အပေါ်ယံအသားတစ်ရှူးကင်ဆာ
အကျဉ်းချုပ်အကြောင်းအရာ
အပေါ်ယံအသားတစ်ရှူးကင်ဆာ ဆိုသည်မှာ နာကျင်မှုမရှိဘဲ တဖြည်းဖြည်း ကြီးထွားလာသော အကျိတ်အမျိုးအစားဖြစ်ပြီး ရှားပါးသည့် ပျော့ပျောင်းသော တစ်ရှူးကင်ဆာ တစ်မျိုး ဖြစ်ပါသည်၊၊ ၎င်းကို များသောအားဖြင့် လက်ဝါး၊ လက်မောင်းနှင့် ခြေထောက်အောက်ပိုင်းရှိ အရေပြားအောက် ပျော့ပျောင်းသော တစ်ရှူးများတွင် တွေ့ရလေ့ရှိသော်လည်း ခန္ဓာကိုယ်၏ အခြားနေရာများတွင်လည်း ဖြစ်ပွားနိုင်ပါသည်၊၊ ၎င်းသည် အကျိတ်တစ်ခုတည်းအဖြစ် စတင်တတ်ပြီး နောက်ပိုင်းတွင် အကျိတ်များစွာ ဖြစ်ပေါ်လာခြင်း၊ အရေပြား အနာဖြစ်ခြင်း သို့မဟုတ် မပျောက်ကဲနိုင်သော ဒဏ်ရာများအဖြစ် တိုးပွားလာနိုင်ပါသည်၊၊ ဆယ်ကျော်သက်များနှင့် လူငယ်ပိုင်းများတွင် များသောအားဖြင့် အဖြစ်များသော ပုံစံ (Classic form သို့မဟုတ် Distal–type) ဖြစ်ပွားလေ့ရှိပါသည်၊၊ ပိုမိုပြင်းထန်သော ရှားပါးအမျိုးအစားများဖြစ်သည့် (Large–cell သို့မဟုတ် Proximal–type) တို့ကိုမူ လူကြီးပိုင်းများတွင် အတွေ့ရများပါသည်၊၊
အကယ်၍ သင့်တွင် ဤကင်ဆာရောဂါရှိနေသည်ဟု သံသယရှိပါက ရောဂါပြန်လည်ဖြစ်ပွားခြင်းနှင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်နှံ့ခြင်းတို့ကို ကာကွယ်ရန်အပြင် တိကျသော ရောဂါရှာဖွေမှုနှင့် သင့်လျော်သော ကုသမှုများ ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ၊၊
ရောဂါလက္ခဏာများ
ပျော့ပျောင်းသော တစ်ရှူးကင်ဆာ၏ အစောပိုင်းအဆင့်များတွင် များသောအားဖြင့် ရောဂါမကျွမ်းကျင်မချင်း မည်သည့်လက္ခဏာမျှ မပြတတ်ပါ၊၊ ၎င်းသည် အောက်ပါ လက္ခဏာများအနေဖြင့် ပေါ်လာနိုင်ပါသည်၊၊
- မာကျောသော အကျိတ် သို့မဟုတ် ရောင်ရမ်းခြင်း၊၊
- အရေပြားပေါ်တွင် မပျောက်နိုင်သော အနာဖြစ်ခြင်း၊၊
- ကြွက်သားများ သို့မဟုတ် အာရုံကြောများ နာကျင်ခြင်း၊၊
အကယ်၍ အောက်ပါအချက်များကို တွေ့ရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ၊၊
- ကြွက်သားအတွင်းပိုင်းတွင် ရှိနေသော အကျိတ်၊၊
- အကျိတ်သည် ပိုမိုကြီးထွားလာပြီး နာကျင်လာခြင်း၊၊
- ဖယ်ရှားပြီးဖြစ်သော်လည်း ပြန်လည်ဖြစ်ပေါ်လာသော အကျိတ်၊၊
အကြောင်းရင်းများ
ပျော့ပျောင်းသော တစ်ရှူးကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးပါ၊၊ ကင်ဆာသည် ယေဘုယျအားဖြင့် ဆဲလ်များ၏ ဒီအန်အေ (DNA) ပြောင်းလဲမှု (Mutation) မှ စတင်ခြင်းဖြစ်ပြီး ၎င်းသည် ဆဲလ်များကို အကန့်အသတ်မရှိ ပွားများလာစေကာ နောက်ပိုင်းတွင် အကျိတ်တစ်ခု ဖြစ်ပေါ်လာစေပါသည်၊၊ ကင်ဆာဆဲလ်များသည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ကျူးကျော်ဝင်ရောက်နိုင်ပြီး ခန္ဓာကိုယ်၏ အခြားနေရာများသို့လည်း ပြန့်နှံ့သွားနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များ
အောက်ပါ အကြောင်းအချက်များသည် ကင်ဆာဖြစ်ပွားရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်၊၊
- မျိုးရိုးလိုက်သော ရောဂါစုများ။ မိဘများမှတစ်ဆင့် ကလေးထံသို့ ပျော့ပျောင်းသော တစ်ရှူးကင်ဆာ ဖြစ်နိုင်ခြေကို လက်ဆင့်ကမ်း ပေးနိုင်ပါသည်၊၊ မျိုးရိုးလိုက်သော မျက်လုံးကင်ဆာ၊ Li–Fraumeni syndrome၊ မျိုးရိုးလိုက်သော အူမကြီးအကျိတ်ရောဂါ၊ အာရုံကြော အကျိတ်ရောဂါ (Neurofibromatosis) နှင့် Werner syndrome တို့သည် မျိုးရိုးလိုက်နိုင်သော ရောဂါစုအချို့ ဖြစ်ပါသည်၊၊
- ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း။ အာဆင်းနစ် (Arsenic)၊ ပေါင်းသတ်ဆေးများနှင့် ဒိုင်အောက်စင် (Dioxin) ကဲ့သို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊၊
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့ခြင်း။ ယခင်က အခြားကင်ဆာရောဂါများအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူဖူးခြင်း၊၊
ရောဂါရှာဖွေခြင်း
အပေါ်ယံအသားတစ်ရှူးကင်ဆာ ရောဂါသည် အခြားသောရောဂါများနှင့် ဆင်တူသည့် လက္ခဏာများပြတတ်သောကြောင့် ရောဂါရှာဖွေရန် ခက်ခဲနိုင်ပါသည်၊၊
ဤရောဂါကို ရှာဖွေဖော်ထုတ်ရန် အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည်၊၊
- ပုံရိပ်ဖော် စစ်ဆေးခြင်း။ ပိုမိုအသေးစိတ်သော ပုံရိပ်များကို ရရှိနိုင်ရန် သံလိုက်ဓာတ်မှန် ရိုက်ခြင်းကို အဖြစ်များဆုံး လုပ်ဆောင်လေ့ရှိပါသည်၊၊ ထို့အပြင် ကွန်ပျူတာဓာတ်မှန် (CT Scan) သို့မဟုတ် PET Scan ရိုက်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါသည်၊၊
- အသားစယူ စစ်ဆေးခြင်း။ ကင်ဆာဟု သံသယရှိသော တစ်ရှူးနမူနာကို အပ်အသေးစားဖြင့်ဖြစ်စေ သို့မဟုတ် ခွဲစိတ်မှုလုပ်ဆောင်စဉ်အတွင်းဖြစ်စေ ရယူခြင်း ဖြစ်ပါသည်၊၊ ထို့နောက် ကင်ဆာ ဟုတ်၊ မဟုတ်၊ အမျိုးအစားနှင့် မည်မျှအထိ ပြင်းထန်သနည်းဟူသည်ကို သိရှိနိုင်ရန် ၎င်းနမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပါသည်၊၊
ကုသခြင်း
အပေါ်ယံအသားတစ်ရှူးကင်ဆာ ကို များသောအားဖြင့် ကင်ဆာကျိတ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ တစ်ရှူးအချို့ကို ဖယ်ရှားရန် ခွဲစိတ်ကုသမှုဖြင့် ကုသလေ့ရှိပါသည်၊၊ အချို့သော ဖြစ်ရပ်များတွင် ခြေလက်ဖြတ်တောက်ရမှုကို ရှောင်ရှားနိုင်ရန် အကျိတ်ကို သေးငယ်သွားစေရန်အတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း သို့မဟုတ် ဓာတုဆေးသွင်းကုသခြင်း တို့ကို အသုံးပြုပါသည်၊၊
- ခွဲစိတ်ကုသခြင်း။ ကင်ဆာအကျိတ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအချို့ကို ဖယ်ရှားရန် ခွဲစိတ်မှုကို လုပ်ဆောင်ပါသည်၊၊ သို့သော် ရှားပါးသော ဖြစ်ရပ်များတွင် ကင်ဆာ၏ အရွယ်အစား၊ အနက်နှင့် တည်နေရာတို့မှာ ထိန်းချုပ်ရန် မဖြစ်နိုင်ပါက ထိခိုက်နေသော ခြေလက်ကို ဖြတ်တောက်ရနိုင်ခြေ ရှိပါသည်၊၊
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း။ ဓာတ်ရောင်ခြည် ကုထုံးသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် အိတ်စရေး (X-rays) နှင့် ပရိုတွန် (Protons) များမှတစ်ဆင့် အားကောင်းသော စွမ်းအင်လှိုင်းများကို အသုံးပြုပါသည်၊၊ ၎င်းကို အကျိတ်အရွယ်အစား သေးငယ်သွားစေရန် ခွဲစိတ်မှု မပြုလုပ်မီတွင်လည်းကောင်း၊ ရောဂါပြန်မဖြစ်အောင် ကာကွယ်ရန် ခွဲစိတ်မှု ပြုလုပ်ပြီးနောက်တွင်လည်းကောင်း အသုံးပြုနိုင်ပါသည်၊၊
- ဓာတုဆေးသွင်းကုသခြင်း။ ဓာတုဆေးသွင်းကုသခြင်း သည် ကင်ဆာကို ဖျက်ဆီးရန် ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်ပါသည်၊၊ အကယ်၍ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်နှံ့သွားပြီဆိုပါက ၎င်းကို ခွဲစိတ်ကုသမှုနှင့်အတူ တွဲဖက်အသုံးပြုနိုင်ပါသည်၊၊
