ကလေးသူငယ်အဆစ်အမြစ်ရောင်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါသည် အသက် ၁၆ နှစ်အောက် ကလေးများတွင် အဖြစ်အများဆုံးသော အဆစ်အမြစ်ရောင်ရောဂါ အမျိုးအစား ဖြစ်ပြီး ယခင်က ၎င်းကို ကလေးသူငယ် ရူမတွိုက် အဆစ်အမြစ်ရောင်ရောဂါဟု ခေါ်ဆိုခဲ့ကြပါသည်၊၊ ဤရောဂါ၏ လက္ခဏာများတွင် အဆစ်များ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် တောင့်တင်းခြင်းတို့ ပါဝင်နိုင်ပါသည်၊၊ အချို့ကလေးများတွင် လက္ခဏာများသည် လအနည်းငယ်သာ ကြာမြင့်တတ်သော်လည်း အချို့တွင်မူ နှစ်ပေါင်းများစွာအထိ ကြာရှည်ခံစားရနိုင်ပါသည်၊၊
အချို့သောအခြေအနေများတွင် ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါသည် ကြီးထွားမှုဆိုင်ရာ ပြဿနာများ၊ အဆစ်များ ပျက်စီးခြင်းနှင့် မျက်စိရောင်ရမ်းခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲ ဝေဒနာများကို ဖြစ်စေနိုင်ပါသည်၊၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ထိန်းချုပ်ရန်၊ လှုပ်ရှားသွားလာမှုကို ပိုမိုကောင်းမွန်စေရန်နှင့် အဆစ်များ ပျက်စီးမှုကို ကာကွယ်ရန်တို့မှာ ကုသမှု၏ အဓိက ရည်မှန်းချက်များ ဖြစ်ပါသည်၊၊
ရောဂါလက္ခဏာများ
ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရသော လူနာများတွင် အောက်ပါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်
- နာကျင်ခြင်း၊၊ သင့်ကလေးသည် အဆစ်နာကျင်ခြင်းနှင့် ပတ်သက်၍ မည်သည့်ညည်းတွားမှုကိုမျှ မပြုလုပ်သော်လည်း အထူးသဖြင့် နံနက်ပိုင်း သို့မဟုတ် တစ်ရေးအိပ်ပြီး နိုးလာချိန်တွင် ခြေထောက်ထော့နဲ့ထော့နဲ့ ဖြစ်နေသည်ကို သင်သတိပြုမိနိုင်ပါသည်၊၊
- ရောင်ရမ်းခြင်း၊၊ ပုံမှန်အားဖြင့် အဆစ်များ ရောင်ရမ်းခြင်းသည် ဒူးဆစ်ကဲ့သို့သော အဆစ်ကြီးများတွင် အရင်ဆုံး စတင်ပေါ်ပေါက်လေ့ရှိပါသည်၊၊
- တောင့်တင်းခြင်း။ အထူးသဖြင့် နံနက်ပိုင်း သို့မဟုတ် တစ်ရေးအိပ်ပြီး နိုးလာချိန်တွင် သင့်ကလေးသည် ပုံမှန်ထက် ပိုမိုလှုပ်ရှားရခက်ခဲနေသည်ဟု ထင်ရနိုင်ပါသည်။
- ဖျားခြင်း
- အရေပြားတွင် အနီစက်များ ထွက်ခြင်း
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
- မျက်လုံးနီခြင်း၊ မျက်လုံးနာခြင်းနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း
- နုံးခွေခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါသည် အဆစ်တစ်ခုတည်းကို သော်လည်းကောင်း၊ အဆစ်အများအပြားကို သော်လည်းကောင်း ထိခိုက်စေနိုင်ပါသည်၊၊ ဤရောဂါတွင် အမျိုးအစားခွဲများစွာ ရှိသော်လည်း အဖြစ်အများဆုံး အမျိုးအစား သုံးမျိုးမှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေသော အမျိုးအစား၊ အဆစ်အနည်းငယ်ကိုသာ ထိခိုက်စေသော အမျိုးအစားနှင့် အဆစ်အများအပြားကို ထိခိုက်စေသော အမျိုးအစားတို့ ဖြစ်ပါသည်၊၊ သင့်ကလေးတွင် မည်သည့်အမျိုးအစား ဖြစ်ပွားနေသည်ကို ရောဂါလက္ခဏာများ၊ ထိခိုက်နေသော အဆစ်အရေအတွက်နှင့် ဖျားခြင်း သို့မဟုတ် အနီစက်များ ထွက်ခြင်း ရှိ၊ မရှိတို့အပေါ် မူတည်၍ ဆုံးဖြတ်ပါသည်၊၊
အခြားသော အဆစ်အမြစ်ရောင်ရောဂါများကဲ့သို့ပင် ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါတွင်လည်း လက္ခဏာများ ဆိုးရွားလာသော ကာလများနှင့် လက္ခဏာများ လုံးဝမရှိတော့သော ကာလများ ရှိတတ်ပါသည်၊၊
အကယ်၍ သင့်ကလေးတွင် အဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် တောင့်တင်းခြင်းတို့ တစ်ပတ်ထက်ပို၍ ကြာမြင့်နေပါက၊ အထူးသဖြင့် ဖျားခြင်းနှင့် တွဲဖက်ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ၊၊
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် မိမိ၏ ဆဲလ်များနှင့် တစ်သျှူးများကို ပြန်လည်တိုက်ခိုက်သောအခါ ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပေါ်လာပါသည်၊၊ တိကျသော အကြောင်းရင်းကို မသိရသေးသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်များနှင့် မျိုးရိုးဗီဇ နှစ်မျိုးလုံး ပါဝင်ပတ်သက်နေသည်ဟု ယူဆရပါသည်၊၊
ဖြစ်နိုင်ခြေများစေသော အချက်များ
ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါ အချို့သော အမျိုးအစားများသည် ယောက်ျားလေးများထက် မိန်းကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်၊၊
ရောဂါရှာဖွေခြင်း
အဆစ်အမြစ် နာကျင်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများစွာ ရှိနိုင်သောကြောင့် ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါကို အတည်ပြုရန် ခက်ခဲနိုင်ပါသည်၊၊ ရောဂါကို အတိအကျ အတည်ပြုနိုင်သည့် စစ်ဆေးမှုမျိုး မရှိသော်လည်း အလားတူ လက္ခဏာများရှိသော အခြားရောဂါများကို ဖယ်ထုတ်နိုင်ရန် စစ်ဆေးမှုများက ကူညီပေးနိုင်ပါသည်၊၊
ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါ ရှိ၊ မရှိ သိရှိနိုင်ရန် ဆရာဝန်သည် ကလေး၏ ကျန်းမာရေး ရာဇဝင်ကို သေချာစွာ မေးမြန်းခြင်း၊ ရောဂါလက္ခဏာများကို စစ်ဆေးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်၊၊ ထို့အပြင် အဆစ်များတွင် ရောင်ရမ်းမှု လက္ခဏာများ ရှိ၊ မရှိကိုလည်း ဆရာဝန်က စစ်ဆေးအကဲဖြတ်ပါလိမ့်မည်၊၊
သွေးစစ်ဆေးခြင်းများ
အသုံးအများဆုံး သွေးစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်
- သွေးနီဥ အနည်ထိုင်နှုန်း တိုင်းတာခြင်း၊၊ သွေးနီဥများ အနည်ထိုင်နှုန်း မြန်နေပါက ခန္ဓာကိုယ်ထဲတွင် ရောင်ရမ်းမှု ရှိနေသည်ကို ညွှန်ပြနေခြင်း ဖြစ်နိုင်ပါသည်၊၊ ဤစစ်ဆေးမှု၏ အဓိက ရည်ရွယ်ချက်မှာ ရောင်ရမ်းမှု အဆင့်ကို တိုင်းတာရန် ဖြစ်ပါသည်၊၊
- စီ ရီအက်တစ် ပရိုတင်း စစ်ဆေးခြင်း၊၊ ၎င်းသည် ခန္ဓာကိုယ်၏ ယေဘုယျ ရောင်ရမ်းမှု အခြေအနေကို တိုင်းတာသည့် သွေးစစ်ဆေးမှု တစ်မျိုး ဖြစ်ပါသည်၊၊
- အန်တီနျူကလီးယား အန်တီဘော်ဒီ စစ်ဆေးခြင်း၊၊ ဤပရိုတင်းများကို အဆစ်အမြစ်ရောင်ရောဂါကဲ့သို့သော ခုခံအားစနစ် ချို့ယွင်းသည့် ရောဂါရှိသူများ၏ ခန္ဓာကိုယ်မှ ထုတ်လုပ်လေ့ရှိပြီး ၎င်းသည် မျက်စိရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေ မြင့်မားမှုကို သတိပေးသည့် လက္ခဏာ တစ်မျိုးလည်း ဖြစ်ပါသည်၊၊
- ရူမတွိုက် ဖက်တာ စစ်ဆေးခြင်း၊၊ ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါ ရှိသော ကလေးအချို့၏ သွေးထဲတွင် ဤအန်တီဘော်ဒီကို တွေ့ရှိရတတ်ပြီး ၎င်းသည် အဆစ်အမြစ်ရောင်ခြင်းကြောင့် ထိခိုက်မှု ပိုမိုပြင်းထန်နိုင်သည့် အခြေအနေကို ညွှန်ပြနိုင်ပါသည်၊၊
- စီစီပီ အန်တီဘော်ဒီ စစ်ဆေးခြင်း၊၊ ၎င်းသည် ရူမတွိုက် ဖက်တာကဲ့သို့ပင် ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါ ရှိသူများတွင် တွေ့ရတတ်ပြီး အဆစ်များ ပိုမိုထိခိုက်နိုင်ခြေ ရှိမရှိကို ခန့်မှန်းရာတွင် အသုံးပြုပါသည်၊၊
ပုံရိပ်ဖော် စစ်ဆေးခြင်းများ
အရိုးကျိုးခြင်း၊ အကျိတ်ဖြစ်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် မွေးရာပါ ပုံသဏ္ဌာန် ပျက်ယွင်းခြင်း အစရှိသော အခြားပြဿနာများကို ဖယ်ထုတ်နိုင်ရန် အိတ်စရေး သို့မဟုတ် သံလိုက်ဓာတ်မှန်များ ရိုက်ခြင်းကို ပြုလုပ်နိုင်ပါသည်၊၊
ရောဂါအခြေအနေကို အတည်ပြုပြီးနောက်တွင်လည်း အရိုးကြီးထွားမှုနှင့် အဆစ်များ ပျက်စီးမှုကို စောင့်ကြည့်နိုင်ရန် ဓာတ်မှန်များကို တစ်ခါတစ်ရံ အသုံးပြုတတ်ပါသည်၊၊
ကုသခြင်း
သင့်ကလေးကို ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်စေရန်နှင့် လူမှုရေး လုပ်ငန်းဆောင်တာများတွင် ပါဝင်နိုင်စေရန် ကူညီပေးခြင်းသည် ဤရောဂါကုသမှု၏ အဓိက အစိတ်အပိုင်း ဖြစ်ပါသည်၊၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို လျှော့ချရန်၊ လှုပ်ရှားနိုင်စွမ်းနှင့် ခွန်အားကို ထိန်းသိမ်းရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ဆရာဝန်များသည် နည်းလမ်းအမျိုးမျိုးကို ပေါင်းစပ်အသုံးပြုပါလိမ့်မည်၊၊
ဆေးဝါးများ
ကလေးသူငယ် အဆစ်အမြစ်ရောင်ရောဂါကို ကုသရာတွင် အသုံးပြုသော ဆေးဝါးများသည် နာကျင်မှုကို လျှော့ချပေးရန်၊ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် အဆစ်များ ပျက်စီးမှုကို ကာကွယ်ရန် ဖြစ်ပါသည်၊၊
အသုံးများသော ဆေးဝါးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်
- အရောင်ကျ စတီးရွိုက်မဟုတ်သော ဆေးဝါးများ၊၊ နက်ပရိုဆင်နှင့် အိုင်ဗျူပရိုဖန်တို့သည် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် အစာအိမ် မအီမသာဖြစ်ခြင်းနှင့် ကျောက်ကပ် သို့မဟုတ် အသည်းဆိုင်ရာ ပြဿနာများ အလွန်ရှားပါးစွာ ဖြစ်ပေါ်နိုင်ပါသည်၊၊
- ရောဂါအခြေအနေကို ပြုပြင်ပေးသော အဆစ်အမြစ်ရောင်ကုဆေးများ၊၊ ဤဆေးများကို ရောဂါပိုမိုမဆိုးရွားလာစေရန် အသုံးပြုပြီး အထက်ပါ အရောင်ကျဆေးများနှင့် တွဲဖက်ပေးနိုင်ပါသည်၊၊ မီသိုထရက်ဆိတ်သည် ကလေးများအတွက် အသုံးအများဆုံး ဆေးတစ်မျိုး ဖြစ်ပါသည်၊၊ ၎င်း၏ ဘေးထွက်ဆိုးကျိုးများတွင် ပျို့အန်ခြင်း၊ သွေးအားနည်းခြင်း၊ အသည်းပြဿနာများနှင့် ရောဂါပိုးဝင်နိုင်ခြေ အနည်းငယ် ပိုများလာခြင်းတို့ ပါဝင်နိုင်ပါသည်၊၊
- ဇီဝကုထုံး ဆေးဝါးများ၊၊ ဤဆေးဝါး အမျိုးအစားသစ်များသည် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အဆစ်များ ပျက်စီးမှုကို တားဆီးပေးပါသည်၊၊ ၎င်းတို့ကို အခြားဆေးဝါးများနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်၊၊ သို့သော် ဇီဝကုထုံး ဆေးဝါးများ အားလုံးသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို နှိမ်နှင်းထားသောကြောင့် ရောဂါပိုးဝင်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်၊၊
- စတီးရွိုက်ဆေးဝါးများ၊၊ အခြားဆေးများ စတင်အာနိသင် မပြမီတွင် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ရန် ပရက်ဒနီဆုန်းကဲ့သို့သော ဆေးများကို အသုံးပြုနိုင်ပါသည်၊၊ နှလုံးကို ဖုံးအုပ်ထားသော အမြှေးပါးရောင်ခြင်းကဲ့သို့သော အဆစ်မဟုတ်သည့် အခြားနေရာများတွင် ဖြစ်ပွားသည့် ရောင်ရမ်းမှုများကို ကုသရာတွင်လည်း ဤဆေးများကို အသုံးပြုပါသည်၊၊
ဤဆေးများသည် ပုံမှန်ကြီးထွားမှုကို ထိခိုက်စေနိုင်ခြင်းနှင့် ရောဂါပိုးဝင်နိုင်ခြေ များစေခြင်းတို့ကြောင့် ၎င်းတို့ကို အတိုတောင်းဆုံးသော အချိန်ကာလအတွင်းသာ အသုံးပြုသင့်ပါသည်၊၊
ရုပ်ပိုင်းဆိုင်ရာ ကုထုံးများ
အဆစ်များ လှုပ်ရှားရလွယ်ကူစေရန်နှင့် ကြွက်သားများ သန်မာစေရန် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်နှင့် ပြသရန် ဆရာဝန်က အကြံပြုနိုင်ပါသည်၊၊
သင့်ကလေးအတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းများနှင့် ဘေးကင်းလုံခြုံရေး ပစ္စည်းများကိုလည်း လမ်းညွှန်ပေးပါလိမ့်မည်၊၊ ထို့အပြင် အဆစ်များကို ကာကွယ်ရန်နှင့် ပုံမှန်အနေအထားတွင် ရှိနေစေရန် အဆစ် အထောက်အကူပြု ပစ္စည်းများကိုလည်း အကြံပြုနိုင်ပါသည်၊၊
ခွဲစိတ်ကုသခြင်း
ရောဂါအခြေအနေ အလွန်ပြင်းထန်ပါက အဆစ်များ၏ လုပ်ဆောင်နိုင်စွမ်း ပြန်လည်ကောင်းမွန်စေရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်၊၊
