ကျောက်ကပ်ရောဂါ၏ လက္ခဏာ (၆) ချက် – မိမိကျောက်ကပ် မူမမှန်သည်ကို သိရှိပြီး အချိန်မီ တုံ့ပြန်ကုသနိုင်ရန်
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ကျောက်ကပ်ရောဂါ သည် အများစု ထင်မှတ်ထားသည်ထက် ပိုမို အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပါသည်။ ၎င်းသည် သိသာထင်ရှားသော လက္ခဏာများ မပြဘဲ တိတ်တဆိတ် စတင်လေ့ရှိသောကြောင့် လူများ လျစ်လျူရှုမိတတ်သည့် ကျန်းမာရေးပြဿနာများထဲမှ တစ်ခုလည်း ဖြစ်ပါသည်။ သို့သော် လက္ခဏာများ ပေါ်ပေါက်လာချိန်တွင် ရောဂါအခြေအနေမှာ အတန်ငယ် ရင့်ကျက်နေပြီ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ရောဂါ၏ ကြိုတင်သတိပေး လက္ခဏာများ ကို သိရှိနားလည်ထားခြင်းသည် အချိန်မီ ကုသမှုခံယူနိုင်ရန်အတွက် အလွန် အရေးကြီးပါသည်။
ကျောက်ကပ်ရောဂါ ဆိုသည်မှာ အဘယ်နည်း၊ အဘယ်ကြောင့် ထင်မှတ်ထားသည်ထက် ပိုမို အဖြစ်များသနည်း။
ကျောက်ကပ်ရောဂါသည် ကျောက်ကပ်များ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာသောအခါ ဖြစ်ပွားပါသည်။ သွေးအတွင်းရှိ အညစ်အကြေးများကို ထိရောက်စွာ စစ်ထုတ်နိုင်ခြင်း မရှိတော့သည့်အပြင် ခန္ဓာကိုယ်တွင်း အရည်ပမာဏ မျှတမှု၊ ဓာတ်ဆားဓာတ်များနှင့် သွေးဖိအားတို့ကို ထိန်းညှိပေးနိုင်ခြင်း မရှိတော့ပါ။ ထိရောက်စွာ ကုသမှု မပြုလုပ်ပါက အခြေအနေမှာ နာတာရှည် ကျောက်ကပ်ရောဂါ သို့မဟုတ် ကျောက်ကပ် ပျက်စီးခြင်း အထိ ဖြစ်ပွားသွားနိုင်ပြီး ကျောက်ကပ်ဆေးခြင်း (သို့မဟုတ်) ကျောက်ကပ် အစားထိုး ကုသမှုများ ခံယူရန် လိုအပ်လာမည် ဖြစ်ပါသည်။
သတိပြုရမည့် ကျောက်ကပ်ရောဂါ၏ ကြိုတင်သတိပေး လက္ခဏာများ
ဆီးသွားမှု မူမမှန်ခြင်း
အထူးသဖြင့် ညဘက်တွင် ဆီးခဏခဏ သွားခြင်း
ဆီးထဲတွင် အမြှုပ်များ လွန်ကဲစွာ ထခြင်း
ဆီးအရောင် ရင့်ခြင်း (အသားဆေးရေကဲ့သို့ အရောင်ရှိခြင်း သို့မဟုတ် ဆီးထဲတွင် သွေးပါခြင်း)
မျက်နှာ၊ မျက်ခွံ၊ ခြေထောက်နှင့် ခြေဖဝါးတို့တွင် ရောင်ရမ်းခြင်း
သွေးတိုးခြင်း – အထူးသဖြင့် အသက် ၃၅ နှစ်မတိုင်မီ သွေးတိုးရောဂါ တွေ့ရှိရပါက ကျောက်ကပ်ရောင်ရမ်းခြင်း အချို့နှင့် ဆက်စပ်နိုင်ပါသည်။
မောပန်းလွယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း သို့မဟုတ် သွေးအားနည်းခြင်း
အရေပြား ခြောက်သွေ့ယားယံခြင်း သို့မဟုတ် အသားအရေ မည်းမှောင်လာခြင်း
ခံတွင်းပျက်ခြင်း၊ ပျို့အန်ချင်ခြင်း သို့မဟုတ် အန်ခြင်း
ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသော အကြောင်းအရင်းများ
ဆီးချိုရောဂါ
သွေးတိုးရောဂါ
အဝလွန်ခြင်း
မျိုးရိုးထဲတွင် ကျောက်ကပ်ရောဂါ ရာဇဝင်ရှိခြင်း (ဥပမာ – မျိုးရိုးလိုက် ကျောက်ကပ် အရည်အိတ်တည်ရောဂါ)
ဆေးဝါးအချို့ကို ရေရှည် သုံးစွဲခြင်း (ဥပမာ – အကိုက်အခဲပျောက်ဆေးများ၊ ကြွက်သားပြေလျော့ဆေးများ သို့မဟုတ် အချို့သော တိုင်းရင်းဆေး/သစ်သီးသစ်ဖုဆေးများ)
ငန်လွန်းသော အစားအစာများကို စားသုံးခြင်း (အထူးသဖြင့် ရေပုံမှန် လုံလောက်စွာ မသောက်သုံးခြင်းနှင့် ပေါင်းစပ်မိသောအခါ)
ဆေးလိပ်သောက်ခြင်း
ကျောက်ကပ်ရောဂါ ကုသခြင်း
ကုသမှု နည်းလမ်းသည် ဖြစ်ပွားရသည့် အကြောင်းအရင်း၊ ရောဂါအဆင့်နှင့် ပြင်းထန်မှုတို့ပေါ်တွင် မူတည်ပါသည်၊၊ ဆရာဝန်များသည် လူနာတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ကုသပေးမည် ဖြစ်ပါသည်။
1. စတင်အဆင့် ကျောက်ကပ်ရောဂါ
ဆီးချိုနှင့် သွေးတိုးကဲ့သို့သော အခံရောဂါများကို အစားအသောက် ထိန်းသိမ်းခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနှင့် ပုံမှန် ဆေးစစ်မှု ပြုလုပ်ခြင်းတို့ဖြင့် ထိန်းချုပ်ခြင်း
ကျောက်ကပ် ပျက်စီးမှုကို နှေးကွေးစေရန် ကူညီပေးသည့် ဆေးဝါးများ သောက်သုံးခြင်း (ဥပမာ – ACE inhibitors၊ ARBs သို့မဟုတ် SGLT-2 inhibitors )
နေထိုင်မှုပုံစံ ပြောင်းလဲခြင်း – ကျောက်ကပ်၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် အငန်ဓာတ်နှင့် ပရိုတင်း (အသားဓာတ်) စားသုံးမှုကို လျှော့ချခြင်း
ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း – ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ကို 23 kg/m² ထက် မကျော်လွန်အောင် ထိန်းသိမ်းခြင်း
2. အလယ်အလတ်အဆင့် ကျောက်ကပ်ရောဂါ
သွေးအားနည်းခြင်း၊ ဓာတ်ဆားဓာတ် မမျှတခြင်းနှင့် ရောင်ရမ်းခြင်းစသည့် နောက်ဆက်တွဲ ပြဿနာများကို ကုသခြင်း
ကျောက်ကပ်အထူးကု ဆရာဝန်ဖြင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်း
3. နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်သန့်စင်ခြင်း – နည်းလမ်း နှစ်မျိုးရှိပါသည်။
သွေးကြောမှတစ်ဆင့် ကျောက်ကပ်သန့်စင်ခြင်း (Hemodialysis)
ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်သန့်စင်ခြင်း (Peritoneal dialysis)
ကျောက်ကပ် အစားထိုးကုသခြင်း
လူနာများ ပုံမှန် လူနေမှုဘဝ အရည်အသွေးအတိုင်း နီးပါး ပြန်လည်ရရှိစေနိုင်မည့် ရွေးချယ်မှု ဖြစ်ပါသည်။
ဝေဒနာသက်သာရေး ပြုစုကုသမှု ( Palliative care)
ကျောက်ကပ်ရောဂါ ကာကွယ်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းလမ်းများ
ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ – အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သွေးဖိအား တိုင်းတာခြင်း၊ သွေးစစ်ခြင်းနှင့် ဆီးစစ်ခြင်းတို့ ပြုလုပ်ပါ။
သွေးတွင်း သကြားဓာတ်နှင့် သွေးဖိအားကို ပုံမှန် ပမာဏအတွင်း ရှိနေအောင် ထိန်းသိမ်းပါ
အငန်ဓာတ်နှင့် ပြုပြင်ဖန်တီးထားသော အစားအစာများ စားသုံးမှုကို လျှော့ချပါ
ရေ လုံလောက်စွာ သောက်သုံးပါ – ခန္ဓာကိုယ် အလေးချိန် ၁ ကီလိုဂရမ်လျှင် ရေ ၃၀ မီလီလီတာနှုန်းဖြင့် (တစ်နေ့လျှင် အကြမ်းဖျင်း ရေ ၂၀၀၀ မီလီလီတာခန့် ) သောက်သုံးပေးပါ။
ကျောက်ကပ်ကို ထိခိုက်စေနိုင်သော မလိုအပ်သည့် ဆေးဝါးများ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ
ကျောက်ကပ်ရောဂါသည် သင်ထင်မှတ်ထားသည်ထက် ပိုမို စိုးရိမ်စရာ ကောင်းပါသည်။ ဆီးသွားသည့် ပုံစံ ပြောင်းလဲခြင်း၊ ခန္ဓာကိုယ် ရောင်ရမ်းခြင်း၊ မောပန်းလွယ်ခြင်း သို့မဟုတ် သွေးတိုးခြင်းစသည့် မူမမှန်မှုများကို သတိပြုမိပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။ စောစီးစွာ ကုသမှုခံယူခြင်းသည် ရောဂါ ပိုမိုဆိုးရွားလာမှုကို နှေးကွေးစေနိုင်ပါသည်။ ကျောက်ကပ် စပျက်စီးသွားပါက ဆီးတုတက်ခြင်း သို့မဟုတ် ကျောက်ကပ် အစားထိုး ကုသခြင်းတို့ လိုအပ်လာနိုင်ပါသည်။ ကြိုတင်ကာကွယ်ခြင်းနှင့် ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်းတို့သည် သင်၏ ကျောက်ကပ်ကို နောင်နှစ်ပေါင်းများစွာ ကျန်းမာသန်စွမ်းစေရန်အတွက် အဓိက သော့ချက် ဖြစ်ပါသည်။
ကျောက်ကပ်ရောဂါနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသော မေးခွန်းများ
ကျောက်ကပ်သန့်စင်ခြင်းကို တစ်ပတ်လျှင် ဘယ်နှစ်ကြိမ် ပြုလုပ်ရန် လိုအပ်ပါသနည်း။
သွေးကြောမှတစ်ဆင့် ကျောက်ကပ်သန့်စင်ခြင်း (Hemodialysis) ကို လူနာ၏ ကျန်းမာရေး အခြေအနေနှင့် ဆရာဝန်၏ ဆုံးဖြတ်ချက်ပေါ် မူတည်၍ အများအားဖြင့် တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်ရလေ့ရှိပါသည်။
အစားထိုးထားသော ကျောက်ကပ်သည် ဘယ်လောက်အထိ ခံပါသနည်း။
စနစ်တကျ ဂရုစိုက်ပြီး ခုခံအားကျဆေးများကို ပုံမှန်သောက်သုံးပါက အစားထိုးထားသော ကျောက်ကပ်သည် ပျမ်းမျှအားဖြင့် ၁၀ နှစ်မှ နှစ် ၂၀ သို့မဟုတ် ထိုထက်ပို၍ အလုပ်လုပ်ပေးနိုင်ပါသည်။
ကျောက်ကပ်ရောဂါကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင်ပါသလား။
စတင်အဆင့် ကျောက်ကပ်ရောဂါ အချို့ကို စောစီးစွာ စစ်ဆေးတွေ့ရှိပြီး အချိန်မီ ကုသပါက လုံးဝ ပျောက်ကင်းနိုင်ပါသည်။ သို့သော် နာတာရှည် ကျောက်ကပ်ရောဂါသည် ပုံမှန်အားဖြင့် လုံးဝ ပျောက်ကင်းရန် ခက်ခဲပြီး ကုသမှုသည် ဆေးဝါးများ သောက်သုံးခြင်းနှင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ရောဂါ ပိုမိုဆိုးရွားလာမှုကို နှေးကွေးသွားစေရန် သာ အဓိကထား ဆောင်ရွက်ရပါသည်။ နောက်ဆုံးအဆင့် ကျောက်ကပ် ပျက်စီးသွားပါက ကျောက်ကပ် လုပ်ဆောင်ချက်များကို မူလအတိုင်း ပြန်လည်ရရှိနိုင်ခြင်း မရှိတော့ဘဲ ဆီးတုတက်ခြင်း သို့မဟုတ် ကျောက်ကပ် အစားထိုး ကုသမှုများ လိုအပ်မည် ဖြစ်ပါသည်။
အငန်ဓာတ် လွန်ကဲစွာ စားသုံးခြင်းသည် ကျောက်ကပ်ရောဂါကို အမှန်တကယ် ဖြစ်ပွားစေပါသလား။
ဖြစ်ပွားစေပါသည်။ ဆိုဒီယမ် (ဓာတ်ဆား) ပါဝင်မှု များပြားသော အစားအစာများကို ရေရှည် လွန်ကဲစွာ စားသုံးခြင်းသည် နာတာရှည် ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါသည်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် – ကျောက်ကပ်သန့်စင်ဌာန ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000 လိုင်းခွဲ 5021 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. Umpaiwan Rungbanaphan
Internal Medicine
Nephrology
Readers’ Rating
3.1 out of 5 stars (based on 29 reviews)