သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း
အကျဉ်းချုပ်အကြောင်းအရာ
သိုင်းရွိုက်ဂလင်းများမှ သိုင်းရွိုက်ဟော်မုန်း လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အခါ ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးကွေးသွားစေပြီး သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ရောဂါ (Hypothyroidism) ဖြစ်ပွားလာရပါသည်။ ဒါဟာ ကိုယ်အလေးချိန် တိုးလာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် အေးသော အပူချိန်ကို မခံနိုင်ခြင်းစသည့် လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
များသောအားဖြင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ကနဦးအဆင့်များတွင် မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ မကုသဘဲထားရှိပါက နှလုံးပြဿနာများနှင့် သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်မားလာခြင်း အပါအဝင် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကို စစ်ဆေးအတည်ပြုရန် ဆရာဝန်များက သွေးစစ်ဆေးမှုများ ပြုလုပ်ဖို့ အကြံပြုလေ့ရှိပါသည်။ ဒီရောဂါအခြေအနေကို မှန်ကန်သော ကုသမှုဖြင့် စနစ်တကျ ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်က သင့်တော်သော ဆေးဝါးပမာဏကို ညွှန်ကြားပေးမည်ဖြစ်ပြီး ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ပုံမှန် ဆေးစစ်မှုများ ပြုလုပ်ဖို့ လိုအပ်ပါသည်။
ရောဂါလက္ခဏာများသိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းသည် ဖြည်းဖြည်းချင်း တိုးတက်လာသော ရောဂါအခြေအနေတစ်ခုဖြစ်ပြီး သတိမမူမိဘဲ အလွယ်တကူ ကျော်လွန်သွားနိုင်သည့် သာမန်လက္ခဏာများဖြင့် စတင်တတ်ပါသည်။ စတင်ဖြစ်ပွားချိန်တွင် မောပန်းခြင်းနှင့် ကိုယ်အလေးချိန် တိုးလာခြင်းစသည့် လက္ခဏာများကို အသက်ကြီးလာခြင်း သို့မဟုတ် စိတ်ဖိစီးမှုကြောင့် ဖြစ်ရသည်ဟု အမှတ်မှားနိုင်ပါသည်။ သို့သော် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ လက္ခဏာများမှာ ပိုမိုထင်ရှားလာပါသည်။
သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း၏ အတွေ့ရများသော လက္ခဏာများ
- မောပန်းနွမ်းနယ်ခြင်း: တိကျသော အကြောင်းရင်းမရှိဘဲ ပုံမှန်မဟုတ်ဘဲ မောပန်းနွမ်းနယ်နေခြင်း။
- အအေးဒဏ် မခံနိုင်ခြင်း: တူညီသော ပတ်ဝန်းကျင်တွင် အခြားသူများထက် ပိုမိုအေးစိမ့်နေခြင်း။
- ကိုယ်အလေးချိန် တိုးလာခြင်း: အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် တက်လာခြင်း။
- အရေပြားနှင့် ဆံပင် ခြောက်သွေ့ကြမ်းတမ်းခြင်း: အရေပြားနှင့် ဆံပင်၏ အထိအတွေ့ ပုံစံ သိသာစွာ ပြောင်းလဲလာခြင်း။
- မျက်နှာ ဖောင်အစ်ခြင်း: မျက်နှာ ရောင်ရမ်းဖောင်အစ်လာခြင်း။
- အသံပြောင်းလဲခြင်း: အသံ ဩဇာမရှိဘဲ ဝင်လာခြင်း/အသံဩလာခြင်း။
- ကြွက်သား ပြဿနာများ: ကြွက်သားများ အားနည်းခြင်း၊ ကိုက်ခဲခြင်း၊ တင်းတောင့်ခြင်းနှင့် နာကျင်ခြင်း။
- ရာသီသွေး မမှန်ခြင်း: ရာသီသွေး အလွန်အမင်း ဆင်းခြင်း သို့မဟုတ် ရာသီစက်ဝန်း မမှန်ခြင်း။
- စိတ်ကျန်းမာရေး: စိတ်ဓာတ်ကျခြင်းနှင့် မှတ်ဉာဏ် ပြဿနာများ ခံစားရခြင်း။
- အခြား လက္ခဏာများ: ဝမ်းချုပ်ခြင်း၊ နှလုံးခုန်နှုန်း နှေးကွေးခြင်းနှင့် ဆံပင်ကျွတ်/ဆံပင်ပါးခြင်း။
မွေးကင်းစကလေးများတွင် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း ရှားပါးသော်လည်း မွေးကင်းစကလေးများတွင်လည်း သိုင်းရွိုက်ဂလင်း မပါလာခြင်း သို့မဟုတ် ပုံမှန်အလုပ်မလုပ်ခြင်းတို့ကြောင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ရောဂါ ခံစားရနိုင်ပါသည်။ ကနဦးလက္ခဏာများမှာ သိသာရန် ခက်ခဲနိုင်သော်လည်း အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- နို့စို့ရခက်ခဲခြင်း
- ဖွံ့ဖြိုးမှုနှင့် ကိုယ်အလေးချိန်တက်မှု နှေးကွေးခြင်း
- အဝါရောင်သန်းခြင်း (အသားနှင့် မျက်လုံးများ ဝါခြင်း)
- ဝမ်းချုပ်ခြင်း
- ကြွက်သားအင်အား လျော့နည်းခြင်း
- အရေပြား ခြောက်သွေ့ခြင်း
- ငိုသံ ဩနေခြင်း
- ချက်ရောင်ခြင်း (ချက်အနီးတွင် ဖောင်းကြွလာခြင်း)
ကုသမှု မခံယူပါက အပျော့စား သိုင်းရွိုက်ပြဿနာများသည်ပင် မွေးကင်းစကလေးများတွင် ပြင်းထန်သော ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကလေးများနှင့် လူငယ်များတွင် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း ကလေးများနှင့် လူငယ်များတွင် လူကြီးများနှင့် ဆင်တူသော လက္ခဏာများ ပြသနိုင်သော်လည်း ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ပါဝင်နိုင်ပါသည် –
- ကြီးထွားမှု ရပ်တန့်ခြင်း (အရပ်ပုခြင်းကို ဖြစ်စေသည်)
- သွားများ ထွက်ရှိမှု နှေးကွေးခြင်း
- အပျိုဖော်/လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း
- ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေးခြင်း
အမြဲမပြတ် မောပန်းနေခြင်း သို့မဟုတ် အခြား သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သိုင်းရွိုက်ဟော်မုန်း ဆေးဝါးကုသမှု ခံယူနေသူများအတွက် ဆေးပမာဏ မှန်ကန်စေရန်နှင့် အထွေထွေ ကျန်းမာရေးကို စောင့်ကြည့်နိုင်ရန် ပုံမှန် ဆေးစစ်မှုများ ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။
အကြောင်းရင်းများသိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ရောဂါ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ အောက်ပါ အခြေအနေများ သို့မဟုတ် ပြဿနာများကြောင့် ဖြစ်ပွားနိုင်ပါသည် –
- သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း (Thyroiditis): သိုင်းရွိုက်ဂလင်း ရောင်ရမ်းသည့်အခါ Thyroiditis ဖြစ်ပေါ်လာပါသည်။ ဒါဟာ ကူးစက်ရောဂါတစ်ခုကြောင့် ဖြစ်နိုင်သလို ကိုယ်ခံအားစနစ် မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်သည့် ရောဂါ သို့မဟုတ် အခြား သိုင်းရွိုက်နှင့် ပတ်သက်သော အခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဂလင်းရောင်ရမ်းခြင်းကြောင့် သိုင်းရွိုက်သည် စုဆောင်းထားသော သိုင်းရွိုက်ဟော်မုန်း အားလုံးကို ရုတ်တရက် ထုတ်လွှတ်လိုက်နိုင်သည်။ ဒါဟာ သိုင်းရွိုက်လှုပ်ရှားမှု လွန်ကဲခြင်း (Hyperthyroidism) ကို ဖြစ်စေပြီး ထိုနောက်ပိုင်းတွင် သိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက် ပြန်လည်လျော့နည်းသွားလေ့ရှိပါသည်။
- ဆေးဝါးများ: ဆေးဝါးများစွာကြောင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း ဖြစ်နိုင်သည်။ လီသီယမ် (Lithium) သည် စိတ်ကျန်းမာရေး အခြေအနေအချို့ကို ကုသရန် အသုံးပြုသည့် ထိုကဲ့သို့သော ဆေးဝါးတစ်ခု ဖြစ်ပါသည်။ သင်အသုံးပြုနေသော မည်သည့် ဆေးဝါးမဆို သိုင်းရွိုက်ဂလင်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
- ကိုယ်ခံအားစနစ် မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်သည့် ရောဂါ (Autoimmune disease): ဟာရှီမိုတို ရောဂါ (Hashimoto’s disease) ဟုခေါ်သော ကိုယ်ခံအား မမှန်သည့် အခြေအနေသည် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်ပါသည်။ ကိုယ်ခံအားစနစ်မှ ကျန်းမာနေသော အင်္ဂါများကို အဓိကတိုက်ခိုက်သည့် အန်တီဘော်ဒီများ ထုတ်လုပ်ခြင်းကြောင့် ထိုရောဂါများ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ အဆိုပါ ဖြစ်စဉ်တွင် သိုင်းရွိုက်ဂလင်း ပါဝင်သွားသည့်အခါ ဂလင်း၏ ဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။
- သိုင်းရွိုက် ခွဲစိတ်ကုသခြင်း: သိုင်းရွိုက်ဂလင်း၏ အစိတ်အပိုင်းအချို့ သို့မဟုတ် အားလုံးကို ဖယ်ရှားသည့် ခွဲစိတ်မှုကြောင့် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို လျော့ကျသွားစေနိုင်သည် သို့မဟုတ် လုံးဝ ရပ်တန့်သွားစေနိုင်ပါသည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း: ခေါင်းနှင့် လည်ပင်း အကျိတ်/ကင်ဆာများကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် သိုင်းရွိုက်ဂလင်းကို ပျက်စီးစေပြီး သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကို ဖြစ်စေနိုင်သည်။
အောက်ပါ အကြောင်းအရင်းများကြောင့် ဖြစ်ပွားမှု နည်းပါးပါသည် –
- မွေးရာပါ ချို့ယွင်းချက်: မွေးကင်းစ ကလေးအချို့တွင် ပုံမှန်အလုပ်မလုပ်သော သိုင်းရွိုက်ဂလင်း ပါလာနိုင်ပါသည်။ အချို့သော သူများသည် သိုင်းရွိုက်ဂလင်း လုံးဝမပါဘဲ မွေးဖွားလာကြသည်။ သိုင်းရွိုက်ဂလင်း မူမမှန် ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အများအားဖြင့် မသိရှိကြပါ။ သို့သော် အချို့ကလေးများတွင် မျိုးရိုးလိုက်သည့် သိုင်းရွိုက်ရောဂါတစ်မျိုး ဖြစ်ပွားတတ်ပါသည်။ သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် မွေးကင်းစကလေး အများစုသည် စတင်ချိန်တွင် မည်သည့် လက္ခဏာမျှ မပြကြပါ။ ဒါဟာ မွေးကင်းစကလေးများကို သိုင်းရွိုက်ရောဂါ စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည့် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
- ပစ်ကျူထရီဂလင်း မူမမှန်ခြင်း: ပစ်ကျူထရီဂလင်း (Pituitary gland) မှ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းသည် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း၏ အလွန်ရှားပါးသော အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ ဒါဟာ အများအားဖြင့် ပစ်ကျူထရီဂလင်းတွင် အကျိတ် (အန္တရာယ်မရှိသော အကျိတ်) ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပါသည်။
- ကိုယ်ဝန်ဆောင်ခြင်း: အချို့အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကလေးမွေးဖွားပြီးနောက် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း ဖြစ်ပေါ်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကို မကုသဘဲ ထားပါက သွေးတိုးရောဂါ၊ လစေ့မတိုင်မီ မီးဖွားခြင်းနှင့် သားလျှောခြင်း အန္တရာယ်များကို မြင့်တက်စေပါသည်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ၃ လအတွင်း ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) ကြောင့် သွေးဖိအား သိသာစွာ မြင့်တက်လာလေ့ရှိပါသည်။ ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းသည် ကြီးထွားနေသော သန္ဓေသားအပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်ပါသည်။
- အိုင်အိုဒင်းဓာတ် မလုံလောက်ခြင်း: အိုင်အိုဒင်းသည် သိုင်းရွိုက်ဟော်မုန်းများ ထုတ်လုပ်ရန် သိုင်းရွိုက်ဂလင်း လိုအပ်သော သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။ ပင်လယ်စာ၊ ရေညှိ၊ အိုင်အိုဒင်းဓာတ် ကြွယ်ဝသော မြေဆီလွှာတွင် စိုက်ပျိုးထားသော အပင်များနှင့် အိုင်အိုဒင်းဆားတို့သည် အိုင်အိုဒင်း၏ အဓိက အရင်းအမြစ်များ ဖြစ်ကြသည်။ အိုင်အိုဒင်းဓာတ် မလုံလောက်ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း ဖြစ်နိုင်သည်။ သိုင်းရွိုက်ဟော်မုန်း နည်းပါးနေသူများအတွက် အိုင်အိုဒင်းဓာတ် အလွန်အကျွံ များပြားပါက အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ကမ္ဘာ့အချို့ ဒေသများတွင် အစားအသောက်မှ အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိခြင်းမှာ သာမန်ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များသိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းသည် မည်သူ့ကိုမဆို ထိခိုက်စေနိုင်သော်လည်း အောက်ပါအချက်များသည် ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်စေပါသည် –
- Gender (လိင်): သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းသည် အမျိုးသမီးများတွင် ပိုမိုအဖြစ်များပါသည်။
- မျိုးရိုးဗီဇ ရာဇဝင်: မိသားစုဝင်တစ်ဦးဦးတွင် သိုင်းရွိုက်ရောဂါ ရာဇဝင်ရှိပါက အဆိုပါ အခြေအနေ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။
- ကိုယ်ခံအားစနစ် မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်သည့် ရောဂါ: အမျိုးအစား (၁) ဆီးချိုရောဂါ သို့မဟုတ် စီလီယက် ရောဂါ (Celiac disease) ကဲ့သို့သော ကိုယ်ခံအားစနစ်မိမိကိုယ်ကိုပြန်လည်တိုက်ခိုက်သည့်ရောဂါရှိသူများတွင် ဖြစ်နိုင်ချေ အကြောင်းအရင်းများ မြင့်တက်လာပါသည်။
- ကုသမှု ရာဇဝင်: သိုင်းရွိုက်လှုပ်ရှားမှု လွန်ကဲခြင်းအတွက် ကုသမှု ခံယူဖူးသူများ၊ လည်ပင်း သို့မဟုတ် ရင်ဘတ်အထက်ပိုင်းကို ဓာတ်ရောင်ခြည်ပြသဖူးသူများ သို့မဟုတ် သိုင်းရွိုက် ခွဲစိတ်ကုသမှု ခံယူဖူးသူများတွင် သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး အလွန်ကွဲပြားနိုင်ပြီး အခြားသော ကျန်းမာရေး ပြဿနာများ၏ လက္ခဏာများနှင့်လည်း ဆင်တူလေ့ရှိသောကြောင့် လက္ခဏာများကို ကြည့်ရုံမျှဖြင့် စစ်ဆေးအတည်ပြုရန် ခက်ခဲပါသည်။ ထို့ကြောင့် ရောဂါအမည် သတ်မှတ်နိုင်ရန် သွေးစစ်ဆေးမှု အမျိုးအစားများကို ပြုလုပ်၍ အတည်ပြုလေ့ရှိပါသည်။
ကနဦး စစ်ဆေးခြင်း သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းကို စစ်ဆေးအတည်ပြုရန် အဓိက သွေးစစ်ဆေးမှုမှာ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ပမာဏကို စစ်ဆေးခြင်း ဖြစ်ပါသည်။ TSH ပမာဏ မြင့်မားနေပါက သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် လက္ခဏာ ဖြစ်နိုင်သောကြောင့် သိုင်းရွိုက်ဟော်မုန်း T-4 ပမာဏ တိုင်းတာခြင်းနှင့်အတူ ထပ်မံ စစ်ဆေးရပါမည်။ TSH ပမာဏ မြင့်မားပြီး T-4 ပမာဏ လျော့နည်းနေပါက သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ရောဂါအဖြစ် ယေဘုယျအားဖြင့် အတည်ပြုပါသည်။ အချို့သော အခြေအနေများတွင် သိုင်းရွိုက်ဟော်မုန်း T-3 ကိုလည်း တိုင်းတာစစ်ဆေးလေ့ရှိပါသည်။
ရောဂါလက္ခဏာ မပြသေးသော သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း (Subclinical hypothyroidism) ဒုတိယအကြိမ် စစ်ဆေးမှုတွင် TSH ပမာဏ မြင့်မားနေသော်လည်း T-4 နှင့် T-3 ပမာဏများ ပုံမှန်အတိုင်း ရှိနေပါက ထိုအခြေအနေသည် Subclinical hypothyroidism ဖြစ်နိုင်ပြီး၊ အများအားဖြင့် သိသာထင်ရှားသော လက္ခဏာများ မပြတတ်ပါ။
စနစ်တကျ ဆက်လက်ထိန်းချုပ်ခြင်း TSH သွေးစစ်ဆေးမှုများသည် သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့် ရောဂါကို ရေရှည် စနစ်တကျ ထိန်းချုပ် ကုသရာတွင် အလွန်အရေးပါပြီး သိုင်းရွိုက် လုပ်ဆောင်ချက် သင့်တော်မှန်ကန်စေရန် ဆရာဝန်များက ဆေးပမာဏ ချိန်ညှိရာတွင် အဓိက အထောက်အကူပြုပါသည်။
ဆေးစစ်မှုအပေါ် သက်ရောက်စေသည့် အချက်များ ဗီတာမင်စုံ ပါဝင်သော သို့မဟုတ် သီးသန့် ဖြည့်စွက်စာအဖြစ် သောက်သုံးသော ဘိုင်အိုတင် (Biotin) ကဲ့သို့သော အချို့သော ဆေးဝါးများနှင့် ဖြည့်စွက်စာများသည် သိုင်းရွိုက် သွေးစစ်ဆေးမှု၏ တိကျမှုကို သက်ရောက်မှု ရှိစေနိုင်ပါသည်။ သိုင်းရွိုက် စစ်ဆေးမှုများ မပြုလုပ်မီ သင် သောက်သုံးနေသော မည်သည့် ဖြည့်စွက်စာ သို့မဟုတ် ဆေးဝါးများကိုမဆို ဆရာဝန်အား ကြိုတင် အသိပေးရန် အရေးကြီးပါသည်။
ကုသခြင်းသိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းအတွက် ကုသရာတွင် ပုံမှန်အားဖြင့် လီဗိုသိုင်းရောက်ဆင်း (Levothyroxine) သိုင်းရွိုက်ဟော်မုန်း သောက်ဆေးကို နေ့စဉ် သောက်သုံးရလေ့ရှိပါသည်။ ဒီဆေးဝါးသည် ဟော်မုန်းပမာဏကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိစေရန် ကူညီပေးပြီး ရောဂါလက္ခဏာများကို သက်သာစေပါသည်။
ကုသမှု စတင်ခြင်း
- ကနဦး တုံ့ပြန်မှု: ဆေးစတင်သောက်သုံးပြီး ၁ ပတ်မှ ၂ ပတ်အတွင်း ပိုမိုသက်သာလာသည်ဟု စတင်ခံစားရနိုင်ပါသည်။
- ရေရှည် ထိန်းချုပ်ကုသခြင်း: Levothyroxine ဖြင့် ကုသမှုသည် အများအားဖြင့် တစ်သက်တာ သောက်သုံးရလေ့ရှိပါသည်။ သင်၏ TSH (သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း) ပမာဏကို နှစ်စဉ် စစ်ဆေးမှုအပေါ် မူတည်၍ ဆရာဝန်က ဆေးပမာဏကို ပုံမှန် ချိန်ညှိပေးပါလိမ့်မည်။
ဆေးပမာဏ ချိန်ညှိခြင်း
- စောင့်ကြည့်စစ်ဆေးခြင်း: မှန်ကန်သော ဆေးပမာဏကို ရှာဖွေနိုင်ရန် ဆေးစတင်သောက်ပြီး ၆ ပတ်မှ ၈ ပတ်အကြာတွင် TSH ပမာဏကို စစ်ဆေးမည်ဖြစ်ပြီး နောက်ထပ် ၆ လအကြာတွင်လည်း ထပ်မံ စစ်ဆေးနိုင်ပါသည်။
- ဘေးထွက်ဆိုးကျိုးများ: Levothyroxine ဆေးပမာဏ လွန်ကဲပါက မောပန်းခြင်း၊ အစားအသောက် လွန်ကဲစွာ စားချင်ခြင်း၊ အိပ်မပျော်ခြင်း၊ တုန်လှုပ်ခြင်းနှင့် နှလုံးတုန်ခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် မှန်ကန်သော ဆေးပမာဏ ရရှိရန် အလွန်အရေးကြီးပါသည်။
သီးသန့် သတိပြုရန် အချက်များ
- အမှတ်တံဆိပ် တသမတ်တည်း သုံးစွဲခြင်း: အမှတ်တံဆိပ် အမျိုးအစားပေါ် မူတည်၍ အာနိသင် ကွာခြားနိုင်သောကြောင့် ဆရာဝန်က အကြံပြုထားခြင်း မရှိပါက တူညီသော ဆေးအမှတ်တံဆိပ်ကိုသာ စွဲသောက်ပါ။
- အခြား ရောဂါအခံများ: နှလုံးသွေးကြောကျဉ်း ရောဂါ သို့မဟုတ် သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း နည်းပါးသော လူနာများသည် ဇီဝရုပ်ဖြစ်ပျက်မှု တိုးတက်လာခြင်းနှင့်အတူ နှလုံးကို ဖြည်းဖြည်းချင်း ကျင့်ယူနိုင်စေရန် ဆေးပမာဏ နည်းနည်းဖြင့် စတင်ရပါမည်။
Levothyroxine ဆေးကို မှန်ကန်စွာ သောက်သုံးနည်း
- သောက်သုံးရမည့် အချိန်: အစာအိမ် အလွတ်တွင် သောက်သုံးရမည်ဖြစ်ပြီး အကောင်းဆုံးမှာ နံနက်ပိုင်းတွင် သောက်သုံး၍ မနက်စာ သို့မဟုတ် အခြားဆေးများ မသောက်မီ မိနစ် ၃၀ မှ ၆၀ အထိ စောင့်ရပါမည်။ ညအိပ်ရာဝင်ချိန် သောက်သုံးပါက နောက်ဆုံး စားသောက်ထားသည့် အစားအသောက် သို့မဟုတ် မုန့်များ စားပြီးနောက် အနည်းဆုံး ၄ နာရီ ကွာခြားရပါမည်။
- တသမတ်တည်း သောက်သုံးခြင်း: ရောဂါလက္ခဏာများ ပြန်လည်မဖြစ်ပေါ်စေရန် ဆရာဝန်၏ လမ်းညွှန်ချက်မပါဘဲ ဆေးသောက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ဆေးဖြတ်ခြင်းများ မပြုလုပ်ပါနှင့်။ ရောဂါလက္ခဏာများ သက်သာနေလျှင်ပင် ဆေးစွဲသောက်ရပါမည်။ ဆေးသောက်ရန် မေ့လျော့သွားပါက ညွှန်ကြားထားခြင်း မရှိဘဲ နောက်တစ်နေ့တွင် ဆေးနှစ်ဆ တိုးမသောက်ပါနှင့်။
ဓာတ်ပြုနိုင်သည့် အရာများ
- အစားအသောက်နှင့် ဖြည့်စွက်စာများ: အချို့သော အစားအသောက်များ၊ ဖြည့်စွက်စာများနှင့် ဆေးဝါးများသည် Levothyroxine စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။ သင်သည် ပဲပုပ်အမြောက်အမြား စားသုံးသူဖြစ်ပါက၊ အမျှင်ဓာတ် များပြားသော အစားအသောက်များ စားသုံးပါက သို့မဟုတ် သံဓာတ်၊ အလူမီနီယမ် ဟိုက်ဒရောက်ဆိုက် (Aluminum hydroxide) သို့မဟုတ် ကယ်လ်ဆီယမ် ပါဝင်သော ဖြည့်စွက်စာများကို သောက်သုံးနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ရောဂါလက္ခဏာ မပြသေးသော သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း (Subclinical hypothyroidism)
- ကုသမှု ဆုံးဖြတ်ချက်: Subclinical hypothyroidism ဟု ရောဂါအမည် သတ်မှတ်ခံရပါက ကုသမှု၏ အကျိုးကျေးဇူးများကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ TSH ပမာဏ အနည်းငယ်သာ မြင့်တက်နေပါက ကုသမှု ခံယူရန် မလိုအပ်နိုင်သော်လည်း Subclinical ပမာဏအတွင်း ပိုမိုမြင့်မားနေပါက လက္ခဏာများ သက်သာစေရန် သိုင်းရွိုက်ဟော်မုန်း ဆေးဝါးကုသမှု ခံယူခြင်းဖြင့် အကျိုးကျေးဇူး ရရှိနိုင်ပါသည်။
