မီးဖွားပြီးနောက်ကိုယ်ဝန်ဆိပ်တက်ခြင်း
ခြုံငုံသုံးသပ်ချက်
Postpartum preeclampsia ဆိုသည်မှာ သွေးဖိအား မြင့်တက်လာခြင်းနှင့် ဆီးထဲတွင် ပရိုတင်းဓာတ် လွန်ကဲစွာ ပါဝင်နေခြင်းတို့ကို ဖြစ်ပေါ်စေသည့် ပြင်းထန်သော အခြေအနေတစ်ခု ဖြစ်ပါသည်။ ဤအခြေအနေသည် ကိုယ်ဝန်ဆောင်စဉ် အဆိပ်တက်ခြင်း (preeclampsia) နှင့် အခြား ကိုယ်ဝန်ဆောင်စဉ် သွေးတိုးသည့် ရောဂါများ၏ လက္ခဏာများနှင့် အများစု ဆင်တူပြီး မွေးဖွားပြီးနောက် ကလေးကို ထိခိုက်မှု မရှိဘဲ ပုံမှန်အားဖြင့် ပြန်လည် ပျောက်ကင်းသွားလေ့ရှိပါသည်။
Postpartum preeclampsia သည် ကလေးမွေးဖွားပြီးမှသာ ဖြစ်ပွားသည့် အခြေအနေတစ်ခုဖြစ်ပြီး ယခင်က သွေးတိုးဖူးခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် အဆိပ်တက်ဖူးခြင်း မရှိခဲ့သူများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ အများအားဖြင့် ကလေးမွေးဖွားပြီး ၄၈ နာရီအတွင်း ဖြစ်ပွားလေ့ရှိသော်လည်း နောက်ကျမှဖြစ်ပွားသော Postpartum preeclampsia မှာမူ ကလေးမွေးဖွားပြီး သီတင်းပတ်အနည်းငယ် သို့မဟုတ် ယင်းထက် နောက်ကျသည့် အချိန်အထိလည်း ဖြစ်ပေါ်လာနိုင်ပါသည်။
Postpartum preeclampsia သည် စောစီးစွာ ဆေးဝါးကုသမှု ခံယူရန် လိုအပ်ပါသည်။ ကုသမှု မခံယူဘဲ ထားရှိပါက ဤရောဂါသည် အသက်အန္တရာယ် စိုးရိမ်ရခြင်း၊ ဦးနှောက် ပျက်စီးခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ရောဂါအမည်တပ် အတည်ပြုပြီးနောက် စနစ်တကျ ကုသမှု ခံယူပါက ပြန်လည် ကောင်းမွန်ကျန်းမာလာနိုင်ခြေ အလွန်ပင် မြင့်မားပါသည်။
ရောဂါလက္ခဏာများ
Postpartum preeclampsia ဖြစ်ပွားသည့် အမျိုးသမီး အများစုတွင် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ရောဂါလက္ခဏာ မပြဘဲ သတိမမူမိဘဲ ကုန်ဆုံးသွားလေ့ရှိပါသည်။
Postpartum preeclampsia သည် ကလေးမမွေးဖွားမီ ခံစားရသော ကိုယ်ဝန်ဆောင်စဉ် အဆိပ်တက်ခြင်း (preeclampsia) ၏ လက္ခဏာများနှင့် ဆင်တူသော အောက်ပါ လက္ခဏာများဖြင့် ပြသနိုင်ပါသည် –
- သွေးဖိအား 140/90 mmHg ထက် မြင့်တက်ခြင်း (သွေးတိုးခြင်း)
- ဆီးထဲတွင် ပရိုတင်းဓာတ် လွန်ကဲစွာ ပါဝင်ခြင်း (proteinuria)
- ခြေလက်များ ရောင်ရမ်းခြင်း
- အမြင်အာရုံ ဝေဝါးခြင်း၊ အလင်းရောင် မခံနိုင်ခြင်း သို့မဟုတ် ခဏတာ အမြင်အာရုံ ကွယ်သွားခြင်း
- ဗိုက်အထက်ပိုင်း (အထူးသဖြင့် ညာဘက် နံရိုးအောက်) နာကျင်ခြင်း
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ဆီးသွားသည့် ပမာဏ နည်းသွားခြင်း
ကလေးမွေးဖွားပြီးနောက် Postpartum preeclampsia ၏ ရောဂါလက္ခဏာတစ်စုံတစ်ရာ ခံစားရပါက အခြေအနေအပေါ် မူတည်၍ အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် လိုအပ်နိုင်သဖြင့် မိမိ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူ/ဆရာဝန်ထံ ချက်ချင်း ဆက်သွယ်ရပါမည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းများ
Postpartum preeclampsia ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရသေးသော်လည်း ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အခြေအနေအချို့ ရှိပါသည်။ လူနာများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးစ စစ်ဆေးမှုများအားလုံးကို အပြည့်အဝ တက်ရောက်ရန် အကြံပြုထားပါသည်။ မိမိတို့၏ ဆေးဝါးကုသမှု ရာဇဝင်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသူအား ပွင့်လင်းစွာ ပြောပြရန်နှင့် ခံစားရသည့် ပုံမှန်မဟုတ်သော လက္ခဏာများကိုလည်း အသိပေး တိုင်ပင်ရန် လိုအပ်ပါသည်။ သို့မှသာ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူအနေဖြင့် Postpartum preeclampsia ဖြစ်ပွားနေခြင်း ရှိမရှိ ရှာဖွေဖော်ထုတ် အတည်ပြုပေးနိုင်မည် ဖြစ်ပါသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
Postpartum preeclampsia သည် ကိုယ်ဝန်ဆောင်စဉ် အဆိပ်တက်ခြင်းကဲ့သို့ပင် ရောဂါဖြစ်ပွားနိုင်ခြေ အကြောင်းရင်း အများစုကို မျှဝေထားသော်လည်း ယခင်က သွေးတိုးရောဂါ ရာဇဝင်၊ ဝိတ်၊ အာဟာရ သို့မဟုတ် လေ့ကျင့်ခန်း ပြုလုပ်မှု မည်သို့ပင်ရှိစေကာမူ မည်သည့် အမျိုးသမီးမဆို ဖြစ်ပွားနိုင်ခြေ ရှိပါသည်။
Postpartum preeclampsia ဖြစ်ပွားနိုင်ခြေသည် အချက်အလက် အများအပြားအပေါ် မူတည်နေပါသည်။ အောက်ပါ အခြေအနေများထဲမှ တစ်ခုခု ရှိနေပါက ရောဂါဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားနိုင်ပါသည် –
- သွေးဖိအား – ကိုယ်ဝန်ပတ် ၂၀ နောက်ပိုင်းတွင် သွေးတိုးခြင်း ခံစားရပါက သို့မဟုတ် ကိုယ်ဝန်မဆောင်မီကပင် မထိန်းချုပ်နိုင်သော သွေးတိုးရောဂါ ရှိခဲ့ပါက Postpartum preeclampsia ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားနိုင်ပါသည်။
- မိသားစု ရာဇဝင် – မိသားစုအတွင်း ကိုယ်ဝန်ဆောင်စဉ် အဆိပ်တက်ဖူးသူ သို့မဟုတ် မီးဖွားပြီးစ အဆိပ်တက်ဖူးသူ ရာဇဝင်ရှိပါက ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါသည်။
- အလွန်အမင်း ဝလွန်ခြင်း – မိမိ၏ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) သည် အလွန်အမင်း ဝလွန်သည့် အဆင့်တွင် ရှိနေပါက Postpartum preeclampsia ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားပါသည်။
- အမွှာ သို့မဟုတ် ယင်းထက်ပို၍ ကိုယ်ဝန်ဆောင်ထားရခြင်း – အမွှာ၊ သုံးမွှာ သို့မဟုတ် ယင်းထက်ပို၍ ကိုယ်ဝန်ဆောင်ထားရပါက အဆိပ်တက်နိုင်ခြေ မြင့်တက်လာပါသည်။
- ဆီးချိုရောဂါ – အမျိုးအစား (၁) သို့မဟုတ် အမျိုးအစား (၂) ဆီးချိုရောဂါ ရှိနေပါက သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ပွားပါက ကိုယ်ဝန်ဆောင်စဉ် အဆိပ်တက်ခြင်းနှင့် မီးဖွားပြီးစ အဆိပ်တက်ခြင်းတို့ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါသည်။
ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများကို ခွဲခြားသိရှိပြီး လိုအပ်သလို မှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် စောစီးစွာ ရောဂါအမည်တပ် အတည်ပြုနိုင်ခြင်းသည် အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူမှ လူနာတွင် Postpartum preeclampsia ဖြစ်နေသည်ဟု သံသယရှိပါက အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည် –
- သွေးစစ်ဆေးခြင်း – ဤစစ်ဆေးမှုများမှတစ်ဆင့် အသည်း၊ ကျောက်ကပ်နှင့် သွေးတို့၏ လုပ်ဆောင်ချက် ကောင်းမွန်မှု ရှိမရှိအပြင် သွေးဥမွှားများ (platelets) ပုံမှန် ပမာဏအတိုင်း ရှိမရှိ စစ်ဆေးကြည့်ရှုနိုင်ပါသည်။
- ဆီးစစ်ဆေးခြင်း – ဆီးထဲတွင် ပရိုတင်းဓာတ် ပါဝင်မှု ရှိမရှိ သိရှိနိုင်ရန် ဆီးနမူနာ အနည်းငယ်ကို စစ်ဆေးနိုင်သည် သို့မဟုတ် စုစုပေါင်း ပါဝင်သော ပရိုတင်းပမာဏကို တိကျစွာ သိရှိနိုင်ရန် ၂၄ နာရီအတွင်း သွားထားသော ဆီးနမူနာကို စစ်ဆေးနိုင်ပါသည်။
- ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း (Brain scan) – လူနာတွင် အတက်ရောဂါ ရာဇဝင် ရှိခဲ့ပါက ဦးနှောက် ပျက်စီးမှု ရှိမရှိ စစ်ဆေးရန်အတွက် ဦးနှောက်ဓာတ်မှန်ရိုက်ရန် အကြံပြုထားပါသည်။
ကုသခြင်း
ဆရာဝန်မှ လူနာတွင် Postpartum preeclampsia ဖြစ်ပွားနေသည်ဟု အတည်ပြုပါက အောက်ပါ ကုသမှုများကို ညွှန်းဆိုပေးနိုင်ပါသည် –
- သွေးကျဆေးများ – သွေးဖိအားကို ကျဆင်းစေသည့် ဆေးဝါးများကို ပေးပါမည်။
- အတက်သက်သာဆေးများ – အတက်ရောဂါ မဖြစ်ပွားစေရန် ကာကွယ်သည့်အနေဖြင့် Magnesium sulfate ကို ညွှန်းဆိုပေးမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် Magnesium sulfate ကို ၂၄ နာရီကြာ ပေးလေ့ရှိပါသည်။ Magnesium sulfate ပေးသွင်းမှု ပြီးဆုံးသွားပြီးနောက်တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများသည် လူနာ၏ သွေးဖိအား၊ ဆီးနှင့် အခြား ရောဂါလက္ခဏာများကို ပုံမှန် စောင့်ကြည့်စစ်ဆေးပေးပါလိမ့်မည်။
- သွေးကျဲဆေးများ – သွေးခဲနိုင်ခြေကို လျှော့ချရန်အတွက် သွေးမခဲဆေးများ (Anticoagulants) ပေးမည် ဖြစ်ပါသည်။
မိခင်နို့တိုက်ကျွေးနေသော မိခင်များအနေဖြင့် အဆိုပါ ဆေးဝါးများကို သောက်သုံးနေစဉ် မိခင်နို့ တိုက်ကျွေးခြင်းသည် ယေဘုယျအားဖြင့် ဘေးကင်းသည်ဟု ယူဆရပါသည်။
