ဦးနှောက်နောက်ပိုင်းအပေါ်ယံလွှာယိုယွင်းပျက်စီးသည့်ရောဂါ
ခြုံငုံသုံးသပ်ချက်
Posterior Cortical Atrophy (PCA) ဆိုသည်မှာ ဦးနှောက် ဆဲလ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခြင်းကြောင့် ဖြစ်ပွားသည့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါစု တစ်ခုဖြစ်ပြီး အဓိကအားဖြင့် အမြင်အာရုံ ဆိုင်ရာ အချက်အလက်များ လေ့လာဆန်းစစ်ခြင်းနှင့် နေရာဒေသ၊ ဝေးနီးအကွာအဝေး တွက်ချက်မှုဆိုင်ရာ စွမ်းရည်များကို ထိခိုက်စေပါသည်။ ဤရောဂါအခြေအနေသည် အမြင်အာရုံ ခံစားမှုနှင့် တွေ့မြင်ရသော အချက်အလက်များကို ဦးနှောက်မှ အဓိပ္ပာယ်ဖော်ယူမှုတို့တွင် အခက်အခဲများကို ဖြစ်ပေါ်စေပါသည်။
ပုံမှန်တွေ့ရှိရသော ရောဂါလက္ခဏာများတွင် စာဖတ်ရန် ခက်ခဲခြင်း၊ အကွာအဝေးကို ခန့်မှန်းတွက်ချက်ရန် ခက်ခဲခြင်းနှင့် ပစ္စည်းကိရိယာများကို ကိုင်တွယ်အသုံးပြုရန် ခက်ခဲခြင်းတို့ ပါဝင်ပါသည်။ လူနာများသည် ရင်းနှီးပြီးသား မျက်နှာများနှင့် ပစ္စည်းဝတ္ထုများကို မှတ်မိရန် အခက်အခဲရှိခြင်းအပြင် သင်္ချာတွက်ချက်မှုများ ပြုလုပ်ရာတွင်လည်း အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။ PCA ရောဂါ ပိုမို ရင့်မာလာသည်နှင့်အမျှ မှတ်ဉာဏ် ချို့ယွင်းလာခြင်းနှင့် အသိဉာဏ်ဆိုင်ရာ စွမ်းဆောင်ရည် လျှော့ကျလာခြင်းတို့ဆီသို့ ဦးတည်သွားနိုင်ပါသည်။
PCA သည် အမြင်အာရုံ ဆန်းစစ်ခြင်းနှင့် နေရာဒေသ၊ အကွာအဝေး တွက်ချက်ခြင်းတို့အတွက် တာဝန်ယူရသော ဦးနှောက်၏ နောက်ပိုင်းဧရိယာရှိ ဦးနှောက်ဆဲလ်များ တဖြည်းဖြည်း ဆုံးရှုံးပျက်စီးသွားခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ဤသည်မှာ မြင်တွေ့ရသော အမြင်အာရုံနှင့် နေရာဒေသ ဆိုင်ရာ အချက်ပြမှုများကို တိကျစွာ အဓိပ္ပာယ်ဖော်ယူနိုင်သည့် လူနာ၏ စွမ်းဆောင်ရည်ကို သိသိသာသာ ထိခိုက်စေပါသည်။ ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်း ၈၀ ထက်မကတွင် အယ်လ်ဇိုင်းမား (Alzheimer’s) ရောဂါကြောင့် ဖြစ်ပွားရခြင်း ဖြစ်သော်လည်း PCA သည် လူးဝီးဗောဒီး မေ့လျော့ရောဂါ (Lewy body dementia) သို့မဟုတ် Corticobasal degeneration ကဲ့သို့သော အခြား ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများ
Posterior Cortical Atrophy ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီဘဲ ကွဲပြားနိုင်သကဲ့သို့ အချိန်နှင့်အမျှလည်း ပြောင်းလဲသွားနိုင်ပြီး ပုံမှန်အားဖြင့် တဖြည်းဖြည်း ပိုမို ဆိုးရွားလာလေ့ရှိပါသည်။ အတွေ့ရများသော ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပြုလုပ်ရခက်ခဲခြင်းများ ပါဝင်ပါသည် –
- သင်္ချာတွက်ချက်ခြင်း၊ စာလုံးပေါင်းခြင်း သို့မဟုတ် စာဖတ်ခြင်း
- ယာဉ်မောင်းနှင်ခြင်း
- အဝတ်အစား ဝတ်ဆင်ခြင်း
- ရွေ့လျားနေသော ဝတ္ထုများနှင့် ငြိမ်နေသော ဝတ္ထုများကို ခွဲခြားသတ်မှတ်ခြင်း
- ပစ္စည်းတစ်ခုနှင့်တစ်ခု အကြား အကွာအဝေးကို ဆုံးဖြတ်တွက်ချက်ခြင်း
- နေ့စဉ်သုံး ပစ္စည်းများ သို့မဟုတ် ကိရိယာများကို အသုံးပြုခြင်း
- လက်ဝဲ လက်ယာ ခွဲခြားသိရှိခြင်း
အခြားသော အတွေ့ရများသည့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည် –
- စိုးရိမ်ပူပန်မှု ဖြစ်ခြင်း
- ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးခြင်း
- စာရိုက်ပုံစံ၊ ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူများ ပြောင်းလဲလာခြင်း
ရောဂါ ပိုမိုရင့်မာလာသောအခါတွင် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းများ
Posterior cortical atrophy သည် အဓိကအားဖြင့် ဦးနှောက်၏ နောက်ပိုင်းဧရိယာများကို အများစု ထိခိုက်စေသည့် အယ်လ်ဇိုင်းမား (Alzheimer’s) ရောဂါ၏ ပုံမှန်မဟုတ်သော အမျိုးအစားတစ်ခုကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ အတွေ့ရနည်းသော အကြောင်းရင်းများတွင် Corticobasal degeneration၊ လူးဝီးဗောဒီး မေ့လျော့ရောဂါ (Lewy body dementia) နှင့် Creutzfeldt-Jakob disease တို့ ပါဝင်ပါသည်။ သိပ္ပံပညာရှင်များသည် ဤရောဂါအခြေအနေနှင့် ဆက်စပ်နေသော ဖြစ်နိုင်ခြေရှိသည့် မျိုးရိုးဗီဇ ပြောင်းလဲမှုများကို စုံစမ်းလေ့လာလျက် ရှိကြပါသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
အယ်လ်ဇိုင်းမား (Alzheimer’s) ရောဂါနှင့် ဆက်စပ်နေသော ရောဂါဖြစ်ပွားနိုင်ခြေ အကြောင်းရင်းများသည် Posterior Cortical Atrophy ဖြစ်ပွားမှုဆီသို့ ဦးတည်စေခြင်း ရှိမရှိ အတည်ပြုနိုင်ရန်အတွက် ထပ်မံ၍ သုတေသန ပြုလုပ်ရန် လိုအပ်ပါသေးသည်။
ရောဂါရှာဖွေခြင်း
Posterior Cortical Atrophy သည် အစောပိုင်းတွင် အမြင်အာရုံဆိုင်ရာ လက္ခဏာများဖြင့် စတင်ပြသလေ့ရှိသောကြောင့် အမြင်အာရုံ ချို့ယွင်းခြင်း ရောဂါတစ်ခုအဖြစ် မှားယွင်း သတ်မှတ်ခံရနိုင်ပါသည်။ တိကျမှန်ကန်သော ရောဂါအမည်တပ် အတည်ပြုနိုင်ရန် ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန် သို့မဟုတ် ဦးနှောက်၊ အာရုံကြောနှင့် မျက်စိ အထူးကုဆရာဝန် (Neuro-ophthalmologist) ထံတွင် စစ်ဆေးမှု ခံယူရန် အလွန်ပင် အရေးကြီးပါသည်။ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်များသည် ဦးနှောက်နှင့် အာရုံကြောစနစ် ဆိုင်ရာ ရောဂါများကို ကျွမ်းကျင်စွာ ကုသပေးနိုင်ပြီး ဦးနှောက်၊ အာရုံကြောနှင့် မျက်စိ အထူးကုဆရာဝန်များသည် အာရုံကြောနှင့် အမြင်အာရုံ ဆက်စပ်နေသော အခြေအနေများကို အထူးပြု ကုသပေးကြပါသည်။
Posterior Cortical Atrophy ကို ရောဂါအမည်တပ် အတည်ပြုရန်အတွက် ဆရာဝန်သည် အမြင်အာရုံ ချို့ယွင်းချက်များ အပါအဝင် သင့်ရောဂါလက္ခဏာများကို ဗဟိုပြု၍ ဆေးရာဇဝင်များကို ဆန်းစစ်ပါမည်။ ထို့ပြင် ဘက်စုံ ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ စစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။ ရောဂါအခြေအနေကို စစ်ဆေးရန်နှင့် ဆင်တူသော လက္ခဏာများရှိသည့် အခြားသော ရောဂါများကို ဖယ်ထုတ်နိုင်ရန် စမ်းသပ်စစ်ဆေးမှု အမျိုးမျိုးက အထောက်အကူ ပြုနိုင်ပါသည်။ အဆိုပါ စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- အသိဉာဏ်ဆိုင်ရာ စစ်ဆေးမှုများနှင့် ဦးနှောက်နှင့် အာရုံကြော စိတ်ပညာဆိုင်ရာ စန်းစစ်မှုများ (Cognitive assessments and neuropsychological evaluations) – အသိဉာဏ်ဆိုင်ရာ စွမ်းဆောင်ရည်များကို စစ်ဆေးရန် သင့်အား မေးခွန်းများ မေးမြန်းခြင်းနှင့် စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်မည်ဖြစ်ပြီး စိတ်ကျရောဂါကဲ့သို့ စိတ်ကျန်းမာရေး အခြေအနေများ ရှိမရှိ စိစစ်မှုများကိုလည်း ပြုလုပ်နိုင်ပါသည်။
- မျက်စိဆိုင်ရာ စစ်ဆေးခြင်း (Ophthalmological examination) – သင့် အမြင်အာရုံ လက္ခဏာများ၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများအဖြစ် မျက်စိရောဂါ ပြဿနာများကို ဖယ်ထုတ်နိုင်ရန် အမြင်အာရုံ စစ်ဆေးမှုများကို ပြုလုပ်ပါမည်။
- ဓာတ်ခွဲခန်း သွေးစစ်ဆေးမှုများ (Laboratory blood tests) – ဗီတာမင် လျော့နည်းနည်းပါးမှုများ၊ သိုင်းရွိုက်ရောဂါများ နှင့် သင့်လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သော အခြားသော အကြောင်းရင်းခံ ရောဂါအခြေအနေများ ရှိမရှိ စစ်ဆေးရန် သွေးနမူနာများကို ဓာတ်ခွဲစမ်းသပ်ပါမည်။
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Magnetic Resonance Imaging – MRI) – အာနိသင်ထက်မြက်သည့် ရေဒီယိုလှိုင်းများနှင့် သံလိုက်စက်ကွင်းကို အသုံးပြု၍ MRI ဓာတ်မှန်သည် သင့်ဦးနှောက်၏ အသေးစိတ် သုံးဖက်မြင် (3D) ပုံရိပ်များကို ရရှိစေကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအား သင့်လက္ခဏာများနှင့် ဆက်စပ်နိုင်သည့် ပြောင်းလဲမှုများကို ခွဲခြားသိရှိနိုင်စေပါသည်။
- ဦးနှောက် လုပ်ဆောင်ချက်ဆိုင်ရာ ပုံရိပ်ဖော် စစ်ဆေးခြင်း (Functional brain imaging) – Fluorodeoxyglucose (FDG) PET ပုံရိပ်ဖော် စစ်ဆေးခြင်း သို့မဟုတ် Single-Photon Emission Computerized Tomography (SPECT) ဓာတ်မှန်များသည် ရေဒီယိုသတ္တိကြွ ပစ္စည်း အနည်းငယ်ကို ခန္ဓာကိုယ်အတွင်း ထိုးသွင်း၍ ဦးနှောက်၏ လှုပ်ရှားဆောင်ရွက်မှုများကို ကြည့်ရှုခြင်း သို့မဟုတ် ဦးနှောက်ဧရိယာ အမျိုးမျိုးဆီသို့ သွေးလှည့်ပတ်မှုကို တိုင်းတာခြင်းတို့ ပြုလုပ်ပါသည်။
- ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး အရည်ကို စစ်ဆေးခြင်း (Cerebrospinal fluid analysis) – အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနေကြောင်း ညွှန်ပြနေသည့် Amyloid နှင့် Tau ပရိုတင်း ပမာဏများကို တိုင်းတာရန်အတွက် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး ဝန်းရံထားသော အရည်နမူနာကို ထုတ်ယူ စစ်ဆေးခြင်း ဖြစ်ပါသည်။
ကုသခြင်း
လက်ရှိတွင် Posterior Cortical Atrophy ရောဂါ တိုးတက်ဖြစ်ပွားမှုကို ရပ်တန့်စေရန် သို့မဟုတ် နှေးကွေးသွားစေရန် တိကျစွာ ကုသနိုင်သည့် ကုထုံးများ မရှိသေးပါ။ အယ်လ်ဇိုင်းမားရောဂါ တိုးတက်မှုကို နှေးကွေးစေရန် အသုံးပြုသော ဆေးဝါးများသည် Posterior Cortical Atrophy ၏ ရောဂါလက္ခဏာများကို သက်သာစေနိုင်ဖွယ် ရှိသည်ဟု အချို့သော သုတေသနများက အကြံပြုထားသော်လည်း ဤယူဆချက်အတွက် ခိုင်လုံသော သက်သေအထောက်အထား မရှိသေးသည့်အပြင် ထပ်မံ စုံစမ်းလေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပါသေးသည်။
ပျောက်ကင်းအောင် ကုသနိုင်သည့် ကုထုံးများ မရှိသေးသော်လည်း အမျိုးမျိုးသော ကုထုံးများနှင့် ဆေးဝါးများသည် ရောဂါအခြေအနေကို ထိန်းချုပ်ကုသရာတွင် အထောက်အကူ ပြုနိုင်ပါသည်။ အဆိုပါ ကုထုံးများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- ဆေးဝါးများ – စိတ်ကျရောဂါ သို့မဟုတ် စိုးရိမ်ပူပန်မှုကဲ့သို့သော ရောဂါလက္ခဏာများကို သက်သာစေရန် သင့်ဆရာဝန်မှ ဆေးဝါးများ ညွှန်းဆိုပေးနိုင်ပါသည်။
- ရုပ်ပိုင်းဆိုင်ရာ ကုထုံး၊ အလုပ်အကိုင်ဆိုင်ရာ ကုထုံး သို့မဟုတ် အသိဉာဏ်ဆိုင်ရာ ကုထုံးများ (Physical, occupational or cognitive therapy) – Posterior Cortical Atrophy ကြောင့် ထိခိုက်သွားသော စွမ်းရည်များကို ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ကောင်းမွန်လာစေရန် သင့်စွမ်းဆောင်ရည်ကို ဤကုထုံးများက မြှင့်တင်ပေးနိုင်ပါသည်။
