ဦးနှောက်သွေးကြောဖောင်းခြင်း

Vejthani Hospital provides vital treatment for aneurysms.

ခြုံငုံသုံးသပ်ချက်

ဦးနှောက်သွေးကြောဖောင်းခြင်းသည် အသက်အန္တရာယ်ရှိနိုင်သော အခြေအနေတစ်ခုဖြစ်ပြီး ချက်ချင်းကုသမှုခံယူရန် လိုအပ်ပါသည်။ ဝေ့ဌာနီဆေးရုံသည် ထိုင်းနိုင်ငံတွင် ဦးနှောက်သွေးကြောဖောင်းခြင်းအတွက် ကျွမ်းကျင်သော ကုသမှုများကို ပေးဆောင်လျက်ရှိပါသည်။

ဦးနှောက်သွေးကြောဖောင်းခြင်း (Cerebral Aneurysm) ဆိုသည်မှာ ဦးနှောက်အတွင်းရှိ သွေးကြောနံရံများ ပါးလွှာလာရာမှ သွေးကြောဖောင်းကြွလာခြင်း သို့မဟုတ် မိုးပျံပူဖောင်းသဏ္ဌာန် ဖြစ်ပေါ်လာပြီး အတွင်း၌ သွေးများ ပြည့်နေခြင်း ဖြစ်သည်။ သွေးကြောနံရံများ အားနည်းသော နေရာများဖြစ်သည့် သွေးကြောခွဆုံများတွင် အဖြစ်များတတ်ပါသည်။

ဦးနှောက်သွေးကြောဖောင်းခြင်းသည် မပေါက်ထွက်မချင်း သို့မဟုတ် သွေးမစိမ့်ထွက်မချင်း မည်သည့်လက္ခဏာမျှ ပြလေ့မရှိပါ။ ပေါက်ထွက်သွားပါက ဦးနှောက်အတွင်း သွေးယိုစီးမှု ဖြစ်ပေါ်ပြီး သွေးကြောပေါက် လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ ၎င်းသည် ဦးနှောက်ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ကို ဖြစ်စေနိုင်ပါသည်။ ပေါက်ထွက်သွားသော ဦးနှောက်သွေးကြောသည် ဦးနှောက်နှင့် ဦးနှောက်ကို ဖုံးအုပ်ထားသော တစ်ရှူးလွှာများအကြား သွေးယိုစီးမှုကို ဖြစ်ပေါ်စေပြီး ၎င်းကို Subarachnoid Hemorrhage ဟု ခေါ်ဆိုပါသည်။

သို့သော် မပေါက်ထွက်သော သို့မဟုတ် မည်သည့်လက္ခဏာနှင့် ပြဿနာမျှ မပေးသော သွေးကြောဖောင်းခြင်းများလည်း ရှိတတ်ပါသည်။ အခြားရောဂါများအတွက် စစ်ဆေးမှုပြုလုပ်ရာမှတစ်ဆင့် တွေ့ရှိရလေ့ရှိပါသည်။ ပေါက်ထွက်သွားသော သွေးကြောဖောင်းခြင်းကို ကုသရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပြီး ရည်ရွယ်ချက်မှာ သွေးကြောဖောင်းသည့်နေရာသို့ သွေးများ ထပ်မံမဝင်ရောက်စေရန်နှင့် နောက်ထပ်မပေါက်ထွက်စေရန် သွေးစီးဆင်းမှုကို လမ်းကြောင်းပြောင်းလဲပေးရန် ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

သွေးကြောဖောင်းရာမှ ပေါက်ထွက်ခြင်း (Ruptured Aneurysm): အဓိကလက္ခဏာမှာ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း ဖြစ်သည်။ အခြားသော သတိပေးလက္ခဏာများမှာ-

  • ပျို့အန်ခြင်း
  • အမြင်အာရုံ ဝေဝါးခြင်း
  • အလင်းရောင် မခံနိုင်ခြင်း
  • ဇက်ခိုင်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • တက်ခြင်း
  • သတိလစ်ခြင်း

သွေးစိမ့်ထွက်ခြင်း (Leak Aneurysm): သွေးကြောဖောင်းရာမှ သွေးအနည်းငယ် စိမ့်ထွက်ခြင်းကြောင့်လည်း ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်နိုင်ပါသည်။ သွေးစိမ့်ထွက်ခြင်းသည် နောက်ဆက်တွဲ ပြင်းထန်သော သွေးကြောပေါက်ထွက်မှု၏ ရှေ့ပြေးလက္ခဏာ ဖြစ်လေ့ရှိပါသည်။

မပေါက်ထွက်သော သွေးကြောဖောင်းခြင်း (Unruptured Aneurysm): အကယ်၍ သွေးကြောမပေါက်ပါက မည်သည့်လက္ခဏာမျှ မရှိနိုင်ပါ။ သို့သော် သွေးကြောဖောင်းမှု ပိုကြီးလာပါက ဦးနှောက်တစ်ရှူးများနှင့် အာရုံကြောများကို ဖိမိပြီး အောက်ပါတို့ ဖြစ်ပွားနိုင်ပါသည်-

  • မျက်နှာတစ်ခြမ်း ထုံကျဉ်ခြင်း
  • မျက်လုံးတစ်ဖက်၏ အနောက် သို့မဟုတ် အပေါ်ပိုင်းတွင် နာကျင်ခြင်း
  • သူငယ်အိမ် ကျယ်လာခြင်း
  • အမြင်အာရုံ ပြောင်းလဲခြင်း သို့မဟုတ် ပုံရိပ်နှစ်ထပ်မြင်ခြင်း

အကယ်၍ တစ်ဦးတစ်ယောက်တွင် ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း သို့မဟုတ် တက်ခြင်းများ ဖြစ်ပေါ်ပါက ချက်ချင်း ဆေးကုသမှု ခံယူပါ။

ဖြစ်ပွားရသည့် အကြောင်းရင်း

ဦးနှောက်သွေးကြောဖောင်းရသည့် အကြောင်းရင်း သို့မဟုတ် ပေါက်ထွက်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း သွေးတိုးခြင်းကို ဖြစ်စေသည့် မည်သည့်အရာမဆို အန္တရာယ်ရှိနိုင်ပါသည်။ သွေးပေါင်ချိန် မြင့်တက်ခြင်းသည် သွေးကြောနံရံများကို ပိုမိုတွန်းကန်အား ဖြစ်စေသောကြောင့် အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေ မြင့်မားသူများ

သွေးကြောနံရံများ အားနည်းခြင်းကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများသူများမှာ-

  • အသက်အရွယ်: ကလေးများထက် လူကြီးများတွင် ပိုမိုအဖြစ်များသည်။
  • လိင်: အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။
  • မိသားစုရာဇဝင်: မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးများတွင် ဦးနှောက်သွေးကြောဖောင်းဖူးသည့် ရာဇဝင်ရှိခြင်း။
  • မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ: Ehlers-Danlos Syndrome၊ Marfan Syndrome၊ Neurofibromatosis Type ၁ သို့မဟုတ် Loeys-Dietz Syndrome ကဲ့သို့သော တစ်ရှူးဆိုင်ရာ မျိုးရိုးဗီဇရောဂါများ ရှိခြင်း။
  • အခြားရောဂါများ: Cerebral Arteritis၊ Fibromuscular Dysplasia ကဲ့သို့သော ရှားပါးသွေးကြောရောဂါများ သို့မဟုတ် ကျောက်ကပ်တွင် အရည်အိတ်တည်သောရောဂါ (Polycystic Kidney Disease) ခံစားနေရသူများ။

သင်သည် အန္တရာယ်ရှိနိုင်ခြေ မြင့်မားသော အုပ်စုတွင် ပါဝင်နေပါက ကြိုတင်ကာကွယ်မှုများနှင့် ကုသမှုနည်းလမ်းများကို ဆွေးနွေးနိုင်ရန် ဝေ့ဌာနီဆေးရုံရှိ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ရောဂါရှာဖွေခြင်း

လူနာတွင် ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်းကြောင့် ဖြစ်နိုင်သော အခြားလက္ခဏာများ ခံစားရပါက ဆရာဝန်သည် ဦးနှောက်နှင့် ပတ်ဝန်းကျင်တစ်ရှူးများကြား သွေးယိုစိမ့်မှု ရှိ၊ မရှိ စစ်ဆေးအကဲဖြတ်ပါမည်။

ထို့အပြင် လူနာသည် ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ မျက်လုံးနောက်ဘက်တွင် နာကျင်ခြင်း သို့မဟုတ် အမြင်အာရုံပြောင်းလဲခြင်းကဲ့သို့သော မပေါက်ထွက်သေးသည့် ဦးနှောက်သွေးကြောဖောင်းခြင်း လက္ခဏာများ ခံစားနေရပါက နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

ရောဂါရှာဖွေရေး စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည်-

ပုံရိပ်ဖော် စစ်ဆေးမှုများ:

  • ကွန်ပျူတာဓာတ်မှန် (CT): အထူးပြုလုပ်ထားသော X-ray ကို အသုံးပြု၍ လူနာတွင် ဦးနှောက်သွေးယိုခြင်း သို့မဟုတ် အခြားလေဖြတ်ခြင်း အမျိုးအစားများ ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်သည်။ ဤစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုကြည်လင်စွာ မြင်နိုင်ရန်နှင့် သွေးကြောဖောင်းမှုကို သိရှိနိုင်ရန် ဆေးရည်တစ်မျိုး ထိုးသွင်းနိုင်ပါသည်။
  • သံလိုက်ဓာတ်မှန် (MRI): ရေဒီယိုလှိုင်းများနှင့် သံလိုက်စက်ကွင်းကို အသုံးပြု၍ ဦးနှောက်၏ တိကျသော ပုံရိပ်များကို နှစ်ဖက်မြင် (2D) သို့မဟုတ် သုံးဖက်မြင် (3D) ထုတ်လုပ်ပေးပါသည်။ သွေးကြောများကို သေချာစွာ စစ်ဆေးပေးသည့် MR Angiography (MRI အမျိုးအစားတစ်ခု) အသုံးပြု၍ သွေးကြောဖောင်းနေမှုကို ရှာဖွေနိုင်ပါသည်။

ခါးရိုးဆစ်အတွင်းမှ အရည်ကို စစ်ဆေးခြင်း (Cerebrospinal fluid test): အပ်ကို အသုံးပြု၍ ခါးရိုးဆစ်အတွင်းမှ အရည်ကို ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) ဖြစ်သည်။ အကယ်၍ လူနာတွင် Subarachnoid Hemorrhage ခေါ် ဦးနှောက်မြှေးအောက် သွေးယိုစီးမှု ဖြစ်ပွားပါက ဦးနှောက်နှင့် ခါးရိုးဆစ်တစ်လျှောက်ရှိ အရည်များတွင် သွေးနီဥများ ပါဝင်နေမည် ဖြစ်သည်။ သွေးကြောပေါက်သည့် လက္ခဏာများရှိပါက ဤစစ်ဆေးမှုသည် ရောဂါရှာဖွေရန် အထောက်အကဲ ဖြစ်စေပါသည်။

ဦးနှောက်သွေးကြောအတွင်း ပိုက်ထည့်ဓာတ်မှန်ရိုက်ခြင်း (Cerebral angiogram): ပါးလွှာပြီး ပျော့ပြောင်းသော ပိုက် (Catheter) ကို လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံရှိ ပင်မသွေးကြောအတွင်းသို့ ထည့်သွင်းခြင်း ဖြစ်သည်။ ထိုပိုက်သည် နှလုံးကို ဖြတ်၍ ဦးနှောက်ရှိ သွေးကြောများအထိ ရောက်ရှိသွားပါသည်။ ထို့နောက် ပိုက်မှတစ်ဆင့် ဆေးရည်ထည့်သွင်း၍ X-ray ရိုက်ခြင်းဖြင့် ဦးနှောက်သွေးကြောများ၏ အခြေအနေကို အသေးစိတ် ကြည့်ရှုနိုင်ပြီး သွေးကြောဖောင်းမှုကို ရှာဖွေနိုင်ပါသည်။ အခြားစစ်ဆေးမှုများဖြင့် အဖြေမပေါ်သည့်အခါတွင် ဤနည်းလမ်းကို အသုံးပြုလေ့ရှိပါသည်။

ဦးနှောက်သွေးကြောဖောင်းခြင်းအတွက် ကြိုတင်စစ်ဆေးခြင်း: အန္တရာယ်ရှိနိုင်ခြေ အလွန်မများပါက မပေါက်ထွက်သေးသော သွေးကြောဖောင်းမှုများအတွက် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံမပြုပါ။ ကြိုတင်စစ်ဆေးမှု၏ ကောင်းကျိုးများကို ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးပါ။

ကုသမှု

ခွဲစိတ်ကုသခြင်း

ဦးနှောက်သွေးကြောဖောင်းခြင်း ခွဲစိတ်မှု: ပေါက်ထွက်သွားသော ဦးနှောက်သွေးကြောဖောင်းခြင်းကို အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်-

  • Surgical Clipping (ညှပ်ခြင်း): Surgical clipping ဆိုသည်မှာ သွေးကြောဖောင်းခြင်းကို ပိတ်ဆို့ရန် ပြုလုပ်သော ခွဲစိတ်မှု တစ်ခု ဖြစ်သည်။သွေးကြောဖောင်းသည့်နေရာနှင့် ၎င်းသို့ သွေးပို့လွှတ်နေသော လမ်းကြောင်းကို သိရှိနိုင်ရန် ဦးခေါင်းခွံ၏ အစိတ်အပိုင်းအချို့ကို ဖယ်ရှားရပါမည်။ ထို့နောက် အာရုံကြောခွဲစိတ်ဆရာဝန်က သွေးစီးဆင်းမှုကို ရပ်တန့်Bရန် သွေးကြောဖောင်းသည့် လည်ပင်းနေရာတွင် သတ္တုညှပ်လေးတစ်ခု ထည့်သွင်းပေးမည် ဖြစ်သည်။
  • Endovascular Treatment (သွေးကြောအတွင်းမှ ကုသခြင်း): ဤနည်းလမ်းသည် ခွဲစိတ်မှုထက် ထိခိုက်မှုနည်းပါသည်။ ဆရာဝန်သည် လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် ပိုက်ကို သွေးကြောဖောင်းသည့်နေရာအထိ ထည့်သွင်းပါသည်။ ထို့နောက် Flow Diverter၊ သွေးစီးဆင်းမှု တားဆီးသည့်ကိရိယာ၊ Stent သို့မဟုတ် ကွိုင် (Coils) စသည့် ကိရိယာများကို အသုံးပြု၍ သွေးကြောဖောင်းခြင်းကို သွေးကြောအတွင်းမှနေ၍ ဖယ်ရှား/ပိတ်ဆို့ ကုသခြင်း ဖြစ်သည်။
  • Flow Diverters: သွေးကြောဖောင်းသည့်နေရာသို့ သွေးမစီးဆင်းစေရန် လမ်းကြောင်းလွှဲပေးသည့် ပိုက်ကဲ့သို့ ကိရိယာများ ဖြစ်သည်။ ဤနည်းလမ်းသည် သွေးကြောဖောင်းသည့်နေရာတွင် သွေးစီးဆင်းမှုကို ပိတ်ဆို့ပြီး မူလသွေးကြော ပြန်လည်ကောင်းမွန်လာစေရန် အားပေးပါသည်။ အခြားနည်းလမ်းများဖြင့် ကုသရန် ခက်ခဲသော ပိုမိုကြီးမားသော သွေးကြောဖောင်းမှုများအတွက် ဤနည်းလမ်းသည် အထူးအသုံးဝင်ပါသည်။

ပေါက်ထွက်သွားသော သွေးကြောဖောင်းခြင်းအတွက် အခြားကုသမှုများ

နောက်ထပ် ကုသမှုများ၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။

ဆေးဝါးများ:

  • အကိုက်အခဲပျောက်ဆေးများ: ခေါင်းကိုက်ခြင်းအတွက် Acetaminophen ကို အသုံးပြုနိုင်ပါသည်။
  • Calcium Channel Blockers: သွေးကြောပေါက်ခြင်း၏ အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သည့် သွေးကြောများ ကျဉ်းသွားခြင်း (Vasospasm) ကြောင့် ဖြစ်ပေါ်လာနိုင်သော ပြင်းထန်သည့် လက္ခဏာများကို လျှော့ချပေးနိုင်ပါသည်။ Nimodipine ဆေးသည် သွေးယိုစီးပြီးနောက် သွေးစီးဆင်းမှု မလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဦးနှောက်ထိခိုက်မှုကို လျှော့ချပေးပါသည်။

H3:

  • တက်ခြင်းကို ကာကွယ်သောဆေးများ: သွေးကြောဖောင်းခြင်းနှင့် ဆက်စပ်၍ တက်ခြင်းကို ကုသရန် Valproic acid၊ Levetiracetam၊ Phenytoin နှင့် အခြားဆေးများကို အသုံးပြုနိုင်ပါသည်။

သွေးစီးဆင်းမှု မလုံလောက်ခြင်းကြောင့် လေဖြတ်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ: သွေးကြောများကို ကျယ်စေရန် သွေးကြောအတွင်း ဆေးထိုးသွင်းခြင်း နည်းလမ်းများကို အသုံးပြုပါသည်။ ၎င်းသည် သွေးပေါင်ချိန်ကို မြှင့်တင်ပေးပြီး ကျဉ်းနေသော သွေးကြောများ၏ ခုခံမှုကို တုံ့ပြန်စေပါသည်။

Angioplasty (သွေးကြောချဲ့ခြင်း): လေဖြတ်ခြင်းကို ကာကွယ်ရန် အစားထိုးကုသမှု တစ်ခုဖြစ်သည်။ ခွဲစိတ်ဆရာဝန်က ပိုက်ကို အသုံးပြု၍ သွေးကြောကျဉ်းနေသော နေရာကို ချဲ့ပေးခြင်း ဖြစ်သည်။ သွေးကြောများကို ကျယ်စေရန် Vasodilator ခေါ် ဆေးဝါးများကိုလည်း အသုံးပြုနိုင်ပါသည်။

ပိုက်ထည့်၍ အရည်ဖောက်ထုတ်ခြင်းနှင့် Shunt Surgery: ဦးနှောက်အတွင်း အရည်များ ပိုလျှံနေပါက သို့မဟုတ် ဦးနှောက်နှင့် ခါးရိုးဆစ်တစ်လျှောက် ဖိအားများနေပါက ပိုက်ထည့်၍ အပြင်ဘက်သို့ ဖောက်ထုတ်နိုင်ပါသည်။ ၎င်းသည် ဦးနှောက်အတွင်း အရည်စုခြင်း (Hydrocephalus) ကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချပေးနိုင်ပါသည်။

ပြန်လည်သန်စွမ်းရေး ကုသမှု (Rehabilitative therapy): ဦးနှောက်သွေးယိုစီးမှုကြောင့် ဦးနှောက်ထိခိုက်မှု ရှိခဲ့ပါက စကားပြောခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ရန် လေ့ကျင့်ခန်းများ လိုအပ်နိုင်ပါသည်။

မပေါက်ထွက်သေးသော ဦးနှောက်သွေးကြောဖောင်းခြင်းအတွက် ကုသမှု

သွေးကြောအတွင်းမှ ကွိုင်အသုံးပြု၍ ပိတ်ဆို့ကုသခြင်း (Endovascular coiling): နောင်တွင် ပေါက်ထွက်ခြင်း မရှိစေရန် Surgical clip၊ Endovascular coil သို့မဟုတ် Flow diverter များအသုံးပြု၍ ကြိုတင်ပိတ်ဆို့နိုင်ပါသည်။ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများက ရရှိနိုင်မည့် အကျိုးကျေးဇူးများထက် ပိုမိုများပြားနေနိုင်ပါသည်။

ကုသမှုအတွက် ဆုံးဖြတ်ရာတွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါသည်-

  • သွေးကြောဖောင်းခြင်း၏ အရွယ်အစား၊ တည်နေရာနှင့် ပုံသဏ္ဌာန်။
  • လူနာ၏ အသက်အရွယ်နှင့် အထွေထွေကျန်းမာရေး။
  • မိသားစုအတွင်း သွေးကြောပေါက်ဖူးသည့် ရာဇဝင်ရှိခြင်း။
  • သွေးကြောပေါက်နိုင်ခြေကို မြင့်တက်စေသော မွေးရာပါ ပြဿနာများ။

သွေးတိုးရောဂါကို ထိန်းချုပ်ရန် ဆေးဝါးများ သောက်သုံးခြင်းနှင့် ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ပါ။ သွေးပေါင်ချိန်ကို ကောင်းမွန်စွာ ထိန်းချုပ်ခြင်းသည် သွေးကြောပေါက်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

Doctors who treat this condition