်းဖြင့် ကုသရန်မသင့်တော်သော လူနာအချို့အတွက်မူ အထူးကုဆရာဝန်သည် အလိုအလျောက် နှလုံးခုန်နှုန်းထိန်းစက် (AICD) အသုံးပြုရန် စဉ်းစားမည်ဖြစ်ပါသည်။ နှလုံးခုန်နှေးသော (Bradycardia) လူနာများအတွက်မူ နှလုံးခုန်နှုန်းကို ထိန်းညှိရန် ရင်ဘတ်အတွင်း နှလုံးခုန်စက် (Pacemaker) ထည့်သွင်းကုသခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ နှလုံးစည်းချက်မမှန်ခြင်းအပြင် နှလုံးကြီးခြင်း၊ နှလုံးကြွက်သားရောဂါနှင့် နှလုံးပျက်စီးခြင်းဝေဒနာ ခံစားနေရသော လူနာများအနေဖြင့်လည်း နှလုံးခုန်နှုန်းညီညာစေသည့် ကုသမှုနည်းလမ်း (CRT) ကို ခံယူနိုင်ပါသည်။
နှလုံးခုန်မမှန်ခြင်းအတွက် ကြိုတင်ကာကွယ်မှု
နှလုံးခုန်မမှန်ခြင်းအတွက် ကုသမှုနည်းပညာများစွာ ရှိသော်လည်း ရောဂါမဖြစ်ပွားအောင် ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် အောက်ပါအချက်များကို ဆောင်ရွက်ရပါမည်။
- နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း
- အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်း
- ကိုယ်အလေးချိန် ထိန်းညှိခြင်း
- လုံလောက်စွာ အိပ်စက်ခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
အကယ်၍ မိမိတွင် နှလုံးခုန်မမှန်သည့် လက္ခဏာများ ရှိသည်ဟု သံသယရှိပါက ဆရာဝန်ထံ ပြသ၍ မိမိ၏ ရောဂါအခြေအနေနှင့် ကိုက်ညီသော ကုသမှုကို စနစ်တကျ ခံယူသင့်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဆက်သွယ်ရန် –
နှလုံးအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – (+66)2-734-0000 လိုင်းခွဲ 5300
မြန်မာဘာသာဖြင့်ဆက်သွယ်ရန်- (+66)81-984-5111
Readers’ Rating
3.0 out of 5 stars (based on 1 review)