ဆီးကျိတ်ကြီးခြင်း ဝေဒနာ – အငြိမ်းစားယူထားသည့် အမျိုးသားများတွင် အဖြစ်များပြီး ခွဲစိတ်ရန်မလိုဘဲ ကုသနိုင်သော အခြေအနေ

ကျန်းမာရေးဆိုင်ရာ စာစောင်များ
ဆီးကြိတ်ကြီးခြင်း

အသက်အရွယ် အလယ်အလတ်ပိုင်းမှသည် သက်ကြီးပိုင်းအရွယ်သို့ ရောက်ရှိလာသောအခါ အမျိုးသားအများစုတွင် ဆီးသွားရန် ခက်ခဲခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးစီးဆင်းမှု အားနည်းခြင်း သို့မဟုတ် ညဘက်တွင် ဆီးသွားရန် ခဏခဏ နိုးထရခြင်း စသည့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားရတတ်ပါသည်။ အဆိုပါ ရောဂါလက္ခဏာများသည် စတင်ဖြစ်ပွားချိန်တွင် အနည်းငယ်မျှသာဟု ထင်ရသော်လည်း အချိန်မီ ကုသမှုမခံယူပါက ရေရှည်တွင် နေ့စဉ်လူမှုဘဝ အရည်အသွေးကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်ပါသည်။ ဤကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်ရခြင်း၏ အသုံးအများဆုံး အကြောင်းရင်းတစ်ခုမှာ ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH) ပင် ဖြစ်ပါသည်။

ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia) ဆိုသည်မှာ အဘယ်နည်း?

ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း (BPH) ဆိုသည်မှာ အမျိုးသားများ အသက်အရွယ် ရရှိလာသည်နှင့်အမျှ ဆီးကျိတ်သည် တဖြည်းဖြည်း ကြီးထွားလာသော ကင်ဆာမဟုတ်သည့် ရောဂါအခြေအနေတစ်ခု ဖြစ်ပါသည်။ ဆီးကျိတ်သည် ဆီးအိမ်၏ အောက်ဘက်တွင် တည်ရှိပြီး ဆီးပြွန်ကို ဝန်းရံထားပါသည်။ ဆီးကျိတ် ပိုမိုကြီးထွားလာသောအခါ ၎င်းသည် ဆီးပြွန်ကို ဖိမိလာနိုင်ပြီး ဆီးသွားရ ခက်ခဲခြင်း၊ ဆီးစီးဆင်းမှု အားနည်းခြင်း သို့မဟုတ် ဆီးခဏခဏသွားခြင်း စသည့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေပါသည်။

ဤရောဂါသည် ကင်ဆာမဟုတ်သကဲ့သို့ ကင်ဆာအဖြစ်သို့လည်း ပြောင်းလဲသွားခြင်း မရှိပါ။ သို့သော်လည်း နေ့စဉ်လူမှုဘဝ နေထိုင်မှု အရည်အသွေးကိုမူ သိသာထင်ရှားစွာ ထိခိုက်စေနိုင်ပါသည်။

ဆီးကျိတ်ကြီးခြင်း ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ဖြစ်နိုင်ခြေရှိသော အချက်များ

ဤရောဂါအခြေအနေ ဖြစ်ပွားမှုကို အားပေးသော အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည် –

  • အသက်အရွယ် – အသက်အရွယ် 50 ကျော်လွန်လာသော အမျိုးသားများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။ ၎င်း ၅၀ ရာခိုင်နှုန်းသော အသက် ၆၀ နှင့် အထက် အမျိုးသားများနှင့် ၈၀ ရာခိုင်နှုန်းသော အသက် ၇၀ နှင့် အထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားပါသည်။
  • အသက်အရွယ်နှင့် ဆက်စပ်သော ဟော်မုန်းအပြောင်းအလဲများ – အသက်ကြီးလာသည်နှင့်အမျှ သဘာဝအလျောက် ဖြစ်ပေါ်လာသော အမျိုးသားဟော်မုန်း အပြောင်းအလဲများသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

ဆီးကျိတ်ကြီးခြင်း (BPH) ၏ ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများကို အဓိကအားဖြင့် အုပ်စုနှစ်စု ခွဲခြားနိုင်ပါသည် – ဆီးသိုလှောင်မှုဆိုင်ရာ လက္ခဏာများနှင့် ဆီးစွန့်ထုတ်မှုဆိုင်ရာ လက္ခဏာများ ဖြစ်ကြသည်။

1. ဆီးသိုလှောင်မှုဆိုင်ရာ လက္ခဏာများ (Storage Symptoms)

  • ဆီးခဏခဏသွားခြင်း
  • ဆီးသွားလိုစိတ် ရုတ်တရက် အပြင်းအထန် ဖြစ်ပေါ်ခြင်း
  • ညဘက်တွင် ဆီးခဏခဏသွားခြင်း

2. ဆီးစွန့်ထုတ်မှုဆိုင်ရာ လက္ခဏာများ (Voiding Symptoms)

  • ဆီးသွားရန် ခက်ခဲခြင်း သို့မဟုတ် ဆီးသွားရာတွင် ပြတ်တောင်းပြတ်တောင်း ဖြစ်ခြင်း
  • ဆီးတစ်စက်စက်ကျခြင်း သို့မဟုတ် ဆီးတွင် သွေးပါခြင်း
  • ဆီးသွားပြီးသော်လည်း ဆီးမကုန်သကဲ့သို့ ခံစားရခြင်း သို့မဟုတ် ဆီး လုံးဝသွား၍မရခြင်း

အကယ်၍ ဤရောဂါကို ကုသမှုမခံယူဘဲ ထားရှိပါက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆီးအိမ်အတွင်း ကျောက်တည်ခြင်း သို့မဟုတ် ကျောက်ကပ် ပျက်စီးခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆီးကျိတ်ကြီးခြင်းကို ရောဂါရှာဖွေခြင်း (Diagnosis)

ဆရာဝန်များသည် ဤရောဂါအခြေအနေကို အောက်ဖော်ပြပါ စစ်ဆေးမှုများနှင့် စမ်းသပ်မှုအမျိုးမျိုးမှတစ်ဆင့် ရောဂါရှာဖွေဖော်ထုတ်ကြပါသည် –

ကျန်းမာရေးရာဇဝင် မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း

  • ဆီးစစ်ခြင်း (Urinalysis)
  • ဆီးကျိတ်၏ အခြေအနေကို သိရှိနိုင်ရန် သွေးအတွင်းရှိ PSA (Prostate-Specific Antigen) ပမာဏကို တိုင်းတာစစ်ဆေးခြင်း
  • စအိုလမ်းကြောင်းမှတစ်ဆင့် တီဗီဓာတ်မှန်ရိုက်ခြင်း (Transrectal ultrasound – TRUS)
  • ဆီးစီးဆင်းမှုနှုန်းကို တိုင်းတာစစ်ဆေးခြင်း (Uroflowmetry)
  • ဆီးသွားပြီးနောက် ဆီးအိမ်အတွင်း ကျန်ရှိနေသော ဆီးပမာဏကို တိုင်းတာစစ်ဆေးခြင်း

ဆီးကျိတ်ကြီးခြင်း (BPH) အတွက် ကုသမှုနည်းလမ်းများ

BPH ရောဂါအား ကုသရာတွင် ကျင့်သုံးမည့် နည်းလမ်းများသည် ရောဂါလက္ခဏာများ၏ ပြင်းထန်မှုအခြေအနေနှင့် လူနာ၏ နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုရှိပုံတို့အပေါ်တွင် မူတည်ပါသည်။

1. နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Modifications)

ရောဂါလက္ခဏာ အနည်းငယ်သာရှိသော လူနာများအတွက် ဆရာဝန်များသည် အောက်ပါအချက်များကို လမ်းညွှန်ပေးနိုင်ပါသည် –

  • အိပ်ရာမဝင်မီ အရည်သောက်သုံးမှုကို လျှော့ချခြင်း
  • အရက်နှင့် ကဖိန်း(caffein)ဓာတ်ပါသော အချိုရည်များကို ရှောင်ကြဉ်ခြင်း
  • စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း

2. ဆေးဝါးဖြင့် ကုသခြင်း (Medications)

အဓိကအားဖြင့် ဆေးဝါးအုပ်စု နှစ်စု ရှိပါသည် –

  • Alpha-blockers: ဆီးပြွန်တစ်ဝိုက်ရှိ ကြွက်သားများကို ပြေလျော့စေရန် ကူညီပေးပါသည်။
  • 5-alpha reductase inhibitors: ဆီးကျိတ်၏ အရွယ်အစားကို လျှော့ချရန် ကူညီပေးပါသည်။

အဆိုပါ ဆေးဝါးများသည် ရောဂါဖြစ်ပွားမှု အများစုတွင် ထိရောက်မှု ရှိသော်လည်း ဆေးကို စွဲမြဲစွာ သောက်သုံးရန် လိုအပ်ပြီး သွေးပေါင်ကျခြင်း၊ နုံးခွေခြင်း သို့မဟုတ် သုတ်လွှတ်မှုဆိုင်ရာ ပုံမှန်မဟုတ်သော အခြေအနေများကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။

3.  ခွဲစိတ်ကုသခြင်း (Surgery)

ဆေးဝါးဖြင့် ကုသမှု မထိရောက်ခြင်း သို့မဟုတ် ဆီးကျိတ်သည် သိသာထင်ရှားစွာ ကြီးထွားလာပြီး ဆီးသွားရန် ခက်ခဲစေခြင်း စသည့် အခြေအနေများတွင် ဆရာဝန်များသည် ပိုလျှံနေသော ဆီးကျိတ်တစ်ရှူးများကို ဖယ်ရှားရန်အတွက် မှန်ပြောင်းဖြင့် ဆီးလမ်းကြောင်းမှတစ်ဆင့် ခွဲစိတ်ခြင်း ကို အကြံပြုနိုင်ပါသည်။ ဤနည်းလမ်းသည် ထိရောက်မှု ရှိသော်လည်း မေ့ဆေးနှင့် ဆက်စပ်သော ဘေးထွက်ဆိုးကျိုးများ၊ ပိုးဝင်နိုင်ခြေရှိခြင်းနှင့် အချို့သော လူနာများတွင် သုတ်လွှတ်မှုဆိုင်ရာ ပြဿနာများ အပါအဝင် လိင်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ခွဲစိတ်ရန်မလိုသော ကုသမှု – ဆီးကျိတ်သွေးကြောပိတ် ကုသခြင်း (Prostatic Artery Embolization – PAE)

နောက်ဆုံးပေါ် ဘေးကင်းစိတ်ချရသော ကုသမှုရွေးချယ်စရာများထဲမှ တစ်ခုမှာ PAE ဖြစ်ပြီး ၎င်းသည် ဓာတ်မှန်ပညာရှင်များမှ လုပ်ဆောင်သော ကုသမှုတစ်မျိုး ဖြစ်ပါသည်။ ဆရာဝန်သည် ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်ရှိ သွေးကြောမှတစ်ဆင့် သေးငယ်သော ပိုက်လိုင်းငယ်ကို ထည့်သွင်းကာ ဆီးကျိတ်သို့ သွေးထောက်ပံ့ပေးနေသော သွေးလွှတ်ကြောများကို ပိတ်ဆို့ရန်အတွက် အထူးပြုလုပ်ထားသော ပစ္စည်းများကို ထိုးသွင်းမည် ဖြစ်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ကုသပြီး 1-3 အတွင်း ဆီးကျိတ်၏ အရွယ်အစားကို တဖြည်းဖြည်း သေးငယ်သွားစေမည် ဖြစ်ပြီး ကုသမှုခံယူပြီး5-6 အတွင်း ရောဂါလက္ခဏာများ သိသာထင်ရှားစွာ သက်သာကောင်းမွန်လာမည် ဖြစ်ပါသည်။

PAE ကုသမှု၏ အကျိုးကျေးဇူးများ

  • ခွဲစိတ်ရန်မလိုသော ကုသမှုဖြစ်ခြင်း
  • ခွဲစိတ်ရာမရှိသဖြင့် နာလန်ထူမှု လျင်မြန်ခြင်း
  • လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် သက်ရောက်မှု အနည်းငယ်သာရှိခြင်း
  • ကုသမှုခံယူပြီး တစ်ရက်အတွင်း ဆေးရုံမှ ဆင်းနိုင်ခြင်း
  • 75-80 ရာခိုင်းနှုန်းသော လူနာများတွင် ဆီးသွားရ ပိုမိုလွယ်ကူလာခြင်း၊ ဆီးသွားရသည့် အကြိမ်ရေ လျော့နည်းသွားခြင်းနှင့် ဝေဒနာများ သက်သာပျောက်ကင်းခြင်း စသည့် သိသာထင်ရှားသော တိုးတက်မှုများကို ခံစားရရှိနိုင်ခြင်း

ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းသည် အသက်အန္တရာယ်ရှိသော ရောဂါမျိုးမဟုတ်သော်လည်း ကုသရန် ပျက်ကွက်ပါက နေ့စဉ်လူမှုဘဝကို ထိခိုက်စေနိုင်ပြီး နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ သင်သည် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို စတင်ခံစားနေရပါက မှန်ကန်သော စစ်ဆေးမှုနှင့် သင့်တော်သော ကုသမှုကို ရယူရန်အတွက် ဆရာဝန်နှင့် ပြသခြင်းသည် အရေးကြီးဆုံးသော လုပ်ဆောင်ချက်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
ဆီးနှင့် ကျောက်ကပ်ဆိုင်ရာရောဂါနှင့် အမျိုးသားကျန်းမာရေးဌာန၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံ
ဖုန်းနံပါတ် – (+66)2-734-0000 လိုင်းခွဲ 4901
မြန်မာဘာသာဖြင့် ဆက်သွယ်ရန် – (+66)63-853-2447

Medically Reviewed by

DR. ATTAWAT ANGSUPANKOSOL
DR. ATTAWAT ANGSUPANKOSOL

Surgery

Urosurgery

Readers’ Rating

4.6 out of 5 stars (based on 8 reviews)