Overview
အူသိမ်ကျွံခြင်း (Enterocele သို့မဟုတ် Small bowel prolapse) ဆိုသည်မှာ အူသိမ်သည် တင်ပဆုံကွင်းအောက်ပိုင်းအတွင်းသို့ လျောကျလာပြီး မိန်းမကိုယ်၏ အပေါ်ပိုင်းကို တွန်းထုတ်ကာ အူဖောင်းထွက်လာခြင်းကို ခေါ်ဆိုသည်။ ကျွံခြင်း (Prolapse) ဆိုသည်မှာ နေရာလွဲချော်ခြင်း သို့မဟုတ် လျောကျခြင်းကို ဆိုလိုသည်။
ကလေးမွေးဖွားခြင်း၊ အသက်ကြီးလာခြင်းနှင့် ဝမ်းဗိုက်အတွင်း ဖိအားကို တိုးစေသည့် အခြားသော ဖြစ်စဉ်များကြောင့် တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများကို ထောက်ကူပေးထားသော ကြွက်သားများနှင့် အရွတ်များ အားနည်းသွားနိုင်သည်။ ယင်းက အူသိမ်ကျွံနိုင်ခြေကို ပိုမိုမြင့်တက်စေသည်။
အူသိမ်ကျွံခြင်းအတွက် ကုသမှုသည် များသောအားဖြင့် တင်ပဆုံကွင်း အထောက်အကူပြုကိရိယာ အသုံးပြုခြင်းနှင့် တင်ပဆုံကွင်းကြွက်သား လေ့ကျင့်ခန်း ပြုလုပ်ခြင်းကဲ့သို့သော ခွဲစိတ်စရာမလိုသည့် ထိန်းသိမ်းကုသနည်းများ ဖြစ်ကြသည်။ အကယ်၍ ပြင်းထန်စွာ ကျွံပါက ခွဲစိတ်မှု ခံယူရန် လိုအပ်နိုင်သည်။
Symptoms
အူသိမ် အနည်းငယ်သာ ကျွံသော လူနာများတွင် ရောဂါလက္ခဏာ ခံစားရမည်မဟုတ်ပါ။ သို့သော်လည်း အကယ်၍ ပြင်းထန်စွာ ကျွံပါက အောက်ပါလက္ခဏာများနှင့် ရောဂါလက္ခဏာများ ပါဝင်နိုင်သည် –
- တင်ပဆုံကွင်းအတွင်း ပြည့်အကျပ်ကြီးဖြစ်ခြင်း၊ ဖိအားခံရခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကို ခံစားရခြင်း
- မိန်းမကိုယ်အတွင်း၌ ပျော့ပျောင်းသော တစ်ရှူးဖုလေး ထွက်လာခြင်း
- ဆီးမထိန်းနိုင်ခြင်း
- အမျိုးသားနှင့် အတူနေစဉ် နာကျင်ခြင်းနှင့် မိန်းမကိုယ်အတွင်း အဆင်မပြေဖြစ်ခြင်း
- လှဲအိပ်လိုက်သောအခါ သက်သာသွားတတ်သည့် တင်ပဆုံကွင်းအတွင်း ဆွဲဆန့်ခံထားရသလို ခံစားရခြင်း
- လှဲအိပ်လိုက်ပါက သက်သာသွားသော ခါးအောက်ပိုင်း အဆင်မပြေဖြစ်ခြင်း
အူသိမ်ကျွံနေသော အမျိုးသမီးအများစုတွင် ဆီးအိမ်၊ သားအိမ် သို့မဟုတ် စအူလမ်းကြောင်းတို့ပါ ကျွံခြင်းကို တွဲဖက်ခံစားရတတ်သည်။ အကယ်၍ သင့်တွင် ကျွံခြင်းဆိုင်ရာ လက္ခဏာ သို့မဟုတ် ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Causes
တင်ပဆုံကွင်းကြွက်သားများနှင့် အရွတ်များသည် အူသိမ်နှင့် အခြားသော တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများကို ထောက်ကူပေးထားသည်။ ဆက်သွယ်ပေးထားသော တစ်ရှူးများ ပျက်စီးခြင်း သို့မဟုတ် အားနည်းသွားခြင်းတို့ ဖြစ်သောအခါ အူသိမ်ကျွံခြင်း ဖြစ်ပွားသည်။ တင်ပဆုံကွင်း ကြွက်သားများသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ပျက်စီးအားနည်းသွားနိုင်သည်၊ ၎င်းတို့မှာ –
- ကိုယ်အလေးချိန် ပြဿနာရှိခြင်း (အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် အလွန်အမင်း တက်လာခြင်း)
- လေးလံသော ပစ္စည်းများကို ထပ်ခါတလဲလဲ မခြင်း
- ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း
- ခဏခဏ ချောင်းဆိုးခြင်း သို့မဟုတ် လေပြွန်ရောင်ခြင်း
- ရက်ရှည် ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းညှစ်ရခြင်း
Pregnancy and childbirth
တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်းကို ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့ကြောင့် အများဆုံး ဖြစ်စေတတ်သည်။ ကိုယ်ဝန်ဆောင်စဉ်၊ သားဖွားစဉ်နှင့် မွေးဖွားစဉ်ကာလများ၌ မိန်းမကိုယ်ကို ထိန်းညှိထောက်ကူပေးထားသော ကြွက်သားများ၊ အရွတ်များနှင့် တစ်ရှူးများသည် ဆွဲဆန့်ခံရပြီး အားနည်းသွားကြသည်။
မီးဖွားပြီး အမျိုးသမီးတိုင်းတွင် တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်း အမြဲတစေ မဖြစ်ပွားပါ။ အချို့သော အမျိုးသမီးများသည် တင်ပဆုံကွင်းကို အထောက်အကူပြုပေးသော ကြွက်သားများ၊ အရွတ်များနှင့် တစ်ရှူးများ အလွန်သန်မာသဖြင့် မည်သည့်ပြဿနာမျှ ခံစားရလေ့မရှိပါ။ ကလေးတစ်ခါမျှ မမွေးဖူးသော အမျိုးသမီးတစ်ဦးတွင်လည်း တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်း ခံစားရနိုင်သည်။
Risk factors
အူသိမ်ကျွံခြင်း ခံစားရနိုင်ခြေကို အောက်ပါအချက်များက သက်ရောက်မှုရှိစေသည် –
- အသက်အရွယ်: အသက်ကြီးလာသည်နှင့်အမျှ အူသိမ်ကျွံခြင်းနှင့် အခြားသော တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်းတို့သည် ပိုမိုအဖြစ်များလာသည်။ အသက်ကြီးလာသောအခါ အခြားသော ကြွက်သားများကဲ့သို့ပင် တင်ပဆုံကွင်းကြွက်သားများ အပါအဝင် ခန္ဓာကိုယ်ရှိ ကြွက်သားထုထည်နှင့် ခွန်အားများ လျော့နည်းလာတတ်သည်။
- လူမျိုး: အကြောင်းရင်း အတိအကျကို မသိရသော်လည်း လူဖြူအမျိုးသမီးများနှင့် ဟစ်စပန်းနစ်အမျိုးသမီးများတွင် တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- ဆေးလိပ်သောက်ခြင်း: ဆေးလိပ်သောက်သူများသည် ပုံမှန်ချောင်းဆိုးတတ်သဖြင့် ဝမ်းဗိုက်အတွင်း ဖိအားကို မြင့်တက်စေကာ ကျွံနိုင်ခြေကို ပိုများစေသည်။
- ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း: သဘာဝအတိုင်း မိန်းမကိုယ်မှတစ်ဆင့် ကလေးမွေးဖွားဖူးခြင်းကြောင့် တင်ပဆုံကွင်းကြွက်သား အထောက်အကူပြု တည်ဆောက်ပုံများ အားနည်းသွားကာ ကျွံနိုင်ခြေကို မြင့်တက်စေသည်။ ကိုယ်ဝန်ဆောင်ဖူးသည့် အကြိမ်ရေ ပိုများလေလေ တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်း အမျိုးအစားတစ်ခုခု ခံစားရနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ ခွဲစိတ်၍ ကလေးမွေးဖွားဖူးသော အမျိုးသမီးများတွင် ကျွံနိုင်ခြေ ပိုနည်းသည်။
- တင်ပဆုံကွင်း ခွဲစိတ်မှု ခံယူဖူးခြင်း: ဆီးမထိန်းနိုင်ခြင်းကို ကုသရန် ခွဲစိတ်မှု ခံယူဖူးခြင်း သို့မဟုတ် သားအိမ်ထုတ်ခြင်း (Hysterectomy) ခွဲစိတ်မှု ခံယူဖူးခြင်းတို့က အူသိမ်ကျွံနိုင်ခြေကို မြင့်တက်စေနိုင်သည်။
- ဝမ်းဗိုက်အတွင်း ဖိအားတိုးခြင်း: ကိုယ်အလေးချိန်များလွန်းခြင်းက ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများပေါ်သို့ ဖိအားပိုမိုသက်ရောက်စေပြီး အူသိမ်ကျွံနိုင်ခြေကို ပိုမိုမြင့်တက်စေသည်။ ဆက်တိုက် (နာတာရှည်) ချောင်းဆိုးခြင်းနှင့် အိမ်သာတက်စဉ် ဝမ်းညှစ်ရခြင်းတို့သည်လည်း ဖိအားကို တိုးစေသည့် အခြားသောအချက်များ ဖြစ်ကြသည်။
- ဆက်သွယ်ပေးသော တစ်ရှူးများဆိုင်ရာ ချို့ယွင်းမှုများ: တင်ပဆုံကွင်းအတွင်းရှိ ဆက်သွယ်ပေးသော တစ်ရှူးများ အားနည်းခြင်းကြောင့် မျိုးရိုးဗီဇအရ ကျွံနိုင်ခြေရှိပြီး အူသိမ်ကျွံခြင်းနှင့် အခြားသော တင်ပဆုံကွင်းအတွင်းရှိ အင်္ဂါများ ကျွံခြင်းတို့ကို ခံစားရနိုင်ခြေ ပိုများသည်။
Link: https://www.vejthani.com/diseases-conditions/small-bowel-prolapse-enterocele/
URL Slug: https://www.vejthani.com/diseases-conditions/small-bowel-prolapse-enterocele/
Diagnosis
ဆရာဝန်သည် အူသိမ်ကျွံခြင်း (Small bowel prolapse) ဟုတ်မဟုတ် အတည်ပြုရန်အတွက် တင်ပဆုံကွင်း စမ်းသပ်စစ်ဆေးမှု (pelvic exam) ပြုလုပ်ပေးမည်ဖြစ်သည်။ စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ကျွံကျနေသော အူသိမ်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ဆရာဝန်သည် သင့်အား အသက်ပြင်းပြင်းရှူသွင်းပြီး ဝမ်းညှစ်သကဲ့သို့ အားစိုက်ညှစ်ခိုင်းသည့်နည်းလမ်း (Valsalva technique) ကို ပြုလုပ်ရန် တောင်းဆိုနိုင်သည်။ စစ်ဆေးရေးခုတင်ပေါ်တွင် လှဲလျောင်းနေစဉ်အတွင်း ကျွံခြင်းရှိမရှိကို ဆရာဝန်က အတည်မပြုနိုင်ပါက သင့်အား မတ်တတ်ရပ်ခိုင်းပြီး စစ်ဆေးမှုကို ထပ်မံပြုလုပ်နိုင်သည်။
ထို့ပြင် အောက်ပါစစ်ဆေးမှုများအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ခံယူရနိုင်သည် –
- Cystoscopy: အလင်းရောင်ပါဝင်သော မှန်ပြောင်းကိရိယာ (cystoscope) ကို အသုံးပြု၍ ဆီးအိမ်၏ အခြေအနေနှင့် တည်နေရာကို ရှာဖွေစစ်ဆေးခြင်း ဖြစ်သည်။
- ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests): ကျွံကျနေသော အင်္ဂါများကို အကဲဖြတ်ရန်နှင့် တင်ပဆုံကွင်းကြွက်သားများကို ဆန်းစစ်ရန်အတွက် ကွန်ပျူတာဓာတ်မှန် (CT) စကင်န်၊ အာထရာဆောင်း (ultrasound) သို့မဟုတ် တင်ပဆုံကွင်း သံလိုက်ဓာတ်မှန် (MRI) တို့ကို ပြုလုပ်နိုင်သည်။
- Urodynamic testing: ဆီးအိမ်၏ သိုလှောင်နိုင်စွမ်းကို ဆန်းစစ်ရန်နှင့် ဆီးမထိန်းနိုင်ခြင်း၏ အဓိကအကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ရန် ပြုလုပ်သော စစ်ဆေးမှုဖြစ်သည်။
Treatment ရောဂါလက္ခဏာများသည် သင့်အား အနှောင့်အယှက်မဖြစ်စေပါက အူသိမ်ကျွံခြင်းသည် ဖြစ်ရပ်အများစုတွင် ကုသမှုခံယူရန် မလိုအပ်ပါ။ အကယ်၍ သင့်တွင် ပြင်းထန်စွာ ကျွံနေပြီး လက္ခဏာများ ဆက်တိုက်ခံစားနေရပါက ခွဲစိတ်ကုသမှုသည် အထောက်အကူဖြစ်စေနိုင်သည်။ အကယ်၍ သင်သည် ခွဲစိတ်မှုကို ရှောင်ရှားလိုလျှင်သော်လည်းကောင်း၊ ခွဲစိတ်ရန် အလွန်အန္တရာယ်များသောအခြေအနေရှိလျှင်သော်လည်းကောင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင်သော်လည်းကောင်း ခွဲစိတ်စရာမလိုသော ကုသနည်းများကို ရွေးချယ်နိုင်သည်။
အူသိမ်ကျွံခြင်းကို အောက်ပါနည်းလမ်းအမျိုးမျိုးဖြင့် ကုသနိုင်သည် –
- စောင့်ကြည့်လေ့လာခြင်း (Observation): သင့်တွင် ကျွံကျခြင်းကြောင့် သိသာထင်ရှားသော လက္ခဏာမရှိခြင်း သို့မဟုတ် အနည်းငယ်သာရှိပါက ကုသမှုခံယူရန် မလိုပါ။ တင်ပဆုံကွင်းကြွက်သားများ သန်မာစေရန် ကီဂယ်လ်လေ့ကျင့်ခန်း (Kegel exercises) ပြုလုပ်ခြင်းကဲ့သို့သော ရိုးရှင်းသည့် တစ်ကိုယ်ရေစောင့်ရှောက်မှု နည်းလမ်းများက ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။ ကျွံခြင်း ပိုမိုဆိုးရွားမလာစေရန် ဝမ်းချုပ်ခြင်းနှင့် လေးလံသော ပစ္စည်းများ မခြင်းတို့ကို ရှောင်ကြဉ်ရမည်။
- မိန်းမကိုယ်အတွင်း ထည့်ပစ္စည်း အသုံးပြုခြင်း (Pessary): ထွက်ကျနေသော တစ်ရှူးများကို ထောက်ကူပေးရန် ဆီလီကွန်၊ ပလတ်စတစ် သို့မဟုတ် ရော်ဘာတို့ဖြင့် ပြုလုပ်ထားသော ကိရိယာကို သင့်မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းအသုံးပြုခြင်း ဖြစ်သည်။ ၎င်းပစ္စည်းများကို ဒီဇိုင်းနှင့် အရွယ်အစား အမျိုးမျိုးဖြင့် ရရှိနိုင်သည်။ သင့်အတွက် အသင့်တော်ဆုံးပစ္စည်းကို ရွေးချယ်ရန် စမ်းသပ်ကြည့်ရှုမှုအချို့ ပြုလုပ်ရလိမ့်မည်။ ဆရာဝန်သည် သင့်တော်မည့် အရွယ်အစားကို တိုင်းတာတပ်ဆင်ပေးမည်ဖြစ်ပြီး ၎င်းကို မည်သို့ထည့်သွင်းရမည်၊ ပြန်ထုတ်ရမည်နှင့် မည်သို့သန့်ရှင်းရေးလုပ်ရမည်ကို သင်ကြားပေးမည်ဖြစ်သည်။
- ခွဲစိတ်ကုသခြင်း (Surgery): ခွဲစိတ်ဆရာဝန်သည် စက်ရုပ်စနစ် အကူအညီဖြင့် သော်လည်းကောင်း၊ မပါဘဲသော်လည်းကောင်း မိန်းမကိုယ် သို့မဟုတ် ဝမ်းဗိုက်မှတစ်ဆင့် ကျွံခြင်းကို ပြုပြင်ရန် ခွဲစိတ်မှု ပြုလုပ်နိုင်သည်။ ခွဲစိတ်ကုသစဉ်အတွင်း ဆရာဝန်သည် သင့်တင်ပဆုံကွင်းရှိ ဆက်သွယ်ပေးသော တစ်ရှူးများကို တင်းကျပ်အောင် ပြုလုပ်ပေးပြီး ကျွံကျနေသော အူသိမ်ကို ၎င်း၏ မူလမှန်ကန်သော နေရာသို့ ပြန်လည်ရောက်ရှိအောင် ပြုလုပ်ပေးမည်ဖြစ်သည်။ အားနည်းနေသော တစ်ရှူးများကို ပိုမိုခိုင်မာစေရန်အတွက် တစ်ခါတစ်ရံတွင် လူလုပ်ပိုက်ကွန်ကွက် (artificial mesh) အသေးစားလေးများကို အသုံးပြုနိုင်သည်။
ဖြစ်ရပ်အများစုတွင် အူသိမ်အနည်းငယ်မျှ ကျွံခြင်းသည် တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိသည်။ သို့သော်လည်း ဝမ်းချုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဝလွန်ခြင်း သို့မဟုတ် အလေးအပင်မခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တင်ပဆုံကွင်းအတွင်း ဖိအားမြင့်တက်မှုများသည် တင်ပဆုံကွင်းကြွက်သားများကို ပိုမိုပျက်စီးစေနိုင်သည်။
