လက်သည်းခြေသည်းမှိုစွဲခြင်း
အကျဉ်းချုပ်
လက်သည်းမှို သို့မဟုတ် ခြေသည်းမှိုသည် လက်သည်းခြေသည်းအောက်တွင် အဖြူရောင် သို့မဟုတ် အဝါရောင်-အညိုရောင်အစက်အပြောက်အဖြစ် စတင်ဖြစ်လာပြီး ရောဂါပိုဆိုးလာသည်နှင့်အမျှ လက်သည်းခြေသည်းအရောင်ပျက်ခြင်း၊ လက်သည်းများထူလာခြင်းနှင့် လက်သည်းခြေသည်းကွဲခြင်းတို့ကို ဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများ မပျင်းထန်ပါက ကုသမှုမလိုအပ်သော်လည်း၊ နာကျင်ခြင်းနှင့် လက်သည်းထူထဲလာခြင်း အစရှိသည့် ပိုမိုပြင်းထန်သောကိစ္စများတွင် မိမိကိုယ်တိုင်ဂရုစိုက်ခြင်းနှင့် ဆေးဝါးများသောက်သုံးခြင်းသည် ရောဂါပျောက်ကင်းရန်အကျိုးကျေးဇူးရရှိနိုင်ပါသည်။ သို့သော် ပျောက်ကင်းအောင်ကုသမှုပြီးလျှင်ပင် ပြန်လည်ဖြစ်ပွားနိုင်ခြေရှိပါသည်။ ဤအခြေအနေသည် လက်သည်းခြေသည်းများကို ထိခိုက်စေနိုင်ပြီး ခြေချောင်းများနှင့် ခြေဖဝါးများကြားရှိ အရေပြားသို့ ပျံ့နှံ့သွားသောအခါ အားကစားသမားခြေထောက် (tinea pedis)ဟုခေါ်သောအရေပြားရောဂါနှင့်ပါ ဆက်စပ်နေသည်။
လက္ခဏာများ
လက်သည်းမှို၏လက္ခဏာများတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လက်သည်းခြေသည်းများတွင်ဖြစ်ပေါ်တတ်သော အောက်ပါလက္ခဏာများ ပါဝင်သည်-
- လက်သည်းအရောင်ပျက်ခြင်း
- အနံ့ဆိုးထွက်ခြင်း
- လက်သည်းပုံသဏ္ဍာန်ပျက်ခြင်း
- လက်သည်းခြေသည်းထူထဲခြင်း
- လက်သည်းကွာခြင်း
- လက်သည်း ကြွပ်ဆတ်ခြင်း၊ ကျိုးပဲ့ခြင်း သို့မဟုတ် မခိုင်ခန့်ခြင်း
လက်သည်းခြေသည်းမှိုသည် လက်သည်းနှင့် ခြေသည်းနှစ်မျိုးလုံးကို ထိခိုက်စေနိုင်သော်လည်း ခြေသည်းများတွင် ပိုမိုတွေ့ရှိရသည်။
မိမိဘာသာမိမိကုသခြင်းသည် မသက်သာပဲ လက်သည်းခြေသည်းတွင် အရောင်ပျက်ခြင်း၊ ထူလာခြင်း သို့မဟုတ် ပုံပျက်ခြင်းများကို သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ထို့အပြင် အောက်ပါတို့ကို ကြုံတွေ့ရပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ-
- လက်သည်းများအနီးတဝိုက်တွင် သွေးထွက်ခြင်း
- လက်သည်းများပတ်လည်တွင် ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း
- ဆီးချိုရောဂါကြောင့် လက်သည်းမှိုပိုးများ စတင်ဖြစ်ပွားသည်ဟု သံသယရှိခြင်း
- လမ်းလျှောက်ရာတွင် အခက်အခဲများရှိနေခြင်း
အကြောင်းရင်းများ
လက်သည်းမှိုသည် မှိုအမျိုးမျိုးမှ ပေါက်ဖွားလာပြီး dermatophytesဆိုသည့်မှိုသည် အဖြစ်အများဆုံးအမျိုးအစားဖြစ်သည်။ မှို၊ ဘက်တီးရီးယားနှင့် မှိုတက်ခြင်းများသည်လည်း လက်သည်းပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပြီး ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်သောလက်သည်းရောဂါတွင် လက်သည်းခြေသည်းများ အစိမ်းရောင် သို့မဟုတ် အနက်ရောင်အရောင်ပြောင်းခြင်းကို တွေ့ရနိုင်သည်။ အားကစားသမားခြေထောက်ရောဂါတွင်တွေ့ရသည့်အတိုင်း ဤအခြေအနေသည် ခြေထောက်မှတစ်ဆင့် ခြေသည်းလက်သည်းကြားသို့ ပျံ့နှံ့နိုင်ပြီး ခြေသည်းလက်သည်းများမှတစ်ဆင့်လည်း ပျံ့နှံ့နိုင်သည်။ ထို့အပြင် မှိုပေါက်ဖွားမှုကို အားပေးသောနေရာများဖြစ်သော အားကစားရုံရေချိုးခန်းကြမ်းပြင်များ သို့မဟုတ် မှောင်မိုက်၊ စိုစွတ်ပြီး ချွေးထွက်သော ဖိနပ်အတွင်းပိုင်းကဲ့သို့သော ပတ်ဝန်းကျင်များမှ ကူးစက်နိုင်သည်။
လက်သည်းခြေသည်းမှိုစွဲလွယ်စေသောအချက်များ
လက်သည်းခြေသည်းမှိုစွဲလွယ်စေသောအချက်များတွင် အောက်ပါအချက်အလက်များပါဝင်သည်
- ရေကူးကန်များ၊ အားကစားရုံများနှင့် ရေချိုးခန်းများကဲ့သို့သော စိုစွတ်ထိုင်းမှိုင်းသော အများပြည်သူနေရာများတွင် ခြေဗလာဖြင့်လမ်းလျှောက်ခြင်း
- အသက်အရွယ်ကြီးရင့်လာခြင်း
- အရေပြား သို့မဟုတ် လက်သည်းခြေသည်းတွင်ဒဏ်ရာရရှိခြင်း
- ခြေထောက်ချွေးထွက်များစေသောဖိနပ်များစီးခြင်း။
- ဆီးချိုရောဂါ၊ သွေးကြောပိတ်ရောဂါ သို့မဟုတ် ကိုယ်ခံအားစနစ်အားနည်းသောရောဂါများ
- ယခင်က အားကစားသမားခြေထောက်ရောဂါဖြစ်ပွားဖူးသူများ
- ဆိုရီယေးဆစ်ကဲ့သို့သောအရောပြားထူရောဂါများသည်လည်း လက်သည်းများကိုထိခိုက်စေပြီး မှိုစွဲခြင်းကိုဖြစ်ပေါ်စေတတ်သည်။
ရောဂါရှာဖွေခြင်း
စစ်ဆေးမှုပြုလုပ်စဉ်အတွင်း ဆရာဝန်သည် သင်၏ ခြေသည်း၊ လက်သည်းများကို ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး ခြေသည်း/လက်သည်း အပိုင်းအစများကို ညှပ်ယူခြင်း သို့မဟုတ် ခြေသည်း/လက်သည်း အောက်ရှိ အညစ်အကြေးများကို ခြစ်ယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အဆိုပါ နမူနာများကို ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်ပါသည်။ ဤနေရာတွင် သတိပြုရန်မှာ အသားထူးအရေပြားရောဂါ (Psoriasis) ဟုခေါ်သော အရေပြားရောဂါသည် ခြေသည်း/လက်သည်း မှိုစွဲခြင်းနှင့် ပုံစံတူနိုင်သကဲ့သို့၊ တဆေး (Yeast) နှင့် ဘက်တီးရီးယားကဲ့သို့သော အခြားအဏုဇီဝပိုးမွှားများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ အထိရောက်ဆုံး ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ရန်အတွက် ကူးစက်မှုဖြစ်စေသည့် တိကျသောအကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် အလွန်အရေးကြီးပါသည်။
ကုသခြင်း
ခြေသည်းမှိုစွဲသည့် ဖြစ်ရပ်တိုင်းအတွက် အထူးတလည် ကုသမှုခံယူရန် မလိုအပ်ဘဲ တစ်ခါတစ်ရံတွင် မိမိဘာသာ ဂရုစိုက်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးဝါးများဖြင့်ပင် ပျောက်ကင်းနိုင်ပါသည်။ သို့သော် ဝေဒနာမှာ ပျောက်ကင်းခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။ ကုသမှုပုံစံမှာ ရောဂါ၏ ပြင်းထန်မှုနှင့် ကူးစက်နေသော မှိုအမျိုးအစားပေါ်တွင် မူတည်ပါသည်။ ထင်သာမြင်သာရှိသော တိုးတက်မှုများကို မြင်တွေ့ရရန် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်းနှင့် ခြေသည်းအခြေအနေ ကောင်းမွန်လာသည့်တိုင်အောင် ရောဂါပြန်လည်ဖြစ်ပွားတတ်ခြင်းမှာ အဖြစ်များကြောင်းကို သတိပြုရန် လိုအပ်ပါသည်။
ဆေးဝါးဖြင့်ကုသခြင်း
သင့်ဆရာဝန်မှ မှိုပိုးသတ်ဆေးကို သောက်ဆေးအနအနေဖြင့်သော်လည်းကောင်း၊ လိမ်းဆေးအနေဖြင့် သော်လည်းကောင်း အသုံးပြုရန် ညွှန်ကြားပါမည်။
မှိုသတ်သောက်ဆေးများ (Oral antifungal drugs): ခြေသည်းမှိုအတွက် များသောအားဖြင့် ပထမဦးစားပေး ကုသမှုမှာ Itraconazole ကဲ့သို့သော သောက်ဆေးများ ဖြစ်ပါသည်။ ၎င်းတို့သည် မှိုကူးစက်မှုကင်းသော ခြေသည်းအသစ် ထွက်လာစေရန် ကူညီပေးပြီး မှိုစွဲနေသော အစိတ်အပိုင်းကို တဖြည်းဖြည်း အစားထိုးပေးပါသည်။ နေ့စဉ် (၆) ပတ်မှ (၁၂) ပတ်အထိ သောက်သုံးရလေ့ရှိသည်။ ခြေသည်းအသစ် အပြည့်အဝပြန်ထွက်လာမှသာ ရလဒ်ကို မြင်တွေ့ရမည်ဖြစ်ပြီး ရောဂါအမြစ်ပြတ်ရန် (၄) လ သို့မဟုတ် ထိုထက်မက ကြာမြင့်နိုင်ပါသည်။ အသက် ၆၅ နှစ်အထက် လူကြီးများတွင် ကုသမှုအောင်မြင်နှုန်း လျော့နည်းတတ်ပါသည်။ အရေပြားအနီကွက်ထွက်ခြင်း၊ အသည်းထိခိုက်ခြင်းတို့ ဖြစ်နိုင်ပြီး အခြားဆေးဝါးများနှင့် ဓာတ်ပြုမှု ရှိနိုင်ပါသည်။ အသည်းရောဂါ၊ နှလုံးအားနည်းရောဂါ ရှိသူများနှင့် အချို့သောဆေးဝါးများ သောက်နေရသူများအတွက် မသင့်တော်ပါ။ ကုသမှုခံယူနေစဉ် ပုံမှန်သွေးစစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။
ဆေးဖယောင်း (Medicated nail polish): ဆရာဝန်သည် Ciclopirox ကဲ့သို့သော မှိုသတ်ဆေးပါသည့် လက်သည်း/ခြေသည်းဆိုးဆေးကို ညွှန်ကြားနိုင်ပါသည်။ မှိုစွဲနေသော ခြေသည်းနှင့် ဘေးပတ်လည် အရေပြားကို နေ့စဉ် ဆိုးပေးရပါမည်။ (၇) ရက်ပြည့်လျှင် ဆေးလွှာများကို အရက်ပြန် (Alcohol) ဖြင့် သုတ်ပြီးနောက် အစမှ ပြန်လည်ဆိုးပေးရပါသည်။ ဤကုသမှုသည် တစ်နှစ်နီးပါးခန့် နေ့စဉ်ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
မှိုသတ်လိမ်းဆေး (Medicated nail cream): Efinaconazole နှင့် Tavaborole ကဲ့သို့သော မှိုသတ်လိမ်းဆေးများကို အသုံးပြုနိုင်ပါသည်။ ခြေသည်းကို ရေစိမ်ပြီးနောက် လိမ်းပေးရပါသည်။ ပိုမိုထိရောက်စေရန် ခြေသည်းကို ပါးလွှာအောင် အရင်ပြုလုပ်သင့်ပါသည်။ Urea ပါဝင်သော ဆေးရည်ဖြင့် ခြေသည်းကို ပျော့ပြောင်းပါးလွှာအောင် လုပ်နိုင်သလို၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကလည်း ကိရိယာတစ်ခုခုဖြင့် ခြေသည်းမျက်နှာပြင်ကို ပါးလွှာအောင် (Debridement) ပြုလုပ်ပေးနိုင်ပါသည်။ ဤလိမ်းဆေးများသည် အရေပြားအနီကွက်ထွက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
ခွဲစိတ်ကုသခြင်း
ခြေသည်း/လက်သည်း၏ အောက်ဘက်ရှိ မှိုစွဲနေသော နေရာသို့ မှိုသတ်ဆေး တိုက်ရိုက်လိမ်းနိုင်ရန်အတွက် ခြေသည်း/လက်သည်းကို ခေတ္တဖယ်ရှားရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ အခြားနည်းလမ်းတစ်ခုမှာ ခြေသည်း/လက်သည်းနှင့် ၎င်း၏ အမြစ်ကိုပါ အပြီးတိုင် ဖယ်ရှားပစ်ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းမှာ အသုံးနည်းသော်လည်း ရောဂါပျောက်ကင်းရန်အတွက် အလွန်ထိရောက်သော နည်းလမ်းဖြစ်ပါသည်။
