အကျဉ်းချုပ်အကြောင်းအရာ
အရိုးရောင်ရမ်းပုံပျက်ခြင်းဟုလည်း ခေါ်ဝေါ်သော အရိုးပက်ဂျက်ရောဂါသည် အရိုးများ ပြန်လည်တည်ဆောက်မှု ပုံမှန်မဟုတ်ဘဲ အချိုးအစားမမျှတဖြစ်ခြင်း၊ အရိုးဟောင်းများ စားခြင်းနှင့် အရိုးသစ်ဖြစ်ပေါ်ခြင်းတို့ အလွန်အကျွံဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် နာတာရှည်ပြီး ရှားပါးသော အရိုးရောဂါတစ်မျိုး ဖြစ်ပါသည်၊၊ အချိန်ကြာလာသည်နှင့်အမျှ ဤရောဂါဖြစ်နေသော အရိုးများသည် ပုံသဏ္ဌာန်ပျက်ခြင်းနှင့် အားနည်းခြင်းတို့ ဖြစ်လာပြီး အရိုးကျိုးနိုင်ခြေ ပိုမိုမြင့်မားလာပါသည်၊၊ ပုံမှန်အားဖြင့် တင်ပါးဆုံရိုး၊ ဦးခေါင်းခွံ၊ ကျောရိုးနှင့် ခြေထောက်အရိုးများတွင် အဖြစ်များပါသည်၊၊
အရိုးပက်ဂျက်ရောဂါသည် အရိုးအသစ်ဖြစ်ပေါ်မှုဖြစ်စဉ်ကို ပုံမှန်ထက် ပိုမိုမြန်ဆန်စေပြီး ဖြစ်ပေါ်လာသော အရိုးသစ်များသည် ကျန်းမာသောအရိုးများထက် ပုံစံမကျဘဲ ပိုမိုကြွပ်ဆတ်ပါသည်၊၊ ယင်းကြောင့် အရိုးနာကျင်ခြင်း၊ ပုံပျက်ခြင်းနှင့် အရိုးကျိုးနိုင်ခြေ ပိုများခြင်းတို့ကို ဖြစ်စေနိုင်ပါသည်၊၊ အကယ်၍ ဤရောဂါသည် အဆစ်တစ်ခုခုတွင် ဖြစ်ပွားပါက ထိုနေရာတွင် အဆစ်ရောင်ရောဂါ ဖြစ်ပွားလာနိုင်ပါသည်၊၊
အသက်အရွယ်ကြီးရင့်ခြင်းနှင့် မိသားစုအတွင်း ဤရောဂါရာဇဝင်ရှိခြင်းတို့သည် အရိုးပက်ဂျက်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်၊၊ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဤရောဂါဖြစ်ပွားမှု နည်းပါးလာပြီး ဖြစ်ပွားသည့်အခါတွင်လည်း ပြင်းထန်မှု လျော့နည်းလာသည်ကို တွေ့ရပါသည်၊၊ အရိုးကျိုးခြင်း၊ အကြားအာရုံချို့တဲ့ခြင်းနှင့် ကျောရိုးအာရုံကြော ဖိမိခြင်းတို့သည် ဤရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ကြပါသည်၊၊
အဓိက ကုသမှုမှာ အရိုးပွရောဂါကြောင့် အားနည်းသွားသော အရိုးများကို ပြန်လည်တည်ဆောက်ရန် အသုံးပြုသည့် ဘစ်စ်ဖော့စဖိုးနိတ် ဆေးဝါးများ ဖြစ်ပါသည်၊၊ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာပါက ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်၊၊
ရောဂါလက္ခဏာများ
လူအများစုသည် မိမိတို့တွင် အရိုးပက်ဂျက်ရောဂါရှိနေသည်ကို သတိမထားမိကြဘဲ ရောဂါလက္ခဏာ မပြခြင်း သို့မဟုတ် အပျော့စား လက္ခဏာများသာ ရှိတတ်ပါသည်၊၊ လက္ခဏာများ ပေါ်ပေါက်လာပါက အရိုးနာကျင်ခြင်းသည် အဖြစ်အများဆုံး ဝေဒနာ ဖြစ်ပါသည်၊၊ ဤရောဂါ၏ လက္ခဏာများသည် အဆစ်ရောင်ရောဂါကဲ့သို့သော အခြားအရိုးရောဂါများနှင့် ဆင်တူနိုင်ပါသည်၊၊
အရိုးပက်ဂျက်ရောဂါ၏ လက္ခဏာများသည် မည်သည့်အရိုးများတွင် ဖြစ်သည်အပေါ် မူတည်၍ ကွဲပြားနိုင်ပြီး ကုသမှုမခံယူပါက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတတ်ပါသည်၊၊ ဤရောဂါ၏ လက္ခဏာများနှင့် သတိပေးချက်များတွင် ပါဝင်နိုင်သည်မှာ-
- ဦးခေါင်းခွံ – ဦးခေါင်းခွံအရိုးများ အလွန်အကျွံ ကြီးထွားလာခြင်းကြောင့် အကြားအာရုံ ချို့တဲ့ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊
- ကျောရိုး – ကျောရိုးတွင် ဖြစ်ပွားပါက အာရုံကြောများ ဖိမိခြင်း ဖြစ်နိုင်ပါသည်၊၊ ယင်းကြောင့် လက် သို့မဟုတ် ခြေထောက်များတွင် နာကျင်ခြင်း၊ စစ်ကနဲဖြစ်ခြင်း သို့မဟုတ် ထုံကျင်ခြင်းတို့ကို ခံစားရနိုင်ပါသည်၊၊ ရောဂါပြင်းထန်လာပါက အရိုးပုံပျက်ခြင်း အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါသည်၊၊
- တင်ပါးဆုံရိုး – တင်ပါးဆုံအရိုးတွင် ဤရောဂါဖြစ်ပါက တင်ပါးဆုံဆစ် နာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်၊၊
- ခြေထောက် – အရိုးများ အားနည်းလာပြီး ကွေးသွားခြင်းကြောင့် လူနာသည် ခြေတံကောက်သွားနိုင်ပါသည်၊၊ ခြေထောက်အရိုးများ ကြီးလာပြီး ပုံပျက်လာခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆစ်များအပေါ် ဝန်ပိစေကာ ဒူး သို့မဟုတ် တင်ပါးဆုံဆစ်တွင် အရိုးအဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်၊၊
အရိုး သို့မဟုတ် အဆစ်များ နာကျင်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်း၊ အရိုးပုံပျက်ခြင်း၊ အကြားအာရုံချို့တဲ့ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ ခံစားရပါက ဆေးဘက်ဆိုင်ရာ အကူအညီ ရယူရန် အရေးကြီးပါသည်၊၊
ဖြစ်ပွားရသည့် အကြောင်းရင်းများ
အရိုးပက်ဂျက်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းကို လက်ရှိတွင် မသိရသေးသော်လည်း မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ ပေါင်းစပ်မှုကြောင့် ဖြစ်နိုင်သည်ဟု သုတေသီများက ယူဆကြပါသည်၊၊ မျိုးဗီဇအချို့သည် ဤရောဂါနှင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရပါသည်၊၊ ထို့ပြင် အရိုးဆဲလ်များအတွင်း ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့်လည်း ဤရောဂါ ဖြစ်ပွားနိုင်သည်ဟူသော ယူဆချက်အချို့ ရှိပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
အောက်ပါအချက်များရှိသူများတွင် အရိုးပက်ဂျက်ရောဂါ ဖြစ်နိုင်ခြေ ပိုများပါသည်-
- အသက် – ဤရောဂါသည် အသက် ၅၀ ကျော်သူများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်၊၊
- မိသားစုရာဇဝင် – မိသားစုအတွင်း ဤရောဂါရှိသူများသည် ၎င်းကိုယ်တိုင်လည်း ဤဝေဒနာ ခံစားရနိုင်ခြေ ပိုများပါသည်၊၊
- လိင် – အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုအဖြစ်များပါသည်၊၊
- လူမျိုးစု – အင်္ဂလန်၊ စကော့တလန်၊ ဥရောပအလယ်ပိုင်း၊ ဂရိနိုင်ငံများနှင့် ဥရောပသားများ အခြေချနေထိုင်သော နိုင်ငံများတွင် ဤရောဂါ ပိုမိုအဖြစ်များပါသည်၊၊
ရောဂါရှာဖွေခြင်း
အရိုးပက်ဂျက်ရောဂါသည် များသောအားဖြင့် ရောဂါလက္ခဏာမပြခြင်း သို့မဟုတ် အနည်းငယ်သာပြခြင်းတို့ရှိတတ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက အခြားအကြောင်းကိစ္စတစ်ခုခုအတွက် ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် သွေးစစ်ခြင်းတို့ ပြုလုပ်ရာမှတစ်ဆင့် တိုက်ဆိုင်စွာဖြင့် သိရှိရလေ့ရှိပါသည်၊၊
- ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း – ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် နာကျင်မှုဖြစ်စေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စစ်ဆေးအကဲဖြတ်ပါလိမ့်မည်၊၊
အရိုးပက်ဂျက်ရောဂါ ရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ပုံရိပ်ဖော်စစ်ဆေးမှုနှင့် သွေးစစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်၊၊ - ပုံရိပ်ဖော်စစ်ဆေးမှုများ – အရိုးအတွင်း ပြောင်းလဲမှုများကို အောက်ပါတို့ဖြင့် သိရှိနိုင်ပါသည်-
- ဓာတ်မှန်ရိုက်ခြင်း – အရိုးများကို ဓာတ်မှန်ရိုက်ခြင်းဖြင့် အရိုးများစားနေသည့်နေရာများ၊ အရိုးကြီးထွားလာမှုများနှင့် အရိုးရှည်များ ကွေးသွားခြင်းကဲ့သို့သော ဤရောဂါ၏ ထူးခြားသည့် ပုံပျက်မှုများကို မြင်တွေ့နိုင်ပါသည်၊၊
- အရိုးစကင်ဖတ်ခြင်း – ရောဂါ၏ ပြင်းထန်မှုနှင့် မည်သည့်အရိုးများတွင် ဖြစ်ပွားနေသည်ကို သိရှိရန် ကျန်းမာရေးကျွမ်းကျင်သူများက အရိုးစကင်ဖတ်ခြင်းကို ပြုလုပ်နိုင်ပါသည်၊၊ အရိုးစကင်ဖတ်နေစဉ်အတွင်း ဘေးကင်းသော ရေဒီယိုသတ္တိကြွပစ္စည်းကို သွေးပြန်ကြောထဲသို့ ထိုးသွင်းပါသည်၊၊ ထိုပစ္စည်းသည် အရိုးများအတွင်းသို့ ရောက်ရှိသွားသောအခါ အရိုးပက်ဂျက်ရောဂါ ဖြစ်ပွားနေသော အရိုးအစိတ်အပိုင်းများကို စကင်ပုံရိပ်များတွင် တောက်ပစွာ မြင်တွေ့စေပါသည်။
- သွေးစစ်ခြင်း – သွေးထဲတွင် အယ်လ်ကာလိုင်း ဖော့စ်ဖတေ့စ် ပမာဏ မြင့်မားနေခြင်းသည် အရိုးပက်ဂျက်ရောဂါ ရှိနေခြင်းကို ညွှန်ပြနိုင်ပါသည်၊၊ ဤသွေးစစ်ဆေးမှုသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ဤရောဂါရှိနေနိုင်ကြောင်း စတင်စဉ်းစားမိစေသည့် ပထမဆုံး အချက်ပြလက္ခဏာ ဖြစ်လေ့ရှိပါသည်၊၊
ကုသခြင်း
အရိုးပက်ဂျက်ရောဂါသည် လက္ခဏာမပြသော အခြေအနေမျိုးတွင် ကုသမှုခံယူရန် မလိုအပ်နိုင်ပါ၊၊ သို့သော်လည်း လူနာတွင် လက္ခဏာများ မခံစားရသော်လည်း အယ်လ်ကာလိုင်း ဖော့စ်ဖတေ့စ် ပမာဏ မြင့်မားနေခြင်းကြောင့် ရောဂါသည် တက်ကြွနေပြီး ဦးခေါင်းခွံ သို့မဟုတ် ကျောရိုးကဲ့သို့သော အန္တရာယ်ရှိနိုင်သည့် နေရာများကို ထိခိုက်နေပါက နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ကုသမှုခံယူရန် ဆရာဝန်များက အကြံပြုနိုင်ပါသည်၊၊
- ဆေးဝါးများ – အရိုးပက်ဂျက်ရောဂါအတွက် အသုံးအများဆုံး ကုသမှုမှာ အရိုးပွရောဂါ ကုသဆေးများ သို့မဟုတ် ဘစ်စ်ဖော့စဖိုးနိတ် ဆေးဝါးများ ဖြစ်ပါသည်၊၊ ဘစ်စ်ဖော့စဖိုးနိတ် ဆေးဝါးများကို သောက်ဆေးအဖြစ် သုံးစွဲနိုင်သော်လည်း ပုံမှန်အားဖြင့် သွေးပြန်ကြောထဲသို့ ထိုးဆေးအဖြစ် ပေးလေ့ရှိပါသည်၊၊ သောက်ဆေးအဖြစ် သုံးစွဲသော ဘစ်စ်ဖော့စဖိုးနိတ် ဆေးဝါးများကို များသောအားဖြင့် ခံနိုင်ရည်ရှိကြသော်လည်း အစာအိမ် မအီမသာဖြစ်ခြင်းကို ဖြစ်စေနိုင်ပါသည်၊၊
ဘစ်စ်ဖော့စဖိုးနိတ် ကုသမှုသည် ဆေးရပ်လိုက်ပြီးနောက်တွင်ပင် ဆက်ရှိနေနိုင်သည့် သိသာထင်ရှားသော အဆစ်၊ အရိုး သို့မဟုတ် ကြွက်သားများ နာကျင်ခြင်းတို့နှင့် ရှားရှားပါးပါး ဆက်စပ်မှု ရှိတတ်ပါသည်၊၊ ထို့ပြင် ဘစ်စ်ဖော့စဖိုးနိတ် ဆေးဝါးများသည် မေးရိုး၏ အစိတ်အပိုင်းတစ်ခု သေဆုံးခြင်းနှင့် ပျက်စီးခြင်းဟု သိကြသော ရှားပါးသည့် အခြေအနေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပြီး ၎င်းသည် ပုံမှန်အားဖြင့် လက်ရှိရှိနေသော သွားရောဂါ သို့မဟုတ် ခံတွင်းခွဲစိတ်မှုတို့နှင့် ဆက်စပ်နေတတ်ပါသည်၊၊
ကယ်လ်စီယမ် ထိန်းချုပ်မှုနှင့် အရိုးဇီဝဖြစ်စဉ်တွင် ပါဝင်သော သဘာဝဟော်မုန်းတစ်မျိုး ဖြစ်သည့် ကယ်လ်စီတိုနင်ကို ဘစ်စ်ဖော့စဖိုးနိတ် ဆေးဝါးများနှင့် မတည့်သော လူနာများအတွက် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်၊၊ လူနာများသည် ကယ်လ်စီတိုနင် ဆေးဝါးကို ထိုးဆေး သို့မဟုတ် နှာခေါင်းဖျန်းဆေးအဖြစ် မိမိဘာသာ အသုံးပြုနိုင်ပါသည်၊၊ ဆေးထိုးသည့်နေရာ ယားယံခြင်း၊ မျက်နှာနီမြန်းခြင်းနှင့် ပျို့အန်ခြင်းတို့သည် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါသည်၊၊ - ခွဲစိတ်ခြင်း – အရိုးပက်ဂျက်ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကို ပြုပြင်ရန် သို့မဟုတ် သက်သာစေရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်၊၊ ခွဲစိတ်မှုများသည် ပုံပျက်နေသော အရိုးများကို ပြုပြင်ပေးခြင်း၊ ပျက်စီးနေသော ဒူး သို့မဟုတ် တင်ပါးဆုံဆစ်များကို အစားထိုးပေးခြင်း သို့မဟုတ် အရိုးကျိုးခြင်းများကို ပိုမိုထိရောက်စွာ အနာကျက်စေရန် ကူညီပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်၊၊
အရိုးပက်ဂျက်ရောဂါသည် များသောအားဖြင့် ပျက်စီးနေသော အရိုးများတွင် သွေးကြောများ အလွန်အကျွံ ဖြစ်ပေါ်စေတတ်သောကြောင့် ခွဲစိတ်ပြီးနောက် သွေးအမြောက်အမြား ဆုံးရှုံးနိုင်ခြေ မြင့်မားပါသည်၊၊ အကယ်၍ အရိုးပက်ဂျက်ရောဂါရှိသော လူနာသည် ထိခိုက်နေသော အရိုးများနှင့် ပတ်သက်၍ ခွဲစိတ်ရန်ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ရောဂါ၏ တက်ကြွမှုကို လျှော့ချရန် ဆေးဝါးများ ကြိုတင်ညွှန်ကြားနိုင်ပါသည်၊၊ ဤသို့ ပြုလုပ်ခြင်းသည် ခွဲစိတ်မှုအတွင်း သွေးအလွန်အကျွံ ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်၊၊
