ကျောက်ကပ် အစားထိုးကုသမှု ခံယူထားသည့် လူနာတိုင်း သိရှိထားသင့်သည့် အဓိက အချက် (၁၀) ချက်

ကျန်းမာရေးဆိုင်ရာ စာစောင်များ
ကျောက်ကပ် အစားထိုးကုသမှု

Table of Contents

ကျောက်ကပ် အစားထိုးကုသမှု ခံယူခြင်းသည် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ (End-stage renal disease) ခံစားနေရသူများအနေဖြင့် ဘဝအရည်အသွေးကို ပြန်လည်ရရှိစေရန် ကူညီပေးနိုင်သော်လည်း၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်နှင့် ကျောက်ကပ်အသစ်၏ သက်တမ်းကို ရှည်ကြာစေရန်အတွက် မှန်ကန်သော ကိုယ်တိုင်စောင့်ရှောက်မှု (Self-care) သည် အလွန်အရေးကြီးပါသည်။

ကျောက်ကပ် အစားထိုးကုသမှုသည် လူနာများကို ကျောက်ကပ်ဆေးရန် မလိုဘဲ အသက်ရှင်ရပ်တည်နိုင်မည့် အခွင့်အရေးကို ပေးစွမ်းနိုင်သော်လည်း ခွဲစိတ်ကုသမှုအပြီး စောင့်ရှောက်မှုများကို မှန်ကန်စွာ လုပ်ဆောင်ရန်မှာ အရေးအကြီးဆုံး ဖြစ်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်များကို စေ့စေ့စပ်စပ် လိုက်နာခြင်းဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပြီး သင်၏ကျောက်ကပ်အသစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် သေချာစေနိုင်ပါသည်။

၁။ ကိုယ်ခံအားထိန်းဆေးများ မှန်မှန်ကန်ကန် တိကျစွာ သောက်သုံးသည့် အလေ့အထကို ပြုလုပ်ပါ

ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက်တွင် သင်၏ခန္ဓာကိုယ်မှ ကျောက်ကပ်အသစ်ကို ငြင်းပယ်နိုင်ပါသည်။ ထိုသို့ မဖြစ်ပွားစေရန်အတွက် ဆရာဝန်များက ကိုယ်ခံအားထိန်းဆေးများ (Immunosuppressant medications) ကို ညွှန်ကြားပေးမည်ဖြစ်သည်။ ၎င်းဆေးများကို နေ့စဉ် အချိန်မှန်မှန်နှင့် မှန်မှန်ကန်ကန် သောက်သုံးရမည် ဖြစ်သည်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးသောက်ရပ်ဆိုင်းခြင်း သို့မဟုတ် ဆေးသောက်ရန် မေ့လျော့ခြင်းတို့သည် မိမိခန္ဓာကိုယ်မှ အစားထိုးကျောက်ကပ်ကို ငြင်းပယ်ခြင်း (Kidney rejection) နှင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။

အကြံပြုချက် – ဆေးသောက်ချိန် မေ့လျော့မှုမရှိစေရန်အတွက် နေ့စဉ် နှိုးစက် ပေးထားခြင်း သို့မဟုတ် ဆေးသောက်ချိန် မှတ်သားသည့် App များကို အသုံးပြုပါ။

၂။ ဆရာဝန် ရက်ချိန်းများကို ပုံမှန် ပြသပါ

ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက်တွင် သင်၏ခန္ဓာကိုယ်မှ ကျောက်ကပ်အသစ်ကို မည်သို့ တုံ့ပြန်နေသည်ကို စောင့်ကြည့်ရန်၊ ဆေးပမာဏများကို လိုအပ်သလို ညှိနှိုင်းပေးရန်နှင့် ဖြစ်ပွားလာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို စစ်ဆေးရန်အတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။ ဆရာဝန် ရက်ချိန်းများသည် ကျောက်ကပ်၏ ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သောကြောင့် ရက်ချိန်း မပျက်ကွက်သင့်ပါ။

အကြံပြုချက် – ပေးထားသော ရက်ချိန်းအတိုင်း မပြသနိုင်ပါက ဆေးရုံသို့ ကြိုတင်အကြောင်းကြားပြီး ချက်ချင်း ရက်ချိန်းပြန်လည်ရယူပါ။

၃။ ကူးစက်ရောဂါများကို သတိပြု၍ တစ်ကိုယ်ရေသန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းပါ

ကိုယ်ခံအားထိန်းဆေးများသည် ခန္ဓာကိုယ်၏ ကူးစက်ရောဂါများ ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေပါသည်။

ကူးစက်ရောဂါများမှ ကာကွယ်ရန်အတွက် လူနာများအနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်သင့်ပါသည် –

  • လက်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန် ပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ
  • ရောဂါများ ကူးစက်ပျံ့နှံ့နေချိန်တွင် လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ
  • အိမ်မွေးတိရစ္ဆာန်များနှင့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ

၄။ ရေဓာတ် ပြည့်ဝစွာ ထိန်းသိမ်းပါ၊ သို့သော် လွန်ကဲစွာ မသောက်ပါနှင့်

ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက်တွင် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးရန် ရေလုံလောက်စွာ သောက်ရန် လိုအပ်ပါသည်။ သို့သော် ရေကို လွန်ကဲစွာ သောက်သုံးခြင်းသည် ခန္ဓာကိုယ်တွင်း အရည်များပြည့်လျှံခြင်း (Volume overload) ကို ဖြစ်ပေါ်စေနိုင်ပြီး ကျောက်ကပ်ကို ဝန်ပိစေနိုင်ပါသည်။ သင်၏ နေ့စဉ်လိုအပ်ချက်အတွက် သင့်တော်သော ရေပမာဏကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

အကြံပြုချက် – သင်၏ ဆီးအရောင်ကို ဂရုပြုကြည့်ရှုပါ – ဆီးအရောင် ရင့်နေခြင်းသည် ခန္ဓာကိုယ်တွင် ရေဓာတ်ခမ်းခြောက်နေကြောင်းနှင့် ရေပိုမိုသောက်သုံးရန် လိုအပ်ကြောင်း ပြသနေသော သင်္ကေတတစ်ခု ဖြစ်နိုင်ပါသည်။

၅။ မျှတသော အာဟာရဓာတ်များကို ပုံမှန် စားသုံးပါ

ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက်တွင် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုပြီး ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးနိုင်သည့် အစားအစာများကို ရွေးချယ်ရန် အရေးကြီးပါသည်။ အောက်ပါတို့ကို ဂရုစိုက် စားသုံးပါ –

  • ငါးနှင့် ဥများကဲ့သို့ အရည်အသွေးမြင့် ပရိုတင်း (High-quality proteins) ပါဝင်သော အစားအစာများ
  • သွေးပေါင်ချိန် တက်နိုင်ခြေကို လျှော့ချရန်အတွက် ဆိုဒီယမ် (ဆားဓာတ်) နည်းပါးသော အစားအစာများ
  • ကူးစက်ရောဂါများ ကူးစက်ခံရနိုင်ခြေကို လျှော့ချရန်အတွက် ဆူရှီ သို့မဟုတ် အသားစိမ်းများကဲ့သို့ မကျက်တကျက် အစားအစာများကို ရှောင်ကြဉ်ပါ

၆။ အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

အရက်နှင့် ဆေးလိပ်သောက်ခြင်း နှစ်မျိုးလုံးသည် သင်၏ ကျောက်ကပ်အသစ် ကျန်းမာရေးကို သိသာစွာ ထိခိုက်စေနိုင်ပြီး သွေးပေါင်ချိန် တက်ခြင်းနှင့် ကျောက်ကပ် ပျက်စီးခြင်း ကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။

၇။ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ

ကိုယ်အလေးချိန် လွန်ကဲခြင်းသည် ဆီးချိုရောဂါနှင့် သွေးပေါင်ချိန် တက်ခြင်းတို့ကို ဖြစ်ပွားနိုင်ခြေ မြင့်တက်စေပြီး ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ လမ်းခပ်သွက်သွက် လျှောက်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်း ကဲ့သို့သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းသည် တစ်ကိုယ်လုံး ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်သည့်အပြင် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကိုလည်း အထောက်အကူပြုစေပါသည်။

အကြံပြုချက် – လေ့ကျင့်ခန်း မပြုလုပ်မီ သင့်အတွက် ဘေးကင်းပြီး သင့်တော်မှု ရှိမရှိ သေချာစေရန် ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်ဆွေးနွေးပါ။

၈။ ကျောက်ကပ်ကို ထိခိုက်စေနိုင်သော ဆေးဝါးများနှင့် တိုင်းရင်းဆေး (သစ်ဥသစ်ဖု) များကို ရှောင်ကြဉ်ပါ

NSAIDs (Ibuprofen, Naproxen) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးအချို့နှင့် အချို့သော တိုင်းရင်းဆေး (သစ်ဥသစ်ဖု) များသည် သင်၏ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

အကြံပြုချက် – မည်သည့် ဆေးဝါး သို့မဟုတ် တိုင်းရင်းဆေး (သစ်ဥသစ်ဖု) များကိုမဆို မသောက်သုံးမီ ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်ဆွေးနွေးပါ။

၉။ ဆီးချိုရောဂါနှင့် သွေးပေါင်ချိန် တက်ခြင်း ကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို သတိပြုပါ

ကျောက်ကပ် အစားထိုးကုသမှု ခံယူထားသော လူနာများသည် ကိုယ်ခံအားထိန်းဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဆီးချိုရောဂါနှင့် သွေးပေါင်ချိန် တက်ခြင်းတို့ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန် ပမာဏများကို ပုံမှန်အဆင့်အတွင်း ထိန်းချုပ်နိုင်ရန်အတွက် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။

၁၀။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက်တွင် လူနာများအနေဖြင့် စိတ်ဖိစီးမှု သို့မဟုတ် စိတ်ဓာတ်ကျခြင်းများကို ခံစားရနိုင်ပါသည်။ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ၏ ကူညီပံ့ပိုးမှုကို ရယူရန် လိုအပ်သည့်အပြင် တရားထိုင်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်း ကဲ့သို့သော စိတ်ကို အနားရစေသည့် လှုပ်ရှားမှုများကို ပြုလုပ်ပေးရန်လည်း အရေးကြီးပါသည်။

ကျောက်ကပ် အစားထိုးကုသမှုသည် လူနာများကို ဘဝအရည်အသွေး ကောင်းမွန်စွာဖြင့် အသက်ရှင်နေထိုင်နိုင်သည့် အခွင့်အရေးကို ပေးစွမ်းနိုင်သော်လည်း ခွဲစိတ်ကုသမှုအပြီး စေ့စပ်သေချာသော ကိုယ်တိုင်စောင့်ရှောက်မှုသည် အလွန်အရေးကြီးပါသည်။ ကိုယ်ခံအားထိန်းဆေးများကို တိကျစွာ လိုက်နာသောက်သုံးခြင်း၊ ပုံမှန် ရက်ချိန်းပြသခြင်းနှင့် နေထိုင်မှုပုံစံများကို စနစ်တကျ ထိန်းသိမ်းခြင်းတို့သည် ကျောက်ကပ်အသစ်ကို ရေရှည်တွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန်အတွက် အဓိက လိုအပ်ချက်များ ဖြစ်ကြပါသည်။

သင် သို့မဟုတ် သင့်မိသားစုဝင်များအနေဖြင့် ကျောက်ကပ် အစားထိုးကုသမှု ခံယူရန် ပြင်ဆင်နေပါက ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး မှ ပြီးပြည့်စုံသော ဘက်စုံစောင့်ရှောက်မှုများကို ပေးအပ်သွားရန် အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာနှင့် အထူးကုစောင့်ရှောက်ရေး အဖွဲ့များက သင့်ကျန်းမာရေး၏ ခြေလှမ်းတိုင်းတွင် အပြည့်အဝ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –

အထွေထွေရောဂါကုဌာန၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်းနံပါတ် – (+66)2-734-0000 လိုင်းခွဲ 2200, 2272
မြန်မာဘာသာ Hotline – (+66)63-853-2447

Medically Reviewed by

DR. Umpaiwan Rungbanaphan
DR. Umpaiwan Rungbanaphan

Internal Medicine

Nephrology

Readers’ Rating

3.5 out of 5 stars (based on 4 reviews)