လည်ပင်းသွေးကြောကျဉ်းရောဂါ

ခြုံငုံသုံးသပ်ချက် (Overview)

လည်ပင်းသွေးကြောကျဉ်းရောဂါ (Carotid artery disease) သည် ဦးနှောက်နှင့် ဦးခေါင်းသို့ သွေးပို့လွှတ်သော လည်ပင်းသွေးကြောမကြီးများအတွင်း အဆီခဲများ (Plaques) စုပုံလာပြီး သွေးကြောပိတ်ဆို့ရာမှ ဖြစ်ပွားပါသည်။ ဤရောဂါသည် ဖြစ်ပွားရန် အချိန်အတန်ကြာ ယူတတ်ပါသည်။

ဦးနှောက်သို့ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့် ခေတ္တခဏ လေဖြတ်ခြင်း (Transient Ischemic Attack – TIA) ဖြစ်ပေါ်လာရာမှ ရောဂါစတင်တတ်ပါသည်။ ဦးနှောက်သို့ သွေးရောက်ရှိမှု ခေတ္တလျော့နည်းသွားချိန်တွင် TIA ဖြစ်ပွားပြီး လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ လေဖြတ်ခြင်းကြောင့် ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်လပ်သွားကာ ဦးနှောက်ဆဲလ်များ သေဆုံးမှုကို ဖြစ်ပေါ်စေပါသည်။

နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့သည် လည်ပင်းသွေးကြောကျဉ်းရောဂါအတွက် ကုသမှု နည်းလမ်းအချို့ ဖြစ်ကြပါသည်။

ရောဂါလက္ခဏာများ (Symptoms)

လည်ပင်းသွေးကြောကျဉ်းရောဂါ စတင်ဖြစ်ပွားချိန်တွင် ပုံမှန်အားဖြင့် မည်သည့်လက္ခဏာမျှ မပြသတတ်ဘဲ လေဖြတ်ခြင်း သို့မဟုတ် TIA ရုတ်တရက် ဖြစ်ပွားသည့်တိုင်အောင် သတိမထားမိဘဲ ရှိနေတတ်ပါသည်။

အောက်ပါတို့မှာ TIA သို့မဟုတ် လေဖြတ်ခြင်း၏ လက္ခဏာများ ဖြစ်ကြပါသည်။

  • ခန္ဓာကိုယ်၏ တစ်ခြမ်းတွင် ထုံကျဉ်ခြင်း သို့မဟုတ် အားနည်းခြင်း
  • အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • စကားပြောရာတွင် ဗလုံးဗထွေးဖြစ်ခြင်းနှင့် နားလည်ရန် ခက်ခဲခြင်း
  • မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ချို့ယွင်းခြင်း
  • မူးဝေခြင်း သို့မဟုတ် ရုတ်တရက် ဟန်ချက်မထိန်းနိုင်ဘဲ ဖြစ်ခြင်း

လေဖြတ်သည့် လက္ခဏာများကို ရုတ်တရက် ခံစားရပါက အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်း တောင်းခံပါ။ TIA ဖြစ်ပွားခြင်း သို့မဟုတ် လေဖြတ်တော့မည့် လက္ခဏာ ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးရပါမည်။

အကယ်၍ သင့်တွင် လည်ပင်းသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေရှိသော အချက်များ ရှိနေပါက ထိုအချက်များကို မည်သို့ ထိန်းချုပ်ရမည်ဆိုသည်ကို သိရှိနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။ ရောဂါကို စောစီးစွာ သိရှိခြင်းက လေဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ မခံစားရမီ ကုသမှုခံယူနိုင်ရန် အခွင့်အလမ်း ပိုများစေပါသည်။

ဖြစ်ပွားရသောအကြောင်းရင်းများ (Causes)

ဦးနှောက်သို့ သွေးပို့လွှတ်သော သွေးကြောများအတွင်း အဆီခဲများ စုပုံလာခြင်းကြောင့် ကုသမှုခံယူရန် လိုအပ်သော လည်ပင်းသွေးကြောကျဉ်းရောဂါ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ အဆီခဲများသည် ကိုလက်စထရော၊ အမျှင်တစ်ရှူးများ၊ ကယ်လ်စီယမ်နှင့် အခြားဆဲလ်အမှုန်များ သွေးကြောအတွင်းရှိ အနာအဆာလေးများပေါ်တွင် လာရောက်စုပုံရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်းသည် သွေးကြောများ မာကျောကျဉ်းမြောင်းလာခြင်း (Atherosclerosis) ကို ဖြစ်စေပါသည်။ အဆီခဲများ စုပုံလာမှုကြောင့် သွေးကြောများ မာကျောပြီး ကျဉ်းမြောင်းလာကာ ဦးနှောက်သို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပေးပို့မှုကို ဟန့်တားပိတ်ဆို့စေပါသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

လည်ပင်းသွေးကြောကျဉ်းရောဂါ ဖြစ်ပွားစေနိုင်သည့် အချက်များမှာ –

  • သွေးတိုးရောဂါ: သွေးကြောနံရံများပေါ်တွင် ဖိအားများလွန်းသည့်အခါ သွေးကြောများ ထိခိုက်လွယ်လာပါသည်။
  • ဆီးချိုရောဂါ: ဆီးချိုရောဂါသည် အဆီဓာတ်ကို ခြေဖျက်နိုင်စွမ်းကို လျော့နည်းစေသဖြင့် သွေးတိုးခြင်းနှင့် သွေးကြောမာကျောခြင်းတို့ကို ဖြစ်စေနိုင်ခြေ ပိုများစေပါသည်။
  • သွေးတွင်း အဆီဓာတ်များခြင်း: အကျိုးမပြုသော ကိုလက်စထရော (LDL) နှင့် ထရိုင်ဂလစ်စရိုက် (Triglycerides) ပမာဏ မြင့်မားလာပါက အဆီခဲများ စုပုံမှုကို ပိုမိုများပြားစေပါသည်။
  • အသက်အရွယ်: အသက်ကြီးလာသည်နှင့်အမျှ သွေးကြောများ မာကျောလာပြီး ထိခိုက်မှု ဖြစ်လွယ်လာပါသည်။
  • မိသားစုရာဇဝင်: မိသားစုဝင်များထဲတွင် နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် သွေးကြောမာကျောခြင်း ရာဇဝင်ရှိပါက လည်ပင်းသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ပိုများပါသည်။
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း: လှုပ်ရှားမှုမရှိဘဲ နေထိုင်ခြင်းသည် အဝလွန်ခြင်း၊ ဆီးချိုနှင့် သွေးတိုးခြင်းတို့ကို ဖြစ်စေပါသည်။
  • အဝလွန်ခြင်း: ကိုယ်အလေးချိန် လွန်ကဲခြင်းက သွေးကြောမာကျောခြင်း၊ သွေးတိုးခြင်းနှင့် ဆီးချိုဖြစ်ခြင်းတို့အတွက် စိုးရိမ်ရသည့် အချက်ဖြစ်ပါသည်။
  • ဆေးလိပ်သောက်ခြင်း: နီကိုတင်းဓာတ်ကြောင့် သွေးကြောနံရံများ ရောင်ရမ်းမှုကို ဖြစ်စေပြီး သွေးတိုးခြင်းနှင့် နှလုံးခုန်နှုန်း မြန်ခြင်းတို့ကို ဖြစ်စေပါသည်။
  • အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Sleep apnea): အိပ်ပျော်နေစဉ် အသက်ရှူ ခေတ္တပြတ်တောက်ခြင်းသည် လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ဆရာဝန်သည် လူနာ၏ ကျန်းမာရေးရာဇဝင်ကို ပြန်လည်ဆန်းစစ်ခြင်းနှင့် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါမည်။ လည်ပင်းရှိ သွေးကြောမကြီးပေါ်တွင် သွေးကြောကျဉ်းနေကြောင်း ပြသသည့် တရွှီးရွှီးမြည်သံ (Bruit) ရှိ၊ မရှိ စစ်ဆေးခြင်းအပြင် စကားပြောဆိုနိုင်မှု၊ မှတ်ဉာဏ်နှင့် ကြွက်သားခွန်အား အခြေအနေများကိုပါ အကဲဖြတ်ပါမည်။ ထို့ပြင် အောက်ပါစစ်ဆေးမှုများကိုလည်း ပြုလုပ်ရန် အကြံပြုနိုင်ပါသည် –

  • အာထရာဆောင်း (Ultrasound): လည်ပင်းသွေးကြောမကြီးများအတွင်း သွေးဖိအားနှင့် သွေးစီးဆင်းမှု အခြေအနေကို စစ်ဆေးပါသည်။
  • စီတီစကန် (CT) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI): လေဖြတ်ထားသည့် လက္ခဏာများ သို့မဟုတ် အခြားပုံမှန်မဟုတ်သော အချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။
  • စီတီ သို့မဟုတ် အမ်အာ သွေးကြောဓာတ်မှန်ရိုက်ခြင်း (CT or MR Angiography): သွေးကြောအတွင်းသို့ ဆိုးဆေးထိုးသွင်း၍ လည်ပင်းနှင့် ဦးနှောက်အတွင်းရှိ သွေးကြောများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် စစ်ဆေးခြင်း ဖြစ်ပါသည်။

ကုသခြင်း (Treatment)

အသင့်အတင့် ပိတ်ဆို့နေသည့် အခြေအနေအတွက် ကုသမှုများမှာ –

  • နေထိုင်မှုပုံစံ ပြောင်းလဲခြင်း: သွေးကြောမာကျောကျဉ်းမြောင်းမှုကို လျှော့ချရန်အတွက် ကိုယ်အလေးချိန်ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ဆားစားသုံးမှုလျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးခြင်းနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။
  • ဆေးဝါးများဖြင့် ကုသခြင်း: သွေးတိုးခြင်းကို ထိန်းချုပ်ရန်နှင့် ကိုလက်စထရော ပမာဏကို လျှော့ချရန် ဆေးဝါးများ ပေးပါမည်။ သွေးခဲခြင်းကို ကာကွယ်ရန်အတွက် အက်စပရင် (Aspirin) သို့မဟုတ် အခြားသော သွေးကျဲဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။

သွေးကြောပြင်းထန်စွာ ပိတ်ဆို့နေသူများ သို့မဟုတ် TIA နှင့် လေဖြတ်ခြင်း ခံစားဖူးသူများအတွက် ပိတ်ဆို့မှုကို ဖယ်ရှားရန် အောက်ပါလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ပါသည် –

  • လည်ပင်းသွေးကြောအတွင်းမှ အဆီခဲထုတ်ခြင်း (Carotid endarterectomy): ဤနည်းလမ်းမှာ ပုံမှန်အားဖြင့် ပထမဦးစားပေး ကုသမှုဖြစ်ပါသည်။ လည်ပင်းတွင် ခွဲကြောင်းရာပြုလုပ်၍ ပိတ်ဆို့နေသော သွေးကြောကိုဖွင့်ကာ အဆီခဲများကို ဖယ်ရှားခြင်း ဖြစ်ပါသည်။ ထို့နောက် သွေးကြောကို ပြန်လည်ချုပ်ခြင်း သို့မဟုတ် အစားထိုးပြုပြင်ခြင်းများ ပြုလုပ်ပါမည်။
  • သွေးကြောချဲ့ခြင်းနှင့် စတန့် (Stent) ထည့်ခြင်း (Carotid angioplasty and stenting): ထုံဆေးကို အသုံးပြု၍ ပိတ်ဆို့နေသော သွေးကြောအတွင်းသို့ ပူဖောင်းငယ်ပါသော ပိုက်ပျော့ကို ထည့်သွင်းခြင်း ဖြစ်ပါသည်။ ပူဖောင်းကို လေသွင်းချဲ့ခြင်းဖြင့် သွေးကြောကို ကျယ်လာစေပြီး သွေးကြောပြန်မကျဉ်းစေရန်အတွက် စတန့် (သံဇကာကွင်းငယ်) ကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းကို ခွဲစိတ်ကုသရန် ခက်ခဲသော နေရာတွင် ပိတ်ဆို့နေခြင်း သို့မဟုတ် ခွဲစိတ်ရန် ရှုပ်ထွေးစေမည့် အခြားရောဂါအခံများ ရှိနေခြင်းတို့တွင် အသုံးပြုပါသည်။

Doctors who treat this condition