ခြုံငုံသုံးသပ်ချက်

အူမကြီးအသားပိုဖု (Colon polyp သို့မဟုတ် Colorectal polyps) ဆိုသည်မှာ အူမကြီးအတွင်းနံရံတွင် တစ်ရှူးများ ပုံမှန်မဟုတ်ဘဲ အသားပိုထွက်လာခြင်း ဖြစ်သည်။ အချို့သော အူမကြီးအသားပိုဖုများကို အစောပိုင်းအဆင့်တွင် မကုသဘဲ ထားရှိပါက အူမကြီးကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

အူမကြီးအသားပိုဖုရှိသူ အများစုတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြတတ်ပါ။ ထို့ကြောင့် အူမကြီးကင်ဆာကို ကာကွယ်ရန်အတွက် အသက်ငယ်ရွယ်စဉ်ကတည်းက အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy) ကဲ့သို့သော ပုံမှန်ကင်ဆာစစ်ဆေးမှုများကို ပြုလုပ်ရန် လမ်းညွှန်ထားသည်။ အသက် ၄၅ နှစ်နှင့် ထို့ထက်ကျော်လွန်သူများသည် အူမကြီးအသားပိုဖု ဖြစ်ပွားနိုင်ခြေ ပိုများသော်လည်း အသားပိုဖုအားလုံး ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်းမျိုးမူ မဟုတ်ပါ။

အသားပိုဖုများကို အဓိကအားဖြင့် အုပ်စုနှစ်စု ခွဲခြားနိုင်သည် –

  • ကင်ဆာအသွင်မပြောင်းနိုင်သော အသားပိုဖုများ (Nonneoplastic) – ဤအသားပိုဖုအမျိုးအစားများသည် ကင်ဆာအဆင့်သို့ တိုးတက်ပြောင်းလဲသွားရန် ဖြစ်နိုင်ခြေမရှိသလောက် နည်းပါးသည်။ ၎င်းတို့တွင် ဟိုက်ပါပလတ်စတစ် အသားပိုဖုများ (Hyperplastic polyps)၊ ရောင်ရမ်းမှုကြောင့်ဖြစ်သော အသားပိုဖုများ (Inflammatory polyps) နှင့် ဟာမာတိုးမားတပ်စ် အသားပိုဖုများ (Hamartomatous polyps) တို့ ပါဝင်သည်။
  • ကင်ဆာအသွင်ပြောင်းနိုင်သော အသားပိုဖုများ (Neoplastic) – ဤအသားပိုဖုအမျိုးအစားများကို မကုသဘဲ ထားရှိပါက ကင်ဆာအကျိတ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အလားအလာ ရှိသည်။ ၎င်းတို့တွင် အဒီနိုးမား အကျိတ်ဖုများ (Adenomas) နှင့် ကတ်ကြေးသွားပုံစံ အသားပိုဖုများ (Serrated type polyps) တို့ ပါဝင်သည်။

ရောဂါလက္ခဏာများ

အူမကြီးအသားပိုဖုရှိသူ အများစုတွင် ရောဂါလက္ခဏာ မပြတတ်ပါ။ လက္ခဏာပြသော အချို့သော ဖြစ်ရပ်များတွင် အောက်ပါ အမှတ်အသားများနှင့် လက္ခဏာများ ပေါ်ပေါက်နိုင်သည် –

  • ဝမ်းတွင် သွေးပါခြင်း – ဝမ်းအမည်းရောင် (ညိုမည်းမည်းအရောင်) သွားခြင်း သို့မဟုတ် ဝမ်းတွင် သွေးစနီနီများ ပါရှိခြင်းသည် အူမကြီးအသားပိုဖု၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ သို့သော်လည်း ဝမ်းအရောင် ပြောင်းလဲခြင်းသည် အရောင်ရင့်သော အစားအသောက်များ စားသုံးခြင်း သို့မဟုတ် အချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပါသည်။
  • စအိုမှ သွေးထွက်ခြင်း – စအိုဝမှ သွေးထွက်ခြင်းသည် အူမကြီးအသားပိုဖု သို့မဟုတ် အူမကြီးကင်ဆာ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။
  • ဝမ်းသွားမှုပုံစံ ပြောင်းလဲခြင်း – တစ်ပတ်ထက်ပို၍ ကြာရှည်သော ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းများ ဖြစ်ပွားခြင်း။
  • သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း – အချို့သော အသားပိုဖုများမှ သွေးထွက်နိုင်ပြီး လူနာများသည် သွေးပမာဏအနည်းငယ် စိမ့်ထွက်ခြင်းကို ကြုံတွေ့ရတတ်သဖြင့် ခန္ဓာကိုယ်တွင်း သံဓာတ်ချို့တဲ့ကာ မောပန်းနွမ်းနယ်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဝမ်းထဲတွင် သွေးပမာဏအနည်းငယ်သာ ပါရှိခြင်းကို မျက်စိဖြင့် မမြင်တွေ့နိုင်သော်လည်း ရေရှည်တွင် မကုသဘဲ ထားပါက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်ပွားစေနိုင်ပါသည်။
  • ဗိုက်နာခြင်း – အလွန်ရှားပါးသော်လည်း ဗိုက်နာခြင်း သို့မဟုတ် ဗိုက်ရစ်ခြင်းတို့သည် အူမကြီးအသားပိုဖု၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။

အကယ်၍ သင်သည် စွဲမြဲစွာ ဖြစ်ပွားနေသော လက္ခဏာတစ်စုံတစ်ရာကို သတိပြုမိပါက ဆရာဝန်နှင့် ရက်ချိန်းယူနိုင်ပါသည်။ အူမကြီးအသားပိုဖု၏ လက္ခဏာများသည် ဤရောဂါတစ်ခုတည်းအတွက် သီးသန့်ဖြစ်မနေတတ်သောကြောင့် သေချာစေရန် စစ်ဆေးမှုများ ပြုလုပ်ဖို့ လမ်းညွှန်နိုင်ပါသည်။ ထို့အပြင် သင့်တွင် မည်သည့်လက္ခဏာမျှ မရှိသော်လည်း အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်ရန်အတွက် စစ်ဆေးမှုအစီအစဉ်များ (Screening program) မှတစ်ဆင့် အကျိုးကျေးဇူး ရရှိနိုင်ပါသည်။

အကြောင်းရင်းများ

အသားပိုဖုများသည် အူမကြီး၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်ပွားနိုင်သည်။ အူမကြီးဆဲလ်များအတွင်းရှိ မျိုးဗီဇပြောင်းလဲမှုများသည် ဆဲလ်များ၏ ပုံမှန်ရှင်သန်မှုသံသရာကို ထိခိုက်စေပြီး ဆဲလ်များ အလွန်အကျွံ ပွားများကြီးထွားလာရာမှတစ်ဆင့် အသားပိုဖုအဖြစ်သို့ ဖွံ့ဖြိုးလာခြင်း ဖြစ်သည်။

ဖြစ်နိုင်ခြေ ပိုများစေသော အချက်များ

အူမကြီးအသားပိုဖု ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သော အချက်များတွင် အောက်ပါတို့ ပါဝင်သည် –

  • အသက်အရွယ် – မည်သည့်အသက်အရွယ်တွင်မဆို အူမကြီးအသားပိုဖု ဖြစ်ပွားနိုင်သော်လည်း အသက် ၄၅ နှစ်နှင့် ထို့ထက်ကျော်လွန်သူများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
  • မိသားစုရာဇဝင် – မိဘ၊ ညီအစ်ကိုမောင်နှမ သို့မဟုတ် သားသမီးကဲ့သို့သော ပထမအဆင့် တော်စပ်သူများတွင် အူမကြီးအသားပိုဖု သို့မဟုတ် အခြားကင်ဆာရောဂါအမျိုးအစားများ ရှိဖူးပါက မိမိတွင်လည်း ဤရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာသည်။
  • ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း – ဆေးလိပ်သောက်သူများနှင့် အရက်ကို အလွန်အကျွံ သောက်သုံးသူများသည် ဆေးလိပ်နှင့် အရက် မသောက်သူများနှင့် နှိုင်းယှဉ်ပါက အူမကြီးအသားပိုဖု ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
  • အဝလွန်ခြင်း – ကိုယ်အလေးချိန် စံချိန်ထက်ကျော်လွန်ခြင်း သို့မဟုတ် အဝလွန်ခြင်းသည် အူမကြီးအသားပိုဖု ဖြစ်ပွားနိုင်ခြေကို ပိုမိုများပြားစေသည်။
  • အစားအသောက် စားသုံးမှု – ပြုပြင်ထားသော အစားအစာများနှင့် အမဲသား၊ ဝက်သား (Red meat) တို့ကို အလွန်အကျွံ စားသုံးသူများသည် ဤရောဂါဖြစ်ပွားရန် ဖြစ်နိုင်ခြေ ရှိသည်။
  • လူမျိုးစု – အာဖရိကန်-အမေရိကန် နွယ်ဖွားများသည် အခြားလူမျိုးစုများနှင့် နှိုင်းယှဉ်ပါက အူမကြီးအသားပိုဖု ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
  • အူလမ်းကြောင်း ရောင်ရမ်းမှုဆိုင်ရာ ရောဂါများ – ခရုန်းရောဂါ (Crohn’s disease) သို့မဟုတ် အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းသောရောဂါ (Ulcerative colitis) ရှိသူများသည် အူမကြီးအသားပိုဖု သို့မဟုတ် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

ရောဂါရှာဖွေခြင်း

အူမကြီးအသားပိုဖု ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Screening)

အချို့သော ကြိုတင်စစ်ဆေးမှုများသည် ရောဂါလက္ခဏာမပြသေးသည့် ကျန်းမာသောလူများတွင် အသားပိုဖုများ သို့မဟုတ် ကင်ဆာမဟုတ်သော အူမကြီးအသားပိုဖုများကို ရှာဖွေရန် ရည်ရွယ်သည်။ အူမကြီးကင်ဆာကို အစောပိုင်းအဆင့်တွင် ရှာဖွေတွေ့ရှိပါက လူနာများ ရောဂါပျောက်ကင်းရန် အခွင့်အလမ်း အလွန်မြင့်မားပါသည်။ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခြင်းက အူမကြီးကင်ဆာကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သက်သေအထောက်အထားများ ရှိပါသည်။

အူမကြီးအသားပိုဖုအား ရောဂါရှာဖွေခြင်း (Diagnosing)

အူမကြီးအသားပိုဖုများကို ရောဂါရှာဖွေဖော်ထုတ်ရန်အတွက် အောက်ပါလုပ်ငန်းစဉ်များကို လမ်းညွှန်နိုင်ပါသည် –

  • အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy)။ သေးငယ်သော ကင်မရာတပ်ဆင်ထားသည့် ပျော့ပျောင်း၍ ပါးလွှာသော မှန်ပြောင်းပြွန်ကို လူနာ၏ အူလမ်းကြောင်းအတွင်းသို့ ထည့်သွင်းကာ ကင်ဆာလက္ခဏာများ ရှိ၊ မရှိ အူမကြီးနှင့် စအိုဝအနီးအူမကြီးတို့ကို စစ်ဆေးခြင်း ဖြစ်သည်။ ပုံမှန်မဟုတ်သော လက္ခဏာများ တွေ့ရှိပါက ကင်ဆာဆဲလ်များ ရှိ၊ မရှိ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးနိုင်ရန် အူမကြီးတစ်ရှူးနမူနာ သို့မဟုတ် အသားပိုဖုကို ဖယ်ရှားရန် ခွဲစိတ်ကိရိယာများကို မှန်ပြောင်းမှတစ်ဆင့် ထည့်သွင်းလုပ်ဆောင်မည် ဖြစ်သည်။
  • ကွန်ပျူတာဓာတ်မှန်ဖြင့် အူမကြီးပုံရိပ်ဖော်ခြင်း (CT colonography)။ ၎င်းသည် အူမကြီးအသားပိုဖု သို့မဟုတ် အူမကြီးကင်ဆာကို ရှာဖွေရန် အသုံးပြုသော ခန္ဓာကိုယ်တွင်း ထိုးဖောက်မှုအနည်းဆုံးဖြစ်သည့် ပုံရိပ်ဖော်စစ်ဆေးမှု ဖြစ်သည်။ အကယ်၍ ကွန်ပျူတာဓာတ်မှန် (CT scan) တွင် အသားပိုဖုရှိကြောင်း ပြသပါက ဆရာဝန်သည် ကင်ဆာစစ်ဆေးရန်အတွက် အူမကြီးမှန်ပြောင်းကြည့်ခြင်းနည်းလမ်းကို အသုံးပြု၍ အသားပိုဖုကို ဖယ်ရှားကာ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးရမည် ဖြစ်သည်။ သို့သော် ဤစစ်ဆေးမှုနည်းလမ်းသည် အသားပိုဖုအရွယ်အစား ၅ မီလီမီတာအောက် ငယ်သူများတွင် စစ်ဆေးနိုင်စွမ်း ကန့်သတ်ချက် ရှိသည်။
  • အူမကြီးအောက်ပိုင်းမှန်ပြောင်းကြည့်ခြင်း (Sigmoidoscopy)။ ပါးလွှာပြီး ပျော့ပျောင်းသော ပြွန်ကို စအိုဝမှတစ်ဆင့် အူမကြီးအောက်ပိုင်း (Sigmoid colon) သို့ ထည့်သွင်းစစ်ဆေးခြင်း ဖြစ်သည်။ အူမကြီးမှန်ပြောင်းကြည့်ခြင်းကဲ့သို့ပင် စစ်ဆေးခြင်းဖြစ်သော်လည်း အူမကြီး၏ အချို့သော အစိတ်အပိုင်းများကိုမူ ဤနည်းလမ်းဖြင့် စစ်ဆေးနိုင်မည် မဟုတ်ပါ။
  • ဝမ်းစစ်ဆေးခြင်း (Stool-test)။ ဝမ်းနမူနာကို ရယူပြီး အူမကြီးအသားပိုဖု သို့မဟုတ် အူမကြီးကင်ဆာ၏ လက္ခဏာတစ်ခုဖြစ်သော သွေးပါခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်သည်။ အကယ်၍ ရောဂါလက္ခဏာတစ်စုံတစ်ရာ တွေ့ရှိပါက ရောဂါသေချာစေရန်အတွက် အူမကြီးမှန်ပြောင်းကြည့်ခြင်းကို ဆက်လက်ပြုလုပ်ရန် လမ်းညွှန်သည်။ ဝမ်းစစ်ဆေးခြင်းသည် ခန္ဓာကိုယ်တွင်း ထိုးဖောက်မှုမရှိဘဲ လုပ်ဆောင်ရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာသော်လည်း အခြားစစ်ဆေးမှုများလောက် တိကျမှုမရှိဘဲ လူနာအနေဖြင့် ဤစစ်ဆေးမှုကို အခြားနည်းလမ်းများထက် ပိုမိုမကြာခဏ ထပ်ခါတလဲလဲ ပြုလုပ်ရလေ့ရှိသည်။

ကုသခြင်း

အူမကြီးအသားပိုဖုအတွက် အသုံးများသော ကုသမှုမှာ အသားပိုဖုကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ ဖယ်ရှားထားသော အသားပိုဖုတွင် ကင်ဆာဆဲလ်များ ပါဝင်နေခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် တစ်ရှူးစနမူနာယူ၍ ဓာတ်ခွဲစစ်ဆေးမည် ဖြစ်သည်။

  • မှန်ပြောင်းကြည့်စဉ် အသားပိုဖုဖယ်ရှားခြင်း (Polypectomy)။ အူမကြီးမှန်ပြောင်းကြည့်နေစဉ်အတွင်း ညှပ်ကိရိယာ (Forceps) သို့မဟုတ် နန်းကြိုးကွင်း (Wire loop) ကို အသုံးပြု၍ အသားပိုဖုကို ဖယ်ရှားသည့် ခွဲစိတ်မှု လုပ်ငန်းစဉ် ဖြစ်သည်။
  • အသေးစားဒဏ်ရာဖြင့် ခွဲစိတ်ကုသခြင်း (Minimally invasive surgery)။ အူမကြီးမှန်ပြောင်းကြည့်စဉ် ဖယ်ရှား၍မရသော အသားပိုဖုများကို ဖယ်ရှားရန် ပြုလုပ်သည်။ ဝမ်းဗိုက်နံရံတွင် သေးငယ်သော ခွဲကြောင်းအနည်းငယ်ပေး၍ ကင်မရာတပ်ဆင်ထားသော ဆေးဘက်ဆိုင်ရာကိရိယာများကို ထည့်သွင်းကာ အသားပိုဖုရှိနေသည့် အူမကြီးအစိတ်အပိုင်းကို ဖြတ်ထုတ်ဖယ်ရှားခြင်း ဖြစ်သည်။
  • အူမကြီးနှင့် စအိုဝတစ်ခုလုံး ဖြတ်ထုတ်ခြင်း (Total proctocolectomy)။ အူမကြီးနှင့် စအိုဝအနီးအူမကြီးတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားသည့် လုပ်ငန်းစဉ် ဖြစ်သည်။ လူနာတွင် မိသားစုလိုက်အူမကြီးအသားပိုဖုများပြားသည့်ရောဂါ (Familial Adenomatous Polyposis – ရှားပါးသော မျိုးရိုးဗီဇရောဂါအခြေအနေ) ရှိနေပါက ဤခွဲစိတ်မှုကို ပြုလုပ်ရန် လမ်းညွှန်သည်။ ခွဲစိတ်မှုအပြီးတွင် ဝမ်းသွားရန်အတွက် ထွက်ပေါက်အသစ်အဖြစ် ဝမ်းဗိုက်တွင် အူမကြီးအတု (Colostomy) သို့မဟုတ် အူသိမ်အတု (Ileostomy) ကို ပြုလုပ်ပေးရနိုင်ပါသည်။

Doctors who treat this condition