ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း – ကိုယ်အင်္ဂါမသန်စွမ်းမှုကို ကာကွယ်ရန် အချိန်နှင့်တပြေးညီ ကုသမှုခံယူရမည့် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischemic Stroke) သည် ဦးနှောက်အတွင်းသို့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း သို့မဟုတ် အလွန်အမင်း လျော့နည်းသွားခြင်းကြောင့် ဖြစ်ပွားပြီး ဦးနှောက်ဆဲလ်များအတွက် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ မရရှိတော့ဘဲ မိနစ်ပိုင်းအတွင်း ဆဲလ်များ စတင်သေဆုံးစေပါသည်။ လေဖြတ်ခြင်းသည် အချိန်မီ ကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်ခြေနှင့် ရေရှည်ကိုယ်အင်္ဂါမသန်စွမ်းမှု ဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံးသော ရောဂါများထဲတွင် ပါဝင်ပါသည်။
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ရခြင်း အကြောင်းရင်းများ
ဦးနှောက်အတွင်းရှိ သွေးကြောများ သို့မဟုတ် ဦးနှောက်သို့ သွေးပို့လွှတ်သည့် သွေးလွှတ်တော်များ ပိတ်ဆို့သွားခြင်းကြောင့် ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း ဖြစ်ပွားရပါသည်။ အဖြစ်များသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
သွေးခဲပိတ်ခြင်း ( Blood clots): ဦးနှောက်သွေးလွှတ်ကြောများအတွင်း သွေးခဲဖြစ်ပေါ်ခြင်း သို့မဟုတ် နှလုံးမှတစ်ဆင့် သွေးခဲများ စီးဆင်းလာပြီး ဦးနှောက်သွေးကြောများကို ပိတ်ဆို့ခြင်း။
သွေးကြောကျဉ်းခြင်း ( Atherosclerosis): သွေးကြောနံရံများတွင် အဆီခဲများ စုပုံလာပြီး သွေးကြောများ ကျဉ်းမြောင်းသွားခြင်း။
နှလုံးခုန်မမှန်ခြင်း ( Atrial fibrillation): နှလုံးအတွင်း သွေးခဲများ ဖြစ်ပေါ်နိုင်ခြေကို မြင့်တက်စေသည့် အခြေအနေဖြစ်ခြင်း။
နောက်ခံကျန်းမာရေး အခြေအနေများ : ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် သွေးတွင်း အဆီဓာတ်များခြင်း စသည်တို့ ရှိနေခြင်း။
နေထိုင်မှုပုံစံဆိုင်ရာ အချက်များ : ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် များသောအားဖြင့် ရုတ်တရက် ပေါ်ပေါက်လာတတ်ပြီး အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ ရှေ့ပြေးနိမိတ်များကို စောစီးစွာ သိရှိနိုင်ရန် BEFAST ဟူသော မှတ်သားရလွယ်ကူသည့် စည်းမျဉ်းကို အသုံးပြုနိုင်ပါသည်။
B – Balance (ဟန်ချက်ပျက်ခြင်း): ရုတ်တရက် ဟန်ချက်မထိန်းနိုင်ခြင်း၊ မူးဝေခြင်း သို့မဟုတ် လမ်းလျှောက်ရာတွင် ယိုင်နဲ့ခြင်း။
E – Eyes (မျက်စိဝေဝါးခြင်း): အမြင်အာရုံ ဝေဝါးခြင်း၊ တစ်ခုတည်းကို နှစ်ခုထပ်မြင်ခြင်း သို့မဟုတ် မျက်စိတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး အမြင်ကွယ်သွားခြင်း။
F – Face Drooping (မျက်နှာရွဲ့ခြင်း): မျက်နှာတစ်ခြမ်း မညီမညာဖြစ်လာခြင်း သို့မဟုတ် ပြုံးလိုက်သည့်အခါ မျက်နှာအနေအထား မမှန်ခြင်း။
A – Arm Weakness (လက်ခြေမသန်ခြင်း): လက်တစ်ဖက် သို့မဟုတ် ခြေထောက်တစ်ဖက်တွင် အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်း။
S – Speech Difficulty (စကားပြောရခက်ခြင်း): စကားသံဗလုံးဗထွေးဖြစ်ခြင်း၊ စကားမပြောနိုင်တော့ခြင်း သို့မဟုတ် သူတစ်ပါးပြောသည်ကို နားလည်ရန် ခက်ခဲခြင်း။
T – Time to Call (အရေးပေါ်ဖုန်းခေါ်ဆိုရန်အချိန်): အထက်ပါ လက္ခဏာတစ်ရပ်ရပ် ပေါ်ပေါက်လာပါက လူနာတင်ယာဉ်ကို ချက်ချင်း ခေါ်ဆိုပါ။
အခြားဖြစ်နိုင်သော လက္ခဏာများမှာ အပြင်းအထန် မူးဝေခြင်း၊ အရာဝတ္ထုများကို နှစ်ထပ်မြင်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်း သို့မဟုတ် သတိလစ်မေ့မြောခြင်းတို့ ဖြစ်ပါသည်။
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းကို ရောဂါရှာဖွေဖော်ထုတ်ခြင်း
ဆရာဝန်များသည် သွေးကြောပိတ်ဆို့မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် တည်နေရာကို တိကျစွာသိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်လေ့ရှိပါသည် –
အာရုံကြောနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Neurological and Physical Examinations)
ကွန်ပြူတာဓာတ်မှန် (CT Scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
ဦးနှောက်သွေးကြောသံလိုက်ဓာတ်မှန် (MRA) သို့မဟုတ် ဦးနှောက်သွေးကြောကွန်ပြူတာဓာတ်မှန် (CTA) ရိုက်ခြင်း
နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)
သွေးစစ်ဆေးခြင်း : ရောဂါဖြစ်ပွားနိုင်ခြေရှိသော အခြေခံအချက်များကို ဆန်းစစ်ခြင်း။
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းအတွက် ကုသမှုနည်းလမ်းများ
ဦးနှောက်ပျက်စီးမှုကို လျှော့ချနိုင်ရန် အရေးပေါ်ကုသမှုကို အချိန်နှင့်တပြေးညီ စတင်ရန် လိုအပ်ပါသည်။
သွေးခဲပျော်ဆေးသွင်းကုသခြင်း ( rt-PA) : ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ပြီး (၄) နာရီခွဲအတွင်း (Golden Hour) သွေးပြန်ကြောမှတစ်ဆင့် ဆေးသွင်းကုသခြင်း။
သွေးခဲခြင်းကို ကာကွယ်သော ဆေးဝါးများ : သွေးခဲအသစ်များ ထပ်မံမဖြစ်ပေါ်စေရန် သွေးကျဲဆေး သို့မဟုတ် သွေးခဲတားဆေးများ အသုံးပြုခြင်း။
အထွေထွေ ပြုစုစောင့်ရှောက်မှု : သွေးပေါင်ချိန် ထိန်းညှိခြင်း၊ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Rehabilitation) ပြုလုပ်ပေးခြင်း။
Biplane DSA နည်းပညာဖြင့် သွေးခဲဖယ်ရှားခြင်း
Biplane DSA နည်းပညာဖြင့် သွေးခဲဖယ်ရှားခြင်း
သွေးခဲဖယ်ရှားခြင်း (Mechanical Thrombectomy) သည် ဦးနှောက်သွေးလွှတ်ကြောများကို ပိတ်ဆို့နေသော သွေးခဲများကို ဖယ်ရှားရန်အတွက် အလွန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ အာရုံကြောနှင့် သွေးကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင်သည် ပေါင်ခြံရှိ သွေးလွှတ်ကြောမှတစ်ဆင့် သေးငယ်သော ပိုက်ပျော့ (Catheter) ကို ထည့်သွင်းပြီး ပိတ်ဆို့နေသော ဦးနှောက်သွေးကြောအတွင်းရှိ သွေးခဲကို ထုတ်ယူခြင်းဖြစ်ပါသည်။ Biplane Digital Subtraction Angiography (Biplane DSA) နည်းပညာကို အသုံးပြုခြင်းဖြင့် ကျွမ်းကျင်ပညာရှင်များသည် ဦးနှောက်အတွင်းရှိ သွေးကြောပုံရိပ်များကို ထောင့်နှစ်ခုမှ တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်ပါသည်။ ယင်းက ကုသမှုအပိုင်းတွင် ပိုမိုတိကျစေပြီး ဘေးထွက်ဆိုးကျိုး ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါသည်။
ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး၏ အာရုံကြောနှင့် သွေးကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ခေတ်မီ Biplane DSA နည်းပညာကို အသုံးပြု၍ သွေးခဲဖယ်ရှားခြင်း ကုသမှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤပုံရိပ်ဖော်စနစ်သည် ကုသမှု၏ တိကျမှုကို မြှင့်တင်ပေးခြင်း၊ နောက်ဆက်တွဲ ပြဿနာများကို အနည်းဆုံးဖြစ်စေခြင်းနှင့် လူနာတိုင်းအတွက် ဘက်စုံလွှမ်းခြုံသော ပြုစုစောင့်ရှောက်မှုများကို ရရှိစေရန် အာမခံချက်ပေးနိုင်ပါသည်။
Biplane DSA နည်းပညာဖြင့် သွေးခဲဖယ်ရှားကုသခြင်း၏ အကျိုးကျေးဇူးများ
ဦးနှောက်ပျက်စီးမှုကို လျှော့ချပေးခြင်း : ဦးနှောက်ဆဲလ်များ ပျက်စီးမှုကို သက်သာစေပြီး ပြန်လည်ကျန်းမာလာနိုင်ခြေကို မြင့်တက်စေပါသည်။
တစ်ရှူးများ ထိခိုက်ဒဏ်ရာရမှု လျော့နည်းခြင်း : ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများ ထပ်မံထိခိုက်နိုင်ခြေကို လျှော့ချပေးပါသည်။
ကုသမှုကြာချိန်တိုတောင်းခြင်း : ကုသချိန်ကို လျှော့ချပေးနိုင်သဖြင့် အသက်ရှင်သန်နိုင်ခြေကို ပိုမိုအားကောင်းစေပါသည်။
အချိန်ကြာမြင့်သူများအတွက် သင့်လျော်ခြင်း : ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ပြီး (၂၄) နာရီအတွင်း ရောက်ရှိလာသော လူနာများအတွက်လည်း ကုသမှုခံယူရန် သင့်လျော်ပါသည်။
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းကို ကာကွယ်ခြင်း
ကျန်းမာသော လူနေမှုပုံစံကို ထိန်းသိမ်းခြင်း : သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နှင့် အဆီဓာတ်ပမာဏတို့ကို ပုံမှန်အခြေအနေရှိစေရန် ဂရုပြုပါ။
အစားအသောက် ဆင်ခြင်ခြင်း : ဆားနှင့် အဆီများသော အစားအစာများကို လျှော့ချပြီး မျှတသော အာဟာရကို မှီဝဲပါ။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း : ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်ပေးပါ။
မကောင်းသော အလေ့အထများကို ရှောင်ကြဉ်ခြင်း: ဆေးလိပ်ဖြတ်ခြင်းနှင့် အရက်သောက်သုံးမှုကို ကန့်သတ်ခြင်း။
ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း : ရောဂါဖြစ်ပွားနိုင်ခြေကို စောစီးစွာ သိရှိနိုင်ရန် နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုများ ခံယူပါ။
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းသည် အချိန်နှင့်အမျှ အပြိုင်လုရသော အခြေအနေဖြစ်ပါသည်။ ရောဂါလက္ခဏာများကို စောစီးစွာ သိရှိနားလည်ပြီး ချက်ချင်း ကုသမှုခံယူခြင်းက အသက်ရှင်သန်နိုင်ခြေကို မြင့်တက်စေကာ ရေရှည်ကိုယ်အင်္ဂါမသန်စွမ်းမှုကို လျှော့ချပေးနိုင်ပါသည်။ ယနေ့ခေတ်တွင် အဆင့်မြင့် Biplane DSA နည်းပညာကြောင့် ကုသမှုများကို ပိုမိုမြန်ဆန်ပြီး ဘေးကင်းစွာ ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါသည်။
အမေးများသော မေးခွန်းများ (FAQ)
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းကို ကုသ၍ရပါသလား ?
ကုသ၍ရပါသည်။ အထူးသဖြင့် ရောဂါလက္ခဏာပြပြီး ၂၄ နာရီအတွင်း Biplane DSA နည်းပညာဖြင့် အချိန်မီကုသမှု ခံယူပါက လူနာများအနေဖြင့် ပြန်လည်ကျန်းမာလာနိုင်ခြေ အလွန်မြင့်မားပြီး ကိုယ်အင်္ဂါမသန်စွမ်းမှု ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသည်။
Biplane DSA သည် သာမန်ကုသမှုများနှင့် ဘာကွာခြားသနည်း ?
Biplane DSA သည် ဦးနှောက်သွေးကြောပုံရိပ်များကို ထောင့်နှစ်ခုမှ တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်သဖြင့် ဆရာဝန်များအနေဖြင့် ပိတ်ဆို့နေသော သွေးခဲတည်နေရာကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်တွေ့ရပါသည်။ ယင်းက ကုသမှုအပိုင်းတွင် ပိုမိုတိကျစေပြီး ဘေးကင်းစိတ်ချရမှုကို မြှင့်တင်ပေးပါသည်။
လေဖြတ်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက ဘာလုပ်သင့်သနည်း ?
လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ဆိုပါ သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံးသွားရောက်ပါ။ လေဖြတ်သည့် လက္ခဏာစတင်ချိန်မှစ၍ မိနစ်ပိုင်းအတွင်း ဦးနှောက်ဆဲလ်များ စတင်သေဆုံးနိုင်သဖြင့် စက္ကန့်တိုင်းသည် အလွန်အရေးကြီးပါသည်။
အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –
ဦးနှောက်နှင့်အာရုံကြောအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – (+66)2-734-0000 လိုင်းခွဲ 5400, 5444
မြန်မာဘာသာဖြင့် ဆက်သွယ်ရန် – (+66)81-984-5111
Readers’ Rating
0.0 out of 5 stars (based on 0 reviews)