မျက်ကြည်လွှာ ကွာကျခြင်း အကြောင်း သိကောင်းစရာ

မျက်ကြည်လွှာ ကွာကျခြင်း (Retinal detachment) သည် ပြင်းထန်သော မျက်စိရောဂါတစ်ခု ဖြစ်သည်။ ၎င်းသည် အလင်းကို ဖမ်းယူပြီး ဦးနှောက်သို့ အမြင်အာရုံဆိုင်ရာ အချက်ပြလှိုင်းများ ပေးပို့ရသည့် မျက်လုံးနောက်ဘက်ရှိ တစ်သျှူးအလွှာဖြစ်သော မျက်ကြည်လွှာ (retina) သည် ၎င်းကို ထောက်ပံ့ပေးထားသည့် ဘေးပတ်ဝန်းကျင်ရှိ တစ်သျှူးများမှ သီးခြားကွာထွက်သွားသောအခါမျိုးတွင် ဖြစ်ပွားတတ်သည်။ မျက်ကြည်လွှာ ကွာကျခြင်းသည် အမြင်အာရုံကို ထိခိုက်စေပြီး မျက်စိကွယ်သည်အထိ ဖြစ်စေနိုင်ပါသည်။

မျက်ကြည်လွှာသည် ၎င်းကို ထောက်ပံ့ပေးထားသည့် တစ်သျှူးများမှ ကွာထွက်သွားသောအခါ ၎င်းထံသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားသည်။ ထိုထောက်ပံ့ပေးထားသည့် တစ်သျှူးများရှိ သွေးကြောများသည် မျက်ကြည်လွှာဆီသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ပို့ဆောင်ပေးခြင်း ဖြစ်သည်။ အကယ်၍ ဤရောဂါကို အချိန်ကြာမြင့်စွာ ကုသမှုမခံယူဘဲ ထားရှိပါက ထိခိုက်မိသော မျက်လုံးတွင် အမြင်အာရုံ အပြီးတိုင် ဆုံးရှုံးနိုင်ခြေ သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။

အမြင်အာရုံ လျော့နည်းလာခြင်း၊ အမြင်အာရုံတွင် အမှုန်အမွှားများ ရုတ်တရက် ပေါ်လာခြင်းနှင့် အလင်းကွက်များ လက်ခနဲ လင်းလာခြင်းတို့သည် မျက်ကြည်လွှာ ကွာကျခြင်း၏ သတိပေးလက္ခဏာများ ဖြစ်နိုင်ပြီး အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်ရန် ချက်ချင်း ကုသမှုခံယူဖို့ အလွန်အရေးကြီးသည်။ ကုသမှုနည်းလမ်းများတွင် လေဆာဖြင့် ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ ပါဝင်နိုင်ပါသည်။

ရောဂါလက္ခဏာများ

မျက်ကြည်လွှာ ကွာကျခြင်း၏ လက္ခဏာရပ်များသည် ရောဂါပြင်းထန်မှုအပေါ် မူတည်သည်။ အချို့သူများတွင် မည်သည့်လက္ခဏာမျှ မပြတတ်သော်လည်း အချို့သူများ (အထူးသဖြင့် မျက်ကြည်လွှာ အစိတ်အပိုင်း အများအပြား ကွာကျသူများ) တွင် လက္ခဏာများ ပြသတတ်သည်။ သို့သော် ရောဂါမဖြစ်ပွားမီ သို့မဟုတ် ရောဂါမကျွမ်းမီတွင် အောက်ပါကဲ့သို့သော သတိပေးလက္ခဏာများ တတ်လေ့ရှိသည် –

  • အလင်းကွက်များ ဝင်းခနဲ လက်ခနဲ ဖြစ်ခြင်း (Photopsia)
  • အမြင်အာရုံတွင် အမှုန်အမွှား သို့မဟုတ် မျှင်စလေးများ (floaters) အများအပြား ရုတ်တရက် ပေါ်လာခြင်း
  • ဘေးပတ်ပတ်လည် အမြင်အာရုံ (peripheral vision) မှောင်သွားခြင်း သို့မဟုတ် လျော့နည်းသွားခြင်း
  • အမြင်အာရုံ၏ တစ်စိတ်တစ်ပိုင်းတွင် အမှောင်ထု သို့မဟုတ် အရိပ်တစ်ခုက ဖုံးလွှမ်းသွားခြင်း
  • မှုန်ဝါးဝါး မြင်ရခြင်း

အကယ်၍ မိမိ၏ အမြင်အာရုံတွင် အမှုန်အမွှားများ ပိုမိုများပြားလာခြင်း၊ အလင်းလက်ခြင်းများ ဖြစ်ပေါ်ခြင်း သို့မဟုတ် အရိပ်တစ်ခု ဖုံးလွှမ်းလာခြင်းတို့ကို သတိပြုမိပါက ချက်ချင်းပင် မျက်စိအထူးကုဆရာဝန်နှင့် ဆက်သွယ်ရန် သို့မဟုတ် အရေးပေါ်ဌာနသို့ သွားရောက်ရန် အလွန်အရေးကြီးသည်။ အမြင်အာရုံ အပြီးတိုင် ဆုံးရှုံးခြင်းမှ ကာကွယ်ရန် အရေးပေါ် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

မျက်ကြည်လွှာ ကွာကျရခြင်း အကြောင်းရင်းသည် ၎င်း၏ အမျိုးအစားအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ မျက်ကြည်လွှာ ကွာကျခြင်း အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည် –

  • မျက်ကြည်လွှာ စုတ်ပြဲခြင်းကြောင့် ကွာကျခြင်း (Rhegmatogenous): ဤအမျိုးအစားသည် အဖြစ်အများဆုံးဖြစ်ပြီး များသောအားဖြင့် လူတစ်ဦး အသက်ကြီးလာသည်နှင့်အမျှ ဖြစ်ပွားတတ်သည်။ ဗီထရီးယပ်စ် (vitreous humor) ဟုခေါ်သော ဂျယ်လီကဲ့သို့သော အရည်များသည် မျက်ကြည်လွှာရှိ စုတ်ပြဲနေသောအပေါက်ငယ်မှတစ်ဆင့် မျက်ကြည်လွှာ၏ နောက်ကွယ်သို့ စိမ့်ဝင်ကာ စုဆောင်းမိသွားတတ်သည်။ ထိုအရည်များက ဖိအားပေးလာခြင်းကြောင့် မျက်ကြည်လွှာကို မျက်လုံးနောက်ဘက်မှ ကွာထွက်သွားစေသည်။ အသက်အရွယ်ကြောင့် ဗီထရီးယပ်စ် အရည်များ ကျုံ့ဝင်ပြီး ကျဲပါးလာသောအခါ ၎င်းသည် မျက်ကြည်လွှာကို ဆွဲငင်သကဲ့သို့ ဖြစ်စေပြီး စုတ်ပြဲမှုများကို ဖြစ်ပေါ်စေသည်။
  • တစ်သျှူးအမာရွတ် ဆွဲငင်ခြင်းကြောင့် ကွာကျခြင်း (Tractional): ဤအမျိုးအစားကို ဖြစ်စေသည့် အဖြစ်အများဆုံး အကြောင်းရင်းမှာ ဆီးချိုရောဂါ ဖြစ်သည်။ ရေရှည်တွင် သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်းသည် မျက်ကြည်လွှာရှိ သွေးကြောများကို ပျက်စီးစေပြီး အမာရွတ်တစ်သျှူးများကို ဖြစ်ပေါ်စေနိုင်သည်။ မျက်ကြည်လွှာ မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာသော အမာရွတ်တစ်သျှူးများသည် မျက်ကြည်လွှာကို မျက်လုံးနောက်ဘက်မှ ကွာထွက်သွားစေရန် ဆွဲငင်နိုင်ပါသည်။
  • အရည်များ စိမ့်ထွက်စုစည်းခြင်းကြောင့် ကွာကျခြင်း (Exudative): မျက်လုံးနောက်ဘက်ရှိ သွေးကြောများ ယိုစိမ့်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း (ဥပမာ – မျက်လုံးအတွင်းပိုင်း ရောင်ရမ်းသည့် ယူဗီယားရောင်ခြင်း – uveitis ကဲ့သို့သော အခြေအနေများ) သည် အရည်များ စုဆောင်းမိခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် မျက်ကြည်လွှာ ကွာကျခြင်းကို ဦးတည်စေသည်။ မျက်ကြည်လွှာတွင် စုတ်ပြဲမှုမရှိဘဲ မျက်ကြည်လွှာနောက်ကွယ်၌ အရည်များ စုဆောင်းမိလာသောအခါ ၎င်းအရည်များက မျက်ကြည်လွှာကို ၎င်းအား ထောက်ပံ့ပေးထားသော တစ်သျှူးများမှ တွန်းထုတ်ပစ်သည်။ အခြားသော အကြောင်းရင်းများတွင် ကင်ဆာကျိတ်များ၊ အသက်အရွယ်ကြောင့် ဖြစ်သော မြင်လွှာအဝါစက် ပျက်စီးခြင်း (age-related macular degeneration) နှင့် မျက်စိထိခိုက်ဒဏ်ရာရခြင်းတို့ ပါဝင်သည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

မျက်ကြည်လွှာ ကွာကျနိုင်ခြေကို မြင့်တက်စေနိုင်သည့် အချက်အပြုတ်များစွာ ရှိပါသည် –

  • အသက်အရွယ်ကြီးရင့်ခြင်း (အထူးသဖြင့် အသက် ၅၀ ကျော်သူများတွင် ပိုမိုအဖြစ်များသည်။)
  • မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင်ထဲတွင် မျက်ကြည်လွှာ ကွာကျဖူးသည့် ရာဇဝင်ရှိခြင်း
  • မျက်စိထိခိုက်ဒဏ်ရာရခြင်း
  • မျက်စိခွဲစိတ်မှု ခံယူဖူးခြင်း
  • အနီးမှုန် အလွန်ပြင်းထန်ခြင်း (Being very nearsighted)
  • ယခင်ကတည်းက မျက်ကြည်လွှာအလွှာကွဲခြင်း (retinoschisis)၊ ယူဗီယားရောင်ခြင်း (uveitis)၊ မျက်ကြည်လွှာပတ်လည် ပျက်စီးခြင်း (lattice degeneration) သို့မဟုတ် ဆီးချိုကြောင့်ဖြစ်သော မျက်ကြည်လွှာပျက်စီးခြင်း (diabetes-related retinopathy) ကဲ့သို့သော မျက်စိအခြေအနေများ ရှိနေခြင်း
  • ဗီထရီးယပ်စ်အရည် နောက်ပိုင်းတွင် ကွာကျခြင်း (Posterior vitreous detachment)
  • အချို့သော မျိုးရိုးလိုက်တတ်သည့် မျက်စိရောဂါများ ရှိနေခြင်း

ရောဂါရှာဖွေခြင်း (Diagnosis)

မျက်ကြည်လွှာ ကွာကျခြင်း (retinal detachment) ကို ရောဂါရှာဖွေရာတွင် ခံစားနေရသော လက္ခဏာများကို မေးမြန်းခြင်း၊ လူနာ၏ ကိုယ်ပိုင်နှင့် မိသားစု ဆေးမှတ်တမ်းများကို ဆန်းစစ်ခြင်း၊ မျက်စိအား စမ်းသပ်စစ်ဆေးခြင်းနှင့် အခြားသော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။

  • မျက်ကြည်လွှာအား စစ်ဆေးခြင်း (Retinal examination): မျက်ကြည်လွှာကို ပုံကြီးချဲ့၍ မျက်စိစစ်ဆေးမှု (dilated eye exam) ပြုလုပ်စဉ်အတွင်း စမ်းသပ်မည်ဖြစ်သည်။ သူငယ်အိမ်ကို ကျယ်လာစေရန် သို့မဟုတ် ပွင့်လာစေရန် မျက်စိခတ်ဆေးကို အသုံးပြုမည်ဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက မျက်ကြည်လွှာကို အနီးကပ် စစ်ဆေးနိုင်မည်ဖြစ်သည်။ တောက်ပသော အလင်းရောင်နှင့် အထူးမှန်ဘီလူးများ ပါဝင်သည့် ကိရိယာကို အသုံးပြု၍ မျက်လုံးတစ်ပြင်လုံးကို အလွန်အသေးစိတ်ကျကျ ကြည့်ရှုနိုင်သဖြင့် မျက်လုံးနောက်ဘက်ရှိ မျက်ကြည်လွှာတွင် အပေါက်ဖြစ်ခြင်း၊ စုတ်ပြဲခြင်း သို့မဟုတ် ကွာကျခြင်း ရှိ/မရှိကို စစ်ဆေးနိုင်ပါသည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests): ထိခိုက်ဒဏ်ရာရဖူးသည့် ရာဇဝင်ရှိလျှင် သို့မဟုတ် မျက်လုံးအတွင်းသို့ တစ်ခုခု စိုက်ဝင်ဒဏ်ရာရရှိထားသည်ဟု သံသယရှိလျှင် ကွန်ပျူတာဓာတ်မှန် (CT scan) ကို အသုံးများသည်။ အကယ်၍ မျက်လုံးအတွင်း သွေးထွက်ခြင်း ဖြစ်ပွားထားပါက အာထရာဆောင်း (ultrasound) ကို အသုံးပြုနိုင်ပါသည်။

စမ်းသပ်စစ်ဆေးစဉ်အတွင်း စုတ်ပြဲမှု မတွေ့ရှိရပါက ဗီထရီးယပ်စ်အရည် ကွာထွက်ခြင်းကြောင့် နောက်ကျမှ ဖြစ်ပေါ်လာတတ်သော မျက်ကြည်လွှာ စုတ်ပြဲမှုမျိုး မရှိစေရန် သေချာစေဖို့ လူနာအား ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပြန်လည်ပြသရန် တောင်းဆိုနိုင်ပါသည်။ ဖြစ်ရပ်အများစုတွင် တစ်ဖက်တည်း၌သာ လက္ခဏာပြနေသော်လည်း မျက်လုံးနှစ်ဖက်စလုံးကို စစ်ဆေးလေ့ရှိသည်။

ကုသခြင်း (Treatment)

မျက်ကြည်လွှာ ကွာကျခြင်းကို ကုသရန် ကုသမှုနည်းလမ်းများစွာ ရှိပြီး အထိရောက်ဆုံးသော ရလဒ်ရရှိရန် ကုသမှုနည်းလမ်းအချို့ကို ပေါင်းစပ်အသုံးပြုနိုင်ပါသည်။ ဖြစ်ရပ်အများစုတွင် မျက်ကြည်လွှာ စုတ်ပြဲခြင်း၊ အပေါက်ဖြစ်ခြင်း သို့မဟုတ် ကွာကျခြင်းတို့ကို ပြုပြင်ရန်အတွက် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပါသည်။

  • မျက်ကြည်လွှာ စုတ်ပြဲခြင်း (Retinal tears): အချို့သော ဖြစ်ရပ်များတွင် မျက်ကြည်လွှာ အမှန်တကယ် မကွာကျမီ မျက်ကြည်လွှာ စုတ်ပြဲနေသည်ကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ထိုသို့သော ဖြစ်ရပ်များတွင် စုတ်ပြဲနေသောအပေါက်ကို ပိတ်ရန်နှင့် အမြင်အာရုံကို ထိန်းသိမ်းရန် ဆေးဘက်ဆိုင်ရာ လေဆာ သို့မဟုတ် အအေးပေးကိရိယာကို အသုံးပြုနိုင်သည်။ ဤကုသမှုနှစ်ခုလုံးကို ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာ (outpatients) အဖြစ် ပြုလုပ်နိုင်ပါသည်။ ကုသမှုခံယူပြီးနောက် ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ ပြေးခြင်းကဲ့သို့သော မျက်လုံးကို တုန်ခါလှုပ်ရှားစေမည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။
  • အလင်းဖြင့် သွေးခဲစေခြင်း/လေဆာဖြင့် ခွဲစိတ်ခြင်း (Photocoagulation): ဤခွဲစိတ်မှုသည် မျက်ကြည်လွှာ စုတ်ပြဲနေသည့် နေရာတစ်ဝိုက်ကို လောင်ကျွမ်းစေပြီး အမာရွတ် ဖြစ်ပေါ်စေသည်။ ၎င်းအမာရွတ်က မျက်ကြည်လွှာကို ၎င်း၏အောက်ရှိ တစ်သျှူးများနှင့် ပြန်လည်ကပ်တွဲသွားစေရန် လုပ်ဆောင်ပေးသည်။ ဤလုပ်ထုံးလုပ်နည်းတွင် လေဆာရောင်ခြည်ကို သူငယ်အိမ်မှတစ်ဆင့် မျက်လုံးအတွင်းသို့ လွှတ်တင်၍ အသုံးပြုသည်။
  • အအေးပေး၍ ကုသခြင်း (Cryopexy): ဤလုပ်ထုံးလုပ်နည်းအတွင်း အအေးပေးစက် (freezing probe) ကို မျက်လုံး၏ အပြင်ဘက်မျက်နှာပြင်၊ စုတ်ပြဲနေသည့်နေရာ၏ တည့်တည့်ပေါ်သို့ တင်၍ အသုံးပြုသည်။ အအေးပေးသည့် လုပ်ဆောင်ချက်သည် အမာရွတ်တစ်သျှူး ဖြစ်ထွန်းမှုကို လှုံ့ဆော်ပေးပြီး မျက်ကြည်လွှာကို မျက်လုံးနံရံတွင် မြဲမြံစွာ တွဲကပ်နေစေရန် ကူညီပေးသည်။ ဤနည်းလမ်းအတွက် ထုံဆေးပေးရန် လိုအပ်ပါသည်။
  • မျက်ကြည်လွှာ ကွာကျခြင်း (Retinal detachment): တိကျသော ခွဲစိတ်မှုနည်းလမ်းကို ကွာကျသည့် ပမာဏအပါအဝင် အမျိုးမျိုးသော အချက်အလက်များအပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်သည်။ ရောဂါရှာဖွေတွေ့ရှိပြီးနောက် မကြာမီ (ရက်ပိုင်းအတွင်း) ခွဲစိတ်ကုသမှု ခံယူရန် အများဆုံး အကြံပြုလေ့ရှိသည်။

ခွဲစိတ်မှု ပြုလုပ်ပြီးနောက် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာရန် လအနည်းငယ် ကြာမြင့်နိုင်ပါသည်။ အချို့သော ဖြစ်ရပ်များတွင် ကုသမှု အောင်မြင်စေရန် ဒုတိယအကြိမ် ခွဲစိတ်မှု ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

  • လေပူဖောင်းထည့်၍ မျက်ကြည်လွှာကပ်ခြင်း (Pneumatic retinopexy): ၎င်းသည် မျက်လုံးအတွင်းသို့ လေပူဖောင်းငယ် သို့မဟုတ် ဂတ်စ်ပူဖောင်းငယ်တစ်ခု ထိုးသွင်းကာ မျက်ကြည်လွှာအပေါ် ဖိအားပေးခြင်းဖြင့် စုတ်ပြဲနေသောအပေါက်ကို ပိတ်ပေးသည့် ခွဲစိတ်မှုတစ်ခု ဖြစ်သည်။ စုတ်ပြဲမှုကို လုံးဝပိတ်သွားစေရန် လေဆာ သို့မဟုတ် Cryopexy ကဲ့သို့သော ထပ်ဆောင်းကုသမှုများ လိုအပ်နိုင်ပါသည်။ ဤလုပ်ငန်းစဉ်သည် မျက်ကြည်လွှာအောက်တွင် စုဆောင်းနေသော အရည်များကို ပြန်လည်စုပ်ယူသွားစေပြီး မျက်ကြည်လွှာကို မျက်လုံးနံရံတွင် စနစ်တကျ ပြန်လည်တွဲကပ်သွားစေသည်။ ထိုဂတ်စ်ပူဖောင်းသည် နောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက် စုပ်ယူပျောက်ကွယ်သွားမည် ဖြစ်သည်။ ခွဲစိတ်မှုအပြီးတွင် လူနာများသည် မျက်လုံးပြန်လည်သက်သာလာစေရန်အတွက် ရက်အနည်းငယ်ခန့် ခေါင်းကို ငြိမ်ငြိမ်ထားရန် ညွှန်ကြားခံရလေ့ရှိပြီး အိပ်စက်သည့်အခါ သို့မဟုတ် လှဲလျောင်းသည့်အခါ ထားရှိရမည့် ခေါင်းအနေအထားဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ရရှိနိုင်ပါသည်။
  • မျက်လုံးအပြင်ပြင်ကို ပတ်တီးစည်း၍ မျက်ကြည်လွှာထိန်းခြင်း (Scleral buckle surgery): ဤခွဲစိတ်မှုတွင် ဆီလီကွန်ပတ်တီး သို့မဟုတ် စပန့်ခ်ျ (silicone band or sponge) ကို မျက်လုံးပတ်ပတ်လည်တွင် ခွဲစိတ်တပ်ဆင်ပြီး မျက်ကြည်လွှာကို နေရာတကျ ရှိနေစေရန် ရေရှည်ထောက်ပံ့ပေးထားသည်။ ၎င်းပတ်တီးကို အပြင်ကကြည့်လျှင် မမြင်ရပါ။ စုတ်ပြဲနေသောအပေါက်ကို ပိတ်ရန် လေဆာ သို့မဟုတ် Cryopexy ကို အသုံးပြုသည်။ ထို့ပြင် မျက်ကြည်လွှာ ပြန်လည်တွဲကပ်မှုကို အထောက်အကူပြုစေရန် ဂတ်စ်ပူဖောင်း ထိုးသွင်းခြင်း သို့မဟုတ် မျက်ကြည်လွှာအောက်ရှိ အရည်များကို စုပ်ထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
  • ဗီထရီးယပ်စ်အရည် ဖယ်ရှားခြင်း (Vitrectomy): ဤလုပ်ထုံးလုပ်နည်းကို Scleral buckling ခွဲစိတ်မှုနှင့် တွဲဖက်၍ ပြုလုပ်နိုင်ပါသည်။ Vitrectomy လုပ်ငန်းစဉ်တွင် မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့သော ဗီထရီးယပ်စ်အရည် (vitreous gel) များကို ဖယ်ရှားပြီး မျက်ကြည်လွှာ စုတ်ပြဲခြင်း သို့မဟုတ် အပေါက်ဖြစ်ခြင်းများကို ပိတ်ရန် လေဆာ သို့မဟုတ် အအေးပေးနည်းလမ်းများကို အသုံးပြုသည်။ ထို့နောက် မျက်ကြည်လွှာကို မူလနေရာသို့ ပြန်လည်ရောက်ရှိစေရန် ထိုဗီထရီးယပ်စ်နေရာလွတ်ကို လေ၊ ဂတ်စ် သို့မဟုတ် ဆီလီကွန်အဆီပူဖောင်း (silicone oil bubble) တို့ဖြင့် အစားထိုးဖြည့်သွင်းပေးသည်။

မျက်လုံးအတွင်း ဂတ်စ်ပူဖောင်း ထည့်သွင်းထားသော လူနာများသည် မြင့်မားသော အရပ်ဒေသများသို့ သွားရောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုအချို့ကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လေဖိအားကြောင့် ဂတ်စ်ပူဖောင်း ပိုမိုကြီးထွားလာပြီး မျက်စိအတွင်းဖိအား (eye pressure) ကို မြင့်တက်စေနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လေယာဉ်စီးခြင်းနှင့် မြင့်မားသော တောင်ကုန်း၊ ကုန်းမြင့်ဒေသများသို့ ခရီးသွားခြင်းကို ယာယီရှောင်ကြဉ်ရပါမည်။ အကယ်၍ ဆီလီကွန်အဆီပူဖောင်းကို အသုံးပြုထားပါက လအနည်းငယ်အကြာတွင် ၎င်းကို ပြန်လည်ထုတ်ယူသည့် ခွဲစိတ်မှု ပြုလုပ်ရပါလိမ့်မည်။

Doctors who treat this condition