ခြေထောက်အရှည် မညီမျှခြင်း (Leg Length Discrepancy – LLD) ဆိုသည်မှာ ခြေထောက်တစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုတိုနေခြင်း သို့မဟုတ် ပိုရှည်နေခြင်း ဖြစ်ပွားသည့် အခြေအနေတစ်ခု ဖြစ်သည်။ အနည်းငယ်မျှသာ ကွာခြားမှုရှိပါက သတိပြုမိလောက်သည့် ပြဿနာများ မဖြစ်ပေါ်စေနိုင်သော်လည်း ပိုမိုသိသာသည့် ကွာခြားမှုများရှိပါက လမ်းလျှောက်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်၊ မတ်မတ်ရပ်နိုင်မှုနှင့် အထွေထွေ လှုပ်ရှားသွားလာမှုများကို သက်ရောက်မှုရှိစေနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်က ထိုကွာခြားမှုကို ညှိယူပြင်ဆင်ရသည့်အတွက် အချို့သူများတွင် တင်ပါးဆုံ၊ ဒူးခေါင်း သို့မဟုတ် ခါးအောက်ပိုင်းတို့၌ မအီမသာဖြစ်ခြင်းနှင့် နာကျင်ခြင်းများကို ခံစားရနိုင်သည်။
ဤပြဿနာသည် အရိုးကြီးထွားမှု ကွာခြားခြင်း၊ မွေးရာပါ အခြေအနေများ၊ ယခင်ရရှိခဲ့ဖူးသည့် ဒဏ်ရာများ သို့မဟုတ် အခြားသော အရိုးအကြောဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပွားနိုင်သည်။ အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းကို စိစစ်ရှာဖွေခြင်းနှင့် ထိုကွာခြားမှုသည် ဆေးပညာအရ သက်ရောက်မှု မည်မျှရှိသည်ကို ဆုံးဖြတ်ခြင်းတို့သည် မှန်ကန်သည့် ကုသမှုကို ရွေးချယ်ရာတွင် အရေးပါသည့် အဆင့်များ ဖြစ်ကြသည်။
ခြေထောက်အရှည် မညီမျှခြင်း ( Leg Length Discrepancy) ဆိုတာဘာလဲ ?
ခြေထောက်အရှည် မညီမျှခြင်း ဆိုသည်မှာ အောက်ပိုင်းခြေဆစ်များ၏ အရှည် တိုင်းတာရာတွင် သိသာစွာ ကွာခြားနေသည့် အခြေအနေကို ညွှန်းဆိုခြင်း ဖြစ်သည်။ အဆိုပါ ကွာခြားမှုသည် ပေါင်ရိုး (femur)၊ ခြေသလုံးအတွင်းရိုး (tibia) သို့မဟုတ် အရိုးနှစ်မျိုးစလုံးတွင် ဖြစ်ပေါ်နိုင်သည်။
ခြေထောက်အရှည် မညီမျှခြင်း အဓိက အမျိုးအစား (၂) မျိုး ရှိသည် –
အရိုးတည်ဆောက်ပုံဆိုင်ရာ ခြေထောက်အရှည် မညီမျှခြင်း ( Structural leg length discrepancy): အရိုးအရှည် ကွာခြားမှုကြောင့် ခြေထောက်တစ်ဖက်သည် ရုပ်ပိုင်းဆိုင်ရာအရ ပိုတိုနေခြင်း သို့မဟုတ် ပိုရှည်နေခြင်း ဖြစ်သည်။
လုပ်ဆောင်ချက်ဆိုင်ရာ ခြေထောက်အရှည် မညီမျှခြင်း ( Functional leg length discrepancy): အရိုးများ၏ အရှည်မှာ တူညီနိုင်သော်လည်း အဆစ်တည်နေရာ၊ ကြွက်သားတင်းကြပ်မှု၊ တင်ပါးဆုံ တည်ရှိမှု သို့မဟုတ် လှုပ်ရှားမှုပုံစံ ပြောင်းလဲမှုများကြောင့် ခြေထောက်တစ်ဖက်မှာ တိုနေသည်ဟု ထင်ရခြင်း ဖြစ်သည်။
ဤအမျိုးအစားနှစ်ခုသည် ဖြစ်ပွားရသည့် အကြောင်းအရင်းများ မတူညီကြဘဲ ကုသပြုစုပုံ နည်းလမ်းများလည်း ကွဲပြားနိုင်သည်။ အသေးစိတ် ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် ယင်းကွာခြားမှုသည် အရိုးတည်ဆောက်ပုံကြောင့်လား၊ လုပ်ဆောင်ချက်ကြောင့်လား သို့မဟုတ် နှစ်မျိုးစလုံး ပေါင်းစပ်နေသလား ဆိုသည်ကို ဆုံးဖြတ်ရန် ကူညီပေးသည်။
ခြေထောက်အရှည် မညီမျှခြင်းကို ဘာတွေက ဖြစ်စေသလဲ ?
ခြေထောက်အရှည် မညီမျှခြင်းသည် အရိုးကြီးထွားမှု ကွာခြားခြင်း၊ မွေးရာပါ အခြေအနေများ၊ ဒဏ်ရာရရှိခြင်း သို့မဟုတ် အဆစ်များနှင့် ပတ်ဝန်းကျင် တစ်ရှူးများ ပြောင်းလဲခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ အဖြစ်များသည့် အကြောင်းအရင်းများမှာ –
အရိုးကြီးထွားမှု ကွာခြားခြင်း – ပေါင်ရိုး (femur) သို့မဟုတ် ခြေသလုံးအတွင်းရိုး (tibia) ပုံမှန်မဟုတ်ဘဲ ကြီးထွားခြင်းကြောင့် ခြေထောက်တစ်ဖက်သည် အခြားတစ်ဖက်နှင့် မတူဘဲ ဖွံ့ဖြိုးလာနိုင်သည်။
မွေးရာပါ အခြေအနေများ – အောက်ပိုင်းခြေဆစ်များ ဖွံ့ဖြိုးမှု ကွာခြားခြင်းသည် မွေးစကတည်းက ပါလာနိုင်ပြီး ကြီးထွားလာသည်နှင့်အမျှ ပိုမိုသိသာလာနိုင်သည်။
အရိုးကျိုးခြင်းနှင့် ယခင်ရရှိခဲ့သည့် ဒဏ်ရာများ – အရိုးကျိုးခြင်း (အထူးသဖြင့် အရိုးကြီးထွားမှုဇုန် – Growth plate) သို့မဟုတ် အရိုးများ တိုသွားခြင်း၊ ပုံစံပြောင်းသွားခြင်းတို့ဖြင့် ပြန်ဆက်သွားခြင်းတို့သည် ခြေထောက်အရှည်ကို သက်ရောက်မှုရှိစေနိုင်သည်။
အရိုး သို့မဟုတ် အဆစ် အခြေအနေများ – အရိုးပိုးဝင်ခြင်း၊ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်များနှင့် အခြားသော အရိုးအကြောဆိုင်ရာ ပြဿနာများသည် ပုံမှန်အရိုးကြီးထွားမှုကို နှောင့်ယှက်နိုင်ပြီး ခြေထောက်အရှည် မညီမျှခြင်းကို ဖြစ်စေနိုင်သည်။
ယခင်ခွဲစိတ်မှုများ – တင်ပါးဆုံ၊ ဒူးခေါင်း သို့မဟုတ် အောက်ပိုင်းခြေဆစ်များနှင့် ပတ်သက်သည့် အရိုးအကြော ခွဲစိတ်မှုများသည် အချို့သော အခြေအနေများတွင် ခြေဆစ်အရှည် သို့မဟုတ် အနေအထား တန်းညှိမှုကို သက်ရောက်မှုရှိစေနိုင်သည်။
အဆစ် သို့မဟုတ် ပျော့ပျောင်းတစ်ရှူး ပြဿနာများ – အဆစ်အနေအထား၊ ကြွက်သားပျော့ပျောင်းမှု သို့မဟုတ် တင်ပါးဆုံ တည်ရှိမှု ပြောင်းလဲခြင်းများသည် မူလအရိုးအရှည်များ တူညီနေသော်လည်း လုပ်ဆောင်ချက်ဆိုင်ရာ ကွာခြားမှုကို ဖန်တီးပေးနိုင်သည်။
မှန်ကန်သည့် ကုသမှု နည်းလမ်းသည် ခြေထောက်အရှည် မညီမျှမှု အမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်သောကြောင့် အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းကို စိစစ်ရှာဖွေခြင်းသည် အရေးပါလှသည်။
ခြေထောက်အရှည် မညီမျှခြင်း၏ ရောဂါလက္ခဏာများမှာ ဘာတွေလဲ ?
အထူးသဖြင့် ခြေထောက်အရှည် ကွာခြားမှု နည်းပါးသည့်အခါ အချို့သူများတွင် မည်သည့် ရောဂါလက္ခဏာမျှ ပြသမည် မဟုတ်ပါ။
ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက အောက်ပါတို့ ပါဝင်နိုင်သည် –
ခြေလှမ်း မညီခြင်း သို့မဟုတ် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရခြင်း
လမ်းလျှောက်သည့် ပုံစံ သို့မဟုတ် သွားလာမှု ပုံစံများ ပြောင်းလဲခြင်း
ဟန်ချက်ထိန်းရန် ခက်ခဲခြင်း
ခြေထောက်တစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုတိုနေသည်ဟု မြင်တွေ့ရခြင်း
တင်ပါးဆုံ သို့မဟုတ် ဒူးခေါင်း၌ မအီမသာဖြစ်ခြင်းနှင့် နာကျင်ခြင်း
ခါးအောက်ပိုင်း နာကျင်ခြင်း
ခန္ဓာကိုယ် ဟန်ချက် သို့မဟုတ် တင်ပါးဆုံ တန်းညှိမှု အနေအထား ပြောင်းလဲခြင်း
ကြာရှည်စွာ ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းတို့တွင် ကြွက်သားများ ညောင်းညာနွမ်းနယ်ခြင်း
အချို့သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ခက်ခဲခြင်း
ရောဂါလက္ခဏာများ ရှိနေခြင်းနှင့် ပြင်းထန်မှုတို့သည် တိုင်းတာရရှိသည့် ခြေထောက်အရှည် ကွာခြားချက်နှင့် အမြဲတမ်း တိုက်ရိုက် သက်ဆိုင်နေမည် မဟုတ်ပါ။ တိုင်းတာသိရှိနိုင်သော ကွာခြားမှု ရှိနေသူအချို့သည် သက်တောင့်သက်သာ ရှိနေနိုင်ပြီး အခြားသူများမှာမူ နည်းပါးသည့် ကွာခြားမှုဖြင့်ပင် ရောဂါလက္ခဏာများကို ခံစားရနိုင်သည်။
ခြေထောက်အရှည် မညီမျှခြင်းက ခါးနာခြင်းကို ဖြစ်စေနိုင်သလား ?
သိသာသည့် ခြေထောက်အရှည် ကွာခြားမှုသည် ရပ်နေစဉ်နှင့် လမ်းလျှောက်နေစဉ်အတွင်း တင်ပါးဆုံ၊ ပေါင်ဆုံနှင့် ကျောရိုးတို့၏ တည်ရှိမှု အနေအထားကို ပြောင်းလဲစေနိုင်သည်။ ခန္ဓာကိုယ်သည် ၎င်း၏ လှုပ်ရှားမှု ပုံစံကို ပြောင်းလဲ၍ ညှိယူပြင်ဆင်ရသည့်အတွက် ခါးအောက်ပိုင်း သို့မဟုတ် အခြား အရိုး၊ အဆစ်၊ ကြွက်သား အစိတ်အပိုင်းများတွင် မအီမသာဖြစ်ခြင်းနှင့် နာကျင်ခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော်လည်း ခါးနာခြင်းတွင် ဖြစ်ပွားရသည့် အကြောင်းအရင်းများစွာ ရှိနိုင်သည်။ ခြေထောက်အရှည် မညီမျှခြင်းက ရောဂါလက္ခဏာများကို စတင်ဖြစ်ပေါ်စေခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် အခြားသော ရောဂါအခြေအနေတစ်ခုကြောင့် ဖြစ်ပွားနေခြင်းလား ဆိုသည်ကို ဆုံးဖြတ်ရန် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် အရေးပါလှသည်။
ခြေထောက်အရှည် မညီမျှခြင်းကို မည်သို့ စမ်းသပ်စစ်ဆေးရောဂါရှာဖွေ သလဲ ?
ရောဂါရှာဖွေခြင်းကို ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်အား စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် စတင်သည်။ အရိုးအကြောဆိုင်ရာ အထူးကုဆရာဝန်သည် လူနာ၏ မတ်မတ်ရပ်သည့် အနေအထား၊ တင်ပါးဆုံ တန်းညှိမှု၊ ခြေထောက် တန်းညှိမှု၊ အဆစ် လှုပ်ရှားနိုင်မှု၊ ကြွက်သား ပျော့ပျောင်းမှုနှင့် လမ်းလျှောက်သည့် ပုံစံတို့ကို စစ်ဆေးနိုင်သည်။
ဆရာဝန်သည် လူနာ မတ်မတ်ရပ်နေစဉ်အတွင်း ပိုတိုသည့် ခြေထောက်အောက်တွင် အမြင့်အမျိုးမျိုးရှိသော တုံးများ (blocks) ကို ခုပေး၍ စမ်းသပ်သည့် block test ကိုလည်း ပြုလုပ်နိုင်သည်။ ဤစမ်းသပ်မှုသည် ကွာခြားမှု ပမာဏကို ခန့်မှန်းရန်နှင့် ကွာခြားမှုကို ညှိပေးလိုက်သည့်အခါ တင်ပါးဆုံသည် ညီညာသွားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ကူညီပေးသည်။
ပုံရိပ်ဖော် ဓာတ်မှန်စမ်းသပ်မှုများ
ပုံရိပ်ဖော် စမ်းသပ်မှုများသည် ပိုမိုတိကျသည့် တိုင်းတာမှုကို ပေးနိုင်ပြီး ကွာခြားမှု ဖြစ်ပေါ်နေသည့် နေရာနှင့် အကြောင်းအရင်းကို ဖော်ထုတ်ရန် ကူညီပေးသည်။
တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ ပုံရိပ်ဖော် စမ်းသပ်မှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
မတ်မတ်ရပ်လျက် ရိုက်ကူးသည့် ဓာတ်မှန်များ ( Standing X-rays): လူနာ မတ်မတ်ရပ်နေစဉ် ခြေထောက်အရှည်နှင့် တန်းညှိမှု အနေအထားကို စစ်ဆေးရန်။
ခြေထောက်တစ်ပြင်လုံး သို့မဟုတ် အထူးပြု ဓာတ်မှန်များ ( Long-leg or specialized X-rays): သီးခြား အရိုးအပိုင်းအစများ၏ အရှည်ကို တိုင်းတာရန်။
စကင်နိုဂရမ် ( Scanogram): ပေါင်ရိုး (femur) နှင့် ခြေသလုံးအတွင်းရိုး (tibia) တိုင်းတာချက်များကို ရယူရန်။
အခြား ပုံရိပ်ဖော် စမ်းသပ်မှုများ: အရိုးများ၊ အဆစ်များ သို့မဟုတ် ပတ်ဝန်းကျင် တည်ဆောက်ပုံများနှင့် ပတ်သက်၍ အပိုဆောင်း အချက်အလက်များ လိုအပ်သည့်အခါ အသုံးပြုသည်။
ခွဲစိတ်ကုသမှုကို ထည့်သွင်းစဉ်းစားနေသည့်အခါ ကုသမှုအစီအစဉ်တွင် ခြေဆစ်အရှည်နှင့် ခန္ဓာကိုယ် အထွေထွေ တန်းညှိမှု အနေအထား နှစ်ခုစလုံးကို ထည့်သွင်းတွက်ချက်ရမည် ဖြစ်သောကြောင့် တိကျစွာ တိုင်းတာရန် အထူးပင် အရေးပါလှသည်။
ခြေထောက်အရှည် မညီမျှခြင်းကို မည်သို့ ကုသသလဲ ?
ခြေထောက်အရှည် မညီမျှခြင်းအတွက် ကုသမှုသည် ကွာခြားမှု ပမာဏ၊ မူလဖြစ်ပွားရသည့် အကြောင်းအရင်း၊ ရောဂါလက္ခဏာများ၊ လှုပ်ရှားမှုအပေါ် သက်ရောက်မှုနှင့် လူနာ၏ အထွေထွေ ကျန်းမာရေး အခြေအနေတို့အပေါ် မူတည်သည်။ အချို့သူများအတွက် ပုံမှန် စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ရန်သာ လိုအပ်နိုင်သော်လည်း အခြားသူများမှာမူ ခွဲစိတ်ရန် မလိုသည့် ပြုစုကုသမှုများ သို့မဟုတ် ခွဲစိတ်ကုသမှု နည်းလမ်းများမှ အကျိုးကျေးဇူး ရရှိနိုင်သည်။
ကုသမှု နည်းလမ်း ထည့်သွင်းစဉ်းစားနိုင်သည့် အခြေအနေ ပင်မ ရည်မှန်းချက် စောင့်ကြည့်စစ်ဆေးခြင်း လှုပ်ရှားမှုအပေါ် သက်ရောက်မှု မရှိသလောက် သို့မဟုတ် အနည်းငယ်မျှသာ ကွာခြားမှု အချိန်နှင့်အမျှ ပြောင်းလဲမှုများကို စောင့်ကြည့်ရန် ဖိနပ်အခံ သို့မဟုတ် ခြေထောက် အထောက်အကူပြု ပစ္စည်းများ အနည်းငယ်မျှသာ ကွာခြားမှု ရှိသည့်အခါ သို့မဟုတ် ခွဲစိတ်ရန် မလိုအပ်သည့်အခါ ကွာခြားမှုကို ဖြည့်ဆည်းပေးရန်နှင့် ဟန်ချက်ထိန်းနိုင်မှုကို အထောက်အကူပြုရန် ကာယကုထုံး လမ်းလျှောက်ပုံ၊ ခွန်အား၊ ပျော့ပျောင်းမှု သို့မဟုတ် လှုပ်ရှားမှု ပြဿနာများ လှုပ်ရှားသွားလာနိုင်မှုနှင့် လှုပ်ရှားမှု ပုံစံများကို တိုးတက်ကောင်းမွန်စေရန် ခွဲစိတ်ကုသခြင်း လှုပ်ရှားမှု သို့မဟုတ် ဘဝအရည်အသွေးကို သက်ရောက်မှုရှိစေသည့် သိသာသည့် ကွာခြားမှု ကွာခြားမှုကို ပြင်ဆင်ရန်နှင့် ခြေဆစ် ဟန်ချက်ညီမှုကို တိုးတက်ကောင်းမွန်စေရန်
မှန်ကန်သည့် ကုသမှုကို တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်သည်။ ကုသမှု၏ ရည်မှန်းချက်မှာ ခြေထောက်နှစ်ဖက်စလုံးကို အရှည်အတိအကျ တူညီသွားစေရန် အမြဲတမ်း ပြုလုပ်ခြင်း မဟုတ်ဘဲ သက်တောင့်သက်သာ လှုပ်ရှားနိုင်မှုနှင့် သင့်တော်သည့် ခြေထောက် တန်းညှိမှု အနေအထားကို အထောက်အကူပြုသည့် လုပ်ဆောင်ချက်ဆိုင်ရာ ဟန်ချက်ညီမှုကို ရရှိစေရန် ဖြစ်သည်။
ခြေထောက်အရှည် မညီမျှခြင်း၏ ဖြစ်ပွားနိုင်သော နောက်ဆက်တွဲ ပြဿနာများမှာ ဘာတွေလဲ ?
သိသာသည့် ခြေထောက်အရှည် ကွာခြားမှုကို ကုသမှု မခံယူဘဲ ထားရှိပါက အောက်ပိုင်းခြေဆစ်များနှင့် ကျောရိုးတို့ ပေါင်းစပ် လုပ်ဆောင်သည့် ပုံစံကို သက်ရောက်မှုရှိစေနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားသည့် လှုပ်ရှားမှု ပုံစံများကြောင့် အောက်ပါတို့ ဖြစ်ပေါ်လာနိုင်သည် –
လမ်းလျှောက်ပုံ မမှန်ခြင်း
ခန္ဓာကိုယ် ဟန်ချက်နှင့် အနေအထား ပြောင်းလဲခြင်း
ကြွက်သားများ ညောင်းညာနွမ်းနယ်ခြင်း
တင်ပါးဆုံ သို့မဟုတ် ဒူးခေါင်း၌ မအီမသာဖြစ်ခြင်းနှင့် နာကျင်ခြင်း
ခါးအောက်ပိုင်း မအီမသာဖြစ်ခြင်း
ကြာရှည်စွာ လမ်းလျှောက်ခြင်း သို့မဟုတ် ရပ်နေခြင်းတို့တွင် ခက်ခဲခြင်း
အရိုး၊ အဆစ်၊ ကြွက်သား စနစ်၏ အခြားသော အစိတ်အပိုင်းများပေါ်သို့ ဝန်ပိုမို ပိလာခြင်း
သို့သော်လည်း ခြေထောက်အရှည် မညီမျှခြင်း ရှိသူတိုင်းတွင် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားမည် မဟုတ်ပါ။ ဆေးပညာအရ သက်ရောက်မှု ပြင်းထန်မှုသည် ကွာခြားမှု ပမာဏ၊ မူလဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်က ထိုကွာခြားချက်ကို မည်
ခြေထောက်အရှည် မညီမျှခြင်းကို ကာကွယ်နိုင်ပါသလား ?
ဖြစ်ပွားသည့် အခြေအနေ အားလုံးကို ကာကွယ်၍ မရနိုင်ပါ။ မွေးရာပါ အခြေအနေများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဖြစ်ပွားရသည့် အကြောင်းအရင်းများကို အများအားဖြင့် ကာကွယ်၍ မရနိုင်ပေ။
သို့သော်လည်း အရိုးကျိုးခြင်း၊ အရိုးကြီးထွားမှုဇုန် ဒဏ်ရာရခြင်း၊ ပိုးဝင်ခြင်းနှင့် အခြား အရိုးအကြောဆိုင်ရာ ရောဂါအခြေအနေများကို မှန်ကန်စွာ ကုသမှုခံယူခြင်းသည် ခြေထောက်အရှည် ကွာခြားမှု ဖြစ်ပွားခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း ကဲ့သို့သော ဘေးအန္တရာယ်များကို လျှော့ချရာတွင် ကူညီပေးနိုင်သည်။
ဆိုးရွားသည့် အောက်ပိုင်းခြေဆစ် ဒဏ်ရာရရှိပြီးနောက် စောစီးစွာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းသည် ဒဏ်ရာသည် အရိုးကြီးထွားမှုဇုန်နှင့် ပတ်သက်နေသည့်အခါ သို့မဟုတ် ပုံမှန်အရိုးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိစေနိုင်သည့်အခါများတွင် အထူးပင် အရေးပါလှသည်။
မည်သည့်အချိန်တွင် အရိုးအကြောဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သလဲ ?
အောက်ပါ အခြေအနေများကို သတိပြုမိပါက အရိုးအကြောဆိုင်ရာ ပြသစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် စဉ်းစားသင့်သည် –
ခြေထောက်အရှည် မညီမျှခြင်းကို အထင်အရှား မြင်တွေ့ရခြင်း
ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေရခြင်း သို့မဟုတ် လမ်းလျှောက်ပုံ မမှန်ခြင်း
လမ်းလျှောက်ရန် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ရန် ခက်ခဲခြင်း
တင်ပါးဆုံ၊ ဒူးခေါင်း သို့မဟုတ် ခါးအောက်ပိုင်း မအီမသာဖြစ်ခြင်းနှင့် နာကျင်ခြင်းတို့ မကြာခဏ ပြန်လည်ဖြစ်ပွားခြင်း
ခန္ဓာကိုယ် ဟန်ချက် သို့မဟုတ် တင်ပါးဆုံ တန်းညှိမှု အနေအထား ပြောင်းလဲခြင်း
အရိုးကျိုးခြင်း၊ အရိုးကြီးထွားမှုဇုန် ဒဏ်ရာရခြင်း၊ အရိုးပိုးဝင်ခြင်း သို့မဟုတ် အရိုးအကြော ခွဲစိတ်မှု ရာဇဝင် ရှိခဲ့ခြင်း
အရိုးကြီးထွားမှု သို့မဟုတ် ခြေဆစ်ဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိစေနိုင်သည့် သိရှိထားသော ရောဂါအခြေအနေ တစ်ခုခုရှိခြင်း
ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး၏ ဘက်စုံလွှမ်းခြုံနိုင်သော ပြုစုစောင့်ရှောက်မှု
ခြေထောက်အရှည် မညီမျှခြင်းသည် အရိုးအရှည် ကွာခြားမှုတစ်ခုတည်းထက်မက ပါဝင်နေနိုင်သည်။ တိကျသည့် ရောဂါရှာဖွေခြင်းအတွက် ခြေဆစ် တန်းညှိမှု အနေအထား၊ အဆစ် လုပ်ဆောင်ချက်၊ လမ်းလျှောက်သည့် ပုံစံနှင့် အရိုး၊ အဆစ်၊ ကြွက်သားဆိုင်ရာ မူလရောဂါအခြေအနေများကို စမ်းသပ်စစ်ဆေးရန် လိုအပ်နိုင်သည်။
ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ၏ အရိုးအကြောဆိုင်ရာ အထူးကုဌာန (Orthopedics Center) သည် ခြေထောက်အရိုး ဆန့်ထုတ်၍ ရှည်စေခြင်းနှင့် ခြေထောက်အရှည် မညီမျှခြင်းများ အပါအဝင် အရိုးအကြောဆိုင်ရာ ရောဂါအခြေအနေ အမျိုးမျိုးအတွက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကုသမှု နည်းလမ်းသည် လူနာတစ်ဦးချင်းစီ၏ အခြေအနေအပေါ် အခြေခံပြီး ခွဲစိတ်ရန်မလိုသည့် ပြုစုကုသမှုများမှစ၍ ဆေးပညာအရ လိုအပ်ပါက ခွဲစိတ်ကုသမှု နည်းလမ်းများအထိ ပါဝင်သည်။
အထူးကုဘာသာရပ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းသည် အရိုးအကြောဆိုင်ရာ အခြေအနေတစ်ခု၏ လုပ်ဆောင်ချက်ဆိုင်ရာ သက်ရောက်မှုများကို ဖြေရှင်းပေးရာတွင်လည်း ကူညီပေးနိုင်သည်။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများသည် ပြန်လည်ကောင်းမွန်လာမှုကို အထောက်အကူပြုရန်နှင့် လူနာများ နေ့စဉ်လှုပ်ရှားမှုများဆို့ ပြန်လည်လုပ်ဆောင်နိုင်စေရန်အတွက် ခွန်အား၊ လှုပ်ရှားသွားလာနိုင်မှု၊ ဟန်ချက်ထိန်းနိုင်မှုနှင့် လမ်းလျှောက်သည့် ပုံစံတို့အပေါ် အဓိကထား ဆောင်ရွက်ပေးသည်။
ခြေထောက်အရှည် မညီမျှခြင်းနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသော မေးခွန်းများ ( FAQs)
ခြေထောက်အရှည် မညီမျှခြင်း ဆိုတာဘာလဲ?
ခြေထောက်အရှည် မညီမျှခြင်း ဆိုသည်မှာ အောက်ပိုင်း ခြေဆစ် နှစ်ဖက်၏ အရှည် ကွာခြားနေသည့် အခြေအနေ ဖြစ်သည်။ အရိုးအရှည် အမှန်တကယ် ကွာခြားခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ခြေထောက်တစ်ဖက်ကို ပိုတိုနေသည် သို့မဟုတ် တိုနေသကဲ့သို့ လုပ်ဆောင်စေသည့် လုပ်ဆောင်ချက်ဆိုင်ရာ အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်သည်။
ခြေထောက်အရှည် မညီမျှခြင်းကို ဘာတွေက ဖြစ်စေသလဲ ?
အဖြစ်များသည့် အကြောင်းအရင်းများတွင် မွေးရာပါ ကွာခြားမှုများ၊ အရိုး ပုံမှန်မဟုတ်ဘဲ ကြီးထွားခြင်း၊ အရိုးကျိုးခြင်း၊ အရိုးကြီးထွားမှုဇုန် ဒဏ်ရာရခြင်း၊ ပိုးဝင်ခြင်း၊ ယခင် အရိုးအကြော ခွဲစိတ်မှု ရာဇဝင်ရှိခြင်းနှင့် အဆစ် သို့မဟုတ် တင်ပါးဆုံ တန်းညှိမှု ပြောင်းလဲခြင်းတို့ ပါဝင်သည်။
ခြေထောက်အရှည် မညီမျှခြင်း၏ ရောဂါလက္ခဏာများမှာ ဘာတွေလဲ?
အချို့သူများတွင် မည်သည့် ရောဂါလက္ခဏာမျှ မရှိပါ။ အခြားသူများတွင် လမ်းလျှောက်ပုံ မမှန်ခြင်း၊ ထော့နဲ့ထော့နဲ့ ဖြစ်ခြင်း၊ ခန္ဓာကိုယ် အနေအထား ပြောင်းလဲခြင်း၊ ဟန်ချက် ထိန်းရခက်ခြင်း၊ ကြွက်သားများ ညောင်းညာနွမ်းနယ်ခြင်း သို့မဟုတ် တင်ပါးဆုံ၊ ဒူးခေါင်းနှင့် ခါးအောက်ပိုင်းတို့၌ မအီမသာဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်။
ခြေထောက်အရှည် မညီမျှခြင်းကို မည်သို့ တိုင်းတာသလဲ ?
အထူးကုဆရာဝန်သည် ကွာခြားချက်ကို ခန့်မှန်းရန် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းနှင့် block test တို့ကို အသုံးပြုနိုင်သည်။ မတ်မတ်ရပ်လျက် ရိုက်ကူးသည့် ဓာတ်မှန်များ သို့မဟုတ် အထူးပြု ခြေထောက်တစ်ပြင်လုံး တိုင်းတာမှုများ ကဲ့သို့သော ပုံရိပ်ဖော် စမ်းသပ်မှုများသည် ပိုမိုတိကျသည့် ဆန်းစစ်ချက်ကို ပေးနိုင်သည်။
ခြေထောက်အရှည် မညီမျှခြင်း တိုင်းအတွက် ကုသမှု လိုအပ်ပါသလား ?
မလိုအပ်ပါ။ ရောဂါလက္ခဏာများ သို့မဟုတ် လှုပ်ရှားမှုဆိုင်ရာ ပြဿနာများကို မဖြစ်ပေါ်စေသည့် အနည်းငယ်မျှသာ ကွာခြားမှုများအတွက် စောင့်ကြည့်စစ်ဆေးရန်သာ လိုအပ်နိုင်သည်။ ခြေထောက်အရှည် ကွာခြားမှုသည် လှုပ်ရှားသွားလာမှု၊ သက်တောင့်သက်သာရှိမှု သို့မဟုတ် လုပ်ဆောင်ချက်တို့အပေါ် သိသာသည့် သက်ရောက်မှု ရှိမှသာ ကုသမှုကို ထည့်သွင်းစဉ်းစားသည်။
ဖိနပ်အခံ ထည့်ခြင်းဖြင့် ခြေထောက်အရှည် မညီမျှခြင်းကို ပြင်ဆင်ပေးနိုင်သလား?
ဖိနပ်အခံ (shoe lift) သည် ခြေထောက်အရှည် ကွာခြားမှုကို ဖြည့်ဆည်းပေးနိုင်ပြီး အနည်းငယ်မျှသာ ကွာခြားမှုရှိသည့် အချို့သော လူနာများအတွက် သင့်တော်နိုင်သည်။ ပြင်ဆင်ဖြည့်ဆည်းပေးရမည့် ပမာဏကို တစ်ဦးချင်းစီ၏ စမ်းသပ်စစ်ဆေးချက်အပေါ် မူတည်၍ ဆုံးဖြတ်ရမည် ဖြစ်သည်။
ခြေထောက်အရှည် မညီမျှခြင်းက ခါးနာခြင်းကို ဖြစ်စေနိုင်သလား ?
တင်ပါးဆုံ အနေအထားနှင့် လှုပ်ရှားမှု ပုံစံများကို ပြောင်းလဲစေခြင်းဖြင့် ခါးအောက်ပိုင်း မအီမသာဖြစ်ခြင်းကို အထောက်အကူပြု ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ခါးနာခြင်းတွင် ဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများစွာ ရှိနိုင်သောကြောင့် မူလဖြစ်ပွားရသည့် အကြောင်းအရင်းကို ဆုံးဖြတ်ရန် ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဆက်သွယ်ရန် –
အရိုးအကြောဆိုင်ရာ အထူးကုဌာန ၊ King of Bones အဆောက်အအုံ၊ ဒုတိယထပ်၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – +66 (0) 2734-0000 လိုင်းခွဲ 2298, 2299 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. PRAPAN KOMOLMAL
Orthopedics
Trauma
Readers’ Rating
0.0 out of 5 stars (based on 0 reviews)