ကျောက်ကပ်အရည်အိတ်တည်ခြင်း
အကျဉ်းချုပ်
ကျောက်ကပ်အရည်အိတ်များသည် အရည်များနှင့်ပြည့်နေသော အိတ်တစ်ခုဖြစ်သည်။ ၎င်းသည် ကျောက်ကပ်၏ နက်ဖရွန်များတွင် သို့မဟုတ် ၎င်း၏မျက်နှာပြင်ပေါ်တွင် အသက်အရွယ်ကြီးလာတာနှင့်အမျှပိုမိုဖြစ်ပေါ်လာနိုင်သည်။ ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များသည် ကင်ဆာအဖြစ်မပြောင်းလဲနိုင်ပဲ များသောအားဖြင့် ရောဂါလက္ခဏာများ မဖြစ်စေပါ။
ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်ဖြစ်ပေါ်စေသော တိကျသည့်အကြောင်းရင်း မရှိပါ။ သို့သော် ကျောက်ကပ်ကို ထိခိုက်စေနိုင်သော အချို့သောရောဂါများသည် ကျောက်ကပ်အရည်အိတ်များကို ဖြစ်စေနိုင်သည်။ အရည်အိတ်အရွယ်အစားသည် ပဲစေ့ကဲ့သို့ သေးငယ်နိုင်သည့်အရွယ်မှ စပျစ်သီးအရွယ်ထိ ကြီးမားနိုင်သည်။ ကျောက်ကပ်တစ်ခုတွင် များသောအားဖြင့် အရည်အိတ်တစ်လုံးသာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ကျောက်ကပ်တစ်ခု သို့မဟုတ် နှစ်ခုလုံးတွင် အရည်အိတ်တစ်ခုထက်ပို၍ ဖြစ်ပေါ်နိုင်သည်။
“ရိုးရှင်းသော”ကျောက်ကပ်အရည်အိတ်များအဖြစ် အမျိုးအစားခွဲခြားရခြင်း၏ အကြောင်းရင်းမှာ ၎င်းသည် ပြင်းထန်သောအရာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ခြေ အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များသည် polycystic kidney disease (PKD)ဟုခေါ်သောကျောက်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးသော အရည်အိတ်များနှင့် မတူညီပါ။ PKD နှင့် ရှုပ်ထွေးသော အရည်အိတ်များသည် ကျောက်ကပ်များကို ပျက်စီးစေနိုင်ပြီး ကင်ဆာအဖြစ်ပြောင်းသွားစေနိုင်သည် သို့မဟုတ် ကျောက်ကပ်ပျက်ခြင်းကို ဖြစ်စေနိုင်သည်။
ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များသည် အလွန်အဖြစ်များသောရောဂါဖြစ်သည်။ ခွဲစိတ်ကုသမှုမျိုးကဲ့သို့ ဆေးကုသခြင်းများသည် ရံဖန်ရံခါမှသာ ရောဂါလက္ခဏာဖြစ်ပေါ်လာစေသော အရည်အိတ်များတွင်လိုအပ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များကို အခြားရောဂါများအတွက် စစ်ဆေးမှုများအတွင်း မကြာခဏ တွေ့ရှိရပါသည်။
လက္ခဏာများ
ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်ရှိသူအများစုသည် ရောဂါလက္ခဏာမပြတတ်ပါ။ ဖြစ်ပေါ်လာနိုင်တတ်သောရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်-
ကျောကုန်း သို့မဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းနှင့်ဘေးဘက်တို့တွင် နာကျင်ခြင်း
- ဖျားခြင်း သို့မဟုတ် ချမ်းတုန်ခြင်း
- မကြာခဏ ဆီးသွားခြင်း
- ဆီးထဲတွင် သွေးပါခြင်း
ထိုကဲ့သို့ရောဂါလက္ခဏာများ ခံစားရပါက သင့်လျော်သော ရောဂါရှာဖွေမှုနှင့် ကုသမှုအတွက် ဆရာဝန်ထံ သွားရောက်ပြသရန် အကြံပြုအပ်ပါသည်။
အကြောင်းရင်းများ
ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များ ဖြစ်ပေါ်စေခြင်းသည် တိကျသောအကြောင်းပြချက်မရှိပါ။ သုံးသယူဆချက်များအရ ကျောက်ကပ်အရည်အိတ်များသည် ကျောက်ကပ်၏ အပြင်ဘက်အလွှာ ယိုယွင်းပျက်စီးပြီး အိတ်ကပ်တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ ထို့နောက် ထိုအိတ်ကပ်သည် ကွဲထွက်သွားပြီး အရည်များဖြင့် ပြည့်လာကာ အိတ်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ယူဆရသည်။ ဤရောဂါသည် မျိုးရိုးလိုက်သောရောဂါဖြစ်ကြောင်း အထောက်အထား မရှိပါ။
နောက်ထပ်ယူဆချက်တစ်ခုမှာ ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များသည် ကျောက်ကပ် ပြွန်များတွင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပြွန်များအတွင်းတွင် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလွန်သေးငယ်သော ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ ကျောက်ကပ်အတွင်းပိုင်းသည် စကာကွက်များ၊ ပြွန်များဖြင့် ဖွဲ့စည်းထားပြီး သွေးမှ ပိုလျှံသောရေများနှင့် အညစ်အကြေးများကို ကျောက်ကပ်မှတစ်ဆင့် ဆီးအဖြစ်ပြောင်းလဲ စစ်ထုတ်ပေးသည်။
ကျောက်ကပ်အရည်အိတ်ဖြစ်စေလွယ်သော အကြောင်းအရင်းများ
ရိုးရှင်းသော ကျောက်ကပ်အရည်အိတ်များသည် အသက်အရွယ်မရွေး မည်သူတွင်မဆို ဖြစ်ပေါ်လာနိုင်သည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ ၎င်း၏ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါသည်။ အသက် ၅၀ နှင့်အထက်ရှိသူအားလုံး၏ ၅၀ရာခိုင်းနှုန်းသည် ကျောက်ကပ်အရည်အိတ် အနည်းဆုံးတစ်ခုစီ ရှိတတ်ပါသည်။ အမျိုးသားများသည် အမျိုးသမီးများထက်ကျောက်ကပ်အရည်အိတ် ပိုအဖြစ်များပါသည်။
ရောဂါရှာဖွေခြင်း
ကျောက်ကပ်အရည်အိတ်တည်ခြင်း (Simple kidney cysts) ကို အတည်ပြုရန်အတွက် အောက်ပါစစ်ဆေးမှုများကို အသုံးပြုလေ့ရှိပါသည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests): ဤစစ်ဆေးမှုများသည် ခန္ဓာကိုယ်အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ပုံရိပ်ဖော်ပေးခြင်း ဖြစ်ပါသည်။ ၎င်းမှတစ်ဆင့် ကျောက်ကပ်အတွင်းရှိ အကျိတ်မှာ အရည်ကြည်အိတ် (Cyst) သို့မဟုတ် ကင်ဆာအကျိတ် (Malignant) ဆိုသည်ကို ခွဲခြားနိုင်ပါသည်။ ရောဂါရှာဖွေရာတွင် အာထရာဆောင်း (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) တို့ကို အသုံးများပါသည်။
- ဓာတ်ခွဲခန်း စစ်ဆေးခြင်းများ (Laboratory tests): ကျောက်ကပ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (Kidney function test) နှင့် သွေးနှင့် ဆီးစစ်ဆေးခြင်းများမှတစ်ဆင့် အဆိုပါ အရည်ကြည်အိတ်များသည် ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေခြင်း ရှိ၊ မရှိ သိရှိနိုင်မည် ဖြစ်ပါသည်။
ကုသခြင်း
ကုသမှု ခံယူရန် မလိုအပ်သော အခြေအနေများ- ကျောက်ကပ်အရည်အိတ် အများစုသည် ရောဂါလက္ခဏာမပြခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်ကို မထိခိုက်ခြင်းနှင့် အခြားအင်္ဂါများကို ဖိမိခြင်းမရှိပါက ကုသမှု ခံယူရန် မလိုအပ်ပါ။ ထိုသို့သော အခြေအနေမျိုးတွင် ဆရာဝန်က ပုံရိပ်ဖော်စစ်ဆေးမှုများဖြင့်သာ စောင့်ကြည့်ရန် အကြံပြုလေ့ရှိပြီး အချို့သော အရည်ကြည်အိတ်များသည် အလိုအလျောက် ပြန်လည်ပျောက်ကွယ်သွားတတ်ပါသည်။ ရောဂါလက္ခဏာများ ပြောင်းလဲလာခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာမှသာ ကုသမှု ခံယူရန် လိုအပ်ပါသည်။
ရောဂါလက္ခဏာရှိသော အရည်ကြည်အိတ်များအတွက် ကုသမှုများ- အရည်ကြည်အိတ်ကြောင့် ဝေဒနာခံစားရပါက အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်ပါသည် –
- Aspiration and Sclerotherapy (အရည်စုပ်ထုတ်ခြင်းနှင့် ဆေးသွင်းကုသခြင်း): ဤလုပ်ငန်းစဉ်သည် ထိုးဖောက်မှုအနည်းဆုံးဖြစ်သော နည်းလမ်းဖြစ်ပြီး ကျောက်ကပ်အရည်ကြည်အိတ်များအတွက် အသုံးအများဆုံး ကုသမှုတစ်ခုဖြစ်ပါသည်။ ၎င်းတွင် အပ်ကိုအသုံးပြု၍ အရက်ပြန် သို့မဟုတ် ဓာတုဗေဒဆေးရည်တစ်မျိုးကို ထိုးသွင်းခြင်းဖြစ်ပြီး၊ ယင်းက အရည်ကြည်အိတ်ကို အမာရွတ်ဖြစ်ပေါ်စေကာ အရည်များထပ်မံစိမ့်ထွက်လာခြင်းကို တားဆီးပေးပါသည်။
အချို့သောအခြေအနေများတွင် ဤခွဲစိတ်မှု၌ အရည်ကြည်အိတ်ကို အပ်ဖြင့်ဖောက်ခြင်း၊ အတွင်းရှိအရည်များကို စုပ်ထုတ်ခြင်းနှင့် ၎င်းနေရာတွင် ဆေးရည်ပြန်လည်ဖြည့်သွင်းခြင်းတို့ ပါဝင်ပါသည်။ ဆရာဝန်သည် အရေပြားအောက်သို့ အပ်ရှည်တစ်ချောင်းကို ထည့်သွင်းကာ အရည်ကြည်အိတ်ကို ဖောက်၍ အရည်များထုတ်ပစ်မည်ဖြစ်ပြီး၊ ထည့်သွင်းလိုက်သော ဓာတုဆေးရည်က အရည်ကြည်အိတ်ကို ပြန်လည်မဖြစ်ပေါ်အောင် တားဆီးပေးမည်ဖြစ်ပါသည်။
- Surgery (ခွဲစိတ်ခြင်း): အရွယ်အစားကြီးမားသော အရည်ကြည်အိတ်များကို ဖယ်ရှားရန်အတွက် ဝမ်းဗိုက်တွင် သေးငယ်သော ခွဲကြောင်းများရာမှတစ်ဆင့် သေးသွယ်သော ကိရိယာများထည့်သွင်း၍ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic surgery) ကို ပြုလုပ်နိုင်ပါသည်။ အဆိုပါ ကိရိယာတွင် တပ်ဆင်ထားသော ကင်မရာမှတစ်ဆင့် ဆရာဝန်သည် ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုနိုင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ခွဲစိတ်ဆရာဝန်သည် အရည်ကြည်အိတ်ကို ဖြတ်ထုတ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ ၎င်းအတွင်းရှိ အရည်များကို ဦးစွာစုပ်ထုတ်ပါသည်။ ဤကုသမှုနည်းလမ်းကို ကင်ဆာအသွင်ပြောင်းနိုင်ခြေရှိသည့် ရှုပ်ထွေးသော အရည်ကြည်အိတ်များတွင် ပိုမိုအသုံးပြုလေ့ရှိပြီး သာမန်အရည်ကြည်အိတ်များ (Simple cysts) ကို ခွဲစိတ်ဖယ်ရှားခြင်းမှာမူ အလွန်ရှားပါးပါသည်။
ယေဘုယျအားဖြင့် ဤကုသမှုများသည် ထိရောက်မှုရှိပြီး နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပွားမှု အလွန်နည်းပါးပါသည်။ လူနာအနေဖြင့် ကုသမှုခံယူပြီးနောက် ဆေးရုံတွင် ခေတ္တခဏ အနားယူရန် လိုအပ်နိုင်ပါသည်။
