နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ ရောဂါ

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ ရောဂါ အကြောင်း သိကောင်းစရာ

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ (CML) ဆိုသည်မှာ ရိုးတွင်းခြင်ဆီတွင် ဖြစ်ပွားတတ်သော ရှားပါးသည့် ကင်ဆာရောဂါတစ်မျိုး ဖြစ်သည်။ ရိုးတွင်းခြင်ဆီဆိုသည်မှာ သွေးဆဲလ်များကို ထုတ်လုပ်ပေးရာ အရိုးများ၏ အတွင်းပိုင်း၌ တည်ရှိပြီး ရေမြှုပ်ကဲ့သို့ အဆာရှိသော တစ်ရှူးတစ်ခု ဖြစ်သည်။ CML ရောဂါ ဖြစ်ပွားလာပါက သွေးအတွင်းရှိ သွေးဖြူဥအရေအတွက်ကို အလွန်အမင်း တိုးပွားလာစေသည်။

CML သည် တဖြည်းဖြည်းချင်း နှေးကွေးစွာ တိုးတက်ဖြစ်ပွားတတ်သော ရောဂါအမျိုးအစား ဖြစ်သည်။ ဤရောဂါသည် သက်ကြီးပိုင်းများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ကလေးသူငယ်များတွင် ဖြစ်ပွားခဲသည်။ လက်ရှိအချိန်တွင် ကုသမှုနည်းလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာသောကြောင့် CML ဝေဒနာရှင်များအနေဖြင့် ရောဂါသက်သာပျောက်ကင်းရန် အခွင့်အလမ်း မြင့်မားလာပြီ ဖြစ်သည်။ ရောဂါရှာဖွေတွေ့ရှိပြီးနောက် လူနာအများစုသည် ရောဂါငြိမ်သက်သွားခြင်း (remission) နှင့် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ခြင်းတို့အတွက် ပိုမိုမျှော်လင့်ချက် ရှိလာကြသည်။

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာကို ‘နာတာရှည် မိုင်ယလွိုက် သွေးကင်ဆာ (chronic myeloid leukemia)’ သို့မဟုတ် ‘နာတာရှည် ဂရန်နူလိုဆိုက်တစ် သွေးကင်ဆာ (chronic granulocytic leukemia)’ ဟုလည်း ခေါ်ဆိုကြသည်။

ရောဂါလက္ခဏာများ

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာသည် ပုံမှန်အားဖြင့် ကနဦးတွင် မည်သည့်လက္ခဏာမျှ ပြသလေ့မရှိပါ။ ရောဂါကို သာမန်သွေးစစ်ဆေးမှု ပြုလုပ်စဉ်အတွင်း တွေ့ရှိတတ်ကြသည်။ ၎င်းကို တွေ့ရှိပြီးနောက် သို့မဟုတ် ရောဂါတိုးလာသောအခါ အောက်ပါလက္ခဏာများ ခံစားရနိုင်ပါသည်။

  • ဖျားခြင်း
  • အရိုးကိုက်ခဲခြင်း
  • သွေးခြေဥလွယ်ခြင်း သို့မဟုတ် သွေးထွက်လွယ်ခြင်း
  • ခံတွင်းပျက်ခြင်း / အစားအသောက်ပျက်ခြင်း
  • မောပန်းနုံးချိခြင်း
  • အကြောင်းရင်းမရှိဘဲ (ရည်ရွယ်ချက်မရှိဘဲ) ကိုယ်အလေးချိန် ကျဆင်းခြင်း
  • နံရိုးအောက် ဘယ်ဘက်အခြမ်းတွင် နာကျင်ခြင်း သို့မဟုတ် တင်းကျပ်ပြည့်အောင့်နေခြင်း
  • ညဘက် ချွေးစေးပြန်ခြင်း

ဖြစ်ပွားရသည့် အကြောင်းရင်းများ

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာသည် ရိုးတွင်းခြင်ဆီဆဲလ်များ၏ မျိုးရိုးဗီဇ (genes) များ လုပ်ဆောင်ချက် မှားယွင်းချို့ယွင်းလာသောအခါ ဖြစ်ပွားတတ်သည်။

  • ပုံမှန်မဟုတ်သော ခရိုမိုဆုန်းတစ်ခု ဖြစ်ပေါ်လာခြင်း: ပုံမှန်လူသားဆဲလ်များတွင် ခရိုမိုဆုန်း ၂၃ စုံ ရှိကြသည်။ ဤခရိုမိုဆုန်းများတွင် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ထိန်းချုပ်ပေးသည့် မျိုးရိုးဗီဇများ ပါဝင်သော ဒီအင်အေ (DNA) ရှိသည်။ CML ရောဂါ ဖြစ်ပွားသောအခါ ခရိုမိုဆုန်းများသည် ၎င်းတို့၏ အစိတ်အပိုင်းအချို့ကို အချင်းချင်း နေရာချင်း လဲလှယ်ပစ်ကြသည်။ ခရိုမိုဆုန်း နံပါတ် ၉ ၏ အစိတ်အပိုင်းတစ်ခုနှင့် ခရိုမိုဆုန်း နံပါတ် ၂၂ ၏ အစိတ်အပိုင်းတစ်ခုတို့ နေရာချင်းလဲလှယ် (swap) လိုက်သောအခါ အလွန်တိုတောင်းသော ခရိုမိုဆုန်း ၂၂ (Philadelphia chromosome ဟု ခေါ်သည်) နှင့် အလွန်ရှည်လျားသော ခရိုမိုဆုန်း ၉ တို့ ဖြစ်ပေါ်လာသည်။ CML ဝေဒနာရှင်များ၏ ၉၀% ကျော်တွင် ဤအလွန်တိုတောင်းသော ခရိုမိုဆုန်း ၂၂ (Philadelphia chromosome) ကို ၎င်းတို့၏ သွေးဆဲလ်များအတွင်း တွေ့ရှိရသည်။
  • ခရိုမိုဆုန်း မူမမှန်မှုကြောင့် မျိုးရိုးဗီဇအသစ်တစ်ခု ဖန်တီးခြင်း: ခရိုမိုဆုန်းများအကြား ဒီအင်အေ နေရာချင်းလဲလှယ်သွားခြင်းကြောင့် ‘BCR-ABL’ ဟုခေါ်သော ကင်ဆာဖြစ်စေသည့် မျိုးရိုးဗီဇ (oncogene) အသစ်တစ်ခု ဖြစ်ပေါ်လာသည်။ ဤ BCR-ABL မျိုးရိုးဗီဇသည် ပုံမှန်မဟုတ်သော သွေးဆဲလ်များကို ‘တိုင်ရိုဆင်းကီးနေ့စ် (tyrosine kinase)’ ပရိုတင်းဓာတ်များ အလွန်အမင်း ထုတ်လုပ်ရန် ညွှန်ကြားချက်ပေးသည်။ ၎င်းပရိုတင်းသည် သတ်မှတ်ထားသော သွေးဆဲလ်အချို့ကို ထိန်းချုပ်မရဘဲ ကြီးထွားလာစေရန် လှုံ့ဆော်ပေးသည်။
  • မျိုးရိုးဗီဇအသစ်ကြောင့် ရောဂါဖြစ်စေသော သွေးဆဲလ်များ အလွန်အမင်း တိုးပွားလာခြင်း: သွေးဆဲလ်များသည် အရိုးအတွင်းပိုင်းရှိ ရေမြှုပ်ကဲ့သို့သော အဆာတစ်ရှူးဖြစ်သည့် ရိုးတွင်းခြင်ဆီတွင် စတင်ဖြစ်ပေါ်သည်။ ရိုးတွင်းခြင်ဆီသည် ပုံမှန်အတိုင်း လုပ်ဆောင်နေချိန်တွင် ဆဲလ်နုများ သို့မဟုတ် သွေးစတမ်ဆဲလ်များကို စနစ်တကျ ထိန်းချုပ်မှုအောက်တွင်သာ ထုတ်လုပ်ပေးသည်။ ထိုဆဲလ်နုများသည် နောက်ပိုင်းတွင် ရင့်ကျက်လာပြီး ခန္ဓာကိုယ်အနှံ့ရှိ သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှား စသည့် သွေးဆဲလ်အမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သို့သော် CML ရောဂါ ဖြစ်ပွားလာသောအခါ BCR-ABL မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လာသော တိုင်ရိုဆင်းကီးနေ့စ် (tyrosine kinase) ပရိုတင်းက သွေးဖြူဥများကို အလွန်အမင်း တိုးပွားကြီးထွားစေသည်။ ပုံမှန်မဟုတ်သော အဆိုပါ Philadelphia ခရိုမိုဆုန်းသည် ဆဲလ်အားလုံးနီးပါးတွင် တည်ရှိနေတတ်သည်။ ပုံမှန်ဆဲလ်များနှင့်မတူဘဲ ရောဂါဖြစ်နေသော ဤသွေးဖြူဥများသည် သေဆုံးသွားရမည့် အချိန်တွင် မသေဆုံးကြပေ။ ၎င်းတို့သည် အစုလိုက်အပြုံလိုက် စုပုံလာပြီး ကျန်းမာသော သွေးဆဲလ်များ ကြီးထွားမှုကို လျော့နည်းသွားစေကာ ရိုးတွင်းခြင်ဆီကို ပျက်စီးစေသည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

  • အသက်အရွယ်ကြီးရင့်ခြင်း
  • လိင် – အမျိုးသားများတွင် ပိုမိုဖြစ်ပွားနိုင်ခြေရှိခြင်း
  • ဓာတ်ရောင်ခြည်ပြကုသမှုများမှတစ်ဆင့် ဓာတ်ရောင်ခြည်နှင့် ထိတွေ့မိခြင်း

မိသားစုအတွင်း နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ (CML) ရာဇဝင်ရှိခြင်းကို ဖြစ်နိုင်ခြေများစေသော အချက်တစ်ခုအဖြစ် မသတ်မှတ်ပါ။ ရောဂါဖြစ်ပွားစေသည့် ဤဆဲလ်ဗီဇပြောင်းလဲမှုများသည် မျိုးရိုးလိုက်ခြင်း (မိဘထံမှ လက်ဆင့်ကမ်းခြင်း) မဟုတ်ဘဲ ကလေးမွေးဖွားပြီးနောက်ပိုင်းမှသာ ဗီဇပြောင်းလဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

  • ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်း (Physical examination): နှလုံးခုန်နှုန်းနှင့် သွေးဖိအားကဲ့သို့သော အသက်အန္တရာယ်ဆိုင်ရာ လက္ခဏာများ (vital signs) ကို စစ်ဆေးမည်ဖြစ်သည်။ ထို့ပြင် ပြန်ရည်ကျိတ်များ၊ သရက်ရွက်နှင့် ဝမ်းဗိုက်တို့သည် ပုံမှန်အရွယ်အစားထက် ကြီးထွားနေခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။
  • သွေးစစ်ဆေးမှုများ (Blood tests):
    • သွေးဆဲလ်အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း (Complete blood count): သွေးဆဲလ်များတွင် သွေးဖြူဥအရေအတွက် အမြောက်အမြား ရှိနေခြင်းကဲ့သို့သော မူမမှန်မှုများကို ကြည့်ရှုရန် ဖြစ်သည်။
    • သွေးအတွင်း ဓာတုဓာတ်များ စစ်ဆေးခြင်း (Blood chemistry tests): ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို ဆန်းစစ်ရန်ဖြစ်ပြီး ၎င်းမှတစ်ဆင့် မူမမှန်မှုများကို ပြသပေးကာ ရောဂါရှာဖွေမှုကို ကူညီပေးနိုင်သည်။
  • ရိုးတွင်းခြင်ဆီ အသားစယူခြင်းနှင့် စုပ်ယူစစ်ဆေးခြင်း (Bone marrow biopsy and bone marrow aspiration): တင်ပါးဆုံရိုးမှ ရိုးတွင်းခြင်ဆီ နမူနာများကို ရယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်း ဖြစ်သည်။
  • Philadelphia ခရိုမိုဆုန်းကို ရှာဖွေသည့် စစ်ဆေးမှုများ: Fluorescence in situ hybridization (FISH) ခွဲခြမ်းစိတ်ဖြာခြင်းနှင့် Polymerase chain reaction (PCR) စစ်ဆေးမှုတို့သည် သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီ နမူနာများကို အသုံးပြု၍ Philadelphia ခရိုမိုဆုန်း သို့မဟုတ် BCR-ABL မျိုးရိုးဗီဇကို ရှာဖွေရန် လုပ်ဆောင်သော အထူးပြုလုပ်ငန်းစဉ်များ ဖြစ်ကြသည်။

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာကို ရောဂါ၏ ပြင်းထန်မှုအပေါ် မူတည်၍ အဆင့်များ ခွဲခြားထားသည်။ ဤအဆင့်သတ်မှတ်ချက်ကို သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီအတွင်းရှိ ကျန်းမာသောဆဲလ်များနှင့် ရောဂါဖြစ်နေသောဆဲလ်များ၏ အချိုးအစားအပေါ် မူတည်၍ ဆန်းစစ်သည်။ ရောဂါဖြစ်နေသော ဆဲလ်အရေအတွက် များပြားပါက CML သည် ပိုမိုဆိုးရွားသော အဆင့် (advanced phase) သို့ ရောက်ရှိနေကြောင်း ညွှန်ပြသည်။

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ၏ အဆင့်များတွင် အောက်ပါတို့ ပါဝင်သည်။

  • နာတာရှည်အဆင့် (Chronic phase): ရောဂါ၏ ကနဦးအဆင့်ဖြစ်ပြီး ပုံမှန်အားဖြင့် ကုသမှုကို အကောင်းဆုံး တုံ့ပြန်မှု ရရှိတတ်သည်။
  • အရှိန်မြှင့်အဆင့် (Accelerated phase): ရောဂါအခြေအနေ အနည်းငယ်မှ ပိုမိုပြင်းထန်သော အခြေအနေသို့ ကူးပြောင်းသည့် အဆင့်ဖြစ်သည်။
  • ဆဲလ်နုအဆင့် (Blast phase): အသက်အန္တရာယ်ကို စိုးရိမ်ရစေနိုင်သည့် ပြင်းထန်သော အဆင့်ဖြစ်သည်။

ကုသခြင်း (Treatment)

နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာ ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါဖြစ်စေသော သွေးဆဲလ်များကို အလွန်အမင်း ထုတ်လုပ်ပေးသည့် ပုံမှန်မဟုတ်သော BCR-ABL မျိုးရိုးဗီဇပါဝင်သည့် သွေးဆဲလ်များကို ဖယ်ရှားပစ်ရန် ဖြစ်သည်။ အခြေခံလူနာများအတွက် ကုသမှုကို ပစ်မှတ်ထားဆေးဝါးများဖြင့် စတင်သည်။

ပစ်မှတ်ထားဆေးဝါးဖြင့် ကုသခြင်း (Targeted drug therapy)

ပစ်မှတ်ထားဆေးဝါးများသည် ကင်ဆာဆဲလ်များ ကြီးထွားပွားများစေသည့် တိကျသောအင်္ဂါရပ်များကို တိုက်ခိုက်ခြင်းဖြင့် လုပ်ဆောင်သည်။ ၎င်း၏ ရည်မှန်းချက်မှာ ရောဂါကို ရေရှည်ငြိမ်သက်သွားစေရန် (long-term remission) ဖြစ်သည်။ နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာအတွက် BCR-ABL မျိုးရိုးဗီဇမှ ထုတ်လုပ်သော ‘တိုင်ရိုဆင်းကီးနေ့စ် (tyrosine kinase)’ ပရိုတင်းကို ပစ်မှတ်ထား တိုက်ခိုက်သည်။

တိုင်ရိုဆင်းကီးနေ့စ် (tyrosine kinase) ၏ လုပ်ဆောင်ချက်ကို ဟန့်တားပေးသော ပစ်မှတ်ထားဆေးဝါးများမှာ – Imatinib (Gleevec), Dasatinib (Sprycel), Nilotinib (Tasigna), Bosutinib (Bosulif), Ponatinib (Iclusig).

CML ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရသော လူနာများကို ပထမအဆင့်တွင် ဤပစ်မှတ်ထား ကုထုံးဆေးဝါးများဖြင့် ကုသသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အရေပြား ဖောရောင်ခြင်း သို့မဟုတ် အမ်းခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနုံးချိခြင်း၊ ဝမ်းလျှောခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်းတို့ ပါဝင်နိုင်သည်။

ပစ်မှတ်ထားကုထုံး၏ ထိရောက်မှုကို ဆန်းစစ်ရန်အတွက် သွေးအတွင်း BCR-ABL မျိုးရိုးဗီဇ ရှိ၊ မရှိကို သွေးစစ်ဆေးမှုများ ပြုလုပ်၍ စောင့်ကြည့်ရမည်ဖြစ်သည်။ အကယ်၍ CML ရောဂါသည် ပစ်မှတ်ထားကုထုံးကို ကောင်းစွာတုံ့ပြန်မှုမရှိပါက သို့မဟုတ် ဆေးယဉ်ပါးမှု ဖြစ်လာပါက အခြားသော ပစ်မှတ်ထားဆေးဝါးများကို ပြောင်းလဲအသုံးပြုရန် စဉ်းစားမည်ဖြစ်သည်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း / စတမ်ဆဲလ် အစားထိုးကုသခြင်း (Bone marrow transplant / stem cell transplant)

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းသည် နာတာရှည် မိုင်ယလိုဂျီးနပ်စ် သွေးကင်ဆာကို အမြစ်ပြတ် သက်သာပျောက်ကင်းစေနိုင်သည့် တစ်ခုတည်းသော ကုသမှုပုံစံ ဖြစ်သည်။ သို့သော် ဤကုသမှုသည် ဘေးထွက်ဆိုးကျိုး မြင့်မားပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေများသောကြောင့် အခြားသော ကုသမှုများကို ကောင်းစွာ တုံ့ပြန်ခြင်းမရှိသည့် လူနာများအတွက်သာ သီးသန့်ချန်လှပ်ထားလေ့ရှိသည်။ ဤလုပ်ငန်းစဉ်တွင် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးဆဲလ်ထုတ်လုပ်သော ဆဲလ်များကို သတ်ပစ်ရန် ဓာတုကုထုံးဆေးဝါးများကို ပမာဏအလွန်အမင်း မြင့်မားစွာ အရင်ဆုံး ပေးရမည်ဖြစ်သည်။ ထို့နောက်မှ အလှူရှင်ထံမှ ရရှိသော ကျန်းမာသည့် သွေးစတမ်ဆဲလ်များကို သွေးကြောအတွင်းသို့ ထည့်သွင်းပေးသည်။ ထိုဆဲလ်အသစ်များသည် ကျန်းမာသော သွေးဆဲလ်အသစ်များကို ပြန်လည်ထုတ်လုပ်ပေးပြီး ရောဂါဖြစ်နေသော ဆဲလ်များနေရာတွင် အစားထိုး ကြီးထွားလာသည်။

ဓာတုဆေးဝါးဖြင့် ကုသခြင်း (Chemotherapy)

ဓာတုဆေးဝါးဖြင့် ကုသခြင်းဆိုသည်မှာ သွေးကင်ဆာဆဲလ်များ အပါအဝင် လျင်မြန်စွာ ကြီးထွားနေသော ကင်ဆာဆဲလ်များကို သတ်ရန် ဒီဇိုင်းထုတ်ထားသော ဆေးဝါး ဖြစ်သည်။ CML ရောဂါ ပြင်းထန်သောအဆင့်သို့ ရောက်ရှိနေသည့် လူနာများကို ကုသရန်အတွက် ဤဆေးဝါးကို ပုံမှန်အားဖြင့် ပစ်မှတ်ထားကုထုံးများနှင့် တွဲဖက်၍ ပေးလေ့ရှိသည်။

Doctors who treat this condition