ပိုလီယို ရောဂါ အကြောင်း သိကောင်းစရာ

ပိုလီယို ရောဂါ (Polio သို့မဟုတ် poliomyelitis) ဆိုသည်မှာ အဓိကအားဖြင့် အာရုံကြောစနစ် (အထူးသဖြင့် ခါးဆစ်ရိုး အာရုံကြောမကြီးနှင့် ဦးနှောက်ပင်စည်) ကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဗိုင်းရပ်စ် ရောဂါတစ်မျိုးဖြစ်ပြီး လေဖြတ်ခြင်း/ဆွံ့အခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများနှင့် ပြင်းထန်ပါက သေဆုံးခြင်းအထိ ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များကြောင့် ကူးစက်မှု အရေအတွက် သိသိသာသာ လျော့ကျသွားသော်လည်း ကာကွယ်ဆေးထိုးနှံမှု နှုန်းထားနည်းပါးသော ဒေသများ (အထူးသဖြင့် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနှင့် အာရှအလယ်ပိုင်း ဒေသအချို့) တွင် ပိုလီယို ရောဂါ ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က အဆိုပါ အန္တရာယ်ရှိသော ဒေသများသို့ သွားရောက်မည့် ခရီးသွားများကို သက်တမ်းတစ်လျှောက် ခုခံအား ရရှိစေရန်အတွက် ပိုလီယို ကာကွယ်ဆေးပိုးသေ (IPV) ကို ထပ်ဆောင်း ထိုးနှံရန် အကြံပြုထားသည်။

ဤရောဂါကို Wild poliovirus အမျိုးအစား ၁၊ ၂ နှင့် ၃ (WPV1, WPV2, WPV3) ဟု သတ်မှတ်ထားသော ပိုလီယို ဗိုင်းရပ်စ် မျိုးစိတ် သုံးခုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ အမျိုးအစား ၂ နှင့် ၃ ကို ကမ္ဘာပေါ်မှ လုံးဝ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း အမျိုးအစား ၁ သည် ကမ္ဘာ့အချို့သော ဒေသများတွင် ဆက်လက် ကူးစက်နေဆဲဖြစ်ပြီး လေဖြတ်ခြင်း/ဆွံ့အခြင်းကို ဖြစ်စေနိုင်ဆုံး မျိုးစိတ် ဖြစ်သည်။ ဤအချက်သည် ပိုလီယို ရောဂါ အန္တရာယ်ကို လုံးဝ ပျောက်ကင်းအောင် သုတ်သင်နိုင်ရန် ကာကွယ်ဆေးထိုးနှံမှု စီမံချက်များကို ဆက်လက် ထိန်းသိမ်းထားရန် အရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်။

ပိုလီယို ဗိုင်းရပ်စ် ပွားများသည့်နေရာနှင့် တိုက်ခိုက်သည့် နေရာပေါ်မူတည်၍ ခန္ဓာကိုယ်ပေါ် သက်ရောက်သည့် ပုံစံများ ကွဲပြားနိုင်သည်။ ပိုလီယို အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည်-

  • အပျော့စား ပိုလီယို ရောဂါ (Abortive poliomyelitis): တုပ်ကွေးကဲ့သို့ လက္ခဏာများနှင့် အစာအိမ်နှင့် အူလမ်းကြောင်း လက္ခဏာများကို အပျော့စား ပိုလီယို ရောဂါကြောင့် ဖြစ်ပွားစေသည်။ ရေရှည် ပြဿနာများကို မဖြစ်စေဘဲ ရက်ပိုင်းမျှသာ ကြာမြင့်သည်။
  • လေမဖြတ်သော ပိုလီယို ရောဂါ (Non-paralytic poliomyelitis): လေမဖြတ်သော ပိုလီယို ရောဂါကြောင့် ဦးနှောက်ရောင်ရမ်းခြင်း (Aseptic meningitis) ဖြစ်ပွားနိုင်သည်။ ဆေးရုံတက်ရောက် ကုသရန် လိုအပ်နိုင်ပြီး အပျော့စား ပိုလီယို ရောဂါထက် လက္ခဏာ ပိုမိုများပြားသည်။
  • လေဖြတ်စေသော ပိုလီယို ရောဂါ (Paralytic poliomyelitis): ပိုလီယို ဗိုင်းရပ်စ်သည် ဦးနှောက်နှင့် ခါးဆစ်ရိုး အာရုံကြောမကြီးကို တိုက်ခိုက်သည့်အခါ လေဖြတ်စေသော ပိုလီယို ရောဂါ ဖြစ်ပွားသည်။ အသက်ရှူခြင်း၊ စကားပြောခြင်း၊ မျိုးချခြင်းနှင့် ခြေလက် လှုပ်ရှားခြင်းတို့ကို ထိန်းချုပ်သည့် ကြွက်သားများ လေဖြတ်သွားနိုင်သည်။ သင့်ခန္ဓာကိုယ်၏ ထိခိုက်ခံရသည့် နေရာများပေါ် မူတည်၍ Spinal polio သို့မဟုတ် Bulbar polio ဟု ခေါ်ဆိုသည်။ Bulbospinal polio ဆိုသည်မှာ Spinal polio နှင့် Bulbar polio နှစ်ခုလုံး ပေါင်းစပ်ဖြစ်ပွားခြင်းဖြစ်သည်။
  • ဦးနှောက်ရောင် ပိုလီယို ရောဂါ (Polioencephalitis): မွေးကင်းစ ကလေးငယ်များတွင် အဓိက ထိခိုက်စေသည့် ဖြစ်ခဲသော ပိုလီယို အမျိုးအစားကို Polioencephalitis ဟု ခေါ်သည်။ ၎င်းသည် ဦးနှောက် ရောင်ရမ်းမှုကို ဖြစ်စေသည်။
  • ပိုလီယို နောက်ဆက်တွဲ ဝေဒနာ (Post-polio syndrome): ပိုလီယို နောက်ဆက်တွဲ ဝေဒနာဆိုသည်မှာ ပထမဆုံး ပိုးဝင်ပြီးနောက် နှစ်ပေါင်းများစွာအကြာတွင် ပိုလီယို လက္ခဏာများ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရောဂါလက္ခဏာများ

ပိုလီယို ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ပိုလီယို ရောဂါသည် လူအများစုတွင် ရောဂါလက္ခဏာ မပြဘဲ ရှိတတ်သည်။ သို့သော် ရောဂါလက္ခဏာများ ပြသလာပါက အပျော့စား တုပ်ကွေးကဲ့သို့ လက္ခဏာများမှသည် ပြင်းထန်သော လေဖြတ်ခြင်းအထိ အတိုးအလျှော့ ပြင်းထန်မှု ကွဲပြားနိုင်သည်။ ပိုလီယို အမျိုးအစားအလိုက် ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည် –

အပျော့စား ပိုလီယို ရောဂါ (Abortive Polio): ကူးစက်ခံရသူများ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်တွင် ၂ ရက်မှ ၃ ရက်အထိ ကြာမြင့်သည့် တုပ်ကွေးကဲ့သို့ အပျော့စား လက္ခဏာများ ခံစားရလေ့ရှိသည် –

  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားများ ကိုက်ခဲခြင်း
  • လည်ချောင်းနာခြင်း
  • ဗိုက်နာခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့အန်ခြင်း

လေမဖြတ်သော ပိုလီယို ရောဂါ (Nonparalytic Polio): ပိုလီယို ဗိုင်းရပ်စ် ကူးစက်မှု၏ ၁ ရာခိုင်နှုန်းခန့်တွင် လေမဖြတ်သော ပိုလီယို ရောဂါအဖြစ်သို့ ရောက်ရှိသွားသည်။ လက္ခဏာများသည် အပျော့စား ပိုလီယို ထက် ပိုမိုပြင်းထန်ပြီး ကြာရှည်သော်လည်း လေဖြတ်ခြင်းသို့ မရောက်ရှိပါ။ စတင်ဖြစ်ပွားချိန်တွင် ပြင်းထန်သော တုပ်ကွေးလက္ခဏာများနှင့် ဆင်တူပြီး ခဏတာ သက်သာသွားပြီးနောက် ဒုတိယအဆင့် လက္ခဏာများ ပြန်လည် ပေါ်ပေါက်လာနိုင်သည် –

  • လည်ပင်း နာခြင်း သို့မဟုတ် တောင့်တင်းခြင်း
  • လက် သို့မဟုတ် ခြေထောက်များ ကိုက်ခဲခြင်း သို့မဟုတ် တောင့်တင်းခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • ကျောရိုးနှင့် လည်ပင်း တောင့်တင်းခြင်း
  • တုံ့ပြန်မှုဆိုင်ရာ အာရုံကြောများ (Reflexes) လျော့နည်းသွားခြင်း
  • ကြွက်သားများ အားနည်းခြင်း

လေဖြတ်စေသော ပိုလီယို ရောဂါ (Paralytic Polio): ဤဖြစ်ခဲသော်လည်း ပြင်းထန်သော ပိုလီယို အမျိုးအစားသည် လေမဖြတ်သော ပိုလီယိုကဲ့သို့ စတင်ဖြစ်ပွားပြီးနောက် အောက်ပါ ပိုမိုစိုးရွားသော လက္ခဏာများသို့ ကူးပြောင်းသွားသည် –

  • ပြင်းထန်စွာ နာကျင်ခြင်းနှင့် ထိတွေ့မှုကို အလွန်အမင်း ခံစားလွယ်ခြင်း
  • စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ စူးခနဲ ဖြစ်ခြင်း
  • ကြွက်သားများ တဆတ်ဆတ် တုန်ခြင်း သို့မဟုတ် တွန့်ခြင်း
  • အားနည်းရာမှ လေဖြတ်သည့်အဆင့်သို့ ကူးပြောင်းသွားခြင်း (အများအားဖြင့် ခြေထောက်တစ်ဖက် သို့မဟုတ် လက်တစ်ဖက်တွင် အတွေ့ရအများဆုံး ဖြစ်သည်)
  • ပြင်းထန်သော အခြေအနေများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
    • အသက်ရှူကြွက်သားများ လေဖြတ်ခြင်း
    • အစာမျိုရ ခက်ခဲခြင်း

ပိုလီယို နောက်ဆက်တွဲ ဝေဒနာ (Post-Polio Syndrome): ပိုလီယို ပထမဆုံး ကူးစက်ခံရပြီး ဆယ်စုနှစ်များစွာ အကြာတွင် အချို့သူများ၌ ပိုလီယို နောက်ဆက်တွဲ ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပြီး အောက်ပါတို့ ပါဝင်သည် –

  • ကြွက်သား သို့မဟုတ် အဆစ်များ တဖြည်းဖြည်း အားနည်းလာခြင်းနှင့် နာကျင်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ကြွက်သားများ သိမ်သွားခြင်း
  • အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် အစာမျိုရ ခက်ခဲခြင်း
  • အိပ်စက်စဉ် အသက်ရှူရပ်ခြင်း ကဲ့သို့သော အိပ်စက်မှုဆိုင်ရာ အသက်ရှူပြဿနာများ
  • အအေးဒဏ် ခံနိုင်ရည် လျော့နည်းသွားခြင်း

ပိုလီယို ရောဂါလက္ခဏာများသည် အာရုံကြောစနစ်ကို ထိခိုက်စေသည့် အခြားသော ဗိုင်းရပ်စ် ရောဂါများနှင့် ဆင်တူနိုင်သဖြင့် တိကျသော ရောဂါအဖြေရှာရန် လွန်စွာ အရေးကြီးပါသည်။ အကယ်၍ သင့်တွင် ယခင်က ပိုလီယို ရောဂါ ဖြစ်ဖူးပြီး လက္ခဏာအသစ်များ သို့မဟုတ် ပိုမိုဆိုးရွားလာသော လက္ခဏာများ သတိပြုမိပါက သင့်ကျန်းမာရေးစောင့်ရှောက်သူထံ ချက်ချင်း ပြသတိုင်ပင်ပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အဓိကအားဖြင့် ပိုလီယို ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ပိုလီယို ရောဂါသည် အာရုံခံ အာရုံကြောများကို မထိခိုက်စေဘဲ ခါးဆစ်ရိုး အာရုံကြောမကြီးနှင့် ဦးနှောက်ပင်စည်ရှိ အာရုံကြောဆဲလ်များကို ပစ်မှတ်ထားကာ ကြွက်သား လှုပ်ရှားမှုများကို ထိခိုက်စေသည်။ သဘာဝတွင် တွေ့ရသည့် အစိုင်း ပိုလီယို ဗိုင်းရပ်စ် (Wild-type poliovirus) သည် တစ်ချိန်က ကျယ်ပြန့်စွာ ကူးစက်ခဲ့သော်လည်း ယခုအခါ နိုင်ငံအများအပြားတွင် လုံးဝနီးပါး သုတ်သင်နိုင်ခဲ့ပြီ ဖြစ်ပြီး လက်ရှိ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ပိုလီယို ရောဂါ အများစုမှာ ကာကွယ်ဆေးမှ ဆင်းသက်လာသော ပိုလီယို ဗိုင်းရပ်စ် (VDPV) ကြောင့် ဖြစ်သည်။ VDPV သည် ကာကွယ်ဆေးထိုးနှံမှု နှုန်းထားနည်းပါးသော ဒေသများ၌ သောက်ဆေး ကာကွယ်ဆေးများတွင် အသုံးပြုထားသည့် အားပျော့ဗိုင်းရပ်စ်များ မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဖြစ်ပေါ်ရာမှ စတင်သည်။ ဤ မျိုးရိုးဗီဇပြောင်းလဲသွားသော ဗိုင်းရပ်စ်သည် ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသည့် အသိုင်းအဝိုင်းများတွင် ကူးစက်ပျံ့နှံ့ပြီး ပိုမိုဆိုးရွားလာကာ ကာကွယ်ဆေး မထိုးထားသူများ သို့မဟုတ် ကိုယ်ခံအားနည်းသူများတွင် ပိုလီယို ရောဂါ ဖြစ်ပွားစေနိုင်သည်။

အသက်ရှိသော်လည်း အားပျော့ထားသော ဗိုင်းရပ်စ် ပါဝင်သည့် ပိုလီယို သောက်ဆေးသည် ကာကွယ်ဆေးထိုးထားသူများတွင် ပိုလီယို ရောဂါကို ပုံမှန်အားဖြင့် မဖြစ်စေပါ။ သို့သော် ကာကွယ်ဆေး ထိုးနှံမှု လုံလောက်စွာ မရှိသော လူထုအတွင်း စိမ့်ဝင်ကူးစက်ပါက သဗ္ဗာဝပြောင်းလဲပြီး ရောဂါဖြစ်စေနိုင်သော မူလအဆင့်သို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ ပိုးသေ ကာကွယ်ဆေး (IPV) အမျိုးအစားတစ်ခုတည်းကိုသာ အသုံးပြုခဲ့သဖြင့် VDPV အန္တရာယ်ကို လုံးဝ ဖယ်ရှားနိုင်ခဲ့သည်။ ပိုလီယို ဗိုင်းရပ်စ်သည် အလွန် ကူးစက်မြန်ပြီး မစင်မှတစ်ဆင့် သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများမှတစ်ဆင့် ပျံ့နှံ့ကာ ပါးစပ်မှတစ်ဆင့် လူများကို ကူးစက်နိုင်သည်။ ထို့ကြောင့် ကူးစက်မှုကို ထိန်းချုပ်ရန် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပြည့်စုံသော ကာကွယ်ဆေးထိုးနှံမှုတို့သည် လွန်စွာ အရေးကြီးပါသည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

ပိုလီယို ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်သည် –

  • အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်ခြင်း
  • သန့်ရှင်းရေး အကူအညီ လုံလောက်စွာ မရှိသော နေရာများသို့ သွားရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း
  • ပိုလီယို ရောဂါ လုံးဝ မသုတ်သင်နိုင်သေးသော ဒေသများသို့ သွားရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း
  • ပိုလီယို ကာကွယ်ဆေး မထိုးထားခြင်း

ရောဂါရှာဖွေခြင်း (Diagnosis)

ကျန်းမာရေးစောင့်ရှောက်သူသည် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း၊ ခန္ဓာကိုယ်ထွက် ရည်များကို စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ မေးမြန်းခြင်းတို့ဖြင့် သင့်တွင် ပိုလီယို ရောဂါ ရှိမရှိ အဖြေရှာသည်။ သင် မကြာသေးမီက ခရီးသွားခဲ့သည့် အချက်အလက်များကို ကျန်းမာရေးစောင့်ရှောက်သူထံ အသိပေးရန် အလွန်အရေးကြီးသည်။ ပိုလီယို ရောဂါကို လည်ပင်းနှင့် ကျောရိုး တောင့်တင်းခြင်း၊ ပုံမှန်မဟုတ်သော တုံ့ပြန်မှုဆိုင်ရာ အာရုံကြောများ (Reflexes) ဖြစ်ခြင်း သို့မဟုတ် ကြွက်သားများ အားနည်းခြင်း စသည့် ရောဂါလက္ခဏာများကို ကြည့်၍ မကြာခဏ အဖြေရှာလေ့ရှိသည်။

ပိုလီယို ဗိုင်းရပ်စ်ကို စိစစ်တွေ့ရှိနိုင်ရန် မစင်နမူနာကို ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်ပြီး၊ ၎င်းက ရောဂါအဖြေကို အတည်ပြုပေးမည်ဖြစ်သည်။ ဗိုင်းရပ်စ်ပါဝင်သော လည်ချောင်းနမူနာကိုမူ ဖျားနာသည့် ပထမပတ်အတွင်း၌သာ စိစစ်တွေ့ရှိနိုင်သည်။ ထို့ကြောင့် လည်ချောင်းနမူနာသည် စစ်ဆေးမှုရလဒ် ရယူရန်အတွက် စိတ်ချရမှု ပိုမိုနည်းပါးသည်။ ဦးနှောက်နှင့် ခါးဆစ်ရိုး အာရုံကြောမကြီးကို ဝန်းရံထားသည့် ဦးနှောက်နှင့် ခါးဆစ်ရိုး အရည် (Cerebrospinal fluid) ကို အခြားသော အာရုံကြောစနစ် ရောဂါများ မဟုတ်ကြောင်း သေချာစေရန် စစ်ဆေးနိုင်သည်။

ကုသခြင်း (Treatment)

ပိုလီယို ရောဂါကို ကုသရန်အတွက် သီးသန့် ဆေးဝါးများ မရှိပါ။ အကယ်၍ သင့်တွင် လေဖြတ်စေသော ပိုလီယို ရောဂါ ဖြစ်ပွားပါက ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ရန် ကာယကုထုံး (Physical therapy) သည် မရှိမဖြစ် အရေးကြီးလာသည်။ အသက်ရှူခြင်းတွင် ပါဝင်သော ကြွက်သားများ အားနည်းသွားသည့် သို့မဟုတ် လေဖြတ်သွားသည့် အခြေအနေများတွင် အသက်ရှူခြင်းကို ကူညီရန်အတွက် အသက်ရှူစက် (Mechanical ventilation) အသုံးပြုရန် လိုအပ်နိုင်သည်။

လက်ရှိတွင် ပိုလီယို ရောဂါအတွက် ကုသမှု မရှိသေးသည့်အတွက် ကုသမှု၏ ရည်ရွယ်ချက်မှာ ဝေဒနာသက်သာစေရန်၊ ပြန်လည်သက်သာလာမှုကို မြန်ဆန်စေရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။ ရောဂါပြင်းထန်မှုအပေါ် မူတည်၍ အောက်ပါ အထောက်အကူပြု ကုထုံးများကို အသုံးပြုနိုင်သည် –

  • အရည်များ များများ သောက်သုံးခြင်း
  • အရိုးပုံစံ ပျက်ယွင်းခြင်းနှင့် ကြွက်သား လုပ်ဆောင်နိုင်စွမ်း ဆုံးရှုံးခြင်းတို့ကို ရှောင်ရှားနိုင်ရန် ကာယကုထုံးတွင် အသုံးပြုသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
  • အနားယူခြင်း လုံလောက်စွာ ရယူခြင်း
  • အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
  • အသက်ရှူရာတွင် အကူအညီရရှိရန် အလွယ်တကူ သယ်ဆောင်နိုင်သော အသက်ရှူစက်များ အသုံးပြုခြင်း
  • ခြေလက်များနှင့် ကျောရိုးတို့ကို အကောင်းဆုံးသော ပို့စချာ (Posture) နှင့် တည်ရှိမှု ပုံစံ မှန်ကန်စေရန် အထောက်အကူပြု ကိရိယာများ သို့မဟုတ် ကျိန်း (Splints) များ တပ်ဆင်ခြင်း
  • ကြွက်သား ကိုက်ခဲခြင်းနှင့် တဆတ်ဆတ် တွန့်ခြင်းတို့ကို လျှော့ချရန် အပူကပ်ပေးခြင်း

Doctors who treat this condition