ဆီးအိမ်အတွင်းကျောက်တည်ခြင်း

ခြုံငုံသုံးသပ်ချက်

ဆီးအိမ်အတွင်း ကျောက်တည်ခြင်းဆိုသည်မှာ ဆီးထဲတွင် ပါဝင်သော သတ္တုဓာတ်များ ခဲသွားပြီး ဆီးအိမ်အတွင်း၌ အနည်ကျ ကျောက်တည်လာခြင်း ဖြစ်သည်။ ဆီးသွားပြီးသည့်တိုင်အောင် ဆီးအိမ်ထဲတွင် ဆီးအချို့ ကျန်ရှိနေတတ်သူများ၌ ဤသို့ အဖြစ်များပါသည်။ ဆီးအိမ်ကျောက်ကို မကုသဘဲ ထားပါက ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းနှင့် ဆီးသွားရခက်ခဲခြင်း ပြဿနာများကို ဖြစ်စေနိုင်ပါသည်။

ကျောက်အသေးလေးများသည် ဆီးနှင့်အတူ ပါသွားနိုင်သော်လည်း ကျောက်အကြီးများကိုမူ ကုသမှု ခံယူရန် လိုအပ်ပါသည်။ ကုသမှုနည်းလမ်းများတွင် ဆေးဝါးများ၊ ခွဲစိတ်မှု မဟုတ်သော နည်းလမ်းများ သို့မဟုတ် ခွဲစိတ်ကုသမှုများ ပါဝင်နိုင်သည်။ ထို့အပြင် နေထိုင်မှုပုံစံ ပြောင်းလဲရန်လည်း လိုအပ်နိုင်ပါသည်။

ရောဂါလက္ခဏာများ

ကျောက်အကြီးများသည် ဆီးအိမ်ကို ထိခိုက်စေနိုင်သဖြင့် ပြင်းထန်စွာ နာကျင်ခြင်း၊ သွေးထွက်ခြင်းနှင့် ဆီးသွားရခက်ခြင်းတို့ကို ဖြစ်စေသည်။ အချို့သော ကျောက်များသည် ဆီးနှင့်အတူ အလွယ်တကူ ပါသွားနိုင်သဖြင့် မည်သည့်လက္ခဏာမျှ မပြတတ်ပါ။ သို့သော် ကျောက်က ဆီးအိမ်နံရံကို ထိခိုက်မိလျှင်သော်လည်းကောင်း၊ ဆီးလမ်းကြောင်းကို ပိတ်ဆို့လျှင်သော်လည်းကောင်း အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည် –

  • ဆီးခုံ (သို့မဟုတ်) ဗိုက်အောက်ပိုင်း တချက်တချက် နာကျင်ခြင်း။
  • ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်ခြင်း။
  • ဆီးခဏခဏ သွားချင်ခြင်း။
  • ဆီးသွားရ ခက်ခဲခြင်း။
  • ဆီးသွားနေစဉ် ပြတ်တောက်သွားခြင်း။
  • ဆီးအရောင် ပြောင်းလဲခြင်း (ဥပမာ – ဆီးထဲသွေးပါခြင်း၊ ဆီးနောက်ခြင်း သို့မဟုတ် ဆီးအရောင် ရင့်ခြင်း)။
  • ဆီးလမ်းကြောင်း ပိုးခဏခဏ ဝင်ခြင်း။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ဆီးအိမ်ထဲတွင် ဆီးများ အချိန်ကြာမြင့်စွာ ကျန်ရှိနေသောအခါ ကျောက်တည်လာတတ်သည်။ ဆီးအိမ်ထဲတွင် ဆီးများကြာရှည်စွာ ရှိနေပါက ဆီးသည် ပို၍ ပျစ်လာကာ သတ္တုဓာတ်များ အနည်ကျပြီး ကျောက်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဆီးအိမ်ထဲသို့ ပြင်ပပစ္စည်းများ ရောက်ရှိခြင်းနှင့် အချို့သော ပိုးဝင်ခြင်းများကြောင့်လည်း ကျောက်တည်နိုင်ပါသည်။ ထို့အပြင် ဆီးကို သိုလှောင်ခြင်း သို့မဟုတ် စွန့်ထုတ်ခြင်းကို ထိခိုက်စေသည့် နောက်ခံရောဂါများကြောင့်လည်း ဆီးအိမ်ကျောက် တည်နိုင်ပါသည်။

ဆီးအိမ်ကျောက်တည်စေသော အချက်များမှာ –

  • ကျိတ်ကြီးခြင်း (Prostate enlargement): အမျိုးသားများ အသက်ကြီးလာသောအခါ ဆီးကျိတ်ကြီးလာခြင်း (BPH) ကြောင့် ဆီးလမ်းကြောင်းကို ဖိမိစေပြီး ဆီးအိမ်ထဲမှ ဆီးများ အကုန်အစင် မထွက်နိုင်ဘဲ ကျန်ရှိနေတတ်သည်။ အမျိုးသားများ အသက်ကြီးလာသည်နှင့်အမျှ ဆီးကျိတ်ကြီးလာခြင်း သို့မဟုတ် ဆီးကျိတ်အကျိတ်ရောင်ရောဂါ (Benign Prostatic Hyperplasia – BPH) ဖြစ်ပွားနိုင်ပြီး၊ ၎င်းသည် ဆီးပြွန် (Urethra) ကို ဖိမိစေသဖြင့် ဆီးအိမ်အတွင်းရှိ ဆီးများကို အကုန်အစင် စွန့်ထုတ်ရန် ခက်ခဲစေပါသည်။
  • အာရုံကြော ထိခိုက်ခြင်း: လေဖြတ်ခြင်း၊ ကျောရိုးအာရုံကြော ထိခိုက်ခြင်း သို့မဟုတ် အခြားသော ကျန်းမာရေး အခြေအနေများကြောင့် ဆီးအိမ်၏ ကျုံ့ခြင်း၊ ဆန့်ခြင်းကို ထိန်းချုပ်မရတော့သည့် အခြေအနေ (Neurogenic bladder) ဖြစ်ပေါ်နိုင်သည်။ ထိုသူများသည် ဆီးပိုက် (Catheter) အသုံးပြုရန် လိုအပ်တတ်ပြီး ဆီးပိုက်သည် ဆီးအားလုံးကို အမြဲတမ်း အကုန်အစင် မစွန့်ထုတ်နိုင်ပါ။

အခြားသော အကြောင်းရင်းများ –

  • ရောင်ရမ်းခြင်း: ဆီးလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် တင်ပါးဆုံပိုင်း ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူခြင်းတို့ကြောင့် ဆီးအိမ်ရောင်ရမ်းကာ ကျောက်တည်နိုင်ပါသည်။
  • ဆေးဘက်ဆိုင်ရာ ကိရိယာများ: ဆီးပိုက်ကဲ့သို့သော ကိရိယာများကို အချိန်ကြာမြင့်စွာ ထည့်ထားပါက ၎င်းတို့ပေါ်တွင် သတ္တုဓာတ်များ စုပုံလာပြီး ကျောက်တည်နိုင်ပါသည်။ ထို့အပြင် သားဆက်ခြားပစ္စည်း သို့မဟုတ် ဆီးလမ်းကြောင်းအတွင်း ထည့်ထားသော ပိုက် (Stent) များ ဆီးအိမ်ထဲသို့ မှားယွင်းရောက်ရှိသွားပါကလည်း ပြဿနာဖြစ်စေနိုင်ပါသည်။
  • ကျောက်ကပ်ကျောက်: ကျောက်ကပ်ကျောက်နှင့် ဆီးအိမ်ကျောက်မှာ မတူညီပါ။ သို့သော် ကျောက်ကပ်ကျောက်သည် ဆီးအိမ်ထဲသို့ ဆင်းလာနိုင်ပါသည်။ ဆီးသွားရ ခက်ခဲသူများတွင် ထိုကျောက်သည် ဆီးအိမ်ထဲ၌ ပိတ်မိနေပြီး ပိုမိုကြီးထွားလာကာ နာကျင်ခြင်းနှင့် ဆီးသွားရ ခက်ခြင်းတို့ကို ဖြစ်စေသည်။

ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ

 

မည်သူမဆို ဆီးအိမ်ကျောက်တည်နိုင်သော်လည်း အသက် ၅၀ ကျော် အမျိုးသားများတွင် ပို၍ အဖြစ်များသည်။ အသက် ၅၀ ကျော် အမျိုးသားများ၏ ထက်ဝက်နီးပါးမှာ ဆီးကျိတ်ကြီးခြင်း (BPH) ဝေဒနာကို ခံစားရလေ့ရှိသည်။ ဆီးအိမ်အတွင်း ကျောက်တည်နိုင်ခြေကို အချက်အလက်များစွာက သက်ရောက်မှုရှိစေနိုင်ပါသည်။ ထိုသို့ ဖြစ်နိုင်ခြေရှိသော အချက်များ တစ်ခုထက်ပို၍ စုပေါင်းဖြစ်ပေါ်နေခြင်းလည်း ရှိနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည် –

  • ပိတ်ဆို့မှု (Obstruction): ဆီးကျိတ်ကြီးခြင်း (BPH) ကြောင့် ဆီးကျိတ်သည် အရွယ်အစား ကြီးမားလာတတ်ပါသည်။ ထိုသို့ ဆီးကျိတ်ကြီးလာခြင်းက ဆီးအိမ်အတွင်းမှ ဆီးများကို စွန့်ထုတ်ရန် ပိုမိုခက်ခဲစေပါသည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ဆီးအိမ်မှ ဆီးပြွန်အတွင်းသို့ ဆီးစီးဆင်းမှုကို ဟန့်တားစေပြီး ဆီးအိမ်အတွင်း ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
  • အာရုံကြော ထိခိုက်ခြင်း (Nerve damage): ကျောရိုးအာရုံကြော ထိခိုက်မိခြင်းကဲ့သို့သော ဆီးအိမ်၏ လုပ်ဆောင်ချက်ကို ထိန်းချုပ်သည့် အာရုံကြောများ ချို့ယွင်းနေသူများတွင် ဆီးအိမ်ကျောက်တည်နိုင်ခြေ ပိုများပါသည်။ ၎င်းအပြင် ပါကင်န်ဆန်ရောဂါ (Parkinson’s disease)၊ ဆီးချိုရောဂါ၊ ခါးဆစ်ရိုးကျွံခြင်းနှင့် လေဖြတ်ခြင်းတို့ ခံစားနေရသူများလည်း ပါဝင်ပါသည်။

ရောဂါရှာဖွေခြင်း

ဆီးအိမ်ကျောက်တည်ခြင်းကို ရောဂါရှာဖွေရာတွင် ခံစားရသော လက္ခဏာများကို မေးမြန်းခြင်း၊ ဆေးမှတ်တမ်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် ကိုယ်ကာယစစ်ဆေးခြင်းတို့ဖြင့် စတင်လေ့ရှိသည်။ ကိုယ်ကာယစစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ဆရာဝန်သည် ဆီးကျိတ်ကြီးနေခြင်း ရှိ၊ မရှိ သိနိုင်ရန် စအိုတွင်း လက်ချောင်းထည့်၍ စစ်ဆေးခြင်း သို့မဟုတ် ဆီးအိမ်ဖောင်းနေခြင်း ရှိ၊ မရှိ သိနိုင်ရန် ဗိုက်အောက်ပိုင်းကို စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

ထို့ပြင် ဆရာဝန်သည် အောက်ပါအပိုဆောင်း စစ်ဆေးမှုများကိုလည်း လိုအပ်နိုင်ပါသည် –

  • ဆီးစစ်ခြင်း (Urine test): ဆီးလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် ဆီးထဲတွင် သွေးပါခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်သည်။ ဆီးနမူနာကို ယူ၍ အလွန်သေးငယ်သော ဆီးအိမ်ကျောက်များ၊ သွေးနှင့် ဘက်တီးရီးယားများ ပါဝင်မှုကို ဓာတ်ခွဲစမ်းသပ်မည် ဖြစ်သည်။
  • ကွန်ပျူတာဓာတ်မှန် (CT scan): ဤစစ်ဆေးမှုသည် ဆီးအိမ်ကျောက် အမျိုးအစားအားလုံးကို ရှာဖွေရာတွင် အတိကျဆုံးသော စစ်ဆေးမှုများထဲမှ တစ်ခုဖြစ်ပြီး အလွန်သေးငယ်သော ကျောက်များကိုပင် ရှာဖွေဖော်ထုတ်နိုင်သည်။ ၎င်းသည် မြန်ဆန်ပြီး ရှင်းလင်းသော ပုံရိပ်များကို ရရှိရန်အတွက် X-ray နှင့် ကွန်ပျူတာစနစ်ကို အသုံးပြုပါသည်။
  • အာထရာဆောင်း (Ultrasound): ဆီးအိမ်၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပါသည်။ ကျောက်၏ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် တည်နေရာတို့ကို သိရှိနိုင်သည်။ အာထရာဆောင်းသည် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများနှင့် တည်ဆောက်ပုံများကို ပုံရိပ်ဖော်ရန် အသံလှိုင်းများကို အသုံးပြုပါသည်။
  • ဓာတ်မှန် (X-ray): ကျောက်အားလုံးကို ပုံမှန်ဓာတ်မှန်တွင် မမြင်နိုင်သော်လည်း ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်အတွင်းရှိ ကျောက်များရှိနေခြင်းကို အတည်ပြုရာတွင် အထောက်အကူပြုနိုင်သည်။

ကုသမှု

ဆီးအိမ်ကျောက်ကို ဖယ်ရှားနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ဆရာဝန်သည် ခွဲစိတ်ဖယ်ရှားခြင်း သို့မဟုတ် အခြားသော ကုထုံးများကို အကြံပြုနိုင်ပါသည်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ အထူးသဖြင့် ရေများများသောက်ခြင်းသည် ဤအခြေအနေအတွက် အထောက်အကူဖြစ်စေနိုင်သည်။ ရေလုံလောက်စွာ သောက်ခြင်းဖြင့် ဆီးထဲရှိ သတ္တုဓာတ်များကို ပျော့သွားစေပြီး ကျောက်အဖြစ် စုခဲသွားနိုင်ခြေကို လျော့နည်းစေသည်။ အချို့သော ကျောက်အသေးလေးများသည် ဆီးနှင့်အတူ သဘာဝအတိုင်း ပါသွားနိုင်သော်လည်း ဖြစ်ရပ်အများစုတွင်မူ ဖယ်ရှားပစ်ရန် လိုအပ်ပါသည်။

  • မှန်ပြောင်းဖြင့် ကျောက်ခြေခြင်း (Cystolitholapaxy): ၎င်းသည် ဆီးအိမ်ကျောက်ကို ကုသရန် အသုံးပြုသော ခွဲစိတ်မှု နည်းစနစ်တစ်ခု ဖြစ်သည်။ ခွဲစိတ်စဉ်အတွင်း မှန်ပြောင်း (Cystoscope) ကို ဆီးအိမ်ထဲသို့ ထည့်သွင်းကာ ကျောက်တည်နေရာကို ရှာဖွေသည်။ ထို့နောက် လေဆာ၊ အာထရာဆောင်း သို့မဟုတ် အခြားကိရိယာများကို အသုံးပြု၍ ကျောက်ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ချေဖျက်ပြီး ဆီးအိမ်ထဲမှ ဆေးထုတ်ပစ်သည်။ ဤသို့ မှန်ပြောင်းထည့်စဉ်အတွင်း လူနာအား နာကျင်မှုမရှိစေရန် ထုံဆေး သို့မဟုတ် မေ့ဆေးပေး၍ ပြုလုပ်လေ့ရှိသည်။
  • ခွဲစိတ်ကုသခြင်း (Surgery): အကယ်၍ ဆီးအိမ်ကျောက်တည်ခြင်းသည် ဆီးလမ်းကြောင်း ပိတ်ဆို့မှု သို့မဟုတ် ဆီးကျိတ်ကြီးခြင်းကြောင့် ဖြစ်ရပါက ခွဲစိတ်ရန် လိုအပ်နိုင်ပါသည်။ ဤပြဿနာများကို ကျောက်ဖယ်ရှားခြင်းနှင့်အတူ တစ်ပါတည်း ကုသရမည် ဖြစ်သည်။ အလွန်ကြီးသော ကျောက်များနှင့် မှန်ပြောင်းဖြင့် ချေဖျက်ရန် ခက်ခဲသော ကျောက်များအတွက် ဗိုက်ဖွင့်ခွဲစိတ်ရန် အကြံပြုနိုင်ပါသည်။ ခွဲစိတ်မှုပြုလုပ်ရာတွင် ကျောက်များကို ဖယ်ရှားရန် ဝမ်းဗိုက်တွင် ခွဲကြောင်းရာတစ်ခု ပြုလုပ်ရမည် ဖြစ်သည်။

Doctors who treat this condition