ပုခုံးအဆစ်ပတ်ကြွက်သားနှင့်အရွတ်စုဒဏ်ရာရခြင်း

ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စု ဒဏ်ရာရခြင်း အကြောင်း သိကောင်းစရာ

ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စု (Rotator cuff) ဆိုသည်မှာ ပုခုံးအဆစ်၏ လှုပ်ရှားမှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး ပုခုံးဆစ်ပတ်လည်၌ တည်ရှိသော ကြွက်သားများနှင့် အရွတ်များစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ပုခုံးကို အချိန်ကြာလာသည်နှင့်အမျှ ထပ်ခါတလဲလဲ အသုံးပြုရသူများတွင် ဤပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စု ဒဏ်ရာရခြင်းကို ကြုံတွေ့ရနိုင်ပြီး ပုခုံးကို အလွန်အမင်း အသုံးချရသော အချို့သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ (ဥပမာ – ဆေးသုတ်သမားများ သို့မဟုတ် လက်သမားများ) တွင် ပိုမိုအဖြစ်များသည်။ ဤဒဏ်ရာသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ (အသက် ၆၀ နှစ်ထက်ကျော်လွန်ပါက) ပိုမိုအဖြစ်များလာတတ်ပြီး ယခင်က ပုခုံးဒဏ်ရာရဖူးသော ရာဇဝင်ရှိခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်။ အချို့သော မိသားစုမျိုးရိုးဗီဇဆိုင်ရာ ထူးခြားချက်များသည်လည်း ဤရောဂါအခြေအနေ ဖြစ်ပွားနိုင်ခြေကို ပိုမိုများပြားစေသည်။ အဓိကအားဖြင့် ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စု ဒဏ်ရာရရခြင်း၏ အကြောင်းရင်းမှာ ကာလကြာရှည် ယိုယွင်းလာခြင်း (degeneration) သို့မဟုတ် အလွန်အမင်း အသုံးချခြင်း (overuse) တို့ကြောင့် ဖြစ်သည်။

ရောဂါလက္ခဏာများ

ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စု ဒဏ်ရာရခြင်း၏ လက္ခဏာများမှာ အောက်ပါတို့ ဖြစ်သည်-

  • ပုခုံးပတ်လည်တွင် အားနည်းလာခြင်း
  • အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း (နာကျင်မှုကြောင့် ကောင်းစွာ အိပ်မပျော်ခြင်း)
  • ပုခုံးအတွင်းပိုင်းမှ စူးစူးရှရှမဟုတ်ဘဲ ကိုက်ခဲပြီး နက်ရှိုင်းစွာ နာကျင်ခြင်း
  • သတ်မှတ်ထားသော လှုပ်ရှားမှုအချို့ ပြုလုပ်သည့်အခါတွင် နာကျင်မှု ထပ်ခါတလဲလဲ ဖြစ်ပွားခြင်း
  • ပုခုံးလှုပ်ရှားလိုက်သည့်အခါ ဂျွတ်ခနဲ အသံမြည်ခြင်း
  • မိမိကျောဘက်သို့ လက်လှမ်းခြင်း သို့မဟုတ် ဆံပင်ဖြီးခြင်းကဲ့သို့သော သာမန်လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ခက်ခဲခြင်း

အကယ်၍ သင့်တွင် ပုခုံး သို့မဟုတ် လက်မောင်း၌ ရုတ်တရက် အားအင်ကုန်ခမ်းသွားခြင်း (အားနည်းသွားခြင်း) ကို ခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသတိုင်ပင်ပါ။

ရောဂါရှာဖွေခြင်း (Diagnosis)

ဆရာဝန်သည် ဒဏ်ရာရရှိထားသည့် လက္ခဏာများ ရှိ၊ မရှိ သိနိုင်ရန် ကိုည်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ၎င်းတွင် သီးသန့်စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ကြွက်သားကြံ့ခိုင်မှုကို စစ်ဆေးခြင်းနှင့် ပုခုံး၏ လှုပ်ရှားနိုင်စွမ်း အတိုင်းအတာ (range of motion) ကို စစ်ဆေးခြင်းတို့ ပါဝင်သည်။ ထို့ပြင် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကိုလည်း ပြုလုပ်ရန် ညွှန်ကြားနိုင်သည် –

  • ဓာတ်မှန်ရိုက်ခြင်း (X-rays): အရိုးအက်ခြင်း/ကျိုးခြင်း သို့မဟုတ် နာကျင်မှုကို ဖြစ်စေသော အခြားအချက်များကို ရှာဖွေနိုင်သော်လည်း ပုခုံးအဆစ်ပတ် အရွတ်စုတ်ပြဲမှုကိုမူ ဤဓာတ်မှန်ဖြင့် မမြင်တွေ့နိုင်ပါ။
  • အာထရာဆောင်းရိုက်ခြင်း (Ultrasound): အသံလှိုင်းများကို အသုံးပြု၍ ပျော့ပျောင်းသော တစ်ရှူးများနှင့် အရွတ်များ၏ ပုံရိပ်များကို ပြသပေးသည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI): အသံလှိုင်းများနှင့် ပြင်းထန်သော သံလိုက်စက်ကွင်းကို အသုံးပြု၍ ပုခုံးတစ်ခုလုံး၏ ဖွဲ့စည်းပုံကို ပိုမိုပြတ်သား အသေးစိတ်ကျစွာ မြင်တွေ့နိုင်ရန် ပုံရိပ်ဖော်ခြင်း ဖြစ်သည်။

ကုသခြင်း (Treatment)

အချို့သောသူများတွင် ဒဏ်ရာရထားသော နေရာကို အနားပေးခြင်း၊ အအေးပတ်တီးလှည့်ခြင်း (cold compression) နှင့် ကာယပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကဲ့သို့သော ခွဲစိတ်မှုမဟုတ်သည့် သာမန်ကုသမှုများ (conservative treatment) ဖြင့် ရောဂါလက္ခဏာများ ၎င်းဘာသာ ပြန်လည်သက်သာသွားလေ့ ရှိသည်။ သို့သော် ဒဏ်ရာရရှိမှု ပြင်းထန်ဆိုးရွားပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

ဆေးထိုး၍ ကုသခြင်း (Injections)

ခွဲစိတ်မှုမဟုတ်သော သာမန်ကုသမှုများဖြင့် မသက်သာပါက ပုခုံးနာကျင်မှုကို လျှော့ချရန် စတီးရွိုက်ဆေး (Steroid) ထိုးရန် ညွှန်ကြားနိုင်သည်။ သို့သော် ဤဆေးထိုးကုသမှုကို ကာလတိုအတွက်သာ အသုံးပြုသင့်သည်၊ အကြောင်းမှာ စတီးရွိုက်ဆေးသည် အရွတ်ကို အားနည်းသွားစေနိုင်ပြီး နောက်ပိုင်းတွင် ခွဲစိတ်ကုသမှု ပြုလုပ်ရာ၌ ရလဒ်ကောင်းမွန်မှုကို နှောင့်နှေးတားဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။

ကာယကုထုံးဖြင့် ကုသခြင်း (Physical Therapy)

ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စု ဒဏ်ရာရခြင်းအတွက် ကနဦးကုသမှုမှာ ပုခုံးကြွက်သား ကြံ့ခိုင်မှုနှင့် လှုပ်ရှားနိုင်စွမ်း အတိုင်းအတာကို ပြန်လည်ရရှိစေရန် လူနာတစ်ဦးချင်းစီနှင့် ကိုက်ညီအောင် စနစ်တကျ ဒီဇိုင်းထုတ်ထားသော ကာယကုထုံး (physiotherapy) ပြုလုပ်ခြင်း ဖြစ်သည်။

ခွဲစိတ်ကုသခြင်း (Surgery)

အောက်ပါတို့အပါအဝင် အမျိုးမျိုးသော ခွဲစိတ်မှု နည်းလမ်းများ ရှိသည် –

  • မှန်ပြောင်းကြည့် အရွတ်ပြန်ဆက်ခြင်း (Arthroscopic tendon repair): ပုခုံးပတ်လည်တွင် သေးငယ်သော ခွဲကြောင်းတစ်ခု ပြုလုပ်၍ မှန်ပြောင်း (ကင်မရာပါသော သေးငယ်သော ပြွန်ချောင်း) ကို အသုံးပြုကာ အရွတ်ကို အရိုးနှင့် ပြန်လည်တွဲဆက်ပေးခြင်း ဖြစ်သည်။
  • ခွဲစိတ်၍ အရွတ်ပြန်ဆက်ခြင်း (Open tendon repair): ဒဏ်ရာရရှိမှုကို ပြုပြင်ရန်နှင့် အရွတ်ကို အရိုးနှင့် ပြန်လည်တွဲဆက်ရန် ပိုမိုကြီးမားသော ခွဲကြောင်းတစ်ခု ပြုလုပ်၍ ခွဲစိတ်ခြင်း ဖြစ်ပြီး အချို့သော အခြေအနေများတွင် ဤနည်းလမ်းက ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။
  • အရွတ်ရွှေ့ပြောင်း အစားထိုးခြင်း (Tendon transfer): အရွတ်ဒဏ်ရာရရှိမှုသည် အလွန်ကြီးမားလွန်းပြီး ၎င်းကို အရိုးနှင့် ပြန်လည်တွဲဆက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးတွင် အနီးနားရှိ အခြားအရွတ်တစ်ခုကို ယူဆောင်၍ အစားထိုး အသုံးပြုခြင်း ဖြစ်သည်။
  • ပုခုံးအဆစ် အစားထိုးခြင်း (Shoulder replacement): ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးသွားသော ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စုနေရာတွင် အတုပြုလုပ်ထားသော အဆစ်ဖြင့် အစားထိုးခြင်း ဖြစ်သည်။ ပုခုံးကို ပြန်လည်တည်ငြိမ်စေရန် ပြုလုပ်သော ဤလုပ်ငန်းစဉ်ကို Reverse shoulder arthroplasty ဟုလည်း ခေါ်ဆိုသည်။

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ (Lifestyle and home remedies)

ပုခုံးကို တတ်နိုင်သမျှ အနားပေးပါ၊ သင်၏ ပုခုံးအဆစ်ပတ်ကြွက်သားနှင့် အရွတ်စုအပေါ် ဖိစီးမှု ပိုမိုများပြားစေမည့် ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ အိမ်တွင်းကုထုံးများအနေဖြင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများ (ဥပမာ – ibuprofen သို့မဟုတ် acetaminophen) သောက်သုံးခြင်းနှင့် အအေးပတ်တီးလှည့်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ရောဂါဝေဒနာရှင် အများစုသည် ရောဂါလက္ခဏာများကို မိမိဘာသာ ကောင်းစွာ စီမံခန့်ခွဲနိုင်ကြပြီး ကြွက်သားကြံ့ခိုင်မှုနှင့် လှုပ်ရှားနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေမည့် ကာယပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို တွဲဖက်လုပ်ဆောင်ခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ကြသည်။

Doctors who treat this condition