ကြီးထွားဇုန်အရိုးနုကျိုးအက်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
ကလေးတစ်ဦးရဲ့ ကြီးထွားဇုန်အရိုးနု (Growth plate) ဆိုတာ အရိုးတွေရဲ့ အဆုံးပိုင်းနားမှာ ရှိတဲ့ ဖွံ့ဖြိုးဆဲ တစ်ရှူးအလွှာလေး ဖြစ်ပါတယ်။ ကြီးထွားဇုန်အရိုးနုတွေဟာ ခန္ဓာကိုယ် အရိုးအဆောက်အအုံထဲမှာ ပျော့ပျောင်းပြီး အနူးညံ့ဆုံး၊ အဆတ်ဆတ်ဆုံး အစိတ်အပိုင်းတွေဖြစ်တာကြောင့် အနီးအနားမှာရှိတဲ့ အရိုးဆက် အရိုးစည်း (Ligaments) တွေ၊ အကြောမျှင် (Tendons) တွေထက် ပိုပြီး အားနည်းလေ့ရှိပါတယ်။ လူကြီးတစ်ဦးအနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့အခါ အဆစ်ခေါက်တာ သို့မဟုတ် အဆစ်လွဲတာမျိုး ကြုံတွေ့ရနိုင်ပေမဲ့ ကလေးတစ်ဦးမှာတော့ အဆိုပါ ဒဏ်ရာကြောင့်ပဲ ကြီးထွားဇုန်အရိုးနု ကျိုးအက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ကြီးထွားဇုန်အရိုးနု ကျိုးအက်တာဟာ အရိုးကြီးထွားမှုကို အဟန့်အတား ဖြစ်စေနိုင်တာမို့ အရေးပေါ် ကုသမှု ခံယူဖို့ မကြာခဏ လိုအပ်တတ်ပါတယ်။ စနစ်တကျ သေချာမကုသခဲ့ရင် ကျိုးသွားတဲ့အရိုးဟာ ကွေးကောက်သွားတာ ဒါမှမဟုတ် အခြားဘက်က ခြေလက်တွေထက် တိုသွားတာမျိုး ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ သို့သော်လည်း စနစ်တကျ မှန်ကန်တဲ့ စောင့်ရှောက်ကုသမှု ခံယူရင်တော့ ကြီးထွားဇုန်အရိုးနု ကျိုးအက်တာ အများစုဟာ နောက်ဆက်တွဲ ပြဿနာမရှိဘဲ ပြန်လည်ကောင်းမွန်သွားကြပါတယ်။
ရောဂါလက္ခဏာများ
လက်ချောင်းများ၊ လက်ဖျံရိုးနှင့် ခြေသလုံးရိုးတို့ဟာ ကြီးထွားဇုန်အရိုးနု ကျိုးအက်မှု အဖြစ်အများဆုံး နေရာတွေ ဖြစ်ကြပါတယ်။ ကြီးထွားဇုန်အရိုးနု ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေနဲ့ ပြသချက်တွေမှာ အောက်ပါတို့ ပါဝင်နိုင်ပါတယ် –
- အဆစ်နဲ့ နီးစပ်တဲ့ အရိုးရဲ့ အဆုံးပိုင်းနေရာမှာ ရောင်ရမ်းနေပြီး ကိုင်ကြည့်ရင် ပူနွေးနေခြင်း။
- စမ်းသပ်ကြည့်ပါက နာကျင်ခြင်း၊ အထူးသဖြင့် ကြီးထွားဇုန်အရိုးနုကို ဖိကြည့်သည့်အခါ ပိုမိုနာကျင်ခြင်း။
- ခြေလက် အဆုံးပိုင်း ပုံသဏ္ဌာန် မမှန်ဘဲ ပုံပျက်ကွေးကောက်နေခြင်း။
- ထိခိုက်ထားသော ခြေလက် သို့မဟုတ် ဒဏ်ရာရထားသည့် ဧရိယာပေါ်သို့ အလေးချိန်မပြုနိုင်ခြင်း၊ ဖိမရပ်နိုင်ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်ခြင်း။
သင့်ကလေးမှာ အရိုးကျိုးသွားပြီလို့ သံသယရှိရင် သေချာစစ်ဆေးဖို့ ဆရာဝန်ထံ ခေါ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သင့်ကလေးမှာ အားကစား မလုပ်နိုင်လောက်အောင် ဆက်တိုက် နာကျင်တာမျိုး ခံစားနေရရင် ဒါမှမဟုတ် လက်နဲ့ ခြေထောက်တွေမှာ သိသာထင်ရှားတဲ့ ပုံပျက်ယွင်းမှုမျိုး ရှိနေရင် အထူးကု ဆရာဝန်နဲ့ သေချာပြသ စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။
အကြောင်းရင်းများ
မကြာခဏဆိုသလို ချော်လဲတာ ဒါမှမဟုတ် ခြေလက်တွေကို ရိုက်ခတ်မိတာတွေကြောင့် ဖြစ်ရတဲ့ ကြီးထွားဇုန်အရိုးနု ကျိုးအက်ရခြင်း အကြောင်းအရင်းတွေမှာ –
- စကိတ်စီးခြင်း၊ စလစ်စီးခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်း သို့မဟုတ် စကီးစီးခြင်းကဲ့သို့သော အပန်းဖြေ လှုပ်ရှားမှုများ
- ဘောလုံး၊ ဘက်စကက်ဘော၊ ပြေးခြင်း၊ အက သို့မဟုတ် ဂျင်မ်နက်စတစ်ကဲ့သို့သော ပြိုင်ဆိုင်မှုရှိသည့် အားကစားများ
- ယာဉ်မတော်တဆ ဖြစ်ပွားမှုများ ပါဝင်သည်။
ဒါ့အပြင် ထပ်ခါတလဲလဲ ပစ်ပေါက်ရသည့် အားကစား သို့မဟုတ် လေ့ကျင့်ခန်းများ ပြုလုပ်စဉ် လွန်ကဲစွာ အသုံးပြုမိခြင်း (Overuse) ကြောင့်လည်း အချို့သော ဖြစ်စဉ်တွေမှာ ကြီးထွားဇုန်အရိုးနု ကျိုးအက်မှုကို ဖြစ်စေနိုင်ပါတယ်။
အခြား ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းတွေမှာ အရိုးပိုးဝင်ခြင်း၊ မျိုးရိုးလိုက်ရောဂါ၊ အေးလွန်းသည့် ရာသီဥတု၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အချို့သော ဆေးဝါးအမျိုးအစားများ သောက်သုံးရခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်နှင့် ထိတွေ့ရခြင်းတို့ ပါဝင်ကြပါတယ်။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ
ကြီးထွားဇုန်အရိုးနု ကျိုးအက်တာဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ဒါဟာ မိန်းကလေးတွေအနေနဲ့ ယေဘုယျအားဖြင့် ယောက်ျားလေးတွေထက် စောစီးစွာ အရပ်အမြင့် အပြည့် ရရှိသွားကြတာကြောင့် ဖြစ်ပြီး၊ ၎င်းတို့ရဲ့ ကြီးထွားဇုန်အရိုးနုတွေဟာ အသက် ၁၂ နှစ်ဝန်းကျင်မှာတင် ရင့်မှည့်သွားကာ မာကျောတဲ့ အရိုးအဖြစ်သို့ ပြောင်းလဲသွားကြလို့ ဖြစ်ပါတယ်။
ရောဂါရှာဖွေခြင်း
ကြီးထွားဇုန် အရိုးနုများ (Growth plates) သည် မာကျောသော အရိုးအဖြစ်သို့ လုံးဝ မပြောင်းလဲသေးဘဲ နူးညံ့နေသေးသောကြောင့် ဓာတ်မှန် (X-ray) ရိုက်ကြည့်သည့်အခါ ဖတ်ရှုစစ်ဆေးရန် ခက်ခဲတတ်ပါသည်။ ဆရာဝန်များသည် ထိခိုက်ဒဏ်ရာရထားသော ခြေလက်၏ ဓာတ်မှန် ပုံရိပ်ကို ထိခိုက်မှုမရှိသည့် ဘက်နှင့် နှိုင်းယှဉ် ကြည့်ရှုနိုင်ရန်အတွက် နှစ်ဖက်စလုံး၏ ဓာတ်မှန်များကို ရိုက်ယူရန် တောင်းဆိုပေမည်။
ကြီးထွားဇုန် အရိုးနု ကျိုးအက်မှုကို ဓာတ်မှန်တစ်ခုတည်းတွင် အမြဲတမ်း ပြတ်ပြတ်သားသား မမြင်တွေ့နိုင်ပါ။ အကယ်၍ ကလေး၏ ကြီးထွားဇုန် အရိုးနုနေရာတွင် နာကျင်မှု ခံစားနေရပါက ဆရာဝန်အနေဖြင့် ထိခိုက်ထားသော ခြေလက်ကို ကာကွယ်ရန် ကျောက်ပတ်တီး (Cast) သို့မဟုတ် ကျောက်ပျော့ (Splint) စည်းထားရန် အကြံပြုနိုင်သည်။ အကယ်၍ အရိုးကျိုးအက်မှု ရှိခဲ့ပါက သုံးပတ်မှ လေးပတ်ခန့် ကြာသည့်အခါ ဓာတ်မှန်ပုံရိပ်တွင် အရိုးအသစ် ပြန်လည်ဆက်လာသည်ကို ပုံမှန်အားဖြင့် မြင်တွေ့ရမည် ဖြစ်သည်။
ပိုမိုပြင်းထန်သော ထိခိုက်ဒဏ်ရာများအတွက်မူ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် အာထရာဆောင်း (Ultrasound) ကဲ့သို့သော ပျော့ပျောင်းသည့် တစ်ရှူးများကို ထင်ရှားစွာ မြင်တွေ့နိုင်သည့် ပုံရိပ်ဖော် စစ်ဆေးမှုများကို ဆရာဝန်က ညွှန်းဆိုနိုင်သည်။
ကုသမှု
ကြီးထွားဇုန် အရိုးနု ကျိုးအက်မှုကို ကုသရာတွင် ဒဏ်ရာ၏ ပြင်းထန်သည့် ပမာဏအပေါ် မူတည်၍ ဆုံးဖြတ်ပါသည်။ ပုံမှန်အားဖြင့် အနည်းငယ်သာ ထိခိုက်သည့် အပေါ့စား ကျိုးအက်မှုများအတွက် ကျောက်ပတ်တီး သို့မဟုတ် ကျောက်ပျော့ စည်းပေးရန် သာ လိုအပ်ပါသည်။ သို့သော် အရိုးကျိုးအက်မှုသည် အဆစ်အတွင်းသို့ ရောက်ရှိသွားပါက သို့မဟုတ် ကြီးထွားဇုန် အရိုးနုကို ဖြတ်သန်းသွားပြီး နေရာလွဲမှားနေပါက ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်နိုင်သည်။ ခွဲစိတ်၍ နေရာမှန် ပြန်ဆက်ပေးထားသော ကြီးထွားဇုန် အရိုးနုများသည် မူလနေရာ မမှန်သည့်အတိုင်း ပစ်ထားသည်ထက် ပြန်လည်သက်သာလာရန်နှင့် ဆက်လက်ကြီးထွားရန် အခွင့်အလမ်း ပိုမိုများပြားပါသည်။
ဒဏ်ရာရသည့်အချိန်၌ ကြီးထွားဇုန် အရိုးနုတွင် ရေရှည် ထိခိုက်မှု ရှိ၊ မရှိကို တိကျစွာ ဆုံးဖြတ်ရန် ခက်ခဲနိုင်ပါသည်။ အရိုးကျိုးပြီးနောက် နောက်ပိုင်းနှစ်များတွင် ကြီးထွားဇုန် အရိုးနု ပုံမှန်အတိုင်း ပြန်လည်ကြီးထွားမှုကို သေချာစေရန်အတွက် ဆရာဝန်က ကာလအပိုင်းအခြားအလိုက် ဓာတ်မှန်ပြန်ရိုက်ရန် အကြံပြုပေမည်။ အရိုးကျိုးအက်မှု၏ ပြင်းထန်မှုနှင့် တည်နေရာအပေါ် မူတည်၍ သင့်ကလေး၏ အရိုးများ ကြီးထွားမှု ပြီးဆုံးသည့်အထိ ပုံမှန် ပြန်လည်ပြသစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
