အမျိုးသမီးကြောင့်သားသမီးမရနိုင်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
အမျိုးသမီးကြောင့်သားသမီးမရနိုင်ခြင်း (သို့မဟုတ်)အမျိုးသမီးမြုံခြင်း ဆိုသည်မှာ ပုံမှန်နှင့် ကာကွယ်မှုမရှိဘဲ အနည်းဆုံး ၁၂ လကြာ လိင်ဆက်ဆံသော်လည်း ကိုယ်ဝန်မရရှိနိုင်ခြင်းကို ဆိုလိုသည်။ သားသမီးမရနိုင်ခြင်းတွင် ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကိုယ်ဝန် အောင်မြင်စွာ မဆောင်နိုင်ခြင်းတို့လည်း ပါဝင်သည်။ အမျိုးသမီးများ၏ ၁၀ ရာခိုင်နှုန်းခန့်သည် သားသမီးရရှိရန် ခက်ခဲသည့်ပြဿနာကို ကြုံတွေ့ရလေ့ရှိပြီး ယင်းသည် အမျိုးသမီးများတွင် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်သည်။
ဆန့်ကျင်ဘက်လိင်စုံတွဲများအတွက် သားသမီးမရရှိခြင်းသည် အမျိုးသမီးကြောင့်ဖြစ်ပါက ယင်းကို အမျိုးသမီးကြောင့်ဖြစ်သော ကလေးမရနိုင်ခြင်း (Female infertility သို့မဟုတ် Female factor) ဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် သားသမီးမရနိုင်ခြင်း၏ သုံးပုံတစ်ပုံသည် အမျိုးသားကြောင့်၊ သုံးပုံတစ်ပုံသည် အမျိုးသမီးကြောင့်ဖြစ်ပြီး ကျန်သုံးပုံတစ်ပုံမှာမူ နှစ်ဦးစလုံးကြောင့် သို့မဟုတ် အကြောင်းရင်း မသိရှိရခြင်းတို့ကြောင့် ဖြစ်သည်။
အမျိုးသမီးများ သားသမီးမရနိုင်ရသည့် အကြောင်းရင်းအမျိုးမျိုးတွင် မျိုးပွားအင်္ဂါစုဆိုင်ရာ ပြဿနာများ၊ အသက်အရွယ်၊ မျိုးရိုးဗီဇနှင့် အခြားသောအချက်များ ပါဝင်သည်။ ကုသမှုအစီအစဉ်ကို များသောအားဖြင့် သားသမီးမရရှိရသည့် အကြောင်းရင်းအပေါ် မူတည်၍ ရေးဆွဲလေ့ရှိသည်။ အမျိုးသမီးမြုံခြင်းကို ကုသရန် စိန်ခေါ်မှုများရှိနိုင်သော်လည်း အချို့သောအမျိုးသမီးများသည် မည်သည့်ဆေးဝါးကုသမှုမျှ မယူဘဲ နောက်ဆုံးတွင် မိခင်များ ဖြစ်လာကြသည်လည်း ရှိသည်။
ရောဂါလက္ခဏာများ
အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရရှိရန်အတွက် ခန္ဓာကိုယ်သည် အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို ဖြတ်သန်းရသည်။ ယင်းသည် မျိုးဥအိမ်မှ မျိုးဥတစ်လုံး စတင်ထုတ်လွှတ်ခြင်း၊ အမျိုးသား၏ သုတ်ပိုးက အဆိုပါမျိုးဥကို သန္ဓေအောင်စေခြင်း၊ ထို့နောက် သားအိမ်ပြွန်မှတစ်ဆင့် သားအိမ်ဆီသို့ ဦးတည်သွားခြင်းတို့ဖြင့် စတင်သည်။ နောက်ဆုံးတွင် သန္ဓေသားသည် သားအိမ်အတွင်း၌ တွယ်ကပ်ရမည် ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်အတွင်း မည်သည့်နေရာ၌မဆို ပြဿနာတစ်ခုခု ရှိပါက ကိုယ်ဝန်ရရှိခြင်းကို တားဆီးရာရောက်ပြီး သားသမီးမရနိုင်ခြင်းကို ဖြစ်ပေါ်စေသည်။
ကိုယ်ဝန် မရရှိနိုင်ခြင်းသည် သားသမီးမရနိုင်ခြင်း၏ အဓိက လက္ခဏာဖြစ်သည်။ ရာသီစက်ဝန်း လွန်စွာရှည်လျားခြင်း (၃၅ ရက် သို့မဟုတ် ယင်းထက်ပိုခြင်း)၊ တိုလွန်းခြင်း (၂၁ ရက်ထက် နည်းခြင်း)၊ ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီလုံးဝမလာခြင်းတို့သည် မျိုးဥမထွက်ခြင်းကို ညွှန်ပြနေပေမည်။ ယင်းအပြင် အခြားသော လက္ခဏာ သို့မဟုတ် ပြသချက်များ လုံးဝမရှိသည်လည်း ဖြစ်နိုင်သည်။
အမျိုးသမီးများ၏ သန္ဓေအောင်နိုင်စွမ်းသည် အသက်အရွယ်ရလာသည်နှင့်အမျှ လျော့နည်းသွားသဖြင့် အမျိုးသမီးများအနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သင့်သည် –
- အသက် ၃၅ နှစ်အထိ – ကျန်းမာရေး သို့မဟုတ် သန္ဓေအောင်နိုင်စွမ်းဆိုင်ရာ ထင်ရှားသော ပြဿနာမရှိပါက ဆရာဝန်ထံ မပြမီ အနည်းဆုံး ၁ နှစ်ခန့် သားသမီးရယူရန် စမ်းသပ်ကြိုးစားသင့်သည်။
- အသက် ၃၅ နှစ်မှ ၄၀ နှစ်ကြား – ၆ လခန့် ကိုယ်ဝန်ရယူရန် ကြိုးစားသင့်ပြီး မအောင်မြင်ပါက ဆေးဝါးကုသမှုဆိုင်ရာ အကြံဉာဏ် တောင်းခံသင့်သည်။
- အသက် ၄၀ ထက်ကျော်လွန်ပါက – ချက်ချင်း စစ်ဆေးမှုနှင့် လိုအပ်သော ကုသမှုများကို ခံယူရန် အကြံပြုထားသည်။
ကျန်းမာရေးပြဿနာရှိသော စုံတွဲများသည် ကျန်းမာသန်စွမ်းသော ကိုယ်ဝန်ကို ရရှိစေရန် သားသမီး မရရှိနိုင်ခြင်းဆိုင်ရာ အထူးကုဆရာဝန်နှင့် သားသမီးမယူမီ တိုင်ပင်သင့်သည်။ အကယ်၍ စုံတွဲတွင် သန္ဓေမအောင်နိုင်သည့် ပြဿနာအကြောင်းအရင်းများရှိဖူးခြင်း၊ ရာသီမမှန်ခြင်း သို့မဟုတ် ရာသီလာစဉ် ပြင်းထန်စွာ နာကျင်ခြင်း၊ တင်ပါးဆုံကွင်း ရောင်ရမ်းသည့်ရောဂါ၊ ခဏခဏ ကိုယ်ဝန်ပျက်ကျခြင်း၊ ကင်ဆာကုသမှု ခံယူထားခြင်း၊ သားအိမ်အတွင်းမြှေး ပြင်ပရောက်ရောဂါ (Endometriosis) သို့မဟုတ် အခြား သံသယရှိဖွယ် ရောဂါရာဇဝင်များ ရှိပါက ဆရာဝန်သည် ချက်ချင်း စစ်ဆေးမှုနှင့် ကုသမှုများ ပြုလုပ်ရန် လိုအပ်ပေမည်။
အကြောင်းရင်းများ
အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရရှိရန်အတွက် ကျန်းမာသော မျိုးဥအိမ်များ၊ သားအိမ်ပြွန်များနှင့် သားအိမ်ရှိရန် လိုအပ်သည်။ အမျိုးသမီး သားသမီးမရနိုင်ခြင်းသည် အဆိုပါအင်္ဂါများအနက် တစ်ခုခုကို ထိခိုက်စေသည့် ရောဂါများကြောင့် ဖြစ်ပွားနိုင်သည်။ သားသမီးမရနိုင်ရသည့် အဓိကအကြောင်းအရင်းကို အချို့သော အခြေအနေများတွင် ဖော်ထုတ်ရန် ခက်ခဲတတ်ပြီး အချို့တွင် အကြောင်းရင်း မသိရှိရဘဲလည်း ဖြစ်နေတတ်သည်။ အမျိုးသမီး သားသမီးမရနိုင်ခြင်း၏ အတွေ့ရများသော အကြောင်းအရင်းများမှာ –
- မျိုးဥထွက်ခြင်းဆိုင်ရာ ပုံမှန်မဟုတ်သည့် ပြဿနာများ (Ovulation disorders): သားသမီးမရရှိခြင်း၏ ဖြစ်စဉ်အများစုသည် မျိုးဥမမှန်ခြင်း သို့မဟုတ် မျိုးဥမထွက်ခြင်းတို့ကြောင့် ဖြစ်သည်။ မျိုးဥထွက်ခြင်းဆိုင်ရာ ပုံမှန်မဟုတ်မှုများကို မျိုးပွားဟော်မုန်းများကို ထိန်းချုပ်ပေးသော မျိုးဥအိမ်၊ ပစ်ကျူထရီဂလင်း (Pituitary gland) သို့မဟုတ် ဟိုပိုသလမတ်စ် (Hypothalamus) တို့တွင် ပြဿနာများ ရှိနေခြင်းကြောင့် ဖြစ်ပေါ်စေနိုင်သည်။
- သားအိမ်အရည်အိတ်များသည့်ရောဂါ (Polycystic ovary syndrome – PCOS): PCOS သည် အမျိုးသမီး သားသမီးမရနိုင်ခြင်း၏ အတွေ့ရများသော အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ယင်းသည် မျိုးဥထွက်ခြင်းကို ထိခိုက်စေသည့် အန်ဒရိုဂျင် (Androgen) ဟော်မုန်း ပမာဏ ပုံမှန်မဟုတ်ခြင်းကို ဖြစ်စေသည်။ ဆက်စပ်နေသော အတွေ့ရများသည့် အခြေအနေများမှာ အင်စူလင်ယဉ်ပါးခြင်းနှင့် ဝလွန်ခြင်း၊ မုတ်ဆိတ်/အမွေးအမျှင် အလွန်အမင်းထွက်ခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် ရာသီမမှန်ခြင်းတို့ ဖြစ်ကြသည်။
- ဟိုပိုသလမတ်စ် ပုံမှန်အလုပ်မလုပ်ခြင်း (Hypothalamic dysfunction): ပစ်ကျူထရီဂလင်းမှ ထုတ်လုပ်သော Follicle-stimulating hormone (FSH) နှင့် Luteinizing hormone (LH) ဆိုသည့် ဟော်မုန်း နှစ်မျိုးသည် လစဉ် မျိုးဥထွက်စေရန် လှုံ့ဆော်ပေးရာတွင် တာဝန်ယူထားသည်။ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများ၊ ကိုယ်အလေးချိန် လွန်စွာများခြင်း သို့မဟုတ် နည်းလွန်းခြင်း၊ သို့မဟုတ် မကြာသေးမီက ကိုယ်အလေးချိန် ရုတ်တရက် အလွန်အမင်း တိုးလာခြင်း သို့မဟုတ် ကျသွားခြင်းတို့ကြောင့် အဆိုပါဟော်မုန်းများ ထုတ်လုပ်မှုကို နှောင့်ယှက်နိုင်ပြီး မျိုးဥထွက်ခြင်းကို ထိခိုက်စေနိုင်သည်။ အဖြစ်အများဆုံး လက္ခဏာများမှာ ရာသီမမှန်ခြင်း သို့မဟုတ် ရာသီလာချိန်လွတ်သွားခြင်းတို့ ဖြစ်သည်။
- မျိုးဥအိမ်စောစီးစွာ စွမ်းဆောင်ရည်ကျဆင်းခြင်း (Primary ovarian insufficiency – POI): သို့မဟုတ် သွေးဆုံးစောခြင်းဆိုသည်မှာ အသက် ၄၀ မတိုင်မီ အမျိုးသမီး၏ မျိုးဥအိမ်များ အလုပ်လုပ်ခြင်း ရပ်တန့်သွားပြီး အီစထရိုဂျင် (Estrogen) ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းသွားသည့် အခြေအနေဖြစ်သည်။ တိကျသော အကြောင်းအရင်းကို မကြာခဏ မသိရှိရသော်လည်း POI သည် ဆေးဝါးဆိုင်ရာ ပြဿနာမျိုးစုံ၊ အချို့သော ထိတွေ့မှုများ (ဓာတုကုထုံး သို့မဟုတ် တင်ပါးဆုံကွင်း ဓာတ်ရောင်ခြည်ကုထုံးကဲ့သို့သော) နှင့် အခြားသောအချက်များကြောင့် ဖြစ်ပွားနိုင်သည်။
- ပရိုလက်တင် ဟော်မုန်းအဆင့် မြင့်မားခြင်း (High prolactin levels): သို့မဟုတ် Hyperprolactinemia ဟုခေါ်ပြီး ယင်းသည် အီစထရိုဂျင် ထုတ်လုပ်မှုကို လျှော့ချပေးကာ သားသမီးမရနိုင်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ လူနာသည် အခြားရောဂါတစ်ခုခုအတွက် ဆေးဝါးများ သောက်သုံးနေခြင်းသည်လည်း ယခုအခြေအနေ၏ အကြောင်းအရင်း ဖြစ်နိုင်ပါသည်။
- သားအိမ်အတွင်းမြှေး ပြင်ပရောက်ရောဂါ (Endometriosis): ယင်းသည် သားအိမ်အတွင်း၌သာ ပုံမှန်ကြီးထွားရမည့် တစ်ရှူးများသည် သားအိမ်ပြွန်၊ တင်ပါးဆုံအတွင်းပိုင်း သို့မဟုတ် မျိုးဥအိမ်များကဲ့သို့သော အခြားနေရာများတွင် တွယ်ကပ်ကြီးထွားလာသည့် အခြေအနေဖြစ်သည်။ အဆိုပါ ပိုလျှံနေသော တစ်ရှူးများကို ခွဲစိတ်ဖယ်ရှားခြင်းကြောင့် အမာရွတ်များ ဖြစ်ပေါ်လာနိုင်ပြီး ယင်းအမာရွတ်များသည် သားအိမ်ပြွန်များကို ပိတ်ဆို့ကာ မျိုးဥနှင့် သုတ်ပိုး သန္ဓေအောင်သည့် လုပ်ငန်းစဉ်ကို တားဆီးနိုင်သည်။ Endometriosis သည် သန္ဓေအောင်ပြီးသား မျိုးဥကို သားအိမ်အတွင်း ကောင်းမွန်စွာ မတွယ်ကပ်နိုင်အောင်လည်း တားဆီးနိုင်သည်။
- သားအိမ်ပြွန် ပျက်စီးခြင်း (Damage to fallopian tubes / Tubal infertility): သားအိမ်ပြွန်သည် သုတ်ပိုးနှင့် မျိုးဥတို့ တွေ့ဆုံသည့် နေရာဖြစ်သည်။ ထို့ပြင် သန္ဓေအောင်ပြီးသော မျိုးဥများကို သားအိမ်ဆီသို့ သယ်ဆောင်ပေးသည်။ ပြွန်များ ပိတ်ဆို့ခြင်း သို့မဟုတ် ပျက်စီးခြင်းတို့သည် သဘာဝအတိုင်း ကိုယ်ဝန်ရရှိသည့် လုပ်ငန်းစဉ်ကို တားဆီးလိမ့်မည်။ သားအိမ်ပြွန် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းတို့ဖြစ်စေနိုင်သည့် အချို့သောအချက်များမှာ –
- ကလမိုင်ဒီယား (Chlamydia)၊ ဂနိုရီးယား (Gonorrhea) သို့မဟုတ် အခြား လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကဲ့သို့ တင်ပါးဆုံကွင်း ရောင်ရမ်းသည့်ရောဂါ ရာဇဝင်ရှိခြင်း။
- သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်းအတွက် ခွဲစိတ်မှုကဲ့သို့သော ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံပိုင်းဆိုင်ရာ မူလခွဲစိတ်မှု ရာဇဝင်များရှိခြင်း။
- သားအိမ် သို့မဟုတ် သားအိမ်ခေါင်းဆိုင်ရာ အကြောင်းအရင်းများ (Uterine or cervical causes): သားအိမ်နှင့် သားအိမ်ခေါင်းဆိုင်ရာ ပြဿနာများသည် အမျိုးသမီးများတွင် အောင်မြင်သော ကိုယ်ဝန်ရရှိခြင်းကို တားဆီးနိုင်သည်။ အတွေ့ရများသော ပြဿနာများမှာ –
- သားအိမ်အသားလုံး သို့မဟုတ် သားအိမ်အမြှေးပါး အသားပိုများ (Uterine fibroid or polyps) သည် သန္ဓေသား တွယ်ကပ်ခြင်းကို တားဆီးခြင်း သို့မဟုတ် သားအိမ်ပြွန်များကို ပိတ်ဆို့ခြင်းဖြင့် သန္ဓေအောင်နိုင်စွမ်းကို လျှော့ချပေးသည်။ သားအိမ်အတွင်းမြှေး၌ ဆဲလ်များ အလွန်အမင်း ကြီးထွားလာခြင်းသည် သားအိမ်အသားပို (Polyps) များကို ဖြစ်ပေါ်စေပြီး အသားလုံး (Fibroids) များမှာမူ သားအိမ်နံရံတွင် ဖြစ်ပေါ်ကြသည်။ သို့သော် အဆိုပါ အခြေအနေတွင်လည်း အောင်မြင်သော ကိုယ်ဝန်ဆောင်နိုင်ခြေ ရှိပါသေးသည်။
- မွေးရာပါ သားအိမ်ဆိုင်ရာ ပြဿနာများဖြစ်သော ပုံသဏ္ဌာန် မမှန်သည့် သားအိမ်ကဲ့သို့သော အခြေအနေများသည် ကိုယ်ဝန်ရရှိရန် သို့မဟုတ် ကိုယ်ဝန်ကို ထိန်းသိမ်းထားရန် ခက်ခဲစေနိုင်သည်။
- သားအိမ်ခေါင်း ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မွေးရာပါ ပုံစံမမှန်ခြင်းတို့သည် သားအိမ်ခေါင်း ကျဉ်းမြောင်းသည့်ရောဂါ (Cervical stenosis) ကို ဖြစ်စေနိုင်သည်။ အဆိုပါ အခြေအနေတွင် သားအိမ်ခေါင်းသည် ကျဉ်းမြောင်းသွားခြင်း သို့မဟုတ် လုံးဝပိတ်သွားခြင်းတို့ဖြစ်ပြီး သဘာဝအတိုင်း သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေသည်။
- သုတ်ပိုးများကို သားအိမ်အတွင်းသို့ ဖြတ်သန်းဝင်ရောက်ခွင့်ပြုနိုင်သည့် ကောင်းမွန်သော သားအိမ်ခေါင်း အကျဲရည် (Mucus) ကို သားအိမ်ခေါင်းမှ ထုတ်လုပ်နိုင်စွမ်း မရှိခြင်း။
- အကြောင်းရင်း မသိရှိရသော သားသမီးမရနိုင်ခြင်း (Unexplained infertility): စုံတွဲများ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် သားသမီး မရနိုင်ရသည့် အဓိက အကြောင်းအရင်းကို ဖော်ထုတ်ရန် ခက်ခဲကြသည်။ အချို့သော ဖြစ်စဉ်များတွင် အကြောင်းရင်း မသိရသော ကလေးမရနိုင်ခြင်းသည် ဇနီးမောင်နှံ နှစ်ဦးစလုံးတွင် ရှိနေသည့် သေးငယ်သောအချက် ပမာဏများစွာ ပေါင်းစပ်နေခြင်းကဲ့သို့သော အကြောင်းရင်းပေါင်းစုံ ပါဝင်နေသည့် သားသမီး မရနိုင်ခြင်း (Multifactorial infertility) မျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ကုသမှုများ၊ နေထိုင်မှုပုံစံ အပြောင်းအလဲများ သို့မဟုတ် ဆေးဝါးများက အကျိုးကျေးဇူး ရှိနိုင်ပါသေးသည်။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ
အမျိုးသမီး သားသမီးမရနိုင်ခြင်း ဖြစ်နိုင်ခြေသည် အောက်ပါအချက်များနှင့်အတူ မြင့်တက်လာကြောင်း သိရှိရသည် –
- အသက်အရွယ် – အသက်အရွယ်ကြောင့် ဖြစ်သော သားသမီး မရနိုင်ခြင်းသည် အသက်ကြီးလာသည့် အမျိုးသမီးများတွင် မျိုးဥအရေအတွက် နည်းပါးသွားခြင်းနှင့် သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည့် ကျန်းမာရေး ပြဿနာများ ရှိလာနိုင်ခြေ ပိုများသည့်အတွက် အဓိကအားဖြင့် မျိုးဥအရည်အသွေး ကျဆင်းသွားခြင်းကြောင့် ဖြစ်သည်။ အမျိုးသမီးတစ်ဦး အသက်ကြီးလာသည်နှင့်အမျှ ကိုယ်ဝန်ပျက်ကျနိုင်ခြေနှင့် မျိုးရိုးဗီဇ ချို့ယွင်းချက်ပါသော ကလေး မွေးဖွားနိုင်ခြေ နှစ်ခုစလုံး မြင့်တက်လာသည်။
- လိင်ပိုင်းဆိုင်ရာ ရာဇဝင် – လက်တွဲဖော် အများအပြားနှင့် ကာကွယ်မှုမရှိဘဲ လိင်ဆက်ဆံခြင်းသည် အမျိုးသမီး၏ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STIs) ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေသည်။ သားအိမ်ပြွန်များသည် ကလမိုင်ဒီယားနှင့် ဂနိုရီးယားကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်ရောဂါများကြောင့် ပျက်စီးမှုများ ကြုံတွေ့ရနိုင်သည်။
- ကိုယ်အလေးချိန် – ဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် လျော့နည်းလွန်းခြင်းတို့သည် မျိုးဥထွက်ခြင်းနှင့် သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေသည့် ဟော်မုန်း အပြောင်းအလဲများကို ဖြစ်စေနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်နှင့် အာဟာရပြည့်ဝသော အစားအသောက်များကို ထိန်းသိမ်းခြင်းသည် ကိုယ်ဝန်ရယူရန် ကြိုးစားနေသည့် အမျိုးသမီးများအတွက် အရေးကြီးပါသည်။
- ဆေးလိပ်သောက်ခြင်း – ယင်းသည် မျိုးဥအိမ်များကို စောစီးစွာ ရင့်ရော်စေပြီး မျိုးဥသိုလှောင်မှုကို လျော့နည်းစေသဖြင့် အချို့သောအမျိုးသမီးများအတွက် ကိုယ်ဝန်ရရှိရန် ခက်ခဲစေကြောင်း သိရှိရသည်။ ဆေးလိပ်သောက်ခြင်းသည် သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေတို့ကို မြင့်တက်စေသည်။ သန္ဓေအောင်နိုင်စွမ်းဆိုင်ရာ ကုသမှု မစတင်မီ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ရန် အကြံပြုထားသည်။
- အရက် – အရက်ကဲ့သို့သော မူးယစ်သောက်စားဖွယ်ရာများကို အလွန်အမင်း သုံးစွဲခြင်းသည် သန္ဓေအောင်နိုင်စွမ်းကို လျှော့ချပေးနိုင်သည်။
ရောဂါရှာဖွေခြင်း
ဇနီးမောင်နှံနှစ်ဦး ပုံမှန် မကာကွယ်ဘဲ အတူနေသော်လည်း ၁ နှစ်ကျော်ကြာသည်အထိ ကိုယ်ဝန်မရရှိနိုင်သော အမျိုးသမီးများ သို့မဟုတ် အသက် ၃၅ နှစ်နှင့်အထက် ရှိပြီး ၆ လခန့် ကြိုးစားသော်လည်း မအောင်မြင်သေးသော အမျိုးသမီးများအား သန္ဓေအောင်နိုင်စွမ်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုလေ့ရှိသည်။ ဆရာဝန်သည် ခန္ဓာကိုယ်အား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦး၏ ဆေးဝါးကုသမှုဆိုင်ရာ သမိုင်းကြောင်းများကို သေချာစွာ မေးမြန်းစစ်ဆေးမည်ဖြစ်သည်။ သားသမီးမရနိုင်သည့် အကြောင်းရင်းများကို ဖော်ထုတ်ခြင်းသည် ထိရောက်သော ကုသမှုကို ပေးနိုင်ရုံမျှမက စုံတွဲများအတွက် ကိုယ်ဝန်ရရှိရန် အကောင်းဆုံး အခွင့်အရေးကိုလည်း ရရှိစေမည် ဖြစ်သည်။
အမျိုးသမီးများအတွက် အတွေ့ရများသော သန္ဓေအောင်နိုင်စွမ်း စစ်ဆေးမှုများမှာ –
- မျိုးဥထွက်ခြင်းဆိုင်ရာ စစ်ဆေးမှု (Ovulation test) – မျိုးဥထွက်ခြင်းကို ခန့်မှန်းပေးသည့် ဆေးကိရိယာ (Ovulation prediction kit) များကို ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ အဆိုပါ ဆေးကိရိယာသည် မျိုးဥမထွက်မီ လိုအပ်သည့် Luteinizing hormone (LH) မြင့်တက်လာမှုကို သိရှိနိုင်ပါသည်။ ပရိုဂျက်စတာရုန်း (Progesterone) သည် မျိုးဥထွက်ပြီးနောက် ထွက်ရှိလာသော ဟော်မုန်းတစ်မျိုး ဖြစ်သည့်အတွက် သွေးစစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် အမျိုးသမီးတစ်ဦးတွင် မျိုးဥထွက်မထွက်ကို သိရှိနိုင်ပါသည်။ ယင်းအပြင် ပရိုလက်တင် (Prolactin) ကဲ့သို့သော အခြားဟော်မုန်းများ၏ ပမာဏကိုလည်း တိုင်းတာစစ်ဆေးနိုင်ပါသည်။
- သားအိမ်နှင့် သားအိမ်ပြွန်များ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (Hysterosalpingography) – အဆိုပါ စစ်ဆေးမှုသည် သားအိမ်ပြွန်များအတွင်း ပိတ်ဆို့မှုများကို ရှာဖွေရာတွင် ကူညီပေးသည်။ ယင်းစစ်ဆေးမှုတွင် သားအိမ်အတွင်းသို့ ဆေးရည် (Dye) ထည့်သွင်းပြီး သားအိမ်ပြွန်များအတွင်း စီးဆင်းသွားမှုကို ကြည့်ရှုခြင်း ပါဝင်သည်။ အဆိုပါ ဖြစ်စဉ်ကို ဓာတ်မှန် (X-ray) ရိုက်၍ ကြည့်ရှုစစ်ဆေးပြီး မှတ်တမ်းတင်ထားသည်။ ဆေးရည်သည် အတားအဆီးမရှိ လွတ်လပ်စွာ စီးဆင်းနိုင်ပါက သားအိမ်ပြွန်များတွင် ပိတ်ဆို့မှုများ မရှိဟု ဆိုလိုသည်။
- မျိုးဥအိမ်၏ သန္ဓေအောင်နိုင်စွမ်း စစ်ဆေးခြင်း (Ovarian reserve testing) – ယခုစစ်ဆေးမှုသည် အမျိုးသမီးတစ်ဦး၏ မျိုးဥအိမ်အတွင်းရှိ ကျန်ရှိနေသော မျိုးဥအရေအတွက်ကို စစ်ဆေးပေးပြီး မျိုးဥအိမ်၏ လုပ်ဆောင်ချက်ကို ဖော်ထုတ်ပေးသည်။ အဆိုပါ သွေးစစ်ခြင်းနှင့် ပုံရိပ်ဖော် စစ်ဆေးခြင်းများကို မျိုးဥထုတ်လုပ်မှု လျော့နည်းနိုင်သည့် အန္တရာယ်ရှိသော အမျိုးသမီးများ၊ အထူးသဖြင့် အသက် ၃၅ နှစ်ထက်ကျော်လွန်သော အမျိုးသမီးများအား စစ်ဆေးပေးနိုင်ပါသည်။
- အခြားဟော်မုန်း စစ်ဆေးမှုများ (Other hormone testing) – ဆရာဝန်သည် သိုင်းရွိုက် (Thyroid) နှင့် ပစ်ကျူထရီ (Pituitary) ဟော်မုန်းများကို စစ်ဆေးရန် လိုအပ်ပေမည်။ သိုင်းရွိုက် သို့မဟုတ် ပစ်ကျူထရီဂလင်း၏ လုပ်ဆောင်ချက်များ လွန်ကဲခြင်းနှင့် မမှန်ကန်ခြင်းတို့သည် မျိုးဥထွက်ခြင်းကို ရပ်တန့်စေနိုင်သည်။ မျိုးဥအိမ်၏ ပုံမှန်လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်အတွက် သင့်တော်သော ဟော်မုန်းပမာဏ ရှိရန် လိုအပ်ပါသည်။
- ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests) – Saline infusion sonogram (SIS) သို့မဟုတ် သားအိမ်အတွင်းကြည့် မှန်ပြောင်းစစ်ဆေးခြင်း (Hysteroscopy) ဟုခေါ်သော Sonohysterogram စစ်ဆေးမှုသည် သားအိမ်နံရံရှိ အသားပိုများ၊ အသားလုံးများ သို့မဟုတ် အခြားသော တည်ဆောက်ပုံဆိုင်ရာ မူမမှန်မှုများကို စစ်ဆေးရန် ပြုလုပ်သည့် စစ်ဆေးမှုဖြစ်သည်။ မိန်းမကိုယ်မှတစ်ဆင့် အာထရာဆောင်းရိုက်စဉ် သားအိမ်အတွင်းသို့ ဆားရည် (ရေ) ထည့်သွင်းပေးခြင်းဖြင့် သားအိမ်ခေါင်း၏ ပုံရိပ်ကို စိုက်ကြည့်စစ်ဆေးနိုင်ပါသည်။ ယေဘုယျအားဖြင့် တင်ပါးဆုံပိုင်း အာထရာဆောင်း စစ်ဆေးမှုသည် သားအိမ်ပြွန် သို့မဟုတ် သားအိမ်ဆိုင်ရာ ရောဂါများကို စစ်ဆေးပေးပါသည်။
- ဝမ်းဗိုက်မှတစ်ဆင့် မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Laparoscopy) – ယခုစစ်ဆေးမှုကို သားအိမ်အတွင်းမြှေး ပြင်ပရောက်ရောဂါ (Endometriosis) ကြောင့် ဖြစ်ပေါ်လာသော အမာရွတ်များ၊ သားအိမ်ပြွန် ပိတ်ဆို့မှု သို့မဟုတ် မူမမှန်မှုများနှင့် အခြားသော မျိုးဥအိမ်နှင့် သားအိမ်ဆိုင်ရာ ပြဿနာများကို စစ်ဆေးရန် သို့မဟုတ် ကုသရန် အသုံးပြုလေ့ရှိသည်။ လုပ်ငန်းစဉ်အတွင်း မှန်ပြောင်းပါရှိသော သေးငယ်သည့် ပြွန်ပုံစံကိရိယာ (Laparoscope) ကို ဝမ်းဗိုက်ဧရိယာရှိ ခွဲကြောင်းသေးသေးလေးအတွင်းသို့ ထည့်သွင်း၍ ဆရာဝန်များအနေဖြင့် ကိုယ်တွင်းအင်္ဂါများကို ကြည့်ရှုစစ်ဆေးနိုင်မည် ဖြစ်သည်။
- မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုများ (Genetic testing) – ယခုစစ်ဆေးမှုသည် သားသမီးမရနိုင်ခြင်းကို ဖြစ်စေနိုင်သော ဂျင်းန် (Gene) အပြောင်းအလဲများ သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ ပုံမှန်မဟုတ်မှုများကို ဖော်ထုတ်ပေးပါသည်။
ကုသမှု
ပြုလုပ်ခဲ့သော စစ်ဆေးမှုများစွာသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအား အမျိုးသမီး သားသမီးမရနိုင်သည့် တိကျသော အကြောင်းရင်းကို ဖော်ထုတ်ရာတွင် ကူညီပေးမည်ဖြစ်ပြီး ကိုယ်ဝန်ရရှိနိုင်ခြေ အခွင့်အလမ်းကို မြှင့်တင်ရန် ဖြစ်နိုင်ခြေရှိသော ကုသမှုများကို ပေးဆောင်နိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် အကြောင်းအရင်း၊ အသက်အရွယ်၊ သားသမီးမရရှိသည့် ကြာချိန်နှင့် စုံတွဲ၏ ဦးစားပေးရွေးချယ်မှုတို့သည် ကုသမှုဆိုင်ရာ ရွေးချယ်မှုများအပေါ် သက်ရောက်မှုရှိသည်။ သားသမီးမရနိုင်ခြင်းသည် ရှုပ်ထွေးသော အခြေအနေတစ်ခု ဖြစ်သောကြောင့် ဇနီးမောင်နှံနှစ်ဦးအတွက် ငွေကြေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အချိန်အမြောက်အမြား ပေးဆပ်ရန် လိုအပ်မည်ဖြစ်သည်။ အချို့သော ဖြစ်စဉ်များတွင် ကုသမှုသည် နည်းလမ်းတစ်ခုထက်မက ပါဝင်နိုင်သည်။
အမျိုးသမီး သားသမီးမရနိုင်ခြင်းအတွက် အတွေ့ရများသော ကုသမှုများမှာ ဆေးဝါးများ သောက်သုံးခြင်း၊ ခွဲစိတ်ကုသခြင်း၊ သားအိမ်အတွင်းသို့ သုတ်ပိုးတိုက်ရိုက်ထည့်သွင်းခြင်း (Intrauterine insemination – IUI) သို့မဟုတ် ဖန်ပြွန်သန္ဓေသား နည်းပညာတို့ ဖြစ်ကြသည်။ မိသားစုတစ်ခု စတင်ထူထောင်လိုသူများအတွက် ငှားရမ်းကိုယ်ဝန်ဆောင်ခြင်း (Gestational surrogacy) နှင့် မွေးစားခြင်းတို့သည်လည်း ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။
ဆေးဝါးများ (Medications)
သန္ဓေအောင်ဆေးဝါးများသည် အမျိုးသမီး သားသမီးမရနိုင်ခြင်းအတွက် အဓိက ကုသမှုပုံစံ ဖြစ်သည်။ ယင်းကို မျိုးဥထွက်ခြင်းကို ထိန်းချုပ်ရန် သို့မဟုတ် လှုံ့ဆော်ရန် အသုံးပြုသည်။ ထို့အပြင် မျိုးဥထွက်သော အမျိုးသမီးများ၏ မျိုးဥအရည်အသွေးနှင့် အရေအတွက်ကိုလည်း တိုးတက်စေပါသည်။ သန္ဓေအောင်ဆေးဝါးများကို မျိုးဥထွက်ခြင်းကို အားပေးသည့် သဘာဝဓာတုပစ္စည်းများဖြစ်သော Follicle-stimulating hormone (FSH) နှင့် Luteinizing hormone (LH) တို့ကဲ့သို့ ပုံစံထုတ်လုပ်ထားခြင်း ဖြစ်သည်။
အမျိုးသမီးများအတွက် သန္ဓေအောင်ဆေးဝါးများမှာ –
- Clomiphene citrate – ရင့်မှည့်သော မျိုးဥဖွံ့ဖြိုးမှုနှင့် ထွက်ရှိမှု (မျိုးဥထွက်ခြင်း) ကို ကူညီပေးရန် လိုအပ်သော ဟော်မုန်းများကို တိုးမြှင့်ပေးသည့် ပစ်ကျူထရီဂလင်းကို ပစ်မှတ်ထား ကုသပေးသည်။ ယခုဆေးဝါးသည် ပစ်ကျူထရီ သို့မဟုတ် မျိုးဥအိမ် အဓိကပျက်စီးနေသော အမျိုးသမီးများအတွက် မသင့်တော်ပါ။ Clomiphene ကို သောက်ဆေးအဖြစ် သောက်သုံးရသည်။ ဖြစ်စဉ်အများစုတွင် ယခုဆေးဝါးသည် PCOS မရှိဘဲ အသက် ၃၉ နှစ်အောက် အမျိုးသမီးများအတွက် ပထမဦးစားပေး ကုသမှု ဖြစ်သည်။
- Gonadotropins – လစဉ် မျိုးဥတစ်လုံးတည်း ထွက်ရှိမည့်အစား ယခုကုသမှုသည် မျိုးဥအိမ်ကို လှုံ့ဆော်ပေးပြီး မျိုးဥများစွာ ထွက်ရှိစေကာ ကိုယ်ဝန်ရရှိနိုင်ခြေကို ပိုမိုမြင့်မားစေသည်။ သို့သော် Gonadotropins ကို အသုံးပြုရာတွင် အသိပေးထားသော စိုးရိမ်စရာအချက်မှာ အမြွှာကိုယ်ဝန်ဆောင်ရနိုင်ခြေနှင့် လမစေ့ဘဲ မွေးဖွားနိုင်ခြေ မြင့်မားခြင်းတို့ ဖြစ်သည်။
- Human menopausal gonadotropin သို့မဟုတ် hMG (Menopur) နှင့် FSH (Gonal-F, Follistim AQ, Bravelle) တို့သည် Gonadotropin ပါဝင်သော ဆေးဝါးများ၏ ဥပမာများ ဖြစ်ကြသည်။ အခြားသော Gonadotropin တစ်မျိုးဖြစ်သည့် Human chorionic gonadotropin (Ovidrel, Pregnyl) ကို မျိုးဥများကို ရင့်မှည့်စေရန်နှင့် မျိုးဥထွက်ချိန်တွင် ယင်းတို့ကို ထွက်ရှိလာစေရန် အသုံးပြုသည်။ အဆိုပါ ဆေးဝါးများကို ထိုးဆေးအဖြစ် ပေးသွင်းရသည်။
- Metformin – သားသမီးမရနိုင်ခြင်းကို ဖြစ်စေသည့် အချက်တစ်ချက်ဖြစ်သော PCOS နှင့် အင်စူလင်ယဉ်ပါးမှုရှိသည်ဟု ရောဂါအမည်တပ်ထားသော အမျိုးသမီးများအား ညွှန်းဆိုလေ့ရှိသည်။ Metformin သည် အင်စူလင်ယဉ်ပါးမှုကို လျှော့ချပေးနိုင်သည့် စွမ်းရည်ကြောင့် မျိုးဥထွက်နိုင်ခြေကို မြင့်တက်စေနိုင်သည်။
- Letrozole – Letrozole သည် သောက်ဆေးဖြစ်ပြီး မျိုးဥထွက်စေသည့် ဆေးတစ်မျိုးဖြစ်ကာ တရားဝင်အတည်ပြုထားသော အသုံးပြုမှုများ၏ ပြင်ပတွင် ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ယင်းသည် အမျိုးသမီးတစ်ဦးတွင် ပရိုဂျက်စတာရုန်း ပမာဏကို ခဏတာ လျှော့ချပေးခြင်းဖြင့် ဦးနှောက်အား သဘာဝအတိုင်း Follicle-stimulating hormone (FSH) ပိုမိုထုတ်လုပ်ရန် လှုံ့ဆော်ပေးပါသည်။ ယင်းသည် Aromatase inhibitors ဟုခေါ်သော ဆေးဝါးအုပ်စုတွင် ပါဝင်ပြီး Clomiphene နှင့် ပုံစံတူ အလုပ်လုပ်ပါသည်။
ယင်းကို ပုံမှန်မျိုးဥထွက်သော အမျိုးသမီးများ၏ မျိုးဥအိမ်အတွင်း ရင့်မှည့်သော မျိုးဥများ ထုတ်လုပ်မှုကို တိုးတက်စေရန်နှင့် PCOS ရှိသော အမျိုးသမီးများတွင် မျိုးဥထွက်စေရန်အတွက် မကြာခဏ အသုံးပြုကြသည်။
- Bromocriptine – Bromocriptine သည် ပရိုလက်တင် ဟော်မုန်း ပမာဏ လွန်ကဲခြင်းကြောင့် မျိုးဥထွက်ခြင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရသော အမျိုးသမီးများအတွက် ညွှန်းဆိုသည့် ဆေးဝါးများ ဖြစ်ကြသည်။ အဆိုပါ ညွှန်းဆေးများကို ပါးစပ်မှတစ်ဆင့် သောက်သုံးရသည်။
သန္ဓေအောင်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Risks of fertility drugs)
သားသမီးမရနိုင်ခြင်းဆိုင်ရာ အထူးကုဆရာဝန်သည် သန္ဓေအောင်ဆေးဝါးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို အောက်ပါအတိုင်း ဆွေးနွေးပေးပါလိမ့်မည် –
- အမြွှာကိုယ်ဝန်ဆောင်ရခြင်း (Pregnancy with multiples) – သန္ဓေအောင်ဆေးဝါး အများအပြားသည် အမျိုးသမီးတစ်ဦးအား အမြွှာ၊ သုံးမြွှာ သို့မဟုတ် ယင်းထက်ပိုသော အမြွှာများ စေစပ်နိုင်ခြေကို မြင့်တက်စေပြီး မိခင်အတွက် ထပ်ဆောင်း ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ အမြွှာကလေးများတွင် လမစေ့ဘဲ မွေးဖွားနိုင်ခြေ (စောလွန်းစွာ) ပိုမိုမြင့်မားသည်။ ထို့အပြင် လမစေ့ဘဲ မွေးဖွားသော ကလေးငယ်များတွင် ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။
ကိန်းဂဏန်းအချက်အလက်များအရ ထိုးဆေးများသည် အမြွှာရရှိနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်စေသည်။ သုံးမြွှာ သို့မဟုတ် ယင်းထက်ပိုသော ကလေးများ ရရှိနိုင်သည့် သိသာသော အန္တရာယ်သည် ထိုးဆေးဆိုင်ရာ သန္ဓေအောင်ဆေးများတွင် ပိုမိုအဖြစ်များသည်။ သို့သော် သောက်ဆေးများကြောင့် အမြွှာမွေးဖွားခြင်းမှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသည်။ အကယ်၍ ဖြစ်ပွားပါကလည်း အများအားဖြင့် အမြွှာနှစ်ဦး ကိုယ်ဝန်ဆောင်ခြင်းများသာ ဖြစ်သည်။
- မျိုးဥအိမ် လွန်ကဲစွာ လှုံ့ဆော်ခံရသည့် ရောဂါလက္ခဏာစု (Ovarian hyperstimulation syndrome – OHSS) – အမျိုးသမီးအနည်းငယ်သည် ထိုးသွင်းလိုက်သော သန္ဓေအောင်ဆေးဝါးများကြောင့် တုံ့ပြန်မှုများကို ကြုံတွေ့ရနိုင်ပြီး မျိုးဥအိမ်အတွင်း မျိုးဥများ အလွန်အမင်း ထုတ်လုပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါ အခြေအနေသည် ပေါ့ပါးသော အခြေအနေမှ ပြင်းထန်သော OHSS သို့ ပြောင်းလဲသွားနိုင်သည်။
ပေါ့ပါးသော အခြေအနေများတွင် မျိုးဥအိမ်များ ရောင်ရမ်းခြင်းနှင့် မသက်မသာဖြစ်ခြင်းတို့သည် လက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး ဗိုက်အနည်းငယ် မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ပါဝင်သည်။ အဆိုပါ လက္ခဏာများသည် ပုံမှန်အားဖြင့် လိုလိုလားလား ပျောက်ကင်းသွားတတ်သည်။ ပြင်းထန်သော အခြေအနေများတွင် အတွေ့ရများသော လက္ခဏာများမှာ ရုတ်တရက် ကိုယ်အလေးချိန် တိုးလာခြင်း၊ မျိုးဥအိမ်များ ရောင်ရမ်း၍ နာကျင်ခြင်း၊ ဝမ်းဗိုက်အတွင်း ရေဖျင်းစွဲခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ကြသည်။
- ရေရှည်တွင် မျိုးဥအိမ် အကျိတ်များ ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများ (Long-term risks of ovarian tumors) – အချို့သော သုတေသနများအရ သန္ဓေအောင်ဆေးများကို ကြာရှည်စွာ အသုံးပြုခြင်း၊ အထူးသဖြင့် ကိုယ်ဝန်မရရှိဘဲ ၁ နှစ် သို့မဟုတ် ယင်းထက်ပို၍ အသုံးပြုခြင်းသည် Borderline ovarian tumor (အနားသတ် မျိုးဥအိမ်အကျိတ်) ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်ဟု ဆိုသည်။
နောက်ထပ် လေ့လာမှုများက သန္ဓေအောင်ဆေးများ အသုံးပြုခြင်းသည် မျိုးဥအိမ် အကျိတ်ဖြစ်ပွားနိုင်ခြေကို သိသာစွာ မဖြစ်စေဟု ဖော်ပြထားသည်။ အထူးသဖြင့် ပထမအကြိမ် ကုသမှု စက်ဝန်းအနည်းငယ်တွင် ဆေးဝါးအသုံးပြုမှုကို လအနည်းငယ်တိုင်း ဂရုတစိုက် စစ်ဆေးရန်နှင့် အောင်မြင်မှုနှုန်း အမြင့်ဆုံးရှိသော ဆေးဝါးများကို ဦးစားပေးရန် အရေးကြီးပါသည်။
ခွဲစိတ်ကုသခြင်း (Surgery)
အကယ်၍ ဆေးဝါးများနှင့် အခြားသော ကုသမှုများသည် သန္ဓေအောင်နိုင်စွမ်းဆိုင်ရာ ပြဿနာများကို မဖြေရှင်းနိုင်ပါက ခွဲစိတ်ကုသမှုကို အကြံပြုနိုင်ပါသည်။ ယင်းတို့မှာ –
- ဝမ်းဗိုက် သို့မဟုတ် သားအိမ်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic or hysteroscopic surgery) – ယခုစစ်ဆေးမှုသည် ကိုယ်တွင်းအင်္ဂါများကို ထင်ရှားစွာ မြင်တွေ့နိုင်ပြီး လိုအပ်ပါက သားအိမ်ကို ပြုပြင်ပေးနိုင်ခြင်းဖြင့် သားသမီးမရနိုင်ခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေသော ပြဿနာများကို ပြုပြင်ပေးသည့် ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေသော ခွဲစိတ်မှု ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်သည် သားအိမ်အတွင်းမြှေး အသားပိုများ၊ အသားလုံးများ၊ အမာရွတ်တစ်ရှူးများနှင့် မျိုးဥအိမ် အရည်အိတ်များကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။
- သားအိမ်ပြွန် ခွဲစိတ်မှုများ (Tubal surgeries) – ယခုလုပ်ငန်းစဉ်သည် ပိတ်ဆို့နေသော သားအိမ်ပြွန်များကို ပြုပြင်ရန် သို့မဟုတ် ပွင့်သွားစေရန် ရည်ရွယ်သည်။ ဆရာဝန်သည် အမာရွတ်တစ်ရှူးများကို ဖယ်ရှားရန်နှင့် ပြွန်များကို ပြုပြင်ရန် Laparoscopy ခွဲစိတ်မှုကို အကြံပြုပေမည်။ ဖန်ပြွန်သန္ဓေသား နည်းပညာ (IVF) သည် မကြာခဏ ကိုယ်ဝန်ရရှိရေး အခွင့်အလမ်း ပိုမိုမြင့်မားသောကြောင့် ယခုခွဲစိတ်မှုကို ပုံမှန်အားဖြင့် အကြံပြုလေ့မရှိပါ။ ယခုခွဲစိတ်မှုပြုလုပ်ပြီးနောက် သားအိမ်အနီးရှိ ပြွန်များကို ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းဖြင့် IVF နည်းလမ်းဖြင့် ကိုယ်ဝန်ရရှိနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။
မျိုးပွားမှုဆိုင်ရာ အကူအညီများ (Reproductive assistance)
မျိုးပွားမှုဆိုင်ရာ အကူအညီပေးသည့် နည်းလမ်းများမှာ –
- သားအိမ်အတွင်းသို့ သုတ်ပိုးတိုက်ရိုက်ထည့်သွင်းခြင်း (Intrauterine insemination – IUI) – မျိုးဥထွက်ချိန်အတွင်း ဆရာဝန်သည် သုတ်ပိုးကို သီးသန့်ဆေးရည်ဖြင့် ဆေးကြောပြီးနောက် သားအိမ်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သည်။ ယင်းကို မကြာခဏ မျိုးဥထွက်စေသည့် ဆေးဝါးများ သောက်သုံးနေစဉ်အတွင်း ပြုလုပ်လေ့ရှိသည်။
- မျိုးပွားမှုဆိုင်ရာ အထောက်အကူပြု နည်းပညာ (Assisted reproductive technology – ART) – ဖန်ပြွန်သန္ဓေသား နည်းပညာ (In vitro fertilization – IVF) သည် အတွေ့ရများဆုံး ART နည်းလမ်း ဖြစ်သည်။ သန္ဓေသားများကို ဓာတ်ခွဲခန်းအတွင်း သုတ်ပိုးနှင့် ရင့်မှည့်သော မျိုးဥများကို ပေါင်းစပ်၍ ထုတ်လုပ်သည်။ သန္ဓေသား (သို့မဟုတ် သန္ဓေသားများ) ကို ၃ ရက်မှ ၅ ရက်အကြာတွင် အမျိုးသမီး၏ သားအိမ်အတွင်းသို့ ထည့်သွင်းပေးသည်။ သန္ဓေသားများကို နောက်ပိုင်းမှ ထည့်သွင်းရန်အတွက်လည်း ထိန်းသိမ်းထားရှိနိုင်ပါသည်။
ART နည်းလမ်းသည် ငွေကြေးနှင့် အချိန် ကုန်ကျမှု များပြားနိုင်ပါသည်။ IVF စက်ဝန်းတစ်ခုအတွင်း သွေးစစ်ဆေးမှုများစွာနှင့် နေ့စဉ် ဟော်မုန်းထိုးဆေးများ ထိုးရန် လိုအပ်မည်ဖြစ်သည်။ IVF ၏ အောင်မြင်မှုနှုန်းသည် ယေဘုယျအားဖြင့် အထူးကုဆရာဝန်၊ သားသမီးမရနိုင်သည့် ရောဂါအမည်နှင့် အသက်အရွယ်တို့အပေါ် မူတည်ပါသည်။
