ညို့သကျည်း တစ်သျှူးနာခြင်း
ညို့သကျည်း တစ်သျှူးနာခြင်း အကြောင်း သိကောင်းစရာ
ဆေးပညာအရ Medial tibial stress syndrome ဟု လူသိများသော ညို့သကျည်း တစ်သျှူးနာခြင်း (Shin splints) သည် ခြေသလုံးအရှေ့ဘက်ရှိ ညို့သကျည်း (Tibia) တစ်လျှောက် ကြွက်သားများကို အလွန်အကျွံ သုံးစွဲမိရာမှ ဖြစ်ပွားတတ်သော ဒဏ်ရာတစ်ခု ဖြစ်သည်။ ခြေသလုံးအောက်ပိုင်းရှိ ကြွက်သားများနှင့် အရိုးများသည် ညို့သကျည်း ကို ဆွဲဆန့်တွန်းကန်မှုများ ပြုလုပ်ရာမှတစ်ဆင့် ရောင်ရမ်းခြင်း (နာကျင်ပြီး ဖောရောင်ခြင်း) နှင့် ကိုက်ခဲခြင်းတို့ကို ဖြစ်စေသည်။
ညို့သကျည်း တစ်သျှူးနာခြင်း သည် အရိုးပွရောဂါ (Osteoporosis) ရှိသော လူကြီးများ၊ စစ်မှုထမ်းအသစ်များ၊ ကချေသည်များနှင့် အပြေးသမားများတွင် အဖြစ်များသည်။ အထူးသဖြင့် ၎င်းတို့၏ လေ့ကျင့်ခန်းအစီအစဉ်ကို လတ်တလောမှ ပြောင်းလဲလိုက်သူ သို့မဟုတ် ပိုမိုတိုးမြှင့်လိုက်သော အားကစားသမားများတွင် ဖြစ်ပွားလေ့ရှိသည်။ လှုပ်ရှားမှုများ ရုတ်တရက် တိုးမြင့်လာခြင်းကြောင့် ကြွက်သားများ၊ အရွတ်များနှင့် အရိုးတစ်ရှူးများအပေါ် ဒဏ်ပိစေခြင်း ဖြစ်သည်။
ညို့သကျည်း တစ်သျှူးနာခြင်း ကို များသောအားဖြင့် အနားယူခြင်း၊ ရေခဲကပ်ခြင်းနှင့် အခြားသော ကိုယ်တိုင်ဂရုစိုက်သည့် နည်းလမ်းများဖြင့် ကုသနိုင်သည်။ မိမိ၏ လေ့ကျင့်ခန်းပုံစံကို ပြောင်းလဲခြင်းနှင့် သင့်တော်သော ဖိနပ်ကို ရွေးချယ်အသုံးပြုခြင်းဖြင့် ညို့သကျည်း တစ်သျှူးနာခြင်း ကိုကာကွယ်နိုင်သည်။ သို့သော်လည်း ဤဝေဒနာကို ဂရုမစိုက်ဘဲ ပစ်ထားပါက ညို့သကျည်း အက်ခြင်း (Tibial stress fracture) အထိ ဖြစ်ပွားသွားနိုင်သည့် အခြေအနေရှိသည်။
ရောဂါလက္ခဏာများ
ခြေသလုံးအောက်ပိုင်း နာကျင်ခြင်းသည် ညို့သကျည်း တစ်သျှူးနာခြင်း ၏ အဖြစ်အများဆုံး လက္ခဏာဖြစ်သည်။ ညို့သကျည်း ကို ကိုင်ကြည့်လျှင် နာကျင်နေတတ်ပြီး ကိုက်ခဲမှုသည် အနည်းငယ်မှသည် ပြင်းထန်သော အဆင့်အထိ ရှိနိုင်သည်။ ညို့သကျည်း တစ်သျှူးနာခြင်း ကြောင့် အောက်ပါတို့ ဖြစ်ပွားနိုင်သည်။
- လှုပ်ရှားမှုပြုလုပ်စဉ် အဆက်မပြတ်ဘဲ တစ်ခါတစ်ရံမှ နာကျင်ရာမှစ၍ လှုပ်ရှားမှုရပ်တန့်သွားသည့်တိုင်အောင် စွဲမြဲစွာ နာကျင်နေခြင်း။
- ခြေသလုံးအောက်ပိုင်းတွင် နာကျင်လွယ်ခြင်း သို့မဟုတ် ဖောရောင်ခြင်း။
- ညို့သကျည်း နေရာတွင် နာကျင်ကိုက်ခဲခြင်း။
အကယ်၍ တစ်ဦးတစ်ယောက်သည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ပိုမိုဆိုးရွားလာသော ခြေသလုံးအောက်ပိုင်း နာကျင်မှု သို့မဟုတ် ခြေထောက်ကိုက်ခဲမှုကို ခံစားရပါက ညို့သကျည်း တစ်သျှူးနာခြင်း ဖြစ်နိုင်ခြေရှိသည်။ နာကျင်မှုသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နိုင်ပြီး ထုံကျင်ကျင် သို့မဟုတ် ပြင်းပြင်းထန်ထန် ကိုက်ခဲခြင်းမျိုးလည်း ဖြစ်နိုင်သည်။ အကယ်၍ အနားယူခြင်း၊ ရေခဲကပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းတို့ဖြင့် မသက်သာပါက ဆေးကုသမှုကို ခံယူသင့်သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ညို့သကျည်း တစ်သျှူးနာခြင်း သည် ခြေသလုံးအောက်ပိုင်းရှိ ကြွက်သားများနှင့် တွယ်ဆက်တစ်ရှူးများ (Connective tissues) ၏ ဆွဲဆန့်လှုပ်ရှားမှုများကြောင့် ညို့သကျည်း ပေါ်သို့ ထပ်တလဲလဲ ဖိအားသက်ရောက်ရာမှ ဖြစ်ပွားရခြင်း ဖြစ်သည်။ ပြေးခြင်းနှင့် ခုန်ခြင်းတို့သည် ညို့သကျည်း ပေါ်သို့ စဉ်ဆက်မပြတ် ထပ်ခါတလဲလဲ ဖိအားပေးရာရောက်သဖြင့် ညို့သကျည်း ရောင်ရမ်းခြင်း (ဖောရောင်ခြင်း သို့မဟုတ် နာကျင်ခြင်း) နှင့် အားနည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
အောက်ပါအခြေအနေရှိသူများတွင် ညို့သကျည်း တစ်သျှူးနာခြင်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
- အားကစားသမားများ – ခြေထောက်ကို ဒဏ်ပိစေသော အားကစားလှုပ်ရှားမှုများ ပြုလုပ်သူများ၊ အထူးသဖြင့် မညီညာသော မျက်နှာပြင်ပေါ်တွင် စတင်ပြေးသူများ သို့မဟုတ် လှုပ်ရှားမှု၏ ကြာချိန်နှင့် ပြင်းအားကို လတ်တလော တိုးမြှင့်လိုက်သော အပြေးသမားများ။
- ခြေဖဝါးပြားလွန်းခြင်း သို့မဟုတ် ခြေဖဝါးခုံးလွန်းခြင်း – ဤအခြေအနေရှိပါက လှုပ်ရှားမှုများနှင့် ဒဏ်ပိမှုများမှ ထွက်ပေါ်လာသော ရိုက်ခတ်အားကို ကြွက်သားများနှင့် အရိုးများက ကောင်းမွန်စွာ မခွဲဝေနိုင် သို့မဟုတ် မစုပ်ယူနိုင်တော့ပါ။
- စစ်မှုထမ်းများ – အချိန်အကြာကြီး လမ်းလျှောက်ရသူ သို့မဟုတ် စစ်ကြောင်းချီတက်ရသူများ။
- အခြားအချက်များ – လေ့ကျင့်ခန်းလုပ်စဉ် ခြေထောက်ကို ထောက်ပံ့မှုမပေးနိုင်သော ဖိနပ်များကို စီးခြင်း၊ လမ်းအဝေးကြီး လျှောက်ခြင်း သို့မဟုတ် အရိုးသိပ်သည်းဆနည်းခြင်း (Osteopenia) သို့မဟုတ် အရိုးပွရောဂါ (Osteoporosis) တို့ကြောင့် အရိုးအားနည်းနေသူများ။
ရောဂါရှာဖွေခြင်း (Diagnosis)
ညို့သကျည်း တစ်သျှူးနာခြင်း ကို အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေ သတ်မှတ်နိုင်ပါသည်။
- ခန္ဓာကိုယ်အား စစ်ဆေးခြင်း – ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လူနာ၏ ကျန်းမာရေးရာဇဝင်ကို မေးမြန်းပြီး ခန္ဓာကိုယ်ကို စစ်ဆေးမည်ဖြစ်သည်။ ၎င်းတို့သည် ခြေသလုံးအောက်ပိုင်း၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးတို့အပြင် လမ်းလျှောက်သည့် ပုံစံကိုပါ ဆန်းစစ်မည်။ ခြေကျင်းဝတ်နှင့် ခြေဖဝါးကို လှုပ်ရှားစေခြင်း၊ အရိုးတစ်လျှောက် ကိုင်ကြည့်၍ နာကျင်မှု ရှိ၊ မရှိ စမ်းသပ်ခြင်းတို့သည် သေချာစွာ စစ်ဆေးမှု၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ညို့သကျည်း တစ်သျှူးနာခြင်း သို့မဟုတ် အရိုးအက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် နာကျင်နေသော ခြေထောက်တစ်ဖက်တည်းဖြင့် မတ်တပ်ရပ်ခိုင်းခြင်း သို့မဟုတ် ခုန်ခိုင်းခြင်းတို့က အထောက်အကူပြုနိုင်သည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging test) – လိုအပ်ပါက ဓာတ်မှန် (X-rays) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြု၍ နာကျင်ရသည့် အကြောင်းအရင်းကို ရှာဖွေနိုင်ပြီး၊ အရိုးအက်ခြင်းကဲ့သို့သော အခြားဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်းများကို ခွဲခြားသတ်မှတ်နိုင်သည်။ ဆရာဝန်သည် အရိုးစကင်ဖတ်ခြင်း (bone scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန်လည်း ညွှန်းဆိုနိုင်သည်။ ဤစစ်ဆေးမှုများသည် သာမန်ဓာတ်မှန်တွင် မပေါ်မီကပင် ပျက်စီးမှုကို ကြိုတင်သိရှိနိုင်သောကြောင့် ညို့သကျည်းသျှူးနာခြင်းမှသည် အရိုးအက်ခြင်းအဆင့်သို့ ကူးပြောင်းသွားခြင်း ရှိ၊ မရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား အလွယ်တကူ သိရှိစေနိုင်သည်။
ကုသခြင်း (Treatment)
ရောဂါလက္ခဏာများ ပျောက်ကင်းသက်သာစေရန် ကြွက်သားများနှင့် အရိုးများ ပြန်လည်ကောင်းမွန်လာဖို့ အချိန်ပေးရန် လိုအပ်သည်။ အခြေခံ ကိုယ်တိုင်ဂရုစိုက်သည့် နည်းလမ်းများက ညို့သကျည်း တစ်သျှူးနာခြင်း ကို သက်သာပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်။
- အနားယူခြင်း – နာကျင်ခြင်း၊ ဖောရောင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ကို ဖြစ်စေသည့် မည်သည့်လှုပ်ရှားမှုကိုမဆို ရှောင်ကြဉ်ပါ။ ရောဂါပျောက်ကင်းဆဲကာလအတွင်း ရေကူးခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ရေထဲတွင် လမ်းလျှောက်/ပြေးခြင်းကဲ့သို့သော ခြေထောက်ကို ဒဏ်မပိစေသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
- ရေခဲကပ်ခြင်း – ရက်အနည်းငယ်ကြာအောင် ထိခိုက်မိထားသော ညို့သကျည်း နေရာကို ရေခဲဝတ်ဖြင့် တစ်ခါကပ်လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ အထိ၊ တစ်နေ့လျှင် အနည်းဆုံး ၄ ကြိမ်မှ ၈ ကြိမ်ခန့်အထိ ကပ်ပေးပါ။ အရေပြား ပျက်စီးမှုကို ကာကွယ်ရန် ရေခဲထုပ်ကို တဘက်ပါးပါးဖြင့် ပတ်၍ အသုံးပြုပါ။
- ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော ဆေးဝါးများ – စတီးရွိုက်မဟုတ်သော အရောင်ကျအကိုက်အခဲပျောက်ဆေးများ (NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်ပြီး ၎င်းတို့က ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို လျှော့ချပေးနိုင်သည်။ ဥပမာအားဖြင့် naproxen sodium နှင့် ibuprofen (Advil, Motrin IB စသည်) တို့ ပါဝင်သည်။
- ဖြည့်စွက်စာများ – ဗီတာမင် ဒီသရီး (Vitamin D3) ကို နေ့စဉ် ၁၀၀ာ မှ ၂၀၀၀ IU သောက်သုံးခြင်းက အကျိုးရှိနိုင်သည်။ ဖြည့်စွက်စာများနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။
- ခြေထောက်ကို အထောက်အကူပြုသော ဖိနပ်များ – ဖိနပ်တွင်းခံပြားများ (orthotics) သည် ခြေဖဝါးပြားသူများတွင် ညို့သကျည်းတစ်သျှူးနာခြင်းကြောင့် ဖြစ်သော နာကျင်မှုကို ထိရောက်စွာ သက်သာစေနိုင်သည်။ ဖိနပ်တွင်းခံပြားများသည် ခြေဖဝါးအခုံးကို ထောက်ပံ့ပေးခြင်းဖြင့် ခြေသလုံးအောက်ပိုင်းရှိ အရိုးများနှင့် ကြွက်သားများအပေါ် ဒဏ်ပိခြင်းကို လျော့ပါးစေသည်။
- ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physical therapy) – ရုပ်ပိုင်းဆိုင်ရာ ကုထုံးသည် အထူးသဖြင့် လမ်းပြန်ပြေးနိုင်ရန် ပြင်ဆင်နေသူများအတွက် အကျိုးကျေးဇူး ရှိနိုင်သည်။
ပြန်လည်၍ လှုပ်လှုပ်ရှားရှား နေထိုင်ရန် ဆုံးဖြတ်သည့်အခါတွင် ဖြည်းဖြည်းချင်းစီမှ စတင်ပြီး လေ့ကျင့်ခန်းပြင်းအားကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားခြင်းဖြင့် ညို့သကျည်းတစ်သျှူးနာခြင်း ပြန်လည်မဖြစ်ပွားအောင် ကာကွယ်ပါ။
