အကျဉ်းချုပ်အကြောင်းအရာ
အီလာဒန်လော့စ်ရောဂါစုဟု ခေါ်ဆိုသော မျိုးရိုးလိုက်သည့် ဝေဒနာများသည် သင့်အရေပြား၊ အဆစ်အမြစ်များနှင့် သွေးကြောနံရံများရှိ တွယ်ဆက်တစ်ရှူးများကို အဓိကထိခိုက်စေပါသည်၊၊ ပရိုတင်းများနှင့် အခြားဒြပ်ပစ္စည်းများ အနုစိတ်ပေါင်းစပ်ထားသည့် တွယ်ဆက်တစ်ရှူးသည် သင့်ကိုယ်ခန္ဓာအတွင်းရှိ အခြေခံတည်ဆောက်ပုံများကို ကြံ့ခိုင်မှုနှင့် ပျော့ပျောင်းမှုတို့ကို ပေးစွမ်းပါသည်၊၊
အီလာဒန်လော့စ်ရောဂါစု ခံစားနေရသူများသည် ပုံမှန်ထက်ပို၍ ပျော့ပျောင်းလွန်းသော အဆစ်အမြစ်များနှင့် နူးညံ့ပြီး ဆွဲဆန့်နိုင်သော အရေပြားများ ရှိတတ်ကြပါသည်၊၊ အကယ်၍ သင့်တွင် ချုပ်ရိုးချုပ်ရန် လိုအပ်သော ဒဏ်ရာရရှိပါက အရေပြားမှာ ချုပ်ရိုးကို ထိန်းထားနိုင်လောက်အောင် ကြံ့ခိုင်မှုမရှိခြင်းကြောင့် ပြဿနာဖြစ်နိုင်ပါသည်၊၊
အကယ်၍ သင့်တွင် ဤရောဂါစု၏ ပိုမိုပြင်းထန်သော ပုံစံဖြစ်သည့် သွေးကြောဆိုင်ရာ အီလာဒန်လော့စ်ရောဂါစု ရှိနေပါက သင့်သားအိမ်၊ အူလမ်းကြောင်း သို့မဟုတ် သွေးကြောနံရံများ ပေါက်ထွက်ခြင်း ဖြစ်နိုင်ပါသည်၊၊ သွေးကြောဆိုင်ရာ အီလာဒန်လော့စ်ရောဂါစုသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြီးမားသော အခက်အခဲများကို ဖြစ်ပေါ်စေနိုင်သောကြောင့် မိသားစုမထူထောင်မီ မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်၊၊
အီလာဒန်လော့စ်ရောဂါစု အမျိုးအစားများ
ထိခိုက်သည့်နေရာနှင့် ပြသသော လက္ခဏာများအပေါ် မူတည်၍ ကျန်းမာရေး ကျွမ်းကျင်သူများက အီလာဒန်လော့စ်ရောဂါစုကို တစ်ဆယ့်သုံးမျိုး ခွဲခြားထားပါသည်၊၊
အဖြစ်အများဆုံး အမျိုးအစားများတွင် နူးညံ့ပြီး လွယ်ကူစွာ ပေါက်ပြဲနိုင်သော အရေပြားနှင့် ချောင်နေပြီး မတည်ငြိမ်သော အဆစ်အမြစ်များကဲ့သို့ လက္ခဏာများ ဖြစ်ပေါ်စေပါသည်၊၊ အထူးသဖြင့် သွေးကြောများကို ထိခိုက်စေသော အမျိုးအစားကဲ့သို့ ရှားပါးသည့် အီလာဒန်လော့စ်ရောဂါစု ပုံစံအချို့သည် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊
သင့်တွင်ရှိနေသော ရောဂါအမျိုးအစားနှင့် လက္ခဏာများကို ထိန်းချုပ်ရန် လိုအပ်မည့် ကုသမှုများအကြောင်းကို ဆရာဝန်က သင့်အား အသေးစိတ် ပြောပြပါလိမ့်မည်၊၊
ရောဂါလက္ခဏာများ
အီလာဒန်လော့စ်ရောဂါစုတွင် ပုံစံအမျိုးမျိုးရှိသော်လည်း အောက်ပါတို့မှာ အဖြစ်အများဆုံး လက္ခဏာများ ဖြစ်ပါသည် –
- အဆစ်အမြစ်များ အလွန်အမင်း ပျော့ပျောင်းခြင်း၊၊ အဆစ်များကို ထိန်းထားပေးသည့် တွယ်ဆက်တစ်ရှူးများမှာ လျော့ရဲနေသောကြောင့် သင့်အဆစ်များသည် ပုံမှန်ထက်ပို၍ လှုပ်ရှားနိုင်ပါသည်၊၊ အဆစ်လွဲခြင်းနှင့် အဆစ်အမြစ် ကိုက်ခဲခြင်းတို့မှာ အဖြစ်များပါသည်၊၊
- ဆွဲဆန့်နိုင်သော အရေပြား၊၊ အားနည်းသော တွယ်ဆက်တစ်ရှူးရှိသည့် အရေပြားမှာ ပုံမှန်ထက် ပိုမိုဆွဲဆန့်နိုင်ပါသည်၊၊ အရေပြားကို အသားမှ ခွာ၍ ဆွဲမနိုင်သော်လည်း ပြန်လွှတ်လိုက်ပါက မူလအနေအထားသို့ ပြန်ရောက်သွားပါလိမ့်မည်၊၊ ထို့ပြင် သင့်အရေပြားမှာ အလွန်နူးညံ့ချောမွေ့နေနိုင်ပါသည်၊၊
- ထိခိုက်လွယ်သော အရေပြား၊၊ အရေပြားထိခိုက်မှုများမှာ ကောင်းမွန်စွာ ပြန်လည်သက်သာလေ့မရှိပါ၊၊ ဥပမာအားဖြင့် ဒဏ်ရာကို ပိတ်ရန် အသုံးပြုထားသော ချုပ်ရိုးများမှာ ပြုတ်ထွက်သွားတတ်ပြီး ပြဲနေသော အမာရွတ်များ ကျန်ရစ်တတ်ပါသည်၊၊ ထိုအမာရွတ်များသည် ပါးလွှာပြီး တွန့်နေတတ်ပါသည်၊၊
သင့်တွင်ရှိသော အီလာဒန်လော့စ်ရောဂါစု အမျိုးအစားအပေါ် မူတည်၍ ရောဂါလက္ခဏာ ပြင်းထန်မှုမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ၊၊ အဆစ်အမြစ်များ လွန်ကဲစွာ လှုပ်ရှားနိုင်သော အီလာဒန်လော့စ်ရောဂါစုမှာ အဖြစ်အများဆုံး ပုံစံဖြစ်ပါသည်၊၊
သွေးကြောဆိုင်ရာ အီလာဒန်လော့စ်ရောဂါစု
သွေးကြောဆိုင်ရာ အီလာဒန်လော့စ်ရောဂါ ခံစားနေရသူများသည် များသောအားဖြင့် နားရွက်သား သေးငယ်ခြင်း၊ မျက်လုံး အနည်းငယ် ပြူးခြင်း၊ အပေါ်နှုတ်ခမ်း ပါးခြင်းနှင့် နှာခေါင်း ပါးခြင်းတို့ ရှိတတ်ကြပါသည်၊၊ ထို့ပြင် ၎င်းတို့၏ အရေပြားမှာ ပါးလွှာပြီး အလင်းပေါက်သကဲ့သို့ ရှိကာ အလွယ်တကူ အညိုအမည်းစွဲတတ်ပါသည်၊၊ အသားဖြူသူများတွင် အရေပြားအောက်ရှိ သွေးကြောများကို ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်၊၊
သွေးကြောဆိုင်ရာ အီလာဒန်လော့စ်ရောဂါစု ရှိပါက သင့်နှလုံး၏ အဓိက သွေးလွှတ်ကြော်ကြီး အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ သွားသော သွေးလွှတ်ကြောများမှာ အားနည်းလာနိုင်ပါသည်၊၊ ထိုသွေးကြောကြီးများ ပေါက်ထွက်ခြင်းမှာ အသက်အန္တရာယ် ရှိနိုင်ပါသည်၊၊ ထို့ပြင် ဤအမျိုးအစားသည် အူမကြီး သို့မဟုတ် သားအိမ်နံရံများကို အားနည်းစေပြီး ပေါက်ထွက်နိုင်ခြေကို မြင့်တက်စေပါသည်၊၊
အကြောင်းရင်းများ
အီလာဒန်လော့စ်ရောဂါစု၏ ပုံစံအမျိုးမျိုးမှာ မိဘမှ သားသမီးသို့ လက်ဆင့်ကမ်းသော မျိုးရိုးလိုက်သည့် မျိုးဗီဇဆိုင်ရာ အချက်များစွာနှင့် ဆက်စပ်နေပါသည်၊၊ အကယ်၍ သင့်တွင် အဖြစ်အများဆုံး အမျိုးအစားဖြစ်သည့် အဆစ်အမြစ်များ လွန်ကဲစွာ လှုပ်ရှားနိုင်သော အီလာဒန်လော့စ်ရောဂါစု ရှိနေပါက သင့်သားသမီး တစ်ဦးချင်းစီထံသို့ ထိုမျိုးဗီဇ ကူးစက်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း ရှိပါသည်၊၊
ရောဂါရှာဖွေခြင်း
အီလာဒန်လော့စ်ရောဂါစု၏ မိသားစုရာဇဝင်ရှိခြင်း၊၊ အဆစ်အမြစ်များ အလွန်အမင်းလျော့ရဲခြင်းနှင့် နူးညံ့ခြင်း သို့မဟုတ် ရုန်းကန်အားကောင်းသော အရေပြားရှိခြင်းတို့မှာ ရောဂါရှာဖွေရန်အတွက် များသောအားဖြင့် လုံလောက်ပါသည်၊၊ ရှားပါးသော အီလာဒန်လော့စ်ရောဂါစု ဖြစ်ရပ်များတွင် သွေးနမူနာကို မျိုးဗီဇစစ်ဆေးခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်ပြီး အခြားသော ဝေဒနာများ မဟုတ်ကြောင်းကိုလည်း ခွဲခြားသိရှိနိုင်ပါသည်၊၊ အဖြစ်အများဆုံးရောဂါပုံစံဖြစ်သည့် အဆစ်အမြစ်များ လွန်ကဲစွာလှုပ်ရှားနိုင်သော အီလာဒန်လော့စ်ရောဂါစုအတွက်မူ မျိုးဗီဇစစ်ဆေးမှု ပြုလုပ်၍မရနိုင်ပါ၊၊
ကုသမှု
အီလာဒန်လော့စ်ရောဂါစုကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရသော်လည်း ဆေးဝါးများက ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် နောက်ထပ်ပြဿနာများ မဖြစ်ပွားအောင် ကာကွယ်ရန် ကူညီပေးနိုင်ပါသည်၊၊
ဆေးဝါးများ
ရောဂါထိန်းချုပ်နိုင်ရန် သင့်ဆရာဝန်က အောက်ပါဆေးဝါးများကို အကြံပြုနိုင်ပါသည် –
- နာကျင်မှု၊၊ အလွယ်တကူ ဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများဖြစ်သည့် အက်စီတမီနိုဖန်၊ အိုင်ဗျူပရိုဖန်နှင့် နာပရောက်ဆင် ဆိုဒီယမ်တို့မှာ ကုသမှု၏ အဓိကအခြေခံများဖြစ်ပါသည်၊၊ အလွန်ပြင်းထန်သော ဒဏ်ရာများအတွက်သာ ပိုမိုပြင်းထန်သည့် ဆေးဝါးများကို ညွှန်ကြားချက်ဖြင့် အသုံးပြုသင့်ပါသည်၊၊
- သွေးဖိအား၊၊ အချို့သော အီလာဒန်လော့စ်ရောဂါစု အမျိုးအစားများသည် သွေးကြောများကို ပိုမိုနူးညံ့စေသောကြောင့် သွေးကြောများအပေါ် ဖိအားလျှော့ချနိုင်ရန် သင့်သွေးဖိအားကို နိမ့်ပါးစွာ ထိန်းသိမ်းထားရန် ဆရာဝန်က အလိုရှိနိုင်ပါသည်၊၊
ကာယကုထုံး
အားနည်းသော တွယ်ဆက်တစ်ရှူးများသည် အဆစ်အမြစ်များ လွဲနိုင်ခြေကို မြင့်တက်စေပါသည်၊၊ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားများကို သန်မာစေခြင်းနှင့် အဆစ်အမြစ်များကို တည်ငြိမ်စေခြင်းတို့မှာ အီလာဒန်လော့စ်ရောဂါစုအတွက် အဓိကကုသမှုနည်းလမ်း ဖြစ်ပါသည်၊၊ အဆစ်လွဲခြင်းကို ကာကွယ်ပေးရန်အတွက် သီးခြားအထောက်အကူပြု ကိရိယာတစ်ခုခု အသုံးပြုရန် သင့်ကာယကုထုံးပညာရှင်က အကြံပြုနိုင်ပါသည်၊၊
ခွဲစိတ်ခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများ
ထပ်ခါတလဲလဲ ဖြစ်ပွားနေသော အဆစ်လွဲခြင်းများကို ပြုပြင်ရန် သို့မဟုတ် ကိုယ်တွင်းအင်္ဂါနှင့် သွေးကြောများ ပေါက်ထွက်ခြင်းကို ပြုပြင်ရန်အတွက် ခွဲစိတ်ကုသမှုကို အကြံပြုနိုင်ပါသည်၊၊ သို့သော်လည်း ချုပ်ရိုးများသည် နူးညံ့သော တစ်ရှူးများကို ပေါက်ပြဲစေနိုင်သောကြောင့် ခွဲစိတ်ထားသော ဒဏ်ရာများမှာ စနစ်တကျ ပြန်လည်သက်သာခြင်း မရှိနိုင်ပါ၊၊
