မြေပုံသဏ္ဌာန်လျှာရောင်ရမ်းခြင်း
အကျဉ်းချုပ်အကြောင်းအရာ
Geographic tongue (မြေပုံသဏ္ဌာန်လျှာ) ဆိုသည်မှာ လျှာ၏မျက်နှာပြင်တွင် ရောင်ရမ်းမှုဖြစ်ပေါ်သော်လည်း ဘေးဥပဒ်မရှိသော အခြေအနေတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် လျှာပေါ်တွင် papillae ဟုခေါ်သော ပန်းရောင်သန်းသည့် အဖြူရောင် အမွှေးအမျှင်လေးများကဲ့သို့ သေးငယ်နူးညံ့သော အဖုကလေးများ ရှိကြသည်။ Geographic tongue ဖြစ်ပွားပါက လျှာ၏ အချို့နေရာများတွင် ထိုအဖုကလေးများ မရှိတော့ဘဲ အနားသတ်များ အနည်းငယ်ကြွတက်နေသည့် ချောမွေ့သော အနီရောင် “ကျွန်း” ကလေးများသဏ္ဌာန် ဖြစ်ပေါ်လာသည်။
ဤအခြေအနေသည် စိုးရိမ်စရာမရှိဘဲ နာကျင်မှုမရှိသည့်အပြင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများလည်း မရှိပါ။ ထိုအနီကွက်များကြောင့် လျှာသည် မြေပုံတစ်ခုကဲ့သို့ သဏ္ဌာန်ရှိနေသဖြင့် ယင်းအမည်ကို ပေးထားခြင်းဖြစ်သည်။ ဤအကွက်များသည် နေရာတစ်ခုတွင် ပျောက်ကင်းသွားပြီးနောက် အခြားနေရာများသို့ ရွှေ့ပြောင်း (migrate) ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ဤရောဂါကို Benign migratory glossitis (ဘေးဥပဒ်မရှိသော ရွှေ့ပြောင်းလျှာရောင်ရမ်းခြင်း) ဟုလည်း ခေါ်ဆိုသည်။
အချို့သောသူများတွင် သိသာထင်ရှားသော လက္ခဏာများ မပြတတ်သဖြင့် ဆေးကုသမှု မခံယူကြသောကြောင့် ဤဝေဒနာအမှန်တကယ် ဖြစ်ပွားသူဦးရေမှာ ခန့်မှန်းချက်များထက် ပိုမိုများပြားနိုင်သည်။
Geographic tongue ၏ ပုံပန်းသဏ္ဌာန်မှာ စိုးရိမ်စရာကောင်းသော်လည်း ၎င်းသည် ကျန်းမာရေးပြဿနာများကို မဖြစ်စေသည့်အပြင် ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတို့နှင့်လည်း သက်ဆိုင်ခြင်းမရှိပါ။ သို့သော်လည်း အချို့သောအခြေအနေများတွင် လျှာမအီမသာဖြစ်ခြင်းနှင့် အစပ်၊ အငန်၊ အချို စသည့် အစားအစာများအပေါ် ပိုမိုခံစားလွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ
Geographic tongue ရှိသူများတွင် မည်သည့်လက္ခဏာမျှ မတွေ့ရခြင်းမျိုး ရှိနိုင်သည်။ ဤအခြေအနေသည် ရက်ပိုင်းမှသည် လပိုင်း သို့မဟုတ် နှစ်နှင့်ချီ၍ ကြာမြင့်နိုင်သည်။ များသောအားဖြင့် အလိုအလျောက် ပျောက်ကင်းသွားတတ်သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖြစ်ပွားနိုင်ခြေရှိသည်။
မြေပုံသဏ္ဌာန်လျှာ၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- လျှာ၏ အပေါ်မျက်နှာပြင် သို့မဟုတ် ဘေးဖက်များတွင် ချောမွေ့ပြီး ပုံသဏ္ဌာန်မမှန်သော အနီကွက်များ ဖြစ်ပေါ်ခြင်း။
- ထိုအကွက်များ၏ တည်နေရာ၊ အရွယ်အစားနှင့် ပုံသဏ္ဌာန်တို့မှာ မကြာခဏ ပြောင်းလဲနေခြင်း။
- အစပ် သို့မဟုတ် အချဉ်ဓာတ်ရှိသော အစားအစာများ စားသည့်အခါ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း သို့မဟုတ် အချို့အခြေအနေများတွင် ပူစပ်ပူလောင် ခံစားရခြင်း။
Geographic tongue သည် များသောအားဖြင့် သာမန်ဝေဒနာတစ်ခုဖြစ်သော်လည်း တစ်ခါတစ်ရံ စိန်ခေါ်မှုများ ရှိနိုင်သည်။ လျှာပေါ်ရှိ အကွက်များသည် ပိုမိုပြင်းထန်သော လျှာပြဿနာများ သို့မဟုတ် နောက်ကွယ်ရှိ ကျန်းမာရေးအခြေအနေများကို ညွှန်ပြနေခြင်းလည်း ဖြစ်နိုင်သည်။ အကယ်၍ လျှာပေါ်ရှိ အကွက်များမှာ ၁၀ ရက်ထက်ကျော်လွန်၍ ကြာရှည်နေပါက ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်ထံ ပြသ၍ အကြံဉာဏ်နှင့် သင့်လျော်သော ကုသမှု ခံယူရန် လိုအပ်ပါသည်။
အကြောင်းရင်းများ
Geographic tongue ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရှိရသေးသလို လက်ရှိတွင် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများလည်း မရှိသေးပါ။ ၎င်းသည် အရေပြားနာ (psoriasis) နှင့် လိုင်ကင်ပလန်းနပ်စ် (lichen planus) တို့နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ယူဆရသော်လည်း ထိုဆက်စပ်မှုများကို ပိုမိုသိရှိနိုင်ရန် သုတေသနများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသည်။
အခြားသော ရောဂါများဖြစ်သည့် နှင်းခူ (eczema)၊ အမျိုးအစား (၁) ဆီးချိုရောဂါနှင့် တုံ့ပြန်မှုကြောင့်ဖြစ်သော အဆစ်အမြစ်ရောင်ရမ်းခြင်း (reactive arthritis) ရှိသူများတွင် Geographic tongue ပိုမိုဖြစ်ပွားတတ်သည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
Geographic tongue ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသော အချက်များနှင့် ပတ်သက်၍ သုတေသနရလဒ်များမှာ ကွဲပြားမှုများ ရှိနေသည်။ သို့သော် အောက်ပါအချက်များသည် ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်ဟု ယူဆရသည်-
- မိသားစုရာဇဝင်: Geographic tongue သည် မျိုးရိုးလိုက်တတ်သဖြင့် မျိုးရိုးဗီဇဆိုင်ရာ အချက်များကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများနိုင်သည်။
- အက်ကြောင်းရှိသောလျှာ (Fissured tongue): လျှာမျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းများ သို့မဟုတ် အက်ကြောင်းများ ရှိတတ်သည့် Fissured tongue အခြေအနေရှိသူ အများစုတွင် Geographic tongue လည်း မကြာခဏ တွဲဖက်ဖြစ်ပွားလေ့ ရှိသည်။
ရောဂါရှာဖွေခြင်း
ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် သွားဘက်ဆိုင်ရာဆရာဝန်သည် များသောအားဖြင့် လျှာကို အသေးစိတ်စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာများကို အကဲဖြတ်ခြင်းဖြင့် မြေပုံသဏ္ဌာန်လျှာ (Geographic tongue) ရှိမရှိကို ရောဂါရှာဖွေနိုင်သည်။ စမ်းသပ်စစ်ဆေးစဉ်အတွင်း ၎င်းတို့သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
- မီးထွန်းထားသော ကိရိယာကို အသုံးပြု၍ သင်၏ လျှာနှင့် ပါးစပ်အတွင်းပိုင်းကို အနီးကပ် စစ်ဆေးခြင်း။
- လျှာ၏ လှုပ်ရှားနိုင်စွမ်းကို သိရှိနိုင်ရန် လူနာအား လျှာကို ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားခိုင်းခြင်း။
- လျှာပေါ်တွင် ထိလိုက်လျှင် နာကျင်ခြင်း ရှိ၊ မရှိ သို့မဟုတ် လျှာ၏ မျက်နှာပြင်နှင့် ထုထည်တွင် ပုံမှန်မဟုတ်သော အပြောင်းအလဲများ ရှိ၊ မရှိ သိရှိနိုင်ရန် အသာအယာ စမ်းသပ်စစ်ဆေးခြင်း။
- အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို ဖယ်ထုတ်နိုင်ရန်အတွက် ဖျားခြင်း သို့မဟုတ် လည်ပင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကဲ့သို့သော ပိုးဝင်သည့် လက္ခဏာများ ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်း။
ကုသမှု
မြေပုံသဏ္ဌာန်လျှာအတွက် ဆေးဘက်ဆိုင်ရာ ကုသမှုမှာ များသောအားဖြင့် မလိုအပ်ပါ။ တစ်ခါတစ်ရံ လျှာနာကျင်မှုကို ဖြစ်စေနိုင်သော်လည်း ၎င်းသည် ယေဘုယျအားဖြင့် သာမန်ဝေဒနာတစ်ခုသာ ဖြစ်သည်။ မအီမသာဖြစ်ခြင်း သို့မဟုတ် အာရုံခံစားမှုလွန်ကဲခြင်းတို့ကို သက်သာစေရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက အောက်ပါဆေးဝါးများကို အကြံပြုနိုင်ပါသည်-
- ဆိုင်ဝယ်အကိုက်အခဲပျောက်ဆေး အမျိုးမျိုး။
- ထုံဆေးပါဝင်သော ပလုတ်ကျင်းဆေးများ။
- အလာဂျီ (Allergy) ပျောက်ဆေးပါဝင်သော ပလုတ်ကျင်းဆေးများ။
- စတီးရွိုက် (Corticosteroid) ပါဝင်သော လိမ်းဆေး သို့မဟုတ် ပလုတ်ကျင်းဆေးများ။
- အချို့သောအခြေအနေများတွင် ဗီတာမင် ဘီ (Vitamin B) အားဆေးများ။
ဤကုသမှုများနှင့် ပတ်သက်၍ တရားဝင်လေ့လာမှုများ ပြုလုပ်ထားခြင်းမှာ အကန့်အသတ်ရှိသောကြောင့် ၎င်းတို့၏ ထိရောက်မှုမှာ မသေချာသေးပါ။ ဤဝေဒနာသည် အလိုအလျောက် ပျောက်ကင်းသွားတတ်သလို ခန့်မှန်းရခက်သော လမ်းကြောင်းအတိုင်း ဖြစ်ပွားတတ်သောကြောင့် လက္ခဏာများကို ကုသပေးသည့်နည်းလမ်းများမှာ မည်မျှထိရောက်သည်ကို ဆုံးဖြတ်ရန် ခက်ခဲနိုင်ပါသည်။
