ခြုံငုံသုံးသပ်ချက်
မျက်နှာကြောပျက်ရောဂါ (Bell’s palsy) ဆိုသည်မှာ မျက်နှာ၏ တစ်ဖက်ခြမ်းရှိ ကြွက်သားများ ရုတ်တရက် အားနည်းသွားခြင်း သို့မဟုတ် လေဖြတ်သွားခြင်း ဖြစ်သည်။ မျက်နှာကြွက်သားများကို ထိန်းချုပ်ပေးသော ခုနစ်ခုမြောက် ဦးနှောက်အာရုံကြောသည် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကဲ့သို့သော အခြေအနေတစ်ခုခုကြောင့် ရောင်ရမ်းလာသောအခါ ဤဝေဒနာ ဖြစ်ပွားရခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ဖြစ်ရပ်အများစုတွင် ဤသို့အားနည်းခြင်းသည် ယာယီသာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သိသိသာသာ ပြန်လည်ကောင်းမွန်လာတတ်သည်။ မျက်နှာကြောပျက်ခြင်း ဖြစ်ပေါ်လာသောအခါ ထိခိုက်မိသော မျက်နှာတစ်ခြမ်းသည် တွဲကျနေသည့် ပုံစံမျိုး ဖြစ်ပေါ်တတ်သည်။ ပြုံးလိုက်လျှင် တစ်ဖက်တည်းသာ ပြုံး၍ရတော့ပြီး ထိခိုက်မိသောဘက်မှ မျက်လုံးကို အပြည့်အဝ ပိတ်ရန် ခက်ခဲသွားတတ်သည်။
ဤရောဂါအမည်ကို တစ်ဆယ့်ကိုးရာစုတွင် ရောဂါလက္ခဏာကို စတင်ဖော်ထုတ်ခဲ့သည့် စကော့တလန်လူမျိုး ဆရာဝန်ကြီး Sir Charles Bell ကို အစွဲပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။ အကြောင်းရင်း အတိအကျမသိရသော ရုတ်တရက် မျက်နှာအာရုံကြော လေဖြတ်ခြင်းဟုလည်း ခေါ်ဆိုကြပြီး မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။
လူအများစုတွင် မျက်နှာကြောပျက်ရောဂါ လက္ခဏာများသည် ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်သက်သာလာလေ့ရှိပြီး ပုံမှန်အားဖြင့် လအနည်းငယ်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာတတ်သည်။ အချို့သူများတွင် ဘဝတစ်လျှောက်လုံး လက္ခဏာအချို့ ကျန်ရှိနေနိုင်သော်လည်း ရောဂါပြန်ဖြစ်ခြင်းမှာ ရှားပါးပါသည်။ ရောဂါပြန်ဖြစ်နိုင်ခြေမှာ ပထမအကြိမ်ဖြစ်ပြီး နှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ပြီး မျက်နှာ၏ မူလဘက်တွင်ဖြစ်စေ သို့မဟုတ် အခြားတစ်ဖက်တွင်ဖြစ်စေ ပြန်ဖြစ်နိုင်ပါသည်။ မိသားစုအတွင်း မျက်နှာကြောပျက်ရောဂါ ဖြစ်ဖူးသူများရှိပါက ရောဂါပြန်ဖြစ်နိုင်ခြေ ပိုများပါသည်။
ရောဂါလက္ခဏာများ
မျက်နှာကြောပျက်ရောဂါ၏ လက္ခဏာများသည် ရုတ်တရက် ဖြစ်ပေါ်လာလေ့ရှိပြီး ဖြစ်ပွားပြီး နာရီပိုင်းအတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိတတ်သည်။ အချို့သူများတွင် လက္ခဏာ အနည်းငယ်သာ ခံစားရသော်လည်း အချို့မှာမူ မျက်နှာကြွက်သားများ လုံးဝလေဖြတ်သွားသည်အထိ ဖြစ်နိုင်ပါသည်။
လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်နိုင်သည် –
- နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း မျက်နှာတစ်ခြမ်း အနည်းငယ်အားနည်းလာရာမှ လုံးဝလေဖြတ်သွားခြင်း။
- မျက်နှာကြွက်သားများ တွဲကျခြင်း၊ ပြုံးခြင်း သို့မဟုတ် မျက်လုံးပိတ်ခြင်းကဲ့သို့သော မျက်နှာအမူအရာများ လုပ်ဆောင်ရန် ခက်ခဲခြင်း။
- သွားရည်ကျခြင်း။
- နား သို့မဟုတ် မေးရိုးတစ်ဝိုက် နာကျင်ခြင်း။
- နားထဲတွင် အသံမြည်ခြင်း။
- အသံများကို အလွန်အမင်း ထိခိုက်လွယ်ခြင်း။
- ခေါင်းကိုက်ခြင်း။
- အရသာပျောက်ဆုံးခြင်း။
- သွားရည်နှင့် မျက်ရည်ထွက်နှုန်း ပြောင်းလဲခြင်း။
- စကားပြောရန်၊ စားရန် သို့မဟုတ် သောက်ရန် ခက်ခဲခြင်း။
ရှားပါးသော ဖြစ်ရပ်များတွင် မျက်နှာနှစ်ဖက်လုံးရှိ အာရုံကြောများကို ထိခိုက်နိုင်ပါသည်။ လေဖြတ်သည့် လက္ခဏာတစ်မျိုးမျိုး ခံစားရပါက လေဖြတ်ရောဂါ (Stroke) ၏ လက္ခဏာလည်း ဖြစ်နိုင်သောကြောင့် ချက်ချင်း ဆေးကုသမှု ခံယူရန် အရေးကြီးပါသည်။ မျက်နှာကြောပျက်ရောဂါသည် လေဖြတ်ခြင်းကြောင့် ဖြစ်သည်မဟုတ်သော်လည်း လက္ခဏာများမှာ လေဖြတ်ခြင်းနှင့် ဆင်တူနိုင်ပါသည်။
အကယ်၍ လူတစ်ဦးတစ်ယောက်သည် မျက်နှာကြွက်သားများ အားနည်းခြင်း သို့မဟုတ် မျက်နှာတွဲကျခြင်းတို့ကို ခံစားရပါက ဖြစ်ပွားရသည့် နောက်ခံအကြောင်းရင်းကို ရှာဖွေရန်နှင့် ဝေဒနာ၏ ပြင်းထန်မှုအတိုင်းအတာကို စစ်ဆေးနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (သို့မဟုတ်) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူခြင်းသည် မှန်ကန်သော ရောဂါရှာဖွေမှုကို ရရှိစေနိုင်ပြီး သင့်လျော်သော ကုသမှုလုပ်ငန်းစဉ်များကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
မျက်နှာကြောပျက်ရောဂါ ဖြစ်ရသည့် အကြောင်းရင်း အတိအကျကို မသိရသေးသော်လည်း ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် ဆက်စပ်မှု ရှိနေတတ်သည်။ မျက်နှာကြွက်သားများကို ထိန်းချုပ်သည့် အာရုံကြောသည် ရောင်ရမ်းလာပြီး ဘေးပတ်ဝန်းကျင်ရှိ အရိုးများက ဖိမိသွားသောအခါ ဤဝေဒနာ ဖြစ်ပွားရခြင်း ဖြစ်သည်။
မျက်နှာအာရုံကြောသည် မျက်နှာသို့ ဦးတည်သွားရာတွင် ကျဉ်းမြောင်းသော အရိုးလမ်းကြောင်းတစ်ခုကို ဖြတ်သန်းသွားရသည်။ ဗိုင်းရပ်စ်ကြောင့် ထိုအာရုံကြော ရောင်ရမ်းလာသောအခါ ဖိအားများ ဖြစ်ပေါ်လာသည်။ ဤအာရုံကြောသည် မျက်နှာကြွက်သားများသာမက နားလယ်ပိုင်းရှိ အရိုးငယ်လေး၊ မျက်ရည်၊ သွားရည်နှင့် အရသာခံခြင်းတို့ကိုလည်း သက်ရောက်မှု ရှိစေပါသည်။
မျက်နှာကြောပျက်ရောဂါ (Bell’s palsy) နှင့် ဆက်စပ်နေသော ဗိုင်းရပ်စ်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည် –
- ရေယုန်ဗိုင်းရပ်စ် – Herpes simplex (နှုတ်ခမ်းအနားတွင် ဖြစ်ပွားသော ရေယုန်နှင့် လိင်အင်္ဂါရေယုန်များ)
- ရေကျောက်နှင့် ခါးပတ်ရေယုန်ဗိုင်းရပ်စ် – Herpes zoster (ရေကျောက်နှင့် ခါးပတ်ရေယုန်များ)
- ဂျာမန်ဝက်သက်ဗိုင်းရပ်စ် – Rubella (ဂျာမန်ဝက်သက်ရောဂါ)
- မေးရောင်ဂလင်းရောင်ဗိုင်းရပ်စ် – Mumps (သို့ချောင်းနာရောဂါ)
- တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစား ဘီ – Influenza B virus (တုပ်ကွေးရောဂါ)
- အက်ပ်စတိန်းဘားဗိုင်းရပ်စ် – Epstein-Barr virus (ကူးစက်တတ်သော မိုနိုနျူကလီယိုးဆစ်ရောဂါ)
- ဆိုက်တိုမီဂလိုဗိုင်းရပ်စ် – Cytomegalovirus (ပိုးဝင်ခြင်းများ)
- ကော့ဆက်ကီးဗိုင်းရပ်စ် – Coxsackievirus (လက်ခြေခံတွင်းရောဂါ)
- အက်ဒီနိုဗိုင်းရပ်စ် – Adenovirus (အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ)
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ
အောက်ပါအခြေအနေရှိသူများတွင် မျက်နှာကြောပျက်ရောဂါ ပို၍ အဖြစ်များပါသည် –
- အသက်အရွယ်: အသက် ၁၅ နှစ်မှ ၆၀ နှစ်ကြားရှိသူများတွင် အဖြစ်အများဆုံး ဖြစ်သည်။
- မိသားစုရာဇဝင်: ရောဂါပြန်ဖြစ်ပါက မိသားစုဝင်များထဲတွင်လည်း ဖြစ်ဖူးသည့် ရာဇဝင်ရှိတတ်သည်။ ယင်းက မျိုးရိုးဗီဇနှင့် ဆက်စပ်နိုင်ကြောင်း ပြသနေသည်။
- ကျား/မ: အမျိုးသားနှင့် အမျိုးသမီး တူညီစွာ ဖြစ်ပွားနိုင်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန် နောက်ဆုံးကာလများ သို့မဟုတ် ကလေးမွေးဖွားပြီး ပထမတစ်ပတ်အတွင်း ဖြစ်နိုင်ခြေ ပိုများပါသည်။
- အခြားရောဂါများ: ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (တုပ်ကွေး သို့မဟုတ် အအေးမိခြင်း) ရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
မျက်နှာကြောပျက်ရောဂါကို အတည်ပြုရန် သီးခြားစစ်ဆေးမှုမျိုး မရှိပါ။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ရောဂါလက္ခဏာများအပေါ် မူတည်၍ ရောဂါရှာဖွေနိုင်ပါသည်။ မျက်နှာလေဖြတ်ခြင်းသည် လိုင်းမ်ရောဂါ (Lyme disease)၊ ဆာကွိုက်ဒိုးဆစ် (Sarcoidosis) နှင့် လေဖြတ်ခြင်း (Stroke) ကဲ့သို့သော အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သဖြင့် လူနာအနေဖြင့် ထိုအကြောင်းရင်းများ မဟုတ်ကြောင်း သေချာစေရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်ရနိုင်ပါသည်။
- ကိုယ်ကာယစစ်ဆေးခြင်း: ကျန်းမာရေးစောင့်ရှောက်မှုပေးသူက မျက်နှာကို စစ်ဆေးမည်ဖြစ်ပြီး လူနာအား မျက်မှောင်ကြုတ်ခြင်း၊ သွားဖြဲပြခြင်း၊ မျက်ခုံးပင့်ခြင်းနှင့် မျက်လုံးပိတ်ခြင်းကဲ့သို့သော မျက်နှာလှုပ်ရှားမှုများ ပြုလုပ်ခိုင်းပါလိမ့်မည်။
- သွေးစစ်ခြင်း: မျက်နှာကြောပျက်ရောဂါအတွက် သီးသန့်သွေးစစ်ချက် မရှိသော်လည်း အခြားသော ရောဂါဝေဒနာများ ရှိ၊ မရှိ ခွဲခြားရန် သွေးစစ်ဆေးနိုင်ပါသည်။
- ပုံရိပ်ဖော်စစ်ဆေးမှုများ: အချို့သောအခြေအနေများတွင် မျက်နှာအာရုံကြောအပေါ် ဖိအားပေးနေသည့် အကျိတ် သို့မဟုတ် ဦးခေါင်းခွံရိုး ကျိုးအက်ခြင်းကဲ့သို့သော အခြားအကြောင်းရင်းများ ရှိ၊ မရှိ သိနိုင်ရန် သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT) ရိုက်ရန် လိုအပ်နိုင်ပါသည်။
- အာရုံကြောနှင့် ကြွက်သားတုံ့ပြန်မှုစစ်ဆေးခြင်း (EMG): ဤစစ်ဆေးမှုသည် အာရုံကြော ထိခိုက်မှုရှိမရှိ အတည်ပြုပေးနိုင်ပြီး ထိခိုက်မှု အတိုင်းအတာကိုလည်း အကဲဖြတ်ပေးနိုင်ပါသည်။ EMG သည် လှုံ့ဆော်မှုတစ်ခုအပေါ် ကြွက်သား၏ လျှပ်စစ်ဆိုင်ရာ တုံ့ပြန်မှုကို မှတ်တမ်းတင်ပေးခြင်း ဖြစ်သည်။ ထို့အပြင် အာရုံကြော၏ လျှပ်စစ်စီးကြောင်း ပေးပို့နိုင်စွမ်း၊ စီးဆင်းမှုပုံစံနှင့် အလျင်နှုန်းတို့ကိုလည်း တိုင်းတာပေးပါသည်။
ကုသမှု
မျက်နှာကြောပျက်ရောဂါ ခံစားရသူ အများစုသည် ကုသမှုခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ အပြည့်အဝ ပြန်လည်ကောင်းမွန်လာတတ်ပါသည်။ ရောဂါအားလုံးအတွက် တူညီသော ကုသမှုမျိုး မရှိသော်လည်း ကျန်းမာရေးကျွမ်းကျင်သူများက ပြန်လည်နာလန်ထူမှုကို မြန်ဆန်စေရန် ဆေးဝါးများ သို့မဟုတ် ကိုယ်ကာယကုထုံးများကို အကြံပြုနိုင်ပါသည်။ ဤရောဂါအတွက် ခွဲစိတ်ကုသမှုမှာ ထိရောက်မှု ရှားပါးပါသည်။
မျက်နှာကြောပျက်သောအခါ မျက်လုံးကို အပြည့်အဝ ပိတ်၍မရသဖြင့် ထိခိုက်မိသော မျက်လုံးကို ကာကွယ်ရန်နှင့် ဂရုစိုက်ရန်မှာ အလွန်အရေးကြီးပါသည်။ မျက်လုံးစိုစွတ်မှုရှိစေရန် နေ့ဘက်တွင် မျက်စဉ်းခတ်ပေးခြင်းနှင့် ညဘက်တွင် မျက်စိလိမ်းဆေး အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထိခိုက်မိခြင်း သို့မဟုတ် ရှနာခြင်းများ မဖြစ်စေရန် နေ့ဘက်တွင် မျက်မှန်တပ်ခြင်းနှင့် ညဘက်တွင် မျက်စိအုပ်ခြင်း (Eye patch) တို့ဖြင့် ကာကွယ်ပေးနိုင်ပါသည်။ ပြင်းထန်သော အခြေအနေများတွင် မျက်စိအထူးကုဆရာဝန်နှင့် အနီးကပ် စောင့်ကြည့်စစ်ဆေးရန် လိုအပ်နိုင်ပါသည်။
ဆေးဝါးများ: များသောအားဖြင့် အောက်ပါဆေးများကို အသုံးပြုလေ့ရှိသည် –
- စတီးရွိုက်ဆေးများ (Corticosteroids): ဥပမာ – ပရက်ဒနီဆုန်း (Prednisone)။ ဤဆေးများသည် ရောင်ရမ်းမှုကို လျော့ကျစေသဖြင့် မျက်နှာအာရုံကြောအတွက် နေရာလွတ် ပိုမိုရရှိစေပါသည်။ ရောဂါလက္ခဏာ စတင်ပြီး ရက်အနည်းငယ်အတွင်း သောက်သုံးပါက ပိုမိုထိရောက်ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အခွင့်အလမ်း ပိုများစေပါသည်။
- ဗိုင်းရပ်စ်သတ်ဆေးများ: ဗိုင်းရပ်စ်သတ်ဆေးများ၏ အခန်းကဏ္ဍမှာ ယခုထက်ထိ တိတိကျကျ မသိရသေးပါ။ ဗိုင်းရပ်စ်သတ်ဆေး တစ်မျိုးတည်း သုံးစွဲခြင်းသည် ဆေးစွမ်းမပါသော ဆေးအတု (Placebo) နှင့် နှိုင်းယှဉ်လျှင် ထူးခြားသော အကျိုးကျေးဇူး ရှိကြောင်း သက်သေမပြနိုင်သေးပါ။ မျက်နှာကြောပျက်ရောဂါ (Bell’s palsy) ဝေဒနာရှင်များအနေဖြင့် ဗိုင်းရပ်စ်သတ်ဆေးကို စတီးရွိုက်ဆေး (Corticosteroids) နှင့် တွဲဖက်သောက်သုံးပါက အနည်းငယ် သက်သာမှုရှိနိုင်သော်လည်း ၎င်းကိုလည်း အတည်မပြုနိုင်သေးပါ။
သို့သော်လည်း ပြင်းထန်သော မျက်နှာလေဖြတ်ခြင်း ဝေဒနာခံစားနေရသည့် လူနာများတွင် ပရက်ဒနီဆုန်း (Prednisone) ဆေးကို ဗယ်လာဆိုင်ကလိုဗီယာ (Valacyclovir) သို့မဟုတ် အဆိုင်ကလိုဗီယာ (Acyclovir) ကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးတစ်မျိုးမျိုးနှင့် တွဲဖက်၍ တိုက်ကျွေးနိုင်ပါသည်။
မျက်စိစောင့်ရှောက်မှု: မျက်လုံးခြောက်ခြင်းနှင့် ယားယံခြင်းတို့ကို သက်သာစေရန် မျက်ရည်တု သို့မဟုတ် အခြားမျက်စဉ်းများကို အသုံးပြုပါ။ မျက်တောင်ခတ်ရန် ခက်ခဲပါက ဖုန်မှုန့်နှင့် ထိခိုက်ဒဏ်ရာများမှ ကာကွယ်ရန် မျက်စိအုပ်ထားရန် လိုအပ်နိုင်ပါသည်။
ကိုယ်ကာယကုထုံး (Physical therapy): လေဖြတ်နေသော ကြွက်သားများသည် အမြဲတမ်း တိုသွားခြင်း သို့မဟုတ် သေးသွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဤသို့မဖြစ်စေရန် ကိုယ်ကာယကုထုံးပညာရှင်ထံတွင် မျက်နှာကြွက်သား လေ့ကျင့်ခန်းနှင့် နှိပ်နယ်နည်းများကို သင်ယူနိုင်ပါသည်။
ခွဲစိတ်ကုသခြင်း: ယခင်က အာရုံကြောပေါ်ရှိ ဖိအားများကို လျှော့ချရန် ခွဲစိတ်သည့်နည်းလမ်း (Decompression surgery) ကို အသုံးပြုခဲ့သော်လည်း ယခုအခါ အကြားအာရုံဆုံးရှုံးခြင်းနှင့် အာရုံကြောထိခိုက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် အကြံမပြုတော့ပါ။
ရှားပါးသော အခြေအနေများတွင် မျက်နှာအာရုံကြောဆိုင်ရာ ပြဿနာများ စွဲမြဲကျန်ရှိနေပါက ပလတ်စတစ်ဆာဂျရီ (Plastic surgery) ဖြင့် ပြုပြင်ရန် လိုအပ်နိုင်ပါသည်။ မျက်နှာလှုပ်ရှားမှု ပြန်လည်ရရှိစေရန် ပြုလုပ်သော ခွဲစိတ်မှု (Facial reanimation surgery) သည် မျက်နှာသွင်ပြင်ကို ပိုမိုညီညာလာစေရန်နှင့် မျက်နှာလှုပ်ရှားမှုများကို ပြန်လည်ရရှိစေရန် အထောက်အကူပြုနိုင်ပါသည်။ ဤကဲ့သို့သော အခြေအနေများတွင် အသုံးပြုသည့် ခွဲစိတ်ကုသမှု နည်းလမ်းများထဲ၌ မျက်ခုံးပင့်ခြင်း၊ မျက်ခွံပြုပြင်ခြင်း၊ မျက်နှာအတွင်း အစားထိုးပစ္စည်းများ ထည့်သွင်းခြင်းနှင့် အာရုံကြော အစားထိုးခြင်းတို့ ပါဝင်ပါသည်။ သို့သော် မျက်ခုံးပင့်ခြင်းကဲ့သို့သော အချို့သော ကုသမှုများကို နှစ်အနည်းငယ်ကြာပြီးနောက် ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ကြောင်း သတိပြုသင့်ပါသည်။
