မေ့ဆေးကြောင့်ပြင်းထန်အပူချိန်လွန်ကဲရောဂါ

အကျဉ်းချုပ်အကြောင်းအရာ

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဆိုသည်မှာ မေ့ဆေးအမျိုးအစားအချို့ပေးရာမှ အစပျိုးလိုက်သကဲ့သို့ဖြစ်ပြီး ခန္ဓာကိုယ်မှ ပြင်းထန်စွာ တုံ့ပြန်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ၎င်း၏ လက္ခဏာရပ်များမှာ ကိုယ်အပူချိန် အန္တရာယ်ရှိသည်အထိ မြင့်တက်လာခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အခြားလက္ခဏာများ ပါဝင်သည်။ ချက်ချင်း ကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနိုင်သည်။ ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဖြစ်နိုင်ခြေရှိခြင်း (MHS) ဟုခေါ်သော ဤရောဂါဖြစ်နိုင်ခြေ အခြေအနေသည် မျိုးရိုးလိုက်၍ ဖြစ်ပွားတတ်သော်လည်း တစ်ခါတစ်ရံတွင် မျိုးဗီဇပြောင်းလဲခြင်း ကြောင့်လည်း အလိုအလျောက် ဖြစ်ပေါ်လာနိုင်သည်။ မျိုးဗီဇစစ်ဆေးခြင်း ပြုလုပ်ခြင်းဖြင့် ဤရောဂါဖြစ်နိုင်ခြေရှိသော မျိုးဗီဇပါရှိသူများကို ဖော်ထုတ်နိုင်သည်။

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ အတွက် ကုသမှုများတွင် ဒန်တရိုလင်း ကဲ့သို့သော ဆေးဝါးများ ပေးခြင်း၊ ရေခဲအိတ်ကပ်ခြင်းကဲ့သို့သော ခန္ဓာကိုယ်အေးအောင် ပြုလုပ်ခြင်းနှင့် အခြားအထောက်အကူပြု ကုသမှုများ ပါဝင်သည်။ ဤအခြေအနေကို စောစီးစွာ သိရှိပြီး ချက်ချင်း ကုသမှုပေးခြင်းသည် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် အလွန်အရေးကြီးပါသည်။

ရောဂါလက္ခဏာများ

အများအားဖြင့် ပြင်းထန်အပူချိန်လွန်ကဲရောဂါ၏ လက္ခဏာများသည် ဖြစ်တတ်သောမေ့ဆေးအမျိုးအစားများနှင့် ထိတွေ့မှုမရှိမချင်း ပေါ်ပေါက်လာလေ့ မရှိပါ။ ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ၏ လက္ခဏာများသည် မေ့ဆေးပေးနေစဉ် သို့မဟုတ် ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာလာချိန်တွင် ဖြစ်ပေါ်လာနိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်သည်-

  • နှလုံးခုန်နှုန်း မြန်လာခြင်း
  • နှလုံးခုန် စည်းချက်မမှန်ခြင်း
  • အောက်ဆီဂျင်နည်းခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်များခြင်းတို့ကြောင့် အသက်ရှူမြန်ပြီး တိမ်ခြင်း
  • အရေပြား အရောင်မညီမညာ ကွက်ခြင်း
  • ပြင်းထန်စွာ ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ကြွက်သားများ ဆွဲခြင်း
  • ကိုယ်အပူချိန် အန္တရာယ်ရှိသည်အထိ မြင့်တက်ခြင်း
  • ချွေးအလွန်အကျွံ ထွက်ခြင်း

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဖြစ်နိုင်ခြေရှိသူများသည် ပူပြင်းစိုစွတ်သော ရာသီဥတုတွင် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း သို့မဟုတ် အဆီကျဆေး များ သောက်သုံးနေချိန်များတွင်လည်း တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်သည်။ အချို့သော မေ့ဆေးများနှင့် ထိတွေ့ချိန်တွင် ကနဦး၌ ပြင်းထန်သော တုံ့ပြန်မှု မပြသော်လည်း နောင်တွင် ထပ်မံသုံးစွဲပါက ဖြစ်လာနိုင်ခြေရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဆိုးရွားသော တုံ့ပြန်မှုများ မဖြစ်စေရန် အခြားအစားထိုး မေ့ဆေးများကို အသုံးပြုရန် လိုအပ်ပါသည်။

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ မျိုးရိုးရှိသူများအနေဖြင့် မေ့ဆေးဖြင့် ကုသမှုခံယူရန် လိုအပ်ပါက ဆရာဝန်များနှင့် မေ့ဆေးဆရာဝန် များကို ကြိုတင်အသိပေးရန် အလွန်အရေးကြီးပါသည်။ သို့မှသာ အန္တရာယ်ကို လျှော့ချနိုင်ရန် အခြားသင့်လျော်သော ဆေးဝါးများကို ထည့်သွင်းစဉ်းစားနိုင်မည် ဖြစ်သည်။

ဖြစ်ပွားစေသော အကြောင်းရင်းများ

ပြင်းထန် အပူချိန်လွန်ကဲရောဂါဖြစ်နိုင်ခြေများခြင်း (MHS) သည် မျိုးဗီဇဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး အဓိကအားဖြင့် RYR1၊ CACNA1S နှင့် STAC3 ကဲ့သို့သော မျိုးဗီဇများတွင် ပြောင်းလဲမှု ဖြစ်ခြင်းကြောင့် ဖြစ်ပွားသော်လည်း အခြားမျိုးဗီဇများကြောင့်လည်း ဖြစ်နိုင်သည်။ ဤအခြေအနေသည် အချို့သော မေ့ဆေးများနှင့် ထိတွေ့မိပါက အသက်အန္တရာယ်ရှိသော ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ခြေ မြင့်မားစေသည်။ MHS သည် ပုံမှန်အားဖြင့် မိဘတစ်ဦးဦးထံမှ မျိုးရိုးလိုက်တတ်သော်လည်း အချို့ဖြစ်ရပ်များတွင် မိသားစုရာဇဝင်မရှိဘဲ မျိုးဗီဇပြောင်းလဲမှု အလိုအလျောက် ပေါ်ပေါက်လာတတ်သည်။ ဤမျိုးဗီဇကွဲလွဲမှုများ ရှိနေပါက မေ့ဆေးပေးရမည့် ဆေးကုသမှုများတွင် နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့နိုင်သောကြောင့် မိမိ၏ မျိုးဗီဇဆိုင်ရာ ဖြစ်နိုင်ခြေကို နားလည်ထားရန် အရေးကြီးပါသည်။

ဖြစ်နိုင်ခြေကို မြင့်မားစေသော အချက်များ

မိသားစုရာဇဝင် ရှိပါက MHS မျိုးဗီဇရောဂါ လက်ဆင့်ကမ်း အမွေရရှိနိုင်ခြေ ပိုများပါသည်။ အဓိကအချက်များမှာ-

  • မျိုးရိုးလိုက်ပုံစံ – MHS သည် Autosomal dominant ပုံစံဖြင့် မျိုးရိုးလိုက်တတ်သည်။ ဆိုလိုသည်မှာ မိဘတစ်ဦးထံမှ ပြောင်းလဲနေသော မျိုးဗီဇတစ်ခု ရရှိရုံဖြင့် ရောဂါဖြစ်နိုင်သည်။ အကယ်၍ သင့်မိဘတစ်ဦးတွင် MHS ဖြစ်စေသော မျိုးဗီဇရှိပါက သင့်တွင်လည်း MHS ရှိလာနိုင်ခြေ ၅၀% ရှိသည်။
  • မိသားစုရာဇဝင် – MHS ရှိသော အခြားဆွေမျိုးသားချင်းများ ရှိနေခြင်းသည် သင့်တွင်လည်း ထိုရောဂါရှိနိုင်ခြေကို မြင့်မားစေသည်။

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ အတွက် အခြားသော ဖြစ်နိုင်ခြေ အကြောင်းရင်းများမှာ-

  • သံသယဖြစ်ဖွယ်ရာဇဝင် ရှိခြင်း – သင် သို့မဟုတ် သင့်မိသားစုဝင်ရင်းချာတစ်ဦးဦးတွင် မေ့ဆေးပေးစဉ် ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဟု သံသယဖြစ်ဖွယ် အခြေအနေမျိုး ကြုံဖူးပါက သင့်တွင် ဖြစ်နိုင်ခြေ ပိုမြင့်သည်။
  • ကြွက်သားတစ်ရှူးများ ပျက်စီးခြင်း – ကြွက်သားတစ်ရှူးများ ပျက်စီးခြင်း ရာဇဝင်ရှိသူများ (၎င်းသည် ပူပြင်းစိုစွတ်သောချိန်တွင် ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အဆီချ ဆေးသောက်ခြင်းကြောင့် ဖြစ်ပွားနိုင်သည်) တွင် ဖြစ်နိုင်ခြေ ပိုများသည်။
  • အချို့သော ကြွက်သားရောဂါများ – သင် သို့မဟုတ် မိသားစုဝင်ရင်းချာထဲတွင် မျိုးရိုးလိုက်သော မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်သည့် တိကျသော ကြွက်သားရောဂါများ ရှိနေပါက ဖြစ်နိုင်ခြေ ပိုမြင့်သည်။

ရောဂါရှာဖွေခြင်း

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ကို ရောဂါရှာဖွေရာတွင် ရောဂါလက္ခဏာများကို လေ့လာစောင့်ကြည့်ခြင်း၊ မေ့ဆေးပေးနေစဉ်နှင့် ပေးပြီးပြီးချင်း အချိန်များတွင် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ နှင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများကို ဖော်ထုတ်ရန် ဓာတ်ခွဲစစ်ဆေးခြင်းများအပေါ် အခြေခံသည်။

ဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးခြင်း

သင့်တွင်ဖြစ်နိုင်ခြေမြင့်မားစေသော အချက်များရှိပါက ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးမှု ပြုလုပ်ရန် အကြံပြုနိုင်သည်။ ၎င်းတွင် မျိုးဗီဇစစ်ဆေးခြင်း သို့မဟုတ် ကြွက်သား အသားစယူ စစ်ဆေးခြင်းတို့ ပါဝင်သည်။

  • မျိုးဗီဇစစ်ဆေးခြင်း – ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ နှင့် ဆက်စပ်နေသော မျိုးဗီဇပြောင်းလဲမှုကို ရှာဖွေရန် သွေးနမူနာယူ၍ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခြင်းဖြစ်သည်။ ဤစစ်ဆေးမှုသည် MHS ရှိကြောင်း ညွှန်ပြနေသည့် မျိုးဗီဇပြောင်းလဲမှုကို တိကျစွာ ဖော်ထုတ်ပေးနိုင်သည်။
  • ကြွက်သား အသားစယူ စစ်ဆေးခြင်း – သင့်တွင် ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဖြစ်နိုင်ခြေရှိပါက ဆရာဝန်မှ ကြွက်သား အသားစယူ စစ်ဆေးရန် အကြံပြုနိုင်သည်။ ဤလုပ်ငန်းစဉ်တွင် ခွဲစိတ်မှုငယ်ပြုလုပ်၍ ကြွက်သားတစ်ရှူး အနည်းငယ်ကို ထုတ်ယူပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးသည်။ ထိုကြွက်သားနမူနာကို ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဖြစ်စေနိုင်သော ဓာတုပစ္စည်းများနှင့် ထိတွေ့စေပြီး ကြွက်သား မည်သို့ ကျုံ့သွားသည်ကို ဆန်းစစ်သည်။ ဤစစ်ဆေးမှုသည် ကြွက်သားတစ်ရှူးကို ချက်ချင်း စစ်ဆေးရန် လိုအပ်သောကြောင့် အထူးပြု အသားစစစ်ဆေးရေး စင်တာသို့ သွားရောက်ရန် လိုအပ်တတ်သည်။

ကုသမှု

အကယ်၍ သင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးဦးတွင် MHS ရှိနေလျှင် (သို့မဟုတ်) ရှိနိုင်သည်ဟု ယူဆလျှင် မေ့ဆေးမပေးမီ ဆရာဝန်နှင့် မေ့ဆေးဆရာဝန်ကို ကြိုတင်အသိပေးရန် အလွန်အရေးကြီးသည်။ မေ့ဆေးစီမံခန့်ခွဲမှုတွင် ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ကို မဖြစ်စေသော ဆေးဝါးများကို ပြောင်းလဲ အသုံးပြုနိုင်သည်။

ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ ဖြစ်ပွားလာပါက ချက်ချင်းကုသရမည့် နည်းလမ်းများမှာ-

  • ဆေးဝါးပေးခြင်း – ကြွက်သားများအတွင်းသို့ ကယ်လ်စီယမ် ထွက်ရှိမှုကို တားဆီးရန်နှင့် ဓာတ်မတည့်တုံ့ပြန်မှုကို ကုသရန် ဒန်တရိုလင်းဆေးကို ပေးရသည်။ ဇီဝဖြစ်စဉ်မညီမျှမှုများနှင့် အခြားရှုပ်ထွေးမှုများကို ကုသရန် အခြားဆေးဝါးများကိုလည်း ပေးနိုင်သည်။
  • အောက်ဆီဂျင်ပေးခြင်း – မျက်နှာဖုံး သို့မဟုတ် လေပြွန်ပိုက် မှတဆင့် အောက်ဆီဂျင် ပေးရသည်။
  • ခန္ဓာကိုယ် အအေးခံခြင်း – ရေခဲအိတ်များကပ်ခြင်း၊ အအေးပေးစောင်များ သုံးခြင်း၊ ရေငွေ့ပါသော ပန်ကာဖွင့်ခြင်းနှင့် အအေးခံထားသော သွေးကြောသွင်းအရည်များ ပေးခြင်းတို့ဖြင့် ကိုယ်အပူချိန်ကို လျှော့ချရသည်။
  • အရည်ဖြည့်တင်းခြင်း – သွေးကြောမှတဆင့် အရည်များ ထပ်မံဖြည့်တင်းပေးနိုင်သည်။
  • အထောက်အကူပြု ကုသမှု – ဆေးရုံတွင် တစ်ရက်၊ နှစ်ရက်ခန့် အထူးကြပ်မတ်ကုသဆောင် (အိုင်စီယူ) ၌ စောင့်ကြည့်ကုသရန် လိုအပ်လေ့ရှိသည်။ ၎င်းတွင် ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် ကုသမှုအပေါ် တုံ့ပြန်မှုများကို စောင့်ကြည့်ခြင်းများ ပါဝင်သည်။ ကြွက်သားပျက်စီးမှုနှင့် ကျောက်ကပ်ထိခိုက်မှု ရှိမရှိကို မကြာခဏ ဓာတ်ခွဲစစ်ဆေးရသည်။ ဓာတ်ခွဲအဖြေများ ပုံမှန်အခြေအနေသို့ ပြန်မရောက်မချင်း ဆေးရုံတက်ရန် လိုအပ်လေ့ရှိသည်။

ချက်ချင်း ကုသမှု ခံယူပါက ပြင်းထန် အပူချိန်လွန်ကဲ ရောဂါ သည် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။

Doctors who treat this condition