အကျဉ်းချုပ်အကြောင်းအရာ
ဝှေးစေ့လိမ်ခြင်းဆိုသည်မှာ သုတ်ရည်ပြွန်ကြိုး လိမ်သွားခြင်းကြောင့် ဝှေးစေ့သို့ သွေးစီးဆင်းမှုကို ပြတ်တောက်ကာ ဖြစ်ပေါ်လာသော ပြင်းထန်သည့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ ဤသို့ ရုတ်တရက် လိမ်သွားခြင်းကြောင့် သွေးထောက်ပံ့မှု မရှိတော့ဘဲ ပြင်းထန်စွာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေသည်။ ဝှေးစေ့လိမ်ခြင်းသည် ပုံမှန်အားဖြင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားရှိသူများတွင် ဖြစ်ပွားလေ့ရှိသော်လည်း မွေးဖွားခြင်းမပြုမီ အချိန်အပါအဝင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သည်။ များသောအားဖြင့် ဝှေးစေ့တစ်ဖက်တည်း၌သာ ဖြစ်ပွားလေ့ရှိသည်။ ၎င်းကို ညာဘက်ဝှေးစေ့ထက်စာလျှင် ဘယ်ဘက်ဝှေးစေ့တွင် ပိုမိုအဖြစ်များကြောင်း တွေ့ရှိရသည်။
ဝှေးစေ့လိမ်ခြင်းကို ဖြေရှင်းရန်အတွက် အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ရန် ပုံမှန်အားဖြင့် လိုအပ်သည်။ အချိန်မီ ကုသမှုခံယူခြင်းသည် ထိခိုက်နေသော ဝှေးစေ့ကို ပျက်စီးမသွားအောင် ထိန်းသိမ်းနိုင်ရန် ကူညီပေးသည်။ သို့သော်လည်း အကယ်၍ သွေးစီးဆင်းမှုသည် အချိန်ကြာမြင့်စွာ ပိတ်ဆို့နေပါက ပြင်းထန်သော ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပြီး ဝှေးစေ့ကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အထိ ဖြစ်လာနိုင်သည်။
ရောဂါလက္ခဏာများ
ဝှေးစေ့လိမ်ခြင်း၏ အောက်ပါ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် ပါဝင်နိုင်သည်။
- ဝှေးစေ့အိတ် ရောင်ရမ်းခြင်း။
- ဝှေးစေ့အိတ်အတွင်း ရုတ်တရက်နှင့် ပြင်းထန်စွာ နာကျင်ခြင်း။
- ဝှေးစေ့အိတ်တွင် အရောင်ပြောင်းခြင်း (အနီရောင်။ ခရမ်းရောင်။ အညိုရောင်။ အမည်းရောင်) ဖြစ်ပေါ်ခြင်း။
- ဝှေးစေ့တစ်ခုသည် အခြားတစ်ခုထက် ဝှေးစေ့အိတ်အတွင်း ပို၍ မြင့်တက်နေခြင်း။
- ဗိုက်နာခြင်း။
- ဖျားခြင်း။
- ခဏခဏ ဆီးသွားခြင်း။
- ပျို့ခြင်း နှင့် အော့အန်ခြင်း။
ယောင်္ကျားလေးများတွင် ဖြစ်ပွားသော ဝှေးစေ့လိမ်ခြင်းသည် များသောအားဖြင့် ၎င်းတို့ကို သန်းခေါင်ယံ သို့မဟုတ် နံနက်စောစောတွင် နိုးလာစေသည်အထိ ဝှေးစေ့အိတ်ကို နာကျင်စေသည်။
အကယ်၍ သင်သည် ဝှေးစေ့တွင် ရုတ်တရက် သို့မဟုတ် ပြင်းထန်စွာ နာကျင်မှုကို ခံစားရပါက အရေးပေါ် ကုသမှုကို ချက်ချင်းခံယူပါ။ အကယ်၍ သင့်တွင် ဝှေးစေ့လိမ်ခြင်း ဖြစ်ပွားနေပါက အချိန်မီကုသမှုခံယူခြင်းဖြင့် ပြင်းထန်သော ပျက်စီးမှုများ သို့မဟုတ် ဝှေးစေ့ဆုံးရှုံးနိုင်ခြေမှ ကာကွယ်နိုင်သည်။
ထို့အပြင် အကယ်၍ သင်သည် အလိုအလျောက် ပျောက်ကွယ်သွားသည့် မမျှော်လင့်ထားသော ဝှေးစေ့နာကျင်မှုကို ခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်သည်။ ဝှေးစေ့သည် သူ့အလိုလို လိမ်သွားခြင်းနှင့် ပြန်လည်ပြေသွားခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ဤပြဿနာ ထပ်မံမဖြစ်ပွားစေရန်အတွက် ခွဲစိတ်ကုသမှု ခံယူရန် မကြာခဏ လိုအပ်လေ့ရှိသည်။
အကြောင်းရင်းများ
ဝှေးစေ့လိမ်ခြင်းသည် ဝမ်းဗိုက်အတွင်းမှ ဝှေးစေ့သို့ သွေးထောက်ပံ့ပေးသည့် သုတ်ရည်ပြွန်ကြိုးပေါ်တွင် ဝှေးစေ့လည်သွားခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ဝှေးစေ့သည် အကြိမ်ပေါင်းများစွာ လည်သွားပါက သွေးစီးဆင်းမှု လုံးဝပြတ်တောက်သွားနိုင်သောကြောင့် ပျက်စီးမှုမှာ ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်နိုင်သည်။
ဝှေးစေ့လိမ်ခြင်း၏ အကြောင်းရင်းကို အတိအကျ မသိရသေးပါ။ ဝှေးစေ့လိမ်ခြင်း ဖြစ်ပွားသော အမျိုးသား အများစုမှာ ဝှေးစေ့ကို ဝှေးစေ့အိတ်အတွင်း လွတ်လပ်စွာ လည်နိုင်စေသည့် မျိုးရိုးဗီဇဆိုင်ရာ အချက်တစ်ချက်ဖြင့် မွေးဖွားလာကြသူများဖြစ်သည်။ ဤမျိုးရိုးလိုက်သည့် အခြေအနေသည် ပုံမှန်အားဖြင့် ဝှေးစေ့နှစ်ဖက်လုံးကို ထိခိုက်စေသည်။ သို့သော်လည်း ထိုမျိုးရိုးဗီဇပါရှိသော အမျိုးသားတိုင်းသည် ဝှေးစေ့လိမ်ခြင်းကို မခံစားရပါ။
ဝှေးစေ့လိမ်ခြင်းသည် သင်အိပ်ပျော်နေစဉ်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးနောက် နာရီပိုင်းအတွင်း သို့မဟုတ် ဝှေးစေ့ကို အနည်းငယ် ထိခိုက်မိပြီးနောက်တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ အခြားအချက်များမှာ အေးမြသော ရာသီဥတု သို့မဟုတ် လူပျိုဖော်ဝင်စတွင် ဝှေးစေ့များ လျင်မြန်စွာ ကြီးထွားလာခြင်းတို့ ဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
အောက်ပါ အချက်များသည် ဝှေးစေ့လိမ်ခြင်း ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။
- အသက်။ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းသည် ဝှေးစေ့လိမ်ခြင်းအတွက် အဖြစ်အများဆုံး အသက်အရွယ်ဖြစ်သည်။
- ဝှေးစေ့လိမ်ဖူးသော ရာဇဝင်ရှိခြင်း။ ကုသမှုမခံယူဘဲ အလိုအလျောက် ပြန်လည်သက်သာသွားသော ဝှေးစေ့နာကျင်ခြင်း (ခဏခဏ လိမ်ခြင်းနှင့် ပြန်ပြေခြင်း) သည် ထပ်မံဖြစ်ပွားရန် အခွင့်အလမ်းများပြားသည်။ နာကျင်မှုဖြစ်ပွားသည့် အကြိမ်အရေအတွက် များလေလေ ဝှေးစေ့ ထိခိုက်နိုင်ခြေ ပိုများလေလေဖြစ်သည်။
- ဤအခြေအနေသည် မိသားစုအတွင်း မျိုးရိုးလိုက်ခြင်းလည်း ရှိနိုင်သည်။
ရောဂါရှာဖွေခြင်း
ဝှေးစေ့လိမ်ခြင်းကို သင်၏ရောဂါလက္ခဏာများ၊ ဆေးဘက်ဆိုင်ရာရာဇဝင်၊ ဝှေးစေ့အားစစ်ဆေးခြင်းနှင့် ဝှေးစေ့အိတ်ကို အာထရာဆောင်းရိုက်ခြင်းတို့အပေါ် အခြေခံ၍ ကျန်းမာရေးစောင့်ရှောက်သူမှ ရောဂါရှာဖွေနိုင်သည်။
- ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း။ သင်၏ရောဂါလက္ခဏာများမှာ ဝှေးစေ့လိမ်ခြင်းကြောင့်လား သို့မဟုတ် အခြားအကြောင်းရင်းကြောင့်လားဆိုသည်ကို အတည်ပြုရန် ကျန်းမာရေးစောင့်ရှောက်သူက သင့်ကို မေးမြန်းပါလိမ့်မည်။ ကျန်းမာရေးစောင့်ရှောက်သူများသည် ဝှေးစေ့လိမ်ခြင်းကို သိရှိနိုင်ရန် ဝှေးစေ့အိတ်၊ ဝှေးစေ့များ၊ ဝမ်းဗိုက်နှင့် ပေါင်ခြံတို့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
ထို့အပြင် သင်၏တုံ့ပြန်မှုကို အကဲဖြတ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်သူသည် ထိခိုက်နေသောဘက်ရှိ ပေါင်အတွင်းပိုင်းကို အသာအယာဖိခြင်း သို့မဟုတ် ဆိတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ပုံမှန်အားဖြင့် ဤသို့လုပ်ခြင်းကြောင့် ဝှေးစေ့ကို ကျုံ့သွားစေသည်။ အကယ်၍ သင့်တွင် ဝှေးစေ့လိမ်ခြင်းရှိနေပါက ဤတုံ့ပြန်မှု ဖြစ်ပေါ်လာမည်မဟုတ်ပါ။
- ဝှေးစေ့အိတ်ကို အာထရာဆောင်းရိုက်ခြင်း။ ဤအာထရာဆောင်းအမျိုးအစားကို သွေးစီးဆင်းမှုကို စောင့်ကြည့်ရန် အသုံးပြုသည်။ ဝှေးစေ့သို့ သွေးစီးဆင်းမှု လျော့နည်းခြင်းသည် ဝှေးစေ့လိမ်ခြင်းကို ညွှန်ပြသည်။ သို့သော်လည်း သွေးစီးဆင်းမှု လျော့နည်းခြင်းကို အမြဲတမ်း မမြင်နိုင်သောကြောင့် အာထရာဆောင်းတစ်ခုတည်းဖြင့် ဝှေးစေ့လိမ်ခြင်းကို အမြဲတမ်း အတည်မပြုနိုင်ပါ။
- ဆီးစစ်ခြင်း။ ဤစစ်ဆေးမှုသည် ပိုးဝင်ခြင်း ရှိ။ မရှိကို စစ်ဆေးခြင်းဖြစ်သည်။
- ခွဲစိတ်ခြင်း။ သင်၏ရောဂါလက္ခဏာများမှာ အခြားအခြေအနေများကြောင့်လား သို့မဟုတ် ဝှေးစေ့လိမ်ခြင်းကြောင့်လားဆိုသည်ကို အတည်ပြုရန် ခွဲစိတ်မှုလိုအပ်နိုင်သည်။
အကယ်၍ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွင် ဝှေးစေ့လိမ်ခြင်းဟု ညွှန်ပြနေပြီး သင်နာကျင်နေသည်မှာ နာရီပေါင်းများစွာ ကြာနေပြီဆိုပါက နောက်ထပ်စစ်ဆေးမှုများ မပြုလုပ်တော့ဘဲ ခွဲစိတ်မှုသို့ တိုက်ရိုက်ပို့ဆောင်ခံရနိုင်သည်။ ခွဲစိတ်မှုနှောင့်နှေးပါက ဝှေးစေ့ဆုံးရှုံးနိုင်ခြေ ရှိသည်။
ကုသခြင်း
ဝှေးစေ့လိမ်ခြင်းကို ခွဲစိတ်မှုဖြင့်သာ ပြန်လည်ပြုပြင်ရမည်။ အချို့သောအခြေအနေများတွင် ကျန်းမာရေးစောင့်ရှောက်သူသည် ဝှေးစေ့အိတ်ကို ဖိခြင်းဖြင့် လိမ်နေသောဝှေးစေ့ကို လက်ဖြင့်ပြန်ဖြေပေးနိုင်သည်။ သို့သော်လည်း ဝှေးစေ့ပြန်မလိမ်စေရန်အတွက် ခွဲစိတ်မှုမှာ ဆက်လက်လိုအပ်မည်ဖြစ်သည်။
ဝှေးစေ့လိမ်ခြင်းအတွက် ခွဲစိတ်မှုကို ဝှေးစေ့ပုံသေပြုပြင်ခြင်းဟု ခေါ်သည်။ ၎င်းကို များသောအားဖြင့် မေ့ဆေးပေး၍ ပြုလုပ်လေ့ရှိသည်။ ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်သူသည် သင်၏ဝှေးစေ့အိတ်တွင် ခွဲကြောင်းအနည်းငယ်ပြုလုပ်မည်ဖြစ်ပြီး လိုအပ်ပါက သုတ်ရည်ပြွန်ကြိုးကို ပြန်ဖြေပေးကာ ဝှေးစေ့တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကို ဝှေးစေ့အိတ်အတွင်းပိုင်းနှင့် ချုပ်ပေးမည်ဖြစ်သည်။
ဝှေးစေ့ကို အမြန်ဆုံးပြန်ဖြေနိုင်လေလေ ဝှေးစေ့ကို ကယ်တင်နိုင်ခြေ ပိုများလေလေဖြစ်သည်။ နာကျင်မှု စတင်ဖြစ်ပွားပြီး ခြောက်နာရီကျော်လွန်ပါက ဝှေးစေ့ကို ဖယ်ရှားပစ်ရန် လိုအပ်သည့် အခွင့်အလမ်း ပိုများလာသည်။ အကယ်၍ နာကျင်မှုဖြစ်ပြီးနောက် ကုသမှုခံယူရန် ၁၂ နာရီထက် ပိုကြာသွားပါက ဝှေးစေ့ကို ဖယ်ရှားရန် လိုအပ်သည့် အခွင့်အလမ်း အနည်းဆုံး ၇၅ ရာခိုင်နှုန်း ရှိသည်။
အဖြစ်နည်းသော်လည်း ဝှေးစေ့လိမ်ခြင်းသည် မွေးကင်းစကလေးများနှင့် နို့စို့ကလေးများတွင် ဖြစ်ပွားနိုင်သည်။ ကလေး၏ဝှေးစေ့မှာ မာနေခြင်း။ ကြီးနေခြင်း သို့မဟုတ် အရောင်ရင့်နေခြင်းတို့ ရှိနိုင်သည်။ အာထရာဆောင်းသည် နို့စို့ကလေး၏ ဝှေးစေ့အိတ်အတွင်း သွေးစီးဆင်းမှု လျော့နည်းခြင်းကို ရှာဖွေနိုင်ခြင်း မရှိနိုင်သောကြောင့် ဝှေးစေ့လိမ်ခြင်းကို အတည်ပြုရန် ခွဲစိတ်မှု လိုအပ်နိုင်သည်။
မွေးကင်းစကလေး ဝှေးစေ့လိမ်ခြင်းကို စီမံခန့်ခွဲမှုသည် ငြင်းခုံဆွေးနွေးနေရဆဲ အကြောင်းအရာတစ်ခုဖြစ်သည်။ မွေးကင်းစကလေးတွင် ဝှေးစေ့လိမ်ခြင်း၏ လက္ခဏာများ ရှိနေသောအခါ မေ့ဆေးပေးခြင်းသည် အန္တရာယ်ရှိပြီး အရေးပေါ်ခွဲစိတ်မှုမှာလည်း အမြဲတမ်း ချက်ချင်း မလုပ်ဆောင်နိုင်ပါ။ သို့သော်လည်း ဖြစ်နိုင်ပါက အရေးပေါ် ခွဲစိတ်ကုသခြင်းသည် ထိခိုက်နေသော ဝှေးစေ့၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ကယ်တင်နိုင်ပြီး အခြားဝှေးစေ့ကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဝှေးစေ့လိမ်ခြင်းရှိသော မွေးကင်းစကလေးများကို စောစီးစွာ ကုသပေးခြင်းသည် နောင်တွင် ဖြစ်ပေါ်လာနိုင်သော အမျိုးသားဟော်မုန်း ထုတ်လုပ်မှုနှင့် မျိုးအောင်နိုင်စွမ်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ကူညီပေးနိုင်သည်။
