အကျဉ်းချုပ်

အစာအိမ်သည် အစာခြေစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာများကို ယာယီသိုလှောင်ရန်နှင့် အစာခြေဖျက်ရန် လုပ်ဆောင်ပေးသည်။ ၎င်းသည် ဝမ်းဗိုက်၏ အထက်ပိုင်း လက်ဝဲဘက်၊ နံရိုးများ၏ အောက်တွင် အလယ်ဗဟိုကျကျ တည်ရှိသည်။

အစာအိမ်ကင်ဆာ (Gastric cancer) သည် အစာအိမ်အတွင်းရှိ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်ပြောင်းလဲကာ လျင်မြန်စွာ ပွားများလာပြီး ကျန်းမာသော ဆဲလ်များထက် အရေအတွက် ပိုမိုများပြားလာသောအခါ ဖြစ်ပွားသည်။ ဤဆဲလ်များသည် အကျိတ်တစ်ခု ဖြစ်ပေါ်လာစေပြီး အနီးနားရှိ တစ်ရှူးများကို ပျက်စီးစေနိုင်သည်။ အစာအိမ်ကင်ဆာသည် အစာအိမ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ

အစာအိမ်ကင်ဆာ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • အစာစားပြီးနောက် ဗိုက်ကယ်ခြင်း/လေပွခြင်း
  • အနည်းငယ်မျှ စားရုံဖြင့် ဗိုက်ပြည့်သွားခြင်း
  • ပျို့အန်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း အကယ်၍ ဤလက္ခဏာများကို သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားနိုင်ခြေရှိသော အချက်များ

အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်အလေးချိန် လွန်ကဲခြင်း
  • အမျှင်ဓာတ်ပါဝင်မှုနည်းသော အစားအစာများကို စားခြင်း
  • အငန်ကဲသော အစားအစာများ သို့မဟုတ် မီးခိုးကြပ်တိုက်ထားသော အစားအစာများကို အလွန်အကျွံ စားခြင်း
  • အစာခြေရည် အထက်သို့ ဆန်တက်သောရောဂါ (GERD) ရှိခြင်း
  • မိသားစုအတွင်း အစာအိမ်ကင်ဆာ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း
  • Helicobacter pylori (H. pylori) ဘက်တီးရီးယား ပိုးဝင်ခြင်း
  • နာတာရှည် အစာအိမ်ရောင်ခြင်း (Gastritis)
  • အစာအိမ်အတွင်း အသားပို (Polyps) ရှိခြင်း

ရောဂါရှာဖွေခြင်း (Diagnosis)

အစာအိမ်ကင်ဆာကို ရောဂါရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်

  • အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Upper endoscopy): ပါးလွှာပြီး ပျော့ပျောင်းသည့် မှန်ပြောင်းပိုက်ချောင်းကို ပါးစပ်မှတစ်ဆင့် အစာရေမြိုပြွန်အတိုင်း ထည့်သွင်းကာ အစာအိမ်အတွင်း ကင်ဆာလက္ခဏာများ ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။
  • အသားစယူခြင်း (Biopsy): မှန်ပြောင်းကြည့်နေစဉ်အတွင်း အစာအိမ်တစ်ရှူး နမူနာကို ယူဆောင်ပြီး အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်းဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests): စီတီစကင် (CT Scan) နှင့် ဘေရီယမ်ဆေးရည်သောက်၍ ဓာတ်မှန်ရိုက်ခြင်း (Barium swallow) တို့ကို အသုံးပြုနိုင်ပါသည်။

ကင်ဆာအဆင့်ကို သတ်မှတ်ခြင်း

  • သွေးစစ်ခြင်း: အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ ကင်ဆာကြောင့် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်။
  • မှန်ပြောင်းသုံး အာထရာဆောင်း (Endoscopic ultrasound): မှန်ပြောင်းပိုက်တွင် တပ်ဆင်ထားသော အထူးအာထရာဆောင်းဖြင့် ကင်ဆာသည် အစာအိမ်နံရံကို မည်မျှအထိ ထိုးဖောက်ဝင်ရောက်နေသည်ကို စစ်ဆေးခြင်းဖြစ်သည်။
  • စီတီစကင်နှင့် ပက်စကင် (CT Scan & PET Scan): ရောဂါပျံ့နှံ့မှုကို ပိုမိုသိရှိရန် အသုံးပြုသည်။
  • မှန်ပြောင်းသုံး ခွဲစိတ်စစ်ဆေးခြင်း (Exploratory surgery): ဝမ်းဗိုက်တွင် အပေါက်ငယ်လေးဖောက်၍ အထူးကင်မရာဖြင့် ကင်ဆာသည် ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်အတွင်း ပျံ့နှံ့ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။

အစာအိမ်ကင်ဆာအဆင့်ကို ၀ မှ IV အထိ သတ်မှတ်ပြီး အဆင့် IV သည် ကင်ဆာရင့်နေပြီး အခြားအင်္ဂါများသို့ ပျံ့နှံ့သွားသည့် အဆင့်ဖြစ်သည်။

ကုသမှု (Treatment)

ခွဲစိတ်ကုသခြင်း (Surgery)

ကင်ဆာကျိတ်နှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအချို့ကိုပါ ဖယ်ရှားခြင်းဖြစ်သည်။

  • မှန်ပြောင်းဖြင့် အသားလွှာဖြတ်ထုတ်ခြင်း (EMR): အစောပိုင်းအဆင့် ကင်ဆာငယ်များကို မှန်ပြောင်းမှတစ်ဆင့် ကိရိယာများထည့်သွင်း၍ ဖယ်ရှားခြင်းဖြစ်သည်။
  • အစာအိမ် အစိတ်အပိုင်းအချို့ကို ဖယ်ထုတ်ခြင်း (Subtotal gastrectomy): ကင်ဆာဖြစ်နေသော အစာအိမ်၏ အစိတ်အပိုင်းအချို့ကိုသာ ဖယ်ရှားခြင်းဖြစ်သည်။
  • အစာအိမ်တစ်ခုလုံးကို ဖယ်ထုတ်ခြင်း (Total gastrectomy): အစာအိမ်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်တစ်ရှူးများကို ဖယ်ရှားပြီး အစာရေမြိုပြွန်ကို အူသိမ်နှင့် တိုက်ရိုက်ပြန်ဆက်ပေးခြင်းဖြစ်သည်။
  • ပြန်ရည်ကျိတ်များကို ဖယ်ထုတ်ခြင်း: ကင်ဆာပျံ့နှံ့မှုကို စစ်ဆေးရန် ပြန်ရည်ကျိတ်များကို ဖယ်ထုတ်နိုင်သည်။
  • ဝေဒနာသက်သာစေရန် ခွဲစိတ်ခြင်း: ရောဂါရင့်နေချိန်တွင် လက္ခဏာများ သက်သာစေရန်အတွက် အစာအိမ်အစိတ်အပိုင်းအချို့ကို ဖယ်ရှားနိုင်သည်။

အခြားကုသမှုနည်းလမ်းများ

  • ဆေးသွင်းကုသခြင်း (Chemotherapy): သောက်ဆေး သို့မဟုတ် ထိုးဆေးများဖြင့် ကင်ဆာဆဲလ်များကို သတ်ခြင်းဖြစ်ပြီး ပျံ့နှံ့နေသော ကင်ဆာများအတွက် အသုံးပြုသည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): စွမ်းအင်မြင့် ရောင်ခြည်များ သို့မဟုတ် ဓာတ်ရောင်ခြည်ထုတ်ပစ္စည်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ခြင်းဖြစ်သည်။
  • ပစ်မှတ်ထား ကုသခြင်း (Targeted drug therapy): ကင်ဆာဆဲလ်များ၏ သီးသန့်ချို့ယွင်းချက်များကိုသာ တိကျစွာ တိုက်ခိုက်သော ဆေးဝါးများကို အသုံးပြုခြင်းဖြစ်ပြီး ၎င်းကို ဆေးသွင်းကုသမှုနှင့် တွဲဖက်အသုံးပြုလေ့ရှိသည်။
  • ကိုယ်ခံအားဖြင့် ကုသခြင်း (Immunotherapy): ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာကို ပြန်လည်တိုက်ခိုက်စေခြင်းဖြစ်သည်။ ၎င်းကို အဆင့်မြင့် အစာအိမ်ကင်ဆာများတွင် အသုံးပြုလေ့ရှိသည်။

Doctors who treat this condition