မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာ
အကျဉ်းချုပ်အကြောင်းအရာ
မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာ (Undifferentiated pleomorphic sarcoma – UPS) ဆိုတာ ခန္ဓာကိုယ်ရဲ့ ပျော့ပျောင်းတဲ့ တစ်ရှူးတွေမှာ အဓိက စတင်ဖြစ်ပွားတတ်တဲ့ ရှားပါး ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီလို ပျော့ပျောင်းတဲ့ တစ်ရှူးတွေထဲမှာ သွေးကြောများ၊ အဆီပြင်များ၊ အမျှင်ဓာတ်တစ်ရှူးများ (အရိုးဆက် အရွတ်၊ အဆစ်အရွတ် နှင့် အရိုးနု)၊ ကြွက်သားများ၊ နာဗ်ကြောများနှင့် အရေပြားတို့လို အမျိုးအစားများစွာ ပါဝင်ပါတယ်။ ဒီကင်ဆာဟာ ပျော့ပျောင်းတဲ့ တစ်ရှူးတွေမှာ ဖြစ်ပွားလေ့ရှိပေမဲ့ အရိုးတွေမှာလည်း ဖြစ်ပေါ်လာနိုင်ပြီး အရိုးမှစတင်ဖြစ်ပွားတတ်တဲ့ အခြား အရိုးကင်ဆာ (Osteosarcoma) တွေလိုပဲ ပြုမူပြုပြင်တတ်ပါတယ်။ ဒီကင်ဆာ အဖြစ်အများဆုံးနေရာတွေကတော့ လက်များနှင့် ခြေထောက်များ ဖြစ်ကြပြီး၊ ဝမ်းဗိုက်နောက်ဘက် အင်္ဂါများ၏ နောက်ကွယ်နေရာ (Retroperitoneum) တွေမှာတော့ ဖြစ်ပွားလေ့ နည်းပါတယ်။
“မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာ” ဆိုတဲ့ အမည်ဟာ ကင်ဆာဆဲလ်များကို အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ရှုတဲ့အခါ တွေ့ရှိရတဲ့ ပုံသဏ္ဌာန်မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ “မခွဲခြားနိုင်သေးသော” (Undifferentiated) ဆိုသည်မှာ ထိုဆဲလ်များသည် ၎င်းတို့ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်တစ်ရှူးများနှင့် တူညီမှု မရှိခြင်းကို ညွှန်းဆိုပြီး၊ “ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ” (Pleomorphic) ဆိုသည်မှာ ထိုဆဲလ်များသည် အရွယ်အစားနှင့် ပုံသဏ္ဌာန် အမျိုးမျိုး ကွဲပြားစွာ ရှိနေခြင်းကို ပြဆိုခြင်း ဖြစ်ပါတယ်။
ဒီကင်ဆာအတွက် ကုသမှုသည် ကင်ဆာဖြစ်ပွားသည့် နေရာပေါ်မူတည်သော်လည်း ပုံမှန်အားဖြင့် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးကုသခြင်းနှင့် ဆေးဝါးဖြင့် ကုသခြင်းစသည့် နည်းလမ်းများကို ပေါင်းစပ်အသုံးပြုရပါတယ်။ ဒီကင်ဆာကို ယခင်က မလိုလားအပ်သော အမျှင်ဓာတ် အသားပိုကင်ဆာ (Malignant fibrous histiocytoma) ဟု ခေါ်ဆိုခဲ့ကြောင်း သတိပြုသင့်ပါတယ်။
ရောဂါလက္ခဏာများ
မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာ၏ ရောဂါလက္ခဏာများသည် ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်ပွားသည့် နေရာပေါ်မူတည်၍ ကွဲပြားမှု ရှိပါတယ်။ လက်များနှင့် ခြေထောက်များတွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။
တွေ့ရှိရတတ်သည့် ပုံမှန် လက္ခဏာများမှာ –
- တဖြည်းဖြည်း ကြီးထွားလာသည့် အကျိတ် သို့မဟုတ် ဖောရောင်လာသည့် နေရာတစ်ခု ဖြစ်ပေါ်လာခြင်း။
- အကျိတ်သည် အလွန်ကြီးထွားလာပါက နာကျင်ခြင်း၊ စူးစူးရှရှကျင်ခြင်းနှင့် ထုံကျင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ခြင်း။
- ကင်ဆာသည် လက် သို့မဟုတ် ခြေထောက်တွင် ဖြစ်ပွားပါက ထိခိုက်ထားသည့် အင်္ဂါ၏ လက်ဖဝါး သို့မဟုတ် ခြေဖဝါးတွင် ဖောရောင်မှုများ ရှိလာနိုင်ခြင်း။
- ကင်ဆာသည် ဝမ်းဗိုက်အတွင်း ဖြစ်ပွားသည့်အခါ ဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်းနှင့် ဝမ်းချုပ်ခြင်းစသည့် လက္ခဏာများ ပါဝင်နိုင်ခြင်း။
- အဖျားတက်ခြင်း။
- အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် လျှော့ကျသွားခြင်း။
အကယ်၍ သင့်တွင် စိုးရိမ်ပူပန်စရာကောင်းပြီး ဆက်တိုက်ဖြစ်ပေါ်နေသည့် လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသ၍ ရက်ချိန်းယူ စစ်ဆေးရန် အရေးကြီးပါတယ်။
အကြောင်းရင်းများ
မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာ ဖြစ်ပွားရသည့် တိကျသော အကြောင်းအရင်းကို ရေရေရာရာ မသိရသေးပါ။ သို့သော်လည်း ဒီကင်ဆာဟာ ဆဲလ်တစ်ခု၏ DNA အတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ရာမှ စတင်ကြောင်း နားလည်ထားကြပါတယ်။ ဆဲလ်တစ်ခု၏ DNA တွင် ယင်း၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးသည့် ညွှန်ကြားချက်များ ပါဝင်နေပါတယ်။ ဒီပြောင်းလဲမှုများ ဖြစ်ပေါ်သည့်အခါ ထိခိုက်သွားသည့် ဆဲလ်များသည် လျှင်မြန်စွာ ပွားများလာပြီး ကင်ဆာကျိတ်ဟု ခေါ်ဆိုသော မူမမှန်သည့် ဆဲလ်အစုအဝေးတစ်ခု စတင်ဖြစ်ပေါ်လာပါတယ်။ ဒီဆဲလ်များသည် အနီးအနားရှိ ကျန်းမာသော တစ်ရှူးများကို ထိုးဖောက် ဝင်ရောက်ဖျက်ဆီးနိုင်စွမ်း ရှိကြပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာဆဲလ်များသည် မူလကင်ဆာကျိတ်မှ ခွာထွက်သွားပြီး မက်တက်စတာဆစ် (Metastasis) ဟုခေါ်သော ဖြစ်စဉ်မှတစ်ဆင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒီကင်ဆာအမျိုးအစား ပျံ့နှံ့လေ့ရှိသည့် ပုံမှန်နေရာများမှာ အဆုတ်နှင့် အရိုးများ ဖြစ်ကြပါတယ်။
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ
မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည့် အချက်များမှာ –
- အသက်အရွယ်ကြီးရင့်ခြင်း – ဒီကင်ဆာဟာ မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၅၀ ကျော်သူများတွင် ပိုမို အဖြစ်များကြောင်း တွေ့ရှိရပါတယ်။
- ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးသည့် ရာဇဝင်ရှိခြင်း – အလွန်ရှားပါးသော အခြေအနေများတွင် မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာသည် ယခင်က ဓာတ်ရောင်ခြည်ကုသမှု ခံယူခဲ့ဖူးသည့် ခန္ဓာကိုယ်နေရာများတွင် ဖြစ်ပေါ်လာနိုင်ပါတယ်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေသည့် လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်များသည် ဘက်စုံ ရောဂါစမ်းသပ်စစ်ဆေးမှု ပြုလုပ်ကြပြီး၊ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားပုံနှင့် တိုးတက်လာပုံဆိုင်ရာ အချက်အလက်များကို စုဆောင်းရန် လူနာ၏ ဆေးမှတ်တမ်းကို အသေးစိတ် မေးမြန်းကြသည်။ ထိုသို့ပြုလုပ်ရာတွင် ထိခိုက်ထားသည့် နေရာ၏ အရွယ်အစား၊ အနက်နှင့် ဘေးပတ်ဝန်းကျင် တစ်ရှူးများနှင့် ဆက်စပ်နေပုံတို့ကို သေချာစွာ စစ်ဆေးသည့်အပြင် ဖောရောင်ခြင်း သို့မဟုတ် အာရုံကြော ထိခိုက်ဒဏ်ရာရသည့် လက္ခဏာများ ရှိမရှိကိုပါ ရှာဖွေစစ်ဆေးကြသည်။ ကင်ဆာရောဂါ၏ အဆင့်ကို သတ်မှတ်ရန်အတွက် ဆရာဝန်သည် ကင်ဆာကျိတ်၏ အရွယ်အစား၊ ပါဝင်သည့် ဆဲလ်အမျိုးအစားများနှင့် ကင်ဆာ ပျံ့နှံ့နေသည့် ပမာဏတို့ကို အကဲဖြတ်ကြသည်။ ဒီလို ကင်ဆာအဆင့် သတ်မှတ်သည့် လုပ်ငန်းစဉ်သည် ကုသမှု လမ်းညွှန်ချက်များကို အထောက်အကူပြုပြီး လူနာ၏ ရောဂါအလားအလာနှင့် ပတ်သက်၍ အဖိုးတန် အချက်အလက်များကို ပေးစွမ်းနိုင်ပါတယ်။
ရောဂါဟုတ်မဟုတ် သေချာစွာ အတည်ပြုနိုင်ရန်အတွက် အောက်ပါ အခြားသော စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည် –
- ရုပ်ပုံဖော် ဓာတ်မှန်စစ်ဆေးမှုများ – လက်နှင့် ခြေထောက်များအတွက် သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ဝမ်းဗိုက်ဧရိယာနှင့် အဆုတ်များအတွက် ကွန်ပျူတာဓာတ်မှန် (CT Scan) ကဲ့သို့သော ဓာတ်မှန်ရိုက်ကူးမှုများကို ကင်ဆာကျိတ် အရွယ်အစားနှင့် သွေးကြောများ၊ အာရုံကြောများ ပါဝင်ပတ်သက်နေမှုတို့ကို စစ်ဆေးရန် အများအားဖြင့် အသုံးပြုကြသည်။ အချို့သော အခြေအနေများတွင် PET ပတ်စကန် ရိုက်ကူးခြင်းကိုလည်း အသုံးပြုကြသည်။ ထိခိုက်ထားသည့် နေရာ၏ ပုံရိပ်များကို ဖန်တီးရန်နှင့် ရောဂါအခြေအနေဆိုင်ရာ အချက်အလက်များ ရရှိနိုင်ရန် ရုပ်ပုံဖော် ဓာတ်မှန်စစ်ဆေးမှုများကို တောင်းဆိုရခြင်း ဖြစ်သည်။
- အသားစယူစစ်ဆေးခြင်း (Biopsy) – တိကျသည့် ရောဂါအဖြေ ရရှိရန်အတွက် သင့်ဆရာဝန်သည် သင့်ရောဂါအခြေအနေပေါ် မူတည်၍ အရေပြားကို အပ်ဖြင့် ထိုးဖောက်၍ဖြစ်စေ၊ ခွဲစိတ်မှု ပြုလုပ်စဉ် ဖြစ်စေ ကင်ဆာကျိတ်မှ အသားစ နမူနာကို ရယူပါလိမ့်မည်။ ထို့နောက် ထိုအသားစ နမူနာကို ကျွမ်းကျင်သော ရောဂါဗေဒဆရာဝန်များက ပါဝင်သော ဆဲလ်အမျိုးအစားများကို ခွဲခြားသတ်မှတ်ရန်နှင့် ဆဲလ်များ၏ ပြင်းထန်မှုကို အကဲဖြတ်ရန် အထူးပြုဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသည်။ ဒီလုပ်ငန်းစဉ်သည် အခြားသော ကင်ဆာအမျိုးအစားများ ဖြစ်နိုင်ခြေကို ဖယ်ရှားပေးသည့်အပြင် သင့်ကုသမှုအစီအစဉ်အတွက် လိုအပ်သော လမ်းညွှန်ချက်များကို ပေးစွမ်းနိုင်ပါတယ်။
ကုသခြင်း
မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာအတွက် အကောင်းဆုံး ကုသမှုနည်းလမ်းကို ကင်ဆာ၏ အရွယ်အစားနှင့် တည်နေရာကဲ့သို့ အချက်များပေါ် မူတည်၍ ပုံမှန်အားဖြင့် ဆုံးဖြတ်ကြသည်။ ဒီဆာကိုးမားကင်ဆာ အမျိုးအစားအတွက် ပုံမှန် အသုံးပြုလေ့ရှိသော ကုသမှု နည်းလမ်းများတွင် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးကုသခြင်း၊ ဆေးဝါးဖြင့် ကင်ဆာကုသခြင်း (Chemotherapy)၊ ထိရောက်သော သီးသန့်ဆဲလ်ပုံစံများကို ပစ်မှတ်ထား ကုသခြင်း (Targeted Therapy) နှင့် ခန္ဓာကိုယ် ကိုယ်ခံအားစနစ်သုံး ကုသခြင်း (Immunotherapy) တို့ ပါဝင်သည်။ ကုသမှု နည်းလမ်းများ ရွေးချယ်ရာတွင် လူနာတစ်ဦးစီ၏ သီးသန့်လက္ခဏာများနှင့် ကင်ဆာကျိတ်၏ သီးသန့်လက္ခဏာများပေါ် မူတည်၍ သေချာစွာ ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
- ခွဲစိတ်ကုသခြင်း – ဒီကင်ဆာအတွက် ပုံမှန်ပြုလုပ်လေ့ရှိသော ကုသမှုမှာ ကင်ဆာကျိတ် တစ်ခုလုံးကို ၎င်း၏ ဘေးပတ်ဝန်းကျင်ရှိ မူလကျန်းမာသော တစ်ရှူးအစွန်းများဖြင့် အတူတကွ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကို ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ပြီး ကင်ဆာကျိတ်ကို ဖယ်ရှားပစ်ရန် ဖြစ်သည်။ အထူးသဖြင့် ခြေလက်များတွင် ဖြစ်ပွားသော ကင်ဆာကျိတ်၏ အရွယ်အစားကို သေးငယ်သွားစေရန် ခွဲစိတ်မှု မပြုလုပ်မီ ဓာတ်ရောင်ခြည်ပေးကုသခြင်းနှင့် ဆေးဝါးဖြင့် ကင်ဆာကုသခြင်းစသည့် အခြားကုသမှုများကို ညွှန်းဆိုဆောင်ရွက်နိုင်သည်။ လူနာများကို ကူညီရန်နှင့် ခြေထောက် သို့မဟုတ် လက်နှစ်ဖက်လုံး၏ လုပ်ဆောင်ချက်များကို ထိန်းသိမ်းထားနိုင်ရန် ကျန်းမာရေးစောင့်ရှောက်သူ အထူးကုများသည် ခြေလက်များ ဖယ်ရှားစရာမလိုဘဲ ကာကွယ်ပေးနိုင်သည့် ခွဲစိတ်ကုသမှုများ (Limb-saving surgery) ကို တတ်နိုင်သမျှ ပြုလုပ်ပေးကြသည်။ လွန်စွာ ရှားပါးသော အခြေအနေများတွင်တော့ ထိခိုက်ထားသည့် လက် သို့မဟုတ် ခြေထောက်ကို ဖြတ်တောက်ရန် လိုအပ်နိုင်သည်။
- ဓာတ်ရောင်ခြည်ပေးကုသခြင်း – ခွဲစိတ်မှုအပြင် ကျန်းမာရေးစောင့်ရှောက်သူ အထူးကုများသည် ဓာတ်ရောင်ခြည်ပေးကုသမှုကို ပေါင်းစပ်ညွှန်းဆိုလေ့ ရှိကြသည်။ ဒီလိုထိရောက်တဲ့ ပေါင်းစပ်မှုဟာ မူလနေရာမှာ ကင်ဆာပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကို ပေးစွမ်းနိုင်ပါတယ်။ ဓာတ်ရောင်ခြည် ကုသမှုကို ခွဲစိတ်မှုမပြုမီ သို့မဟုတ် ခွဲစိတ်ပြီးနောက် ပြုလုပ်ရန် လိုအပ်နိုင်သည်။ ဓာတ်ရောင်ခြည် ကုသမှုသည် X-rays သို့မဟုတ် Protons ကဲ့သို့ စွမ်းအင်မြင့် ရောင်ခြည်တန်းများကို လွှတ်ထုတ်ပေးခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေခြင်း ဖြစ်သည်။
ဓာတ်ရောင်ခြည် ကုသမှုကို အောက်ပါအတိုင်း ပေးပို့ကုသနိုင်ပါသည် –
- ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်း (External beam radiation) – ခွဲစိတ်မှု မပြုမီတွင် ကင်ဆာကျိတ်ကို သေးငယ်သွားစေရန်နှင့် ခွဲစိတ်ရ လွယ်ကူစေရန် ဒီနည်းလမ်းကို အသုံးပြုနိုင်သည်။ ခွဲစိတ်ပြီးနောက်တွင်လည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် အသုံးပြုနိုင်သည်။ ဒီကုသမှုတွင် ဓာတ်ရောင်ခြည်ကို ခန္ဓာကိုယ်၏ သီးသန့်နေရာများသို့ ချိန်ရွယ်ပေးပို့သည်။ လူနာသည် စက်ပစ္စည်းအောက်ရှိ ခုတင်ပေါ်တွင် လှဲလျောင်းပေးရပြီး ဓာတ်ရောင်ခြည်ထုတ်လွှတ်သည့် စက်သည် လူနာ၏ ဘေးပတ်ဝန်းကျင်တွင် လှည့်လည်လှုပ်ရှားပေးမည် ဖြစ်သည်။
- ခွဲစိတ်စဉ်အတွင်း ဓာတ်ရောင်ခြည်ပေးခြင်း (Intraoperative radiation therapy – IORT) – ခွဲစိတ်စဉ်အတွင်း အပြည့်အဝ ဖယ်ရှားရန် ခက်ခဲသော နေရာများတွင် ကင်ဆာဖြစ်ပွားနေပါက IORT ကုသမှုကို အများအားဖြင့် အကြံပြုလေ့ ရှိသည်။ ဓာတ်ရောင်ခြည်ကို ယခင်က ကင်ဆာရှိခဲ့သည့် နေရာသို့ တိုက်ရိုက် ဦးတည်ပေးပို့ခြင်း ဖြစ်သည်။
- ဆေးဝါးဖြင့် ကင်ဆာကုသခြင်း (Chemotherapy) – ကင်ဆာရောဂါသည် အဆင့်မြင့်တက်နေသည့် အခြေအနေ၊ ခန္ဓာကိုယ်၏ နေရာအများအပြားသို့ ပျံ့နှံ့သွားသည့် အခြေအနေ သို့မဟုတ် ပထမအကြိမ် ကုသမှု ခံယူပြီးနောက် ပြန်လည်ဖြစ်ပွားလာသည့် အခြေအနေများတွင် ကင်ဆာဆေးဝါးများဖြင့် ကုသမှုကို အသုံးပြုနိုင်သည်။ ဆေးဝါးဖြင့် ကင်ဆာကုသခြင်းကို တစ်ခါတစ်ရံ ခွဲစိတ်မှု မပြုမီတွင် ကင်ဆာကျိတ် သေးငယ်သွားပြီး ခွဲစိတ်စဉ် လွယ်ကူစွာ ဖယ်ရှားနိုင်ရန်အတွက် အသုံးပြုကြသည်။ ထို့ပြင် ဓာတ်ရောင်ခြည်ပေးကုသမှုနှင့် ပေါင်းစပ်၍လည်း ပြုလုပ်နိုင်သည်။ ဒီကုသမှုသည် သောက်ဆေးပြား သို့မဟုတ် သွေးကြောထဲသို့ ထိုးဆေးအဖြစ် (သို့မဟုတ် နှစ်မျိုးလုံး) သုံးစွဲ၍ ကင်ဆာဆဲလ်များကို သေစေရန် ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်သည်။
- ထိရောက်သော သီးသန့်ဆဲလ်ပုံစံများကို ပစ်မှတ်ထား ကုသခြင်း (Targeted drug therapy) – ဒီကုသမှု ခံယူနိုင်ခွင့် ရှိမရှိကို ကင်ဆာဆဲလ်များကို ဓာတ်ခွဲခန်းတွင် အသေးစိတ် စစ်ဆေးမှု ပြုလုပ်စဉ် စတင်သိရှိနိုင်လေ့ ရှိသည်။ အချို့သော ပစ်မှတ်ထား ကုသသည့် ဆေးဝါးများသည် ကင်ဆာဆဲလ်များတွင် သီးသန့် မျိုးရိုးဗီဇ မူမမှန်မှုများ ပါဝင်နေသည့် လူနာများတွင်သာ ထိရောက်မှု ရှိကြသည်။ ဒီလို မူမမှန်မှုများကို တားဆီးပေးသည့် သီးသန့် ဆေးဝါးကုသမှုများဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ပါတယ်။ မခွဲခြားနိုင်သေးသော ဆဲလ်ပုံသဏ္ဌာန်မျိုးစုံရှိ ဆာကိုးမားကင်ဆာကို ကုသရာတွင် ဒီကုသမှုကို ဆေးဝါးဖြင့် ကင်ဆာကုသခြင်းနှင့် ပေါင်းစပ်၍လည်း အသုံးပြုနိုင်သည်။
- ခန္ဓာကိုယ် ကိုယ်ခံအားစနစ်သုံး ကုသခြင်း (Immunotherapy) – ခန္ဓာကိုယ် ကိုယ်ခံအားစနစ်သုံး ကုသခြင်းကို ရောဂါအဆင့်မြင့်တက်နေသည့် လူနာများအတွက် အများအားဖြင့် ရည်ရွယ်ကုသလေ့ ရှိသည်။ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်၏ ဆဲလ်များကို ကာကွယ် ပိတ်ပင်လိုက်သော ပရိုတင်းများကို ထုတ်လွှတ်သောကြောင့် ရောဂါများကို တိုက်ဖျက်ပေးသည့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်သည် ကင်ဆာကို မတိုက်ဖျက်နိုင်ဘဲ ဖြစ်ရသည်။ ကိုယ်ခံအားစနစ်သုံး ကုသမှုသည် ဒီလို ပိတ်ပင်သည့် ဖြစ်စဉ်ကို နှောင့်ယှက်ဖျက်ဆီးခြင်းဖြင့် အလုပ်လုပ်သည်။ ဒါဟာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာကို တိုက်ဖျက်ပေးသည့် ဆေးဝါးကုသမှု နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
