ကိုယ်ဝန်ဆောင်ချိန်ဆီးချိုရောဂါ

ခြုံငုံသုံးသပ်ချက်

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ (Gestational diabetes mellitus – GDM) ဆိုသည်မှာ ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူးသော အမျိုးသမီးတစ်ဦး၌ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးချိုရောဂါ စတင်ဖြစ်ပွားလာခြင်း ဖြစ်ပါသည်။ အချင်းမှ ထုတ်လုပ်ပေးသော ဟော်မုန်းတစ်မျိုးသည် ခန္ဓာကိုယ်၏ အင်ဆူလင် အသုံးပြုနိုင်စွမ်းကို နှောင့်ယှက်ဖျက်ဆီးသဖြင့် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ သကြားဓာတ် (ဂလူးကို့စ်) များကို ဆဲလ်များက စုတ်ယူအသုံးပြုခြင်း မရှိတော့ဘဲ သွေးကြောအတွင်း စုပုံလာရပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါသည် ဆဲလ်များ၏ သကြားဓာတ် အသုံးပြုပုံကို ပြောင်းလဲစေပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါကြောင့် ဖြစ်ပေါ်လာသော သွေးတွင်း သကြားဓာတ် မြင့်မားမှုသည် မိခင်နှင့် သန္ဓေသား ကလေးငယ် နှစ်ဦးစလုံးကို ထိခိုက်ပျက်စီး စေနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါကို စနစ်တကျ ထိန်းချုပ်ကုသခြင်းသည် မိခင်နှင့် ကလေးငယ်အတွက် ကောင်းမွန်သော ကျန်းမာရေးကို အာမခံပေးနိုင်ပြီး မီးဖွားရ ခက်ခဲနိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း (ဆရာဝန်၏ အကြံပြုချက်အတိုင်း) နှင့် ညွှန်ကြားထားသော ဆေးဝါးများကို သောက်သုံးခြင်းတို့သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါသည် မီးဖွားပြီးနောက် ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိသွားနိုင်ပါသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားခဲ့ရဖူးသူတစ်ဦးတွင် အမျိုးအစား နှစ် ဆီးချိုရောဂါ ဆက်လက်ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။ ထို့ကြောင့် သွေးတွင်း သကြားဓာတ် ပမာဏကို ပိုမို မကြာခဏ စစ်ဆေးရန် လိုအပ်မည် ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါသည် မည်သည့် လက္ခဏာမျှ ပြသလေ့ မရှိပါ။ ဆရာဝန်သည် သင့် ဆေးမှတ်တမ်းနှင့် သွေးစစ်ဆေးချက်များပေါ် အခြေခံ၍ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရှိနေနိုင်သည်ဟု သံသယရှိနိုင်ပါသည်။

အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆရာဝန်သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးပေးမည် ဖြစ်ပါသည်။

မိခင်တွင် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ပေါ်လာပါက ခဏခဏ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ပါသည်။ ဆရာဝန်သည် မိခင်နှင့် ကလေးငယ် နှစ်ဦးစလုံး၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးအကဲဖြတ်မည် ဖြစ်သဖြင့် ထိုသို့ စစ်ဆေးမှုများသည် ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံး သုံး လအတွင်း ပိုမို ဖြစ်ပွားနိုင်ခြေ ရှိပါသည်။

ဖြစ်ပွားရသည့် အကြောင်းအရင်းများ

အမျိုးသမီး အချို့တွင် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ အဘယ်ကြောင့် ဖြစ်ပွားပြီး အချို့တွင် အဘယ်ကြောင့် ဖြစ်ပွားခြင်း မရှိသည်ကို မသိရှိရသေးပါ။ ကိုယ်ဝန်ဆောင်ချိန် တိုးလာသော ကိုယ်အလေးချိန်သည် ယင်းသို့ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်း တစ်ခု ဖြစ်လေ့ရှိပါသည်။

ကြီးထွားလာသော သန္ဓေသားသည် အချင်းထံမှ အာဟာရနှင့် ရေကို ရရှိပြီး အချင်းသည် ကိုယ်ဝန် ဆက်လက် တည်မြဲနေစေရန်အတွက် ဟော်မုန်း အများအပြားကိုလည်း ထုတ်လုပ်ပေးပါသည်။ အီစထရိုဂျင် (Estrogen)၊ ကော်တီစော (Cortisol) နှင့် ဟူးမန်း ပလာစန်တယ် လက်တိုဂျင် (Human placental lactogen) တို့သည် အင်ဆူလင်၏ လုပ်ဆောင်ချက်ကို ဟန့်တားနိုင်သည့် ဟော်မုန်း အနည်းငယ် ဖြစ်ကြပါသည်။ Contra-insulin effect ဟု လူသိများသော ဤအခြေအနေသည် ကိုယ်ဝန်ဆောင် သက်တမ်း ပတ် ၂၀ မှ ၂၄ အတွင်း၌ စတင်လေ့ရှိပါသည်။

အချင်း ပိုမို ကြီးထွားလာပြီး ထိုဟော်မုန်းများ ပိုမို ထွက်ရှိလာသည်နှင့်အမျှ အင်ဆူလင် ခုခံတွန်းလှန်မှု ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်တက်လာပါသည်။ ပုံမှန်အားဖြင့် မုန့်ချိုအိတ်သည် အင်ဆူလင် ခုခံတွန်းလှန်မှုကို တိုက်ဖျက်ရန် အင်ဆူလင် ပိုမို ထုတ်လုပ်ပေးနိုင်သော်လည်း အချင်းမှ ထုတ်လုပ်သော ဟော်မုန်းများ၏ သက်ရောက်မှုကို တားဆီးရန် အင်ဆူလင် ထုတ်လုပ်မှု မလုံလောက်သည့်အခါ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

ဖြစ်နိုင်ခြေရှိသော အချက်များ

မည်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးမဆို ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ရှိသော်လည်း အောက်ပါ အကြောင်းအရင်းများသည် ဖြစ်ပွားနိုင်ခြေကို ပိုမို မြင့်တက်စေနိုင်ပါသည်-

  • ရောဂါ ရာဇဝင်- မိသားစုဝင် တစ် ဦးဦးတွင် ဆီးချိုရောဂါ ရှိခဲ့သည့် ရာဇဝင် ရှိခြင်းသည် ဤအခြေအနေ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။ ယခင် ကိုယ်ဝန်ဆောင်စဉ်က မီးဖွားဖူးသည့် ရာဇဝင် ရှိခြင်း။ ယခင်က မွေးဖွားခဲ့သော ကလေးငယ်သည် ကိုယ်အလေးချိန် ကိုး ပေါင်ထက် ပိုမို လေးလံခဲ့ခြင်း။
  • ကိုယ်အလေးချိန်- မိခင်၏ ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ကို ကိုယ်အလေးချိန် လွန်ကဲခြင်း သို့မဟုတ် အဝလွန်ခြင်း အဆင့်အဖြစ် သတ်မှတ်ထားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း။
  • အခြား ရောဂါများ- မမျိုးဥအိမ် အရည်အိတ်များသော ရောဂါစု (Polycystic ovary syndrome) သည် ဤအခြေအနေ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။ သွေးတွင်း သကြားဓာတ် စုတ်ယူနိုင်စွမ်း ချို့ယွင်းခြင်း (Impaired glucose tolerance) ဟုလည်း သိကြသော ဆီးချိုရောဂါ အကြိုအဆင့် ရှိခြင်း။

ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်ချိန် ဒုတိယ သုံး လ ပတ်အတွင်း ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ သာမန်မျှသာရှိသော မိခင်အား စစ်ဆေးမှုများ ခံယူရန် အကြံပြုပါလိမ့်မည်။

ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသော မိခင်အား ပထမဆုံး ကိုယ်ဝန်အပ် စစ်ဆေးစဉ် ကာလအတွင်း၌ပင် ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးရန် အကြံပြုပါလိမ့်မည်။

မီးဖွားပြီးနောက် ဆီးချိုရောဂါ ဆက်လက် ရှိမရှိ သိရှိနိုင်ရန် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရှိခဲ့သော အမျိုးသမီးများသည် မီးဖွားပြီး ခြောက် ပတ်မှ ၁၂ ပတ်အတွင်း စစ်ဆေးမှု ခံယူရန် အကြံပြုပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရာဇဝင် ရှိခဲ့ဖူးသော အမျိုးသမီးများသည် ဆီးချိုရောဂါ သို့မဟုတ် ဆီးချိုရောဂါ အကြိုအဆင့် ရှိမရှိ အနည်းဆုံး သုံး နှစ်လျှင် တစ် ကြိမ်နှုန်းဖြင့် တစ်သက်တာ စစ်ဆေးမှု ခံယူရန် အကြံပြုထားပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု ပေးသူအပေါ် မူတည်၍ စစ်ဆေးမှု ပုံစံများ ကွဲပြားနိုင်သော်လည်း ယေဘုယျအားဖြင့် အောက်ပါတို့ ပါဝင်ပါသည်-

  • ကနဦး ဂလူးကို့စ် စိန်ခေါ်စစ်ဆေးခြင်း (Initial glucose challenge test)- လူနာသည် ဂလူးကို့စ် အရည်ကို သောက်သုံးရမည် ဖြစ်ပြီး အရည်သောက်သုံးပြီး တစ် နာရီအကြာတွင် သွေးတွင်း သကြားဓာတ်ကို တိုင်းတာမည် ဖြစ်ပါသည်။
  • ဤစစ်ဆေးမှု၏ ပုံမှန် ပမာဏမှာ 140 mg/dL (7.8 mmol/L) အောက် ဖြစ်ပါသည်။
  • 190 mg/dL (10.6 mmol/L) ရှိနေပါက ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရှိကြောင်း ညွှန်ပြနေပါသည်။

သွေးတွင်း သကြားဓာတ် ပမာဏသည် မျှော်မှန်းထားသည်ထက် ပိုမို မြင့်မားနေပါက ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရှိမရှိ အတည်ပြုနိုင်ရန် ဒုတိယအကြိမ် ဂလူးကို့စ် စုတ်ယူနိုင်စွမ်း စစ်ဆေးခြင်း (Glucose tolerance test) ကို ခံယူရန် လိုအပ်မည် ဖြစ်ပါသည်၊ သို့သော် လာရောက်ပြသသည့် ဓာတ်ခွဲခန်း သို့မဟုတ် ဆေးခန်းအပေါ် မူတည်၍ သတ်မှတ်ချက် ကွဲပြားနိုင်ပါသည်။

  • ဂလူးကို့စ် စုတ်ယူနိုင်စွမ်း စစ်ဆေးခြင်း (Glucose tolerance testing)- ပိုမို ချိုမြိန်သော ဂလူးကို့စ် အရည်ကို သောက်သုံးပြီးနောက် သုံး နာရီ ကာလအတွင်း လူနာ၏ သွေးတွင်း သကြားဓာတ်ကို တစ် နာရီလျှင် တစ် ကြိမ်နှုန်းဖြင့် စစ်ဆေးမည် ဖြစ်ပါသည်။ စစ်ဆေးရရှိသော သွေးတွင်း သကြားဓာတ် ပမာဏများအနက် အနည်းဆုံး နှစ် ကြိမ် စစ်ဆေးချက်သည် ပုံမှန်ထက် ပိုမို မြင့်မားနေပါက ထိုလူနာတွင် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ရှိနေသည်ဟု သတ်မှတ်နိုင်ပါသည်။

ကုသခြင်း

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ (Gestational diabetes) ကုသမှု၏ ရည်မှန်းချက်မှာ သွေးတွင်း သကြားဓာတ် ပမာဏကို ပုံမှန်အတိုင်း ထိန်းသိမ်းထားရန် ဖြစ်ပါသည်။ သွေးတွင်း သကြားဓာတ် ပမာဏကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်းသည် မိခင်နှင့် ကလေးငယ် နှစ်ဦးစလုံးအတွက် အကျိုးရှိစေပါသည်။ အနီးကပ် စောင့်ကြည့်ကုသမှု ခံယူခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန် တစ်လျှောက်လုံးတွင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ကုသမှုတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • လူနေမှုဘဝ စတိုင်လ် ပြောင်းလဲခြင်း- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် စားသောက်ခြင်းနှင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း (အကြံပြုထားသည့်အတိုင်း) တို့သည် သွေးတွင်း သကြားဓာတ်ကို ပုံမှန် ပမာဏအတွင်း ရှိနေစေရန် ကူညီပေးပါလိမ့်မည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများသည် လူနာ၏ လက်ရှိ ကိုယ်အလေးချိန်အပေါ် အခြေခံ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် အစီအစဉ် ရေးဆွဲရာတွင် ကူညီပေးပါလိမ့်မည်။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်- သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်နှံတစ်ခုလုံး ပါဝင်သော အစားအစာများနှင့် အဆီနည်း အသားဓာတ် (Lean protein) တို့သည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်၏ အဓိက အစိတ်အပိုင်းများ ဖြစ်ပြီး မုန့်အချိုများကဲ့သို့ လွန်ကဲစွာ ပြုပြင်ထားသော ကာဗိုဟိုက်ဒရိတ်များကိုမူ ကန့်သတ်ထားပါသည်။ ထိုအစားအစာများသည် အာဟာရနှင့် အမျှင်ဓာတ် ကြွယ်ဝပြီး အဆီဓာတ်နှင့် ကယ်လိုရီ ပမာဏ နည်းပါးကြပါသည်။
  • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း- ကိုယ်ဝန်မဆောင်မီ၊ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးနောက် ကာလများတွင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါသည်။ လူနာသည် ကိုယ်လက်လှုပ်ရှားမှု မရှိပါက ဆီးချိုရောဂါ ဖြစ်ပွားလာနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့် သင့်တော်သော လေ့ကျင့်ခန်းများတွင် စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် လမ်းလျှောက်ခြင်းတို့ ပါဝင်ပါသည်။ အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်ခြင်းတို့သည်လည်း ပါဝင်သည့် နေ့စဉ် လှုပ်ရှားမှု သာဓကများ ဖြစ်ကြပါသည်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးနောက် သွေးတွင်း သကြားဓာတ်သည် ယေဘုယျအားဖြင့် လျော့ကျသွားလေ့ ရှိပါသည်။ ထို့အပြင် ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခါးနာခြင်း၊ ကြွက်တက်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အိပ်စက်ရ ခက်ခဲခြင်း အပါအဝင် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်တတ်သော မအီမသာ ဖြစ်မှုများကို လျှော့ချရာတွင်လည်း ကူညီပေးနိုင်ပါသည်။

  • နေ့စဉ် သွေးတွင်း သကြားဓာတ် ပမာဏကို စောင့်ကြည့်စစ်ဆေးခြင်း- လူနာ ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း သွေးတွင်း သကြားဓာတ် ပမာဏ ပုံမှန်အတိုင်း ရှိမရှိ သေချာစေရန် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူက သွေးတွင်း သကြားဓာတ်ကို တစ် နာရီလျှင် သို့မဟုတ် တစ် ရက်လျှင် လေး ကြိမ် သို့မဟုတ် ထိုထက်ပို၍ စစ်ဆေးရန် အကြံပြုပါလိမ့်မည်၊ အထူးသဖြင့် မနက်နိုးထချိန်နှင့် အစားစားပြီးချိန်တို့တွင် စစ်ဆေးသင့်ပါသည်။
  • ဆေးဝါး သောက်သုံးခြင်း- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှုပြုခြင်းတို့ဖြင့် သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရန် မလုံလောက်ပါက အင်ဆူလင် ထိုးဆေးများဖြင့် သွေးတွင်း သကြားဓာတ် ပမာဏကို လျှော့ချရန် လိုအပ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါကို စနစ်တကျ ထိန်းချုပ်နိုင်ရန် သောက်ဆေး သို့မဟုတ် ထိုးဆေး ညွှန်ကြားရေးနှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူနှင့် ဆွေးနွေးတိုင်ပင်ရပါမည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားနေရသော အချို့သော ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် သွေးတွင်း သကြားဓာတ် ပုံမှန် ပမာဏ ရရှိစေရန်အတွက် အင်ဆူလင် လိုအပ်လေ့ ရှိပါသည်။
  • မီးမဖွားမီ အနီးကပ် စောင့်ကြည့်ခြင်း- ကလေးငယ်၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်စစ်ဆေးရန် အရေးကြီးပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူသည် ကလေးငယ်၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို စောင့်ကြည့်ရန် အာထရာဆောင်း ရိုက်ကူးခြင်းနှင့် အခြား စစ်ဆေးမှုများကို ပြုလုပ်ပေးပါမည်။ လူနာသည် မီးဖွားရန် သတ်မှတ်ရက်အထိ ဗိုက်မနာသေးပါက ကျန်းမာရေး စောင့်ရှောက်မှု ပေးသူက မီးဖွားရန် ဆေးပေးလှုံ့ဆော်ခြင်း ပြုလုပ်ပေးနိုင်ပါသည်။ မီးဖွားရန် သတ်မှတ်ရက် လွန်မြောက်မှ မီးဖွားပါက မိခင်နှင့် ကလေးငယ်တွင် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားပါသည်။
  • မီးဖွားပြီးနောက် စောင့်ကြည့်ခြင်း- မီးဖွားပြီးနောက်နှင့် မီးဖွားပြီး ခြောက် ပတ်မှ ၁၂ ပတ်အတွင်း သွေးတွင်း သကြားဓာတ် ပမာဏ ပုံမှန် ဖြစ်မဖြစ် သေချာစေရန် စစ်ဆေးမည် ဖြစ်ပါသည်။ သွေးတွင်း သကြားဓာတ် ပမာဏ ပုံမှန် ဖြစ်နေပါက ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်ပွားနိုင်ခြေ ရှိမရှိ အကဲဖြတ်ရန် အနည်းဆုံး သုံး နှစ်လျှင် တစ် ကြိမ်နှုန်းဖြင့် ပြန်လည် ပြသစစ်ဆေးနိုင်ပါသည်။ လူနာတွင် အမျိုးအစား နှစ် ဆီးချိုရောဂါ သို့မဟုတ် ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်ပေါ်လာပါက သွေးတွင်း သကြားဓာတ် ပမာဏကို ပုံမှန်အတွင်း ထိန်းချုပ်နိုင်မည့် ကုသမှု နည်းလမ်းများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူနှင့် ဆွေးနွေး တိုင်ပင်ရပါမည်။

Doctors who treat this condition